ဆောင်းပါး

ရွှေလီချိုင့်ဝှမ်းဂွင်အမှတ်တရ – ၁၀

ရွှေလီချိုင့်ဝှမ်းဂွင်အမှတ်တရ – ၁၀
– မောင်မောင်စိုး
နာအော်ကြီး၊နာအော်လေး
ရွှေလီချိုင့်ဝှမ်းဂွင်မြောက်ဖက်ပိုင်းက ပလောင်ရွာကြီးများဖြစ်သည်။ ၁၉၈၀ ချီတက်စဉ်က ဖြတ်သန်းခဲ့ရသည့် ရွာများဖြစ်သည်။ နာအော်ကြီးလား၊ နာအော်လေးလားတော့မမှတ်မိ၊ ရွာက ရှည်‌မြောမြောရှိသောတောင် ကြောပေါ်တွင်တည်ထားသည်။
ရွာလယ်လမ်းက တောင်ကြောထိပ်အတိုင်းဖြစ်ပြီး အိမ်များက လမ်းအောက်တောင်ခြေလျောများတွင် ဆောက်ထားကြရာ လမ်းကရွာထက်မြင့်သည်ဟုဆိုရမည်။ မိမိတို့တပ်ရွာထဲကဖြတ်တော့ ရွာခံပလောင်များ ရပ်ကြည့်နေကြသည်။ သူတို့စိုးရိမ်ပူပန်မှု အနည်း ငယ်ရှိသည်။
အကြောင်းက ထိုစဉ်က နာအော်ကြီး၊ နားအော်လေးမှာ CPB ၂၀၂ ဒေသ၏ မြို့နယ်တခုတွင်ပါဝင်သည်။ ထိုရွာများတွင် CPB ကပြည် သူ့စစ်ဖွဲ့ထားသည်။ မိမိတို့မရောက်မှီ လပိုင်းက ထိုဒေသမြို့နယ်မှူးက လက်နက်ချပြီး ဖေါ်ကောင်လုပ်လိုက်၍ ပြည်သူ့ စစ်လက်နက် ၁၀၀ ခန့်သိမ်းဆည်းခံလိုက်ရသည်။
သို့ဖြစ်ရာ မိမိတပ်အလုံးအရင်းနှင့်ဖြတ်သွားချိန်တွင် ထိုကိစ္စနှင့်ပတ်သက်ပြီး သူတို့ရွာအမှုပတ်မည်ကို စိုးရိမ်ကြပုံရသည်။ သို့သော် မိမိတို့တပ်ဖွဲ့ကလည်း ကိုယ်ရည်မှန်းချက်နှင့်ကိုယ်ဆိုတော့ထိုကိစ္စနှင့်မပတ်သက်၊ ထိုရွာများတွင် နားပင်မနားနိုင်ခဲ့။
သို့သော် ရွှေလီချိုင့်ဝှမ်းဂွင်တောင်ပိုင်းကို ဆက်ဆင်းသော ပလောင်ရွာကြီးများကို ဆက် တိုက်တွေ့ရသည်။ ထိုအခါ မြောက်ဖက်ခြမ်းရှိ ပလောင်ရွာတို့ ပို၍လူနေမှုနိမ့်ကျသည်ကို သတိပြုမိခဲ့သည်။
ဇောတိရှမ်း
နာအော်ကြီး၊နားအော်လေးရွာများကိုဖြတ်ပြီးနောက် ချောင်းလေးတချောင်းဘေးရှိ မြေပြန့်ကွင်းအတွင်းက ရှမ်းရွာတရွာကိုရောက်သည်။ ရွာအမည်ကို ကောင်းစွာမမှတ်မိတော့။ နန့်ဟိုင်းလား သို့တခြားရွာလားမသဲကွဲတော့။
သေချာမှတ်မိသည်ကတော့ ထိုရှမ်းရွာသည် ဇောတိရှမ်းရွာဖြစ်သည်။ မောရှမ်း ( တိုင်းမောဝ်)၊ဂုံရှမ်း ( တိုင်းခုံ ) ၊ရှမ်းကြီး ( တိုင်းလုံ )စသည့် ဒေသအလိုက်ရှမ်းလူမျိုးကို ခေါ်ဝေါ်လေ့ရှိကြသည်။ ဇောတိရှမ်းဆိုသည်က ဒေသအလိုက်ခေါ်ဝေါ်ခြင်းမဟုတ်ပေ။ ကိုးကွယ်သည့် အပေါ်မူတည်၍ခေါ်ဆိုကြခြင်းဖြစ်သည်။
ဇောတိရှမ်းများသည်လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။ ဗုဒ္ဓဘာသာဂိုဏ်းတခုဟုဆိုရမည်။ သူတို့တွင်လည်း ထူးခြားသည့်သတ်မှတ်ချက်များရှိသည်။ သတိထားမိသည့်အချက်မှာ ဇောတိရှမ်းရွာရှိအိမ်များတွင် ကြက်ဖတကောင်သာမွေးထားလေ့ရှိကြသည်။
အချိန်သိရန်အတွက်သာဖြစ်ပုံရသည်။ ကြက်မမွေးလေ့မရှိကြပေ။ မည်သည့် အကြောင်းကြောင့်တော့ မလေ့လာမိခဲ့ပါ။ အခြား ဘာသာရေးဆိုင်ရာသတ်မှတ်ချက်များလည်း ရှိနိုင်သေးသည်။
နောင်တွင် မူစယ်တွင် ဇောတိရှမ်းများရှိသည်ကိုတွေ့ရသည်။ ဇောတိရှမ်းများ၏ အဓိက ဘုန်းတော်ကြီးကျောင်းကတော့ ကချင်ပြည် နယ် မိုးညှင်းတွင်ရှိသည်ဟု နောက်ပိုင်းမှကြားသိရသည်။
ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းတွင် မတူသောလူမျိုးများနေထိုင်ကြသကဲ့ သို့ မတူသော ကိုးကွယ်မှုများ ယုံကြည်ကိုးကွယ်ကြသည်ကို တွေ့ရသည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယန်၊ နတ် စသည်တို့အပြင် ခရစ်ယန်နှင့် ဗုဒ္ဓ ဘာသာများအတွင်းတွင်လည်း ကွဲပြားသောဂိုဏ်းများလည်းတွေ့ရပြန် သည်။
မတူကွဲ ပြားသောလူမျိုးများ၊ မတူကွဲပြားသော ယုံကြည်မှုများ၊ မတူကွဲပြားသော ဓလေ့ထုံးတမ်းများကြား တည်ရှိနေမှုသည် ရွှေလီချိုင့်ဝှမ်းဂွင်၏ ပကတိဘဝဖြစ်သည်။ ဒေသခံတိုင်းရင်းသားလူမျိုးများကြားရှိ မတူကွဲပြားမှုများ သဟာဇာတဖြစ်မှု စည်းချက်ညီမှုသည် ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းရှိ လူ့အ ဖွဲ့အစည်းတည်ငြိမ်မှုအတွက်လိုအပ်ပေလိမ့်မည်ဟု စဉ်းစားမိသည်။
တကယ်တော့ ထိုဒေသအတွင်း ရှမ်း၊ကချင်၊ပလောင်စသဖြင့် လူမျိုးကွဲပြားပြီး ဘာသာအယူ ဝါဒ၊ဓလေ့ထုံးတမ်းများကွဲပြားကြသော်လည်း တူညီသည့်နေထိုင်ပုံလည်းရှိသည်။ ထိုဒေသရှိ ရှမ်း၊ကချင်၊ပလောင်တိုရိုးရာအိမ်များသည် ခြေတန်ရှည်အိမ်များဖြစ်ကြသည်။ မြေစိုက်အိမ်ကို တရုတ်ရွာများတွင်သာ တွေ့ရသည်။
ထိုခြေတန်ရှည်အိမ်များတွင် အိမ်ရှေ့ကပြင်ရှိသည်။ ဝင်လိုက်သည် နှင့် ဧည့်ခန်းသို့ရောက်သည်။ ဧည့်ခန်းနှင့် အတွင်းအိပ်ခန်းကို သီးသန့်ကာရံထားသည်။ ဧည့်ခန်းအလယ်တွင် မီးဖိုရှိသည်။
လေးထောင့်ပုံသဏ္ဍာန် ဖေါက်၍ မြေသားထည့်ပြီး ထင်းမီးဖိုနိုင်ရန် ပြုလုပ်ထားသည်။ ထမင်းဟင်းချက်သည့် နောက်ဖေးမီးဖိုကသတ်သတ်ဖြစ်ပြီးဧည့်ခန်းတွင်းမီးဖိုက ဧည့်သည်နှင့်စကားပြောရင်းမီလှုံရန်၊ ရေနွေးအိုးတည်ရန် အသုံးပြုကြသည်။
ထိုမီးဖို၏ အိပ်ခန်းဖက်ခြမ်းသည် အိမ်ရှင်ထိုင်သည့်နေရာ အိမ်ထောင်ဦးစီးထိုင်သည့်နေရာဖြစ်သည်။ ဤဖွဲ့စည်းပုံ၊ ဤဓလေ့ သည် ရှမ်း၊ကချင်၊ပလောင် အတူတူပင်ဖြစ်သည်။ မတူကွဲပြားမှုများကြားက တူညီမှုကိုရှာဖွေတွေ့ရှိရသည်။

Related Articles

Back to top button