PSLF/TNLA – ထုတ်ပြန်ချက်
ဖက်ဒရယ်ဂျာနယ် မြန်မာ | ဒီဇင်ဘာလ ၂၄
၂၀၂၂ ခုနှစ်အတွင်း PSLF/TNLA ထိန်းချုပ်နယ်မြေထဲမှာ မူးယစ်ဆေးဝါး ဖြန့် ဖြူးမှု အများဆုံးနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု အပါအဝင် အခြားသော အမှု ပေါင်း(၁၃၇)မှုနှင့် ကျူးလွန်သူ (၁၀၀) ကျော်တို့ကို TNLA တရားစီရုံးက စီရင် နိုင်ခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။
ပြစ်မှုကျူးလွန်သူများ ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်ခွင့်ရနေတဲ့ ဓလေ့ကို ဖျောက်ဖျက်ဖို့ နှင့် ကျူးလွန်ခံ ရသူများအား ဆင်းရဲ၊ ချမ်းသာ၊ ဘာသာမရွေး အာဏာရှိ/မဲ့၊ ကျား-မ မခွဲခြားဘဲ တရားမျှတမှု ဆောင်ရွက်ပေးတာလို့ ဆိုပါတယ်။
အရပ်သား ပြည်သူများ တိုင်ကြားလာတဲ့ အမှုပေါင်း (၁၆၁)မှုအနက် (၁၃၇)မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
တိုင်ကြားလာတဲ့ အမှုတွေထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူး (၁၀၁)မှုဖြစ် အများဆုံးဖြစ်ပြီး လူသတ်မှု နှင့် အပြင်းအထန်နာကျင်စေမှု (၅)မှု၊ မုဒိမ်းမှု နှင့် ကာမလိမ်လည်မှု (၂၀)မှု၊ ခိုးဆိုးလုယက်မှု (၆)မှု၊ တရားမမှု (၃)မှု၊ ငွေကြေးလိမ်လည်မှု (၂)မှု တို့ဖြစ်ပြီး ကျူးလွန်သူ (၁၃၇) ဦးအား ပြစ်ဒဏ်ပေး အရေးယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ အမှု (၁၀)မှုကို ဝရမ်းထုတ်ထားပြီး ကျန်အမှုများမှာ တရားရင်ဆိုင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
TNLA တရားစီရင်ရေးဌာနဟာ ဗဟိုတရားရုံးအပြင် ခရိုင်တရားရုံး (၅)ရုံး ဖွင့်လှစ်ထားပြီး ရုံးတိုင်းတွင် တရားသူကြီးတစ်ဦးစီ ထားရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း အမှုပေါင်း(၉၀)ရှိသည့်အနက် (၇၈) မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီပြစ်မှုကျူးလွန်သူများကို TNLA တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီး ဘယ်လိုထိန်းသိမ်း ကိုင်သွယ် နေတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။