သတင်းဆောင်းပါး

ဆန္ဒပြသူတွေကို တားဖို့ ရဲဝတ်စုံတွေ လဲဝတ်ရတယ်

ဆန္ဒပြသူတွေကို တားဖို့ ရဲဝတ်စုံတွေ လဲဝတ်ရတယ်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၃၁၊ ၂၀၂၃

ကျနော့်နာမည်က xxx ပါ။ ရာထူးကရဲဘော်ပါ တပ်သား အဆင့်ပေါ့။ xxxတိုင်း တပ်ထဲကပါပဲ။ တပ်ထဲကို စပြီးဝင်ဖြစ်ရတဲ့ အကြောင်းရင်းက ရိုးရိုးပါပဲ။ ကျနော့်အဖေက စစ်မှုထမ်းဟောင်း တယောက်မို့ ဝန်ထမ်းသားသမီးက ဝန်ထမ်း လောကထဲဝင်တဲ့ ထုံးစံပါပဲ။ ကျနော် တပ်ထဲဝင်မယ်ဆို​တော့ ကျနော့်အ​ဖေနဲ့ ကျနော် စကား အခြေအတင် များတာမျိုး ရှိတယ်။  

သား မင်း တပ်ထဲမှာဆို သေသွားလိမ့်မယ်လို့​ပြောတယ်။ ကျနော်က အပြင်မှာပဲအနေကြာ​ခဲ့ရ​တော့ တပ်အ​ကြောင်း မသိဘူး​လေ။ ကျနော်သိတာက တပ်က လူတွေကိုကူညီတာလောက် ပဲသိတယ်ဆိုတော့ ကျနော့  စိတ်ရင်းအမှန် လူတွေကို ကူညီချင်တဲ့စိတ်နဲ့ပဲ စစ်တပ်ထဲ ဝင်ဖြစ်သွားတယ် ။

တပ်ထဲ​ရောက်​တော့ တခြား ကမ္ဘာကို ရောက်သွားသလိုပဲ။ စ ရောက်သွားတော့ ပုံစံပေးခံရတယ်။ ကျနော်တို့က တိုင်းရင်းသားဆိုတော့ ကျနော်တို့ဘက်မှာ တောင်ယာတို့ လယ်တို့ကထွက်တဲ့ စပါးတော့ စားနိုင်တယ်။ အဲ့ဒီမှာ ထမင်းစားတဲ့အခါမှာ ကျတော့ ဗမာဆန်လို့ ခေါ်မလား အဲ့လိုဟာ စစားရတယ်။ စစားရတော့လည်ချောင်းမှာ မြိုတောင်မရတာ ကြုံခဲ့ရတယ်။ ဝက်သားဟင်းနေ့ ဆိုလည်း ခရင်းနဲ့ ထိုးလို့ မရဘူး။ တော်တော် ခက်ခက်ခဲခဲတွေ ကြုံခဲ့ရတယ်။

ဒါ စုဆောင်းရေး တပ်ပဲ ရှိသေးတယ်။ xxx စုဆောင်းရေးမှာ နေရတယ်။ ​နောက် သင်တန်းကွင်းကို ရောက်သွားတယ်။ ပထမဆုံး ဖုန်းတွေအကုန်သိမ်းတယ်။ ပုံစံမျိုးစုံနဲ့ ဆဲတယ်။ မင်းတို့ တပ်ထဲ စဝင်တာ နဲ့ မင်းတို့ အစ်မတွေ နှမတွေ အမေတွေကို ဂိတ် ပေါက်ဝမှာ ထားခဲ့၊ ဒီထဲရောက်ရင် ဒီပုံစံပဲဆိုပြီး သင်တန်း ရောက်သွားတယ်။

ရောက်သွားတော့ ထိုးတယ်၊ ကြိတ်တယ်၊ ကန်တယ် အဲဒီကနေ စတယ်ပေါ့။ အကြောက်တရားနဲ့ စပြီး အုပ်ချုပ်တယ်၊ ပုံစံသွင်းတယ်။ ဆံပင်ဆို ခေါင်းပေါ်မှာ လက်တဝါးစာလောက်လေးပဲ ကျန်တယ် အဲ့ဒီနေ့စပြီးတော့ ပုံစံအမျိုးမျိုး သွင်းခံရတယ်။

မှတ်မှတ်ရရ တခါတုန်းကဆို သူက ဝါးလုံးကို ထောင်ပြတယ်။ ဒါ ဝါးခြမ်းပါ ဆိုပြီး သူကပြောတယ် အဲဒီအချိန်မှာ ကျနော်က အကုန်လုံးကို ဝါးခြမ်းပါလို့ ပြောခိုင်းနေတဲ့အချိန် ကျနော် က ဝါးလုံးပါလို့ ပြောတော့ အရိုက်ခံရသေးတယ်။ ဒါ ဝါးလုံးလေ ငါ မြင်တာလဲ ဝါးလုံးပဲလို့ ပြောတော့ ဝါးခြမ်းဆို ခြမ်းလိုက် ဝါးလုံးဆို လုံးလိုက်ပေါ့တဲ့။  သင်တန်းက အရမ်းကြမ်းတော့ တချို့ ထွက်ပြေးတဲ့ကောင်လေးတွေရှိတယ်။

အဲလို ထွက်ပြေးတဲ့ ကောင်လေးတွေ ပြန်မိလို့ရှိရင် ပိုးစိုးပက်စက်လုပ်တာ။ ခွေးရိုက်နွားရိုက် တိရိစ္ဆာန် တကောင်လိုကို ရိုက်တာ။ သူတို့ ရိုက်လို့ ဝပြီဆိုရင် ရှိတဲ့သူ သင်တန်းသား တယောက်ချင်းစီက သုံးလေးချက်လောက်စီ ထပ်ပြီးရိုက်ရတယ်။ အဲဒီလိုမျိုးတွေလည်း ခက်ခက်ခဲခဲ တွေကျော်ဖြတ်ခဲ့ရတယ် ။

သင်တန်းကို ၄လခွဲလောက် တက်ခဲ့ရတယ်။ ၄လခွဲ အတွင်းမှာလည်း လူကနေ နွားလုံးလုံး ဖြစ်အောင် ပုံစံပေးတဲ့ သင်တန်းတွေပေါ့။ အဲဒီကနေမှ xxxတိုင်းကို တာဝန် ကျတယ် ။

တာဝန်စကျတော့ ဌာနဆိုင်ရာ တခုကိုရောက်တယ်။ ရောက်တော့လဲ ပြောမယ်ဆို စစ်သား တယောက်ဖြစ်တဲ့အတွက် စစ်သားအလုပ်ပဲ လုပ်ရတာပေါ့။ မနက်ဆိုရင် ၅နာရီ လောက်ထ တန်းစီ စစ်ရေးပြ လေ့ကျင့်တာတွေ စာကျက်ရတာတွေလုပ်ရတယ်။

ကျနော်ရောက်တဲ့ ဌာနက လူကြီး အစစ်ဆေးခံရတဲ့ ဌာန ကို ရောက်သွားတာ။ ပြောရမယ်ဆို တပ် မျက်နှာဖုံးပေါ့၊ ဗဟိုကင်းပေါ့။ အဲဒီမှာဆိုရင် သူများထက် နှစ်ဆ စည်းကမ်း ပိုအကြပ်ခံရတယ်။ သူများထက် ၂ဆ အလုပ်ပိုလုပ်ရတယ်။ အဲလိုနေရာကို ရောက်သွားတာ ။

တပ်ထဲ စဝင်တာ ၂၀၁၆ အကုန် ၂၀၁၇ ။ လုပ်သက်က ၅နှစ် ၊ ၆နှစ် ဝန်းကျင်လောက် ပေါ့ ။

ကျနော် ကိုယ်တွေ့ ကြုံခဲ့ရတာ  အရာရှိတယောက်က ကျနော့် ရဲ့ နားချိန်မှာ ရာထူးအဆင့်အတန်းခွဲပြီး အနိုင်ကျင့်တာခံရတာ။  ကျနော်ကအိပ်နေတာ ည၁နာရီလောက်ရှိပြီ။ အိပ်နေတဲ့ အချိန် မှာ အရာရှိတ​ယောက်က မူးမူး နဲ့ ပြန်လာတယ်။ ကျနော် အိပ်ပျော်နေတဲ့ အချိန် သူက  လာနှိုးတယ်။ ညဘက် နားတဲ့အချိန်တွေ ဆိုတော့ ဒါ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ပဲ ပြောရမှာပေါ့။ ကျနော် ရဲ့ Duty off လေ။ ကျနော့် ရဲ့ နားချိန် ဖြစ်သွားပြီ။ နှိုးပြီးတော့  ဆဲတယ်။

ငါနဲ့ ကိုင်တုတ်တယ်၊ မင်း စစ်သား မဟုတ်ဘူးလား၊ ဘာညာနဲ့ ပြောတယ်။ ငါဘာကောင်လဲ သိလားဆိုပြီး လည်းပြောတယ်။ ကျနော်ကလဲ ဘာမှလုပ်လို့မရဘူး၊ သတိဆွဲထားရတယ်။ ကျနော့် ကို ညကြီးမင်းကြီး ဘယ်ညာ လျောက်ခိုင်းတယ်။ ပြီးရင် ခြေထောက် မြှောက်ပြီး လုပ်ရတဲ့ ချိန်မှတ်တယ် ဆိုတာမျိုး တွေကအစ ကျနော့် ကို အကုန်လုပ်ခိုင်းတယ်။ ။ ရာထူးကတော့ဗိုလ်ကြီးပဲ  ဗိုလ်ကြီးသူရိန်ထွန်း။ နောက်ဆုံး သူ့ရဲ့ အထက် အရာရှိ တယောက်က ဆင်း တားတော့မှ ရပ် သွား တဲ့ အထိ ကြုံခဲ့ရတယ်

နောက်တခုက တပ်ထဲမှာ ဝါဒမှိုင်းတွေက ရှယ်တိုက်ခံထားရတာ။ ကျနော်တို့က သီးသန့် ကမ္ဘာတခု ဖြစ်သွားတယ်။ ကျနော်တို့ ရဲဘော်တွေက နိုင်ငံရေးကို ဘာမှ မသိဘူး။ တကယ် ဘာမှကို မသိဘူး။ လုံးဝ အမှောင်ကြီး။ ကျနော် တို့ ရဲဘော် အဆင့် မှ မဟုတ်ဘူး တခြား အဆင့် အကုန်လုံးပဲ။ တချို့အရာရှိ တွေ တောင် ပါကောင်းပါလိမ့်မယ်။

တချို့ မဟုတ်ဘူး တော်တော်များများ ပါလိမ့်မယ်။ လုံးဝ မှိုင်း အသွင်းခံထားရတာ။ မျက်စိပိတ် နားပိတ်ပေါ့။ လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေတဲ့ သူတွေ များတယ်။ ကျနော်တို့ကျ အခွင့်ထူးခံ လူတန်းစား ထဲ ပါသွားမယ်။ တပ် မျက်နှာဖုံး ဆိုတော့ စမတ်ကျကျနေရတယ်၊ ဥပဒေ အပိုင်းတွေလဲ နားလည် ထားရတယ်။ သူတို့ လာစစ်တဲ့ အချိန်မှာ လုံးဝ ထောင့်စေ့အောင် နေပြရတယ်။  စစ်ရေးပြနဲ့ ပတ်သက်လို့ လုံးဝ သူများထက် သာနေအောင် လုပ်ပြရတယ်။

အဲဒီလိုမျိုး ကျနော်တို့က နည်းနည်း အခွင့်ထူးခံထဲမှာ ပါတယ်။ နားရက် တချို့ တလေ ဆို အပြင်ထွက်ခွင့်ရတယ် ။ အပြင်ထွက်တဲ့ အချိန်မှာလည်း ဘယ်အချိန်သွား  ဘယ်အချိန်ပြန် လက်မှတ် ထိုးပြီး ထွက်ရတယ်။ အပြင် လေး နည်းနည်းရောက်တော့ အပြင်က သူငယ်ချင်းတွေ နဲ့ ခင်ပြီး ကျနော်တို့ နိုင်ငံရေး ကလွဲလို့ တခြားအပိုင်းတွေကို ကျနော် တို့ နည်းနည်းပါးအပါး သိလာရတယ်။

ကျနော်တို့က သီးသန့်ကမ္ဘာလေးတခုလို ဖြစ်နေရတာ။ အပြင်က အရပ်သား နဲ့ မင်းတို့နဲ့က မတူဘူး မင်းတို့က အရပ်သား မဟုတ်ဘူး မတူပါဘူး ဆိုတာမျိုး ခဏခဏ ပြောခံရတော့၊ ဆပ်ပြာခွက်ကို ပင်လယ်ကြီး ထင်နေခဲ့တဲ့ အချိန်တွေပေါ့။

နိုင်ငံရေး နဲ့ ပတ်သက်လို့ သူတို့က မြဝတီ သတင်းစာ ထဲမှာ အချက် ၅ချက် နဲ့ကို ထည့်ထား ရေးပေးထားတယ်။ မှတ်မှတ်ရရ ၅ချက် မှာ အမျိုး ဘာသာ သာသနာ ကို စောင့်ရှောက် တဲ့ အဖွဲ့အစည်း၊ တပ်မတော် နဲ့ လက်တွဲနိုင်တဲ့ အဖွဲ့အစည်း၊ ၂ချက် လောက်ပဲ မှတ်မိတော့ တယ်။ ကျန်တဲ့ ၃ချက်ကတော့ မြဝတီ သတင်းစာထဲမှာ ရှာကြည့်ရင် ပြန်တွေ့လိမ့်မယ် ။ မြဝတီ သတင်းစာ အပေါ်ဆုံးမှာ ။

တာဝန်ရှိတဲ့သူတွေလူလာပြီဆိုရင် တကူးတက မှိုင်းသီးသန့် ပြောတာလို မဟုတ်ဘဲ  ဆရာတပည့်ဆုံးမတဲ့  ပုံစံမျိုးတွေပြောပြီး ဝါဒဖြန့်မှိုင်းတိုက်တာ။ ဥပမာ –  ကုလားမယားတို့၊  အမျိုးဖျက်နေတယ်တို့။ သူကအမျိုးယုတ်တို့ မင်းတို့ သဘောကျလို့လားတို့ အဲဒီလို​တွေ အမြဲ​ပြောတယ်။ အဲဒါ ဒေါ်​အောင်ဆန်းစုကြည်ကို ပြော​နေတာပါပဲ။ ကျနော် ပြောတာ မယုံရင် စီဒီအမ် လုပ်လာတဲ့ ကြိုက်တဲ့ ရဲဘော် သွားမေးကြည့်လို့ရတယ်။

ရဲဘော်တွေကတော့ ပြန်လဲ ပြောခွင့်မှ မရှိတာ၊ မှားတယ်၊ မှန်တယ်လည်း ပြောလို့မှ မရတာ ခေါင်းပဲ ငြိမ့်နေရတာပေါ့။ ဒါကြီးကို မှန်ပါတယ် တရားသေ ပြောခံနေရတာ ကြာတော့ ဒါကြီးကို အမှန်ထင်သွားပြီး ဒီ ဘဝထဲမှာ မရုန်း ထွက်နိုင်တဲ့ ရဲဘော်တွေဖြစ်ကုန်တာ​ပေါ့။

မဲထည့်တဲ့နေ့မှာ တပ်ရင်းတိုင်း မဲရုံရှေ့မှာ အရပ်ဝတ်နဲ့ သွားစောင့်နေရတယ်။ နောက်ပြီးတော့ ကျနော်တို့ စောင့်ခဲ့ရတဲ့ မဲရုံမှာ အထဲကို ဝင်ခွင့် မရှိဘူး။ အပြင်မှာ အိမ်ဘေးနားလေးမှာ ခိုးကြောင် ခိုးဝှက် နေပြီး  မဲလာထည့်တဲ့လူတွေရဲ့ အရေအတွက်ကို ကျနော်တို့က တာလီ ချိုးခဲ့ရတယ်။

မဲစာရင်း ထွက်ပြီး ည ၁၂နာရီ ၁နာရီ လောက်မှ ကျနော် တို့ ပြန်ခဲ့ရတယ်။ မဲစာရင်းက မဲလာထည့်တဲ့သူပေါ့ ။ ခိုးကြောင် ခိုးဝှက် လုပ်ရတယ်ဆိုတာ မဲရုံ တရုံမှာ မဲ လာထည့်တဲ့ လူ အရေအတွက်ကို အပြင်ကနေ ခိုးပြီးတော့ ​‌ရေနေရတာ ။

ရွေးကောက်ပွဲ ကာလ မတိုင်ခင်ကတော့ ဘယ်ကို မဲထည့်သင့်တယ်၊ ဘယ်ဟာ ဘယ်လို လုပ်သင့်တယ် အဲဒီ စာ ၅ကြောင်း အလွတ်ကျက်ခိုင်းတယ်၊ ပြီးရင် သူတို့ ကိုယ်တိုင် လာစစ်တယ်၊ ပြီးရင် အဲ့ဒီ ၅ကြောင်းကို အပြန်အလှန် ဆွေးနွေးခိုင်းတာမျိုးတွေရှိတယ်။ ဘယ်လို ထည့်သင့်တယ် ဘယ်လို လုပ်သင့် တယ် ဆိုတာ မျိုးတွေတော့ အမြဲတမ်း ပြောခံရတာပေါ့။

ပြီးရင် စကားဝိုင်းတွေ ဘာတွေ လုပ်ရင်လည်း ဒီကိစ္စတွေပဲ ပြောတယ်။ ကျနော်တောင် နားယောင်ခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောပြတာ ကျနော် USDP ကို မဲထည့်ခဲ့တယ်။ ၂၀၁၅ မှာတုန်းက​တော့ ကျနော် NLD ကို မဲထည့်ခဲ့တယ်။ ၂၀၂၀ မှာတော့ USDP ကို မဲထည့်ခဲ့တယ် ။

ကျနော့် တပတ်စဉ်ထဲ သူငယ်ချင်း ၂ယောက်က ရှေ့တန်း ထွက်ရတော့ ကြိုတင်မဲ အနေနဲ့ ထည့်ခဲ့ရတယ်လို့ ပြောတယ် ။ တကယ်လို့ ဖုန်းဆက်ပြီး မင်း ဘယ်ထဲ မဲထည့်ချင်လဲ မေးရင် တောင်မှ သူတို့ လက်ထဲမှာပဲ ရှိတယ် ကိုယ်တိုင် ထည့်ခွင့်မှ မရတာ ။

အာဏာသိမ်းတုန်းက ယူနီဖောင်း ချိန်းပြီး ရဲ ဖြစ်သွားတယ်။ ကျနော် ရှက်လဲရှက်တယ်ဗျာ။ အာဏာ သိမ်းလို့ သိမ်းမှန်း တောင် မသိလိုက်ရတဲ့ ဘဝ ။ သိရတာတော့ အာဏာသိမ်းမယ်ပေါ့။ မနက်ဖြန်လို အာဏာ သိမ်းမယ်ဆို ဒီညမှာ ယူနီဖောင်း အပြည့်အစုံတွေနဲ့ xxx ကိုသွား၊ ရောက်တော့ စစ်ယူနီဖောင်းတွေ အကုန်ချွတ် ပြီးရင် ရဲယူနီဖောင်းတွေ ထုတ်ပေး တာ အကုန်ဝတ်ရတယ်။ ဘောင်းဘီရော အင်္ကျီပါ မတော်တာတွေ ဝတ်ပြီးတော့ လုံခြုံရေး ယူရတယ်။

သူပြောတာတော့ ဆန္ဒပြတဲ့ သူတွေကို တားမယ် လုံခြုံရေး ယူနေတဲ့ ရဲတွေ နေရာ အစားထိုး ချိန်းပေးတာပေါ့။ ကျနော့် အထက်အရာရှိကလဲ တခါမှ မရှင်းပြ ဖူးဘူး။ အာဏာသိမ်းပြီး တလလောက် ကြာတဲ့ အထိ လုံခြုံရေး ယူရတယ်။ ဆန္ဒတွေ ပြတယ် ဘာတွေ ဖြစ်နေလဲ မသိဘူး။ လိုင်းတွေလဲ ဖြတ်ထားတော့ သတင်းတွေလဲ ဘာမှ မသိရတာ ဈေးသွား ဝယ်တဲ့ ရဲဘော်လေးတွေဆို ကတုံးတွေတုံး၊ မျက်ခုံးမွှေးတွေရိတ်ပြီး နဖူးမှာ နွေဦးတော်လှန်ရေး လို့ ရေးထားခံရတာတွေ့တော့ ဘာလုပ်တာလဲ ဘာတော်လှန်ရေးတွေလဲ ဆိုပြီး ဘာမှမသိခဲ့ဘူး။

အဲဒီကနေမှ ကျနော် တို့ ဂျူတီ ပြန်ချိန်းပေးလို့ တပ်ရင်း ပြန်ရောက်တော့မှ အာဏာသိမ်း သွားတာမှန်း သိလိုက်ရတာ။ အာဏာထိန်း သွားတယ်ဆိုပြီး စကား အလှလေး သုံးသွားတာပေါ့ ။

အဲဒီအချိန်တုန်းက ကျနော့် သူငယ်ချင်းနဲ့တောင် အာဏာသိမ်းတာနဲ့ အာဏာထိန်းတာ ဆိုတာနဲ့ ပတ်သတ်ပြီး စကားတွေ အခြေအတင် ပြောခဲ့ဖူးတယ်။ ငါက​တော့ ဒါဟာ လိမ်တာ အာဏာသိမ်း သိမ်းတယ်​ပေါ့ဆိုပြီး ပြောဖြစ်တာ။ အဲဒီကတည်းက ကျနော်ကမကြိုက်ဘူး။ အဏာသိမ်းတာကိုလည်းမကြိက်ဘူး။ လိမ်ညာတာ မလိမ့်တပတ်လုပ်တာကိုလည်းမကြိုက်ဘူး။ နောက်ပိုင်းမှ အာဏာ သိမ်းတဲ့ ပုံစံမျိုး သေချာသိလာတော့ ကျနော် က ချက်ခြင်းပဲ CDM လုပ်လာတယ် ။

လုံခြုံရေး ပတ်တဲ့အချိန်တော့ လိုက်ခဲ့ဖူးတယ်။ အဲဒီအချိန်ဆိုရင် အပြင်မှာဆို ရပ်ကွက်တွေထဲ ဖြတ်ရင် တုတ်တွေ လေးခွတွေ ဓားတွေကိုင်ပြီး ရပ်ကွက်ထ လူတွေက ထွက်ကြည့်နေတာ။ အဲဒီအချိန်ထိ ဘာဖြစ်လို့ ဖြစ်နေမှန်း မသိသေးတာ။ ဓားတွေ တုတ်တွေနဲ့ အပြင်က အဖွဲ့တွေ့ ထွက်ကြည့်နေတာမျိုးတွေ၊ ရွာထဲ ဝင်လာမယ်ဆိုလည်း ရွာလမ်းထဲတွေမှာ အများကြီးပဲ အဲ့လိုမျိုးတွေတော့ ကြုံခဲ့တယ် ဒါပေမယ့် ဘာမှတော့ မလုပ်ခဲ့ဖူးဘူး ။

နောက်​တော့ လူ​တွေ အရပ်သား​တွေနဲ့ အထိကရုဏ်းနှိမ်နင်း​တာ​တွေဖြစ်လာတယ်။ ဒါ​ပေမယ့် ကျွန်​တော်က အဲဒါ​တွေမဖြစ်ခင်မှာကို အာဏာသိမ်းတာကိုမကြိုက်လို့ အ​စောကြီး CDM လုပ်လာခဲ့တာ။ ကျနော်က အဲ့ဒီအခြေအနေတောင် မရောက်လိုက်ဘူး။ CDM တန်း ထွက်လာခဲ့တာ ၃လပိုင်းလောက်ပေါ့။ သီးသန့် ခက်ခက် ခဲခဲတော့ မရှိဘူး။ ကျနော်က နယ်ဘက်မှာ နေခဲ့ရတဲ့သူဆိုတော့  နယ်က အဒေါ်ကို ဖုန်းဆက်တယ်။

အဲဒီအချိန်မှာ CDM ဆိုတာ ဘာမှန်း မသိသေးဘူး။ ကျနော် ထွက်ပြေးချင်လို့ ကူညီပါလားဆိုတော့ အေး အဲ့ဒီ အဲ့ဒီကိုသွားလိုက်လို့ သူက ပြောလို့ အဲ့ဒီအတိုင်း ထွက်လာခဲ့တာ။ ထွက်လာတော့လဲ ဘောင်းဘီတို နဲ့ စွပ်ကျယ်နဲ့ပဲ။ ကျနော့်အိမ်က ကျတော့ တပ်နဲ့ဆိုရင် နာရီဝက်လောက် သွားရတယ် အိမ်ခဏ ပြန်မယ်ဆိုပြီး ဒီအတိုင်း ထွက်လာ လိုက်တာ။ ကားငှားတယ် ကျနော့်ကို လာကြိုတဲ့သူဆီသွားတယ်။ ပြီးတော့ အဲ့ဒီမှာတင် တပတ် လောက် နေလိုက်ရသေးတယ်။ ပြီးတော့ နယ်ဘက်ကို တန်းထွက်လာတာပေါ့ ။

အိမ်က သဘောထားက မလုပ်မှာတောင် စိုးရိမ်နေတာ။ ကျွန်တော့် အဖေက မူလတန်းကျောင်းအုပ်ဆရာ။ သူရဲ့ အဖြစ်အပျက်ကလည်း စိတ်နာချင်စရာပေါ့။ စိတ်နာနာနဲ့ပဲ တပ်ထဲ ရောက်သွားတာ။ ရုပ်ရှင်ကို ရွာလေးမှာ ပိတ်ကား ဘာညာ နဲ့ ပြတဲ့ ခေတ်ပေါ့။ ဘယ်လို ပုံစံ နဲ့ ပြလဲတော့ သေချာမသိဘူး ရုပ်ရှင်သွားကြည့်ပြီး ပြန်လာတော့ ညဉ့်နက်နေပြီ။  သူငယ်ချင်း တသိုက် ည ၁၁ ၊ ၁၂လောက် မှာ ပေါ်တာ ဆွဲခံရတာ။ ငါ ကျောင်းဆရာပါ ဆိုပြီး ကဒ်ကို ထုတ်ပေးတာတောင် လက်မခံဘူး။ ပေါ်တာ ဆွဲသွားတယ်။ အဲ့တာနဲ့ စိတ်နာနာနဲ့ အဲ့လောက်တောင် ဆိုးလား ဆိုပြီး စစ်တပ်ထဲဝင် သွားတာ။

တကယ်တော့ စစ်သားဆိုတာ ပြည်သူအပေါ် သိတတ်ရမယ့် ကျင့်ဝတ် ၁၀ပါး ရှိတယ်။  ပြည်သူအပေါ် စော်ကား မောက်မာ ရိုင်းပြမှုကို ရှောင်ရတယ်။ ကျနော် က တကယ်တော့ စစ်တပ်ကို မမုန်းဘူး ပွင့်ပွင့်လင်းလင်း ပြောပြရရင် ဖွဲ့စည်းပုံတွေ နေထိုင် ရမယ့် အရာတွေ၊ ဗိုလ်ချုပ် အောင်ဆန်း ဆွဲခဲ့တဲ့ဟာ စည်းကမ်းတွေ စည်းစနစ်တွေ ကျနော် အရမ်း သဘောကျတယ်။ အရမ်း ကြိုက်တယ်။

လူတယောက်ကို ပြောင်းလဲ သွားအောင် လုပ်နိုင်တယ်။ သန့်ရှင်း သပ်ရပ်ပြီးတော့ လုံးဝ ဖြောင့်မတ် သွားအောင် လုပ်နိုင်တယ်။ အဲဒီအတိုင်းမဟုတ်ဘဲ တလွဲ အသုံးချနေတဲ့ လူတွေ ကို မုန်းတာ။

ကျနော်က လက်ရှိ ကရင်နီ ဒေသထဲက တပ်ရင်း တခုမှာ တာဝန်ထမ်းဆောင်နေတယ်။ တပ်ရင်းထဲမှာလဲ ကျနော် ထရိန်နာ တယောက် အနေနဲ့ နေတယ်။ တပ်ခွဲ တခွဲရဲ့ ဘဏ္ဍာရေး တာဝန်ခံ အနေနဲ့လဲ နေပေးတယ်။ ပြီးရင် တိုက်ပွဲတွေကိုလဲ ကိုယ်တိုင်ကိုယ်ကျ ဖော် ဆောင်တယ်။ တိုက်ခိုက်ရေးပိုင်းမှာလဲ ကိုယ်တိုင် ဦးဆောင်တာမျိုးတွေ ကိုယ်တိုင်ကိုယ်ကျ ကျနော့် ရဲဘော်တွေရဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်တယ်။

ဒီကလေးတွေထက် ကျနော် က သေနတ် အရင်ကိုင်ထားတာ၊ ဒီကလေးတွေထက် ကျနော်က စစ်ပညာ အရင်သင်တာ ဖြစ်တဲ့ အတွက် ကျနော့် အတွက်က အင်္ကျီပဲ ချိန်းသွားတာ ကျနော့် စိတ်ဓာတ်က ပြောင်းမသွားပါဘူး။ ဒီအတိုင်းပါပဲ။ အရင်ကလဲ ဒီ စိတ်ဓာတ်ပဲ အခုလဲ ဒီ စိတ်ဓာတ်ပါပဲ။

ပြည်သူ့အတွက်ပဲ ဦးစားပေးတဲ့ စိတ်နဲ့ တပ်ထဲ ဝင်ခဲ့တယ်။ ပြည်သူ့ အတွက်ကြောင့်ပဲ။ ဒါက ကျနော်စကား အကြီးကြီး ပြောတယ်လို့ ထင်ကောင်းထင်မယ် ကျနော့် ရဲ့ စိတ်ရင်း ခံစားချက် ကတော့ အမှန်အတိုင်း ပြည်သူ့ အတွက်ကို တကယ်ကို အလုပ်လုပ်ပေး ခဲ့တဲ့ လူတယောက် ဖြစ်တယ်။ ဒီအချိန်မှာလဲ ပြည်သူ့ ဘက်ကပဲ ရပ်တည်ပါတယ် ။

တကယ်တော့ ကျနော်က ပညာရေးတပ်လို့ ပြောလို့ရတဲ့နေရာက လာတာ။ စမတ်ကျကျ နေခဲ့ရတယ်။ တပ်ဝင်းထဲပဲ နေခဲ့ရတော့ တခြား မလုပ်ဖူးဘူး။ CDM လုပ်လာမှ ကျနော် နွားချေး ကြုံးရတယ် နွားမောင်းရတယ် ပြီးရင် ဝက်တွေ အစာကျွေးရတယ်။ ဘဲတွေ အစာကျွေးရတယ်။ မွေးမြူရေးနဲ့ ပတ်သက်တာ တခါမှ မလုပ်ခဲ့ဖူးဘူး။ တော်တော်ခက်ခဲခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောပြတာ။ ဒီနေရာမှာလဲ တော်တော် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။

ထောက်ပံ့ရေးဆိုတာ  ဘာမှန်း မသိဘူး။ ကျနော် CDM လုပ်တာ ၃လပိုင်းထဲမှာ လုပ်တဲ့သူ က ဒီနှစ် ၅လပိုင်းလား ၆လ ပိုင်းလား မသိဘူး အဲ့ဒီကျမှ ကျနော် CDM ကုဒ် ကျတာ။ ကျတော့လဲ ကျတာပေါ့။ တကယ်တမ်း ပြောရရင် ပြည်သူ့ဘက်က ရပ်တည် လာတယ်။ ပြည်သူကျွေးတဲ့ ထမင်းပဲ စားလာတယ် ဒီအတိုင်း လေးပဲ သွားခဲ့တယ်။ အဲတာကို တချက် အနေနဲ့ ထည့်ပြောပြတာပါ ။

ကျနော် တော်လှန်ရေးကို ပြီးအောင် တိုက်မယ် ပြန်လည်ထူထောင်ရေးမှာ ကျနော့်ထက် တတ်ကျွမ်း နားလည်တဲ့ ညီလေးတွေ ရှိတယ် အကိုကြီးတွေရှိတယ်။ အဖွဲ့အစည်း တခုကို control ပေး နိုင် တဲ့ လူတွေကို ကျနော်တို့ မြေတောင်မြှောက်မယ်။ သူတို့ကို ဖွဲ့စည်း ထိန်းသိမ်းတဲ့ ပုံစံ လမ်း ကြောင်းတွေကို ပြပေး ခဲ့မယ်။ ပြီးတာနဲ့ ကျနော် လက်နက်ကို ပြန်အပ်မယ်။ ကျနော့မှာ တောင်ယာလေးရှိတယ်။ ကျနော့် တောင်ယာ ကျနော်စိုက်မယ် မိန်းမယူမယ်ပေါ့။ အေးအေးချမ်းချမ်းလေး ကျနော့်ဘဝလေးကို နေသွားမယ် ။

တရားမျှတမှုဆိုတဲ့ စကားလုံးအပေါ်မှာတော့ ကျနော့်အမြင်က ရှင်းပါတယ်။ အရမ်းကြီးလည်း နက်နက် ရှိုင်းရှိုင်းလဲ မရှိဘူး။ ရိုးရိုးတန်းတန်းပါပဲ။ လူကို လူလို တွေးတတ်ဖို့ပါပဲ။

#တရားမျှတမှုရရှိဖို့အမှန်တရားထုတ်ဖော်ပြောကြစို့

#Let’sTelltheTruthtoGetJustice

#CDMစစ်သား

#CDM

#TransitionalJustice

#TruthTelling

#နွေဦးတော်လှန်ရေး

#မြန်မာစစ်တပ်

#ကြည်းတပ်

#army

#Myanmar_army

Related Articles

Back to top button