ကျနော်တို့က စာသင်ကျောင်းကို လက်နက်ကြီးနဲ့ ပစ်တာ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃
ကျနော့်နာမည်က xxx ပါ။ အမြှောက်တပ်က တပ်သားရဲဘော်ပါ။ တပ်ထဲရောက်တာ ၅နှစ်ရှိပြီ။ တပ်ထဲဝင်တုန်းက အသက်၁၈နှစ် မပြည့်သေးဘူး၊ အသက်လိမ်ပြီးတော့ဝင်ရတာပေါ့၊ ၂၅လို့ပြောပြီးဝင်ခဲ့တာ။ စုဆောင်းရေးက xxxမှာ။ ဇာတိက xxx ပြည်နယ်။ တပ်ထဲမဝင်ခင်က ကုန်ထမ်း၊ ပန်းရံလုပ်ခဲ့တယ်။ မိသားစုအဆင်မပြေတာ လည်းပါသလို ကိုယ်တိုင်သဘောကျလို့လည်း တပ်ထဲဝင်ခဲ့တာပါ။
တပ်ထဲစရောက်တုန်းကတော့ စုဆောင်းရေးမှာ နေထိုင်စားသောက်ပေါ့။ သူတို့မေးတာတွေဖြေရတယ်။ ပြီးတော့ စုဆောင်းရေးကနေ လေ့ကျင့်ရေးသွားတယ်။ ပစ်တာခတ်တာ ၆လသင်ရတယ်။ အမြှောက်ထူးမှာ ၃လ တက်ရတယ်။ သင်တန်းတွေ အကုန်ပြီးသွားတော့ တပ်ရင်းမှာပဲ နေရတယ်။ xxxမှာတာဝန်စကျတယ်။ စရောက်တော့ မျောတိုင်ခုတ်ခိုင်းလည်း မျောခုတ်၊ ထင်းခုတ်ခိုင်းလဲထင်းခုတ်ပေါ့။
တပ်ရင်းမှာ ၁နှစ်နီးပါး ကြာပြီးမှ ရှေ့တန်းတက်ခဲ့ရတာ။ xxxပြည်နယ် xxxဘက်မှာ ၆လခွဲကြာတယ်။ ပြီးတော့ တပ်ရင်းမှာ၂လပြန်နေပြီး xxx စခန်းပြန်တက်ခဲ့တာ ၁နှစ်ခွဲကြာခဲ့တယ် ။
xxx သွားတုန်းက ထိတွေ့ တိုက်ခိုက်မှုရှိခဲ့တယ်။ ရွာသားတွေကို ညဉ်းပန်းနှိပ်စက်တာ၊ ပေါ်တာဆွဲတာမျိုးလည်းရှိတယ်။ အဲ့ဒီမှာ ဗိုလ်မှူးက ရွာသားတစ်ယောက်ကို ဖမ်းခေါ်လာတယ်၊ ပြီးတော့ ဘယ်အဖွဲ့ကလည်း မေးတယ်၊ ရွာသားက တော်တော် အသက်ကြီးနေပြီ၊ ဗိုလ်မှူးမေးနေတာကိုလည်း သူက ပြန်မဖြေနိုင်ဘူး၊ တချို့ကျ ဗမာစကားလည်း မတတ်ကြဘူးလေ၊ အခုတစ်ယောက်က ဗမာစကားပဲ နားမလည်တာလား၊ ပြန်မဖြေချင်တာလားတော့ သေချာမသိဘူး၊ သူပြန်မဖြေလို့ဆိုပြီး သူ့ကို ဗိုလ်မှူးက အဝတ်စုတ်နဲ့ ပတ်ထားတော့ မကြာဘူး ညတွင်းချင်းပဲ အသက်ရှူလမ်းကြောင်းပိတ်ပြီး သေသွားတာ။ သူ့ကိုဖမ်းလာတာက ကျနော်တို့တပ်ရင်းက မဟုတ်ဘူး တခြားတပ်ရင်းက။
အာဏာသိမ်းတဲ့ အချိန်မှာတော့ ကျနော်က xxx မှာပဲရှိတယ်။ အာဏာသိမ်းလိုက်ပြီဆိုတာကိုတော့ တပ်ထဲက ဗိုလ်ကြီးပြောတာ။ စစ်တပ်မှာ ကျနော် မနေချင်တော့တာက အကြောင်းရှိတယ်။ သူတို့က ငယ်တဲ့သူကို မတရားအနိုင်ကျင့်တာရှိတယ်။ ငယ်တဲ့သူတွေက သူတို့ကိုဘာမှပြောပိုင်ခွင့်မရှိဘူး။ ခိုင်းတာကတော့အများကြီးပဲ။ တအားခိုင်းတာ။ အစားအသောက်ကတော့ သူတို့ကျွေးတာစားရတာပေါ့။ xxx ကနေ ကားနဲ့လာခေါ်တယ် ဘယ်သွားရမယ်တော့ အတိကျမပြောဘူး လမ်းမှာတ ၁လကြာပြီးမှ xxx တပ်ကို ရောက်လာတာ ရောက်ပြီး သူတို့ခိုင်းထားတာတွေ အကုန်လုပ်ရတယ်။
အိမ်ထောင်ရှိတဲ့သူက အိမ်ထောင်အဆောင်သွား လူပျိုတွေက လူပျိုခန်းသွားနေခိုင်းတယ်။ ပြီးတော့ကျနော်တို့ကို xxx စခန်းသွားခိုင်းတယ်။ ညတွင်းချင်းပဲ xxx မှာတို့ PDF တွေနဲ့ တိုက်ပွဲတစ်ပွဲ တိုက်ခဲ့ရတယ်။ လူ ၁၀ ယောက်ပဲ ကွန်မန်ဒိုဖွဲ့ပေးထားတော့ ၄၀မမက ပစ်မယ့်သူမရှိလို့ ကျနော်က ၄၀မမ တာဝန်ယူပစ်ရတယ်။
မနက်ခင်း ၁၂နာရီ တချိန်ထွက်တယ် ညနေခင်း ၄နာရီ ထွက်တယ်။ ညနေခင်း ၄နာရီ ထွက်တဲ့ အချိန်မှာ PDFတွေနဲ့ တွေ့ခဲ့တယ်။ လက်နက်ကြီးနဲ့မပစ်ဘူး လက်နက်ငယ်နဲ့ပဲပစ်ကြတာ။ သူတို့ဘက်က ဆုတ်သွားတာလည်းရှိတယ်။ ကျနော်တို့ဘက်က ပြန်လာရတာ လည်းရှိတယ်။ အဲ့အချိန်တုန်းက ကျနော်တို့ဘက်က ၁ယောက်ကျသွားတယ်။
အဲ့ဒီတုန်းက စာသင်ကျောင်းကို လက်နက်ကြီးနဲ့ ပစ်တာကတော့ ကျနော်တို့ပစ်တာ။ အဲဒီတုန်းက PDFတွေ အုပ်စုလိုက်ရှိတော့ ။ PDF တွေကိုလှမ်းပစ်ရင်းနဲ့ ကျောင်းပေါ်ကျတာ။
စာသင်ကျောင်းမှာ PDFတွေရှိတယ်လို့ သတင်းလှမ်းပေးလို့ သတင်းရတော့ အရာရှိက ကျနော်တို့ကို ချိန်ခိုင်းတာ။ သူ ပြောတာတော့ PDF ရှိတယ်ဆိုပြီး ပစ်ခိုင်းတာ၊ တကယ် ရှိမရှိတော့ ကျနော်တို့လည်း မသိရဘူးလေ။ ကျနော်တို့ Facebook သုံးတော့ ကောင်လေးတယောက်ကသူ့ သူငယ်ချင်းတွေသေသွားလို့ စိတ်မကောင်းဘူးဆိုပြီး တင်ထားတာတွေ့တာ။ ကျနော်တို့ကတော့ သူတို့ပစ်ခိုင်းတဲ့နေရာ ရောက်အောင်ပစ်ရတာ။ ကျနော် တပ်ထဲရောက်တကတည်းက ရှေ့တန်းပဲထွက်နေရတာ၊ တအားလည်းပင်ပန်းနေပြီ။ CDM ဆိုတာလည်းမသိဘူး၊ မနေချင်တော့လို့ ဘန်ကောက်တက်မယ်ဆိုပြီး ထွက်လာတာ။
ဘန်ကောက်ကို ဘယ်လမ်းသွားရလည်းဆိုပြီး ဟိုလူမေး၊ ဒီလူမေးနဲ့ လာရတာ လမ်းမှာဆိုထမင်းမစားရဘာမစားရနဲ့။ ဘယ်ကဘယ်လို ဒီကိုရောက်လာမှန်းတောင် မသိဘူး။ CDM ဆိုတာလည်း မသိဘူး။ ဘယ်အဖွဲ့အစည်းနဲ့မှလည်း ချိတ်ခဲ့တာမဟုတ်ဘူး။ စစ်တပ်ကလွတ်ရင် ပြီးရောဆိုပြီးထွက်လာခဲ့တာ။
ဒီဘက်မှာ အမှိုက်ကောက်တဲ့ ဦးလေးနဲ့တွေ့တော့ ညအိပ်ဖို့နေရာတောင်းရင်းနဲ့ CDMလုပ်ဖို့ သူက ချိတ်ဆက်ကူညီပေးတာပါပဲ။ အဲဒီမှာလေးငါးရက်လောက်ကြာခဲ့တယ်။
ကျနော်ကတော့ ပြောရမယ်ဆိုစစ်တပ်ကိုမုန်းသွားပြီလေ။ စစ်တပ်ကိုပဲပြန်ပြီးတော်လှန်ချင်စိတ်ရှိတာပါပဲ။ ကျနော် စစ်တပ်ကို မုန်းတယ်ဆိုတာက လူတွေကိုနှိပ်စက်လို့။ အဆင့် ငယ်တဲ့သူတွေကို ဆိုလည်း ထိုးတာ၊ ကြိတ်တာတွေ ရှိလို့။ ကျွန်တော် ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတာ။ ဘယ်လို ခံခဲ့ရဘူးလည်း ဆိုတော့ xxx မှာပဲ ကျနော်နဲ့ သူငယ်ချင်းတယောက် နဲ့ ရန်ပွဲဖြစ်ကြတာ။ ကျနော်ကသူတို့ကိုပြန်လုပ်တယ်ဆိုပြီး ဗိုလ်မှူးနဲ့သွားတိုင်တာပေါ့။ ဗိုလ်မှူးက ကျနော့်ကို ပါးတွေ၊ နားတွေရိုက် ထိုးကြိတ်တာ။ ဖိနပ်နဲ့လည်းရိုက်တယ်။
ကျနော်က အဲဒီမတိုင်ခင်ထဲက ပြေးဖို့စိတ်ကူးရှိတယ်။ ဒါပေမယ့် ကိုယ့်စိတ်ထဲ ကိုယ် ထားထားတာ။ ကျနော် လွတ်တဲ့တနေ့တော့ ပြန်လုပ်မယ်လို့ အဲဒီလိုစိတ်ကူးတော့ရှိတယ်။ အခုတော်လှန်ရေးအတွက် လိုအပ်မယ်ဆိုရင် ကျနော်က စစ်တပ်ကို ပြန်တိုက်ချင်ပါတယ်၊ ပြီးရင်တော့ တော်လှန်ရေးအောင်သွားရင်လည်း မြန်မာပြည်ကိုမပြန်ချင်တော့ပါဘူး။ တပ်ထဲလည်းပြန်မဝင်ချင်တော့ဘူး။
ဒီဘက်မှာပဲ ရပ်တည်နေထိုင်သွားတော့မယ်လို့စိတ်ကူးရှိတယ်။