တိုင်းရင်းသားများသတင်း

အပတ်စဉ်စုဆောင်း တိုင်းရင်းသားသတင်းလွှာ စုစည်းတင်ပြခြင်း

(No. 143, November 5, 2021)
၁။ ရွှေကူမြို့အဝင် စစ်ကောင်စီ တပ်သား ၂ ဦးမိုင်ခွဲခံရသဖြင့် သေဆုံး
၂။ ဝိုင်းမော်မြို့အနီး ပြည်သူ့စစ်စခန်းတည်ဆောက်နေမှုကို KIA သွားရောက်ပစ်ခတ် ဖျက်ဆီး
၃။ လားရှိုးမြို့မှာ covid-19 ပိုးတွေ့နှုန်းများလာသဖြင့် ဈေး‌ရောင်းခွင့် ပြန်လည်ကန့်သတ်
၄။ ကောလင်းမြို့နယ် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးထက်မနည်းကို စစ်ကောင်စီ သတ်ဖြတ်ခဲ့
၅။ တိုက်ပွဲကြောင့် စိုက်ပျိုးရေးလုပ်ငန်းပျက်ခဲ့ရသော မိုးမောက်ဒေသခံများ အစားအသာက်ပြတ်လပ်မှုဖြင့် ကြုံတွေ့နေ
၆။ မူဆယ်ခရိုင်မှာ တစ်ရက်အတွင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး မြို့ပေါ်တွင် ပစ်သတ်ခံရ
၇။ ပိုးတွေ့ လူနာများလာသည့်အတွက် လိုင်ဇာမြို့ ဒုတိယအကြိမ် Lockdown ပြန်လည်ချမှတ်
၈။ စစ်ရှောင် နေရပ်ပြန်ရေးကိစ္စ စစ်ကောင်စီ မှ ကချင်ဘာသာရေးခေါင်းဆောင်များကို နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့
၉။ စစ်ရှောင်ဧရိယာအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၅၀ ကျော်အထိ ရှိလာ
၁၀။ ရဲဘော်စိုင်းဘုန်းမင်းသန့်အလောင်းကို ရက်လေးဆယ်ကျော်ကြာမှ ပြန်လည်သယ်ယူနိုင်ခဲ့
၁၁။ စစ်ဘေး ဒုက္ခသည်စခန်းမှာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်သွားမည်
၁၂။ ထန်တလန်မြို့အပေါ် အကြမ်းဖက်စစ်ကောင်စီကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်ကို KSCC ပြင်းထန်စွာ ရှုတ်ချ
၁၃။ ဖယ်ခုံ၊ လွယ်ဟွဲမှာ တိုက်ပွဲဖြစ်နေ၊ စစ်တပ်က ပြည်သူအိမ်မီးရှို့
၁၄။ ဖမ်းဆီးခံ ရွှေပြည်အေးရွာသား ၁၉ ဦး ပြန်မလွှတ်သေး၊ ခမရ ၃၃၆ မှာ ချုပ်နှောင်ထား
၁၅။ ဖယ်ခုံမြို့နယ်အတွင်းက စစ်ရှောင်အဘွားအိုတစ်ဦး သေဆုံး၊ ဒေသခံ နှစ်ထောင်နီးပါး စစ်ဘေးရှောင်နေရ
၁၆။ ချင်းပြည်နယ်အပါအဝင် မြန်မာပြည်သူလူထုအပေါ် စစ်ကောင်စီမှ ကျူးလွန်နေတဲ့ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှု ကို KNPP ကန့်ကွက်ရှုတ်ချ
၁၇။ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ၅ ခုတွင် တလအတွင်း တိုက်ပွဲ ၂၇၅ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ် ၂၇၁ ဦးကျဆုံးကာ ၂၆၆ ဦးဒဏ်ရာရ
၁၈။ စစ်ကောင်စီတပ်၏ ဝင်ရောက်ဖမ်းဆီးမှုများကြောင့် ထားဝယ်မြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ ဒေသခံများ ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရ
၁၉။ ကလေးများ၏ ပညာသင်ယူခွင့် ပိတ်ပင်တားဆီးခြင်းမရှိဟု ကရင်ပညာရေးဌာနပြော
၂၀။ KNU တပ်မဟာ (၅) နယ်မြေအတွင်း ဝင်မည့်လမ်းကြောင်းသုံးခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ် ဝင်ရောက် လှုပ်ရှားမှုကြောင့် ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွား
၂၁။ မြဝတီရှိ ABSDF ဆက်ဆံရေးရုံး အဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးခေါ် ဆောင်သွား
၂၂။ ကက်သလစ်အသင်းတော် ဝိညာဉ်ဆုတောင်းပွဲ ဖားအံမြို့သုဿာန်တွင် ပြုလုပ်ခဲ့
၂၃။ သံတွဲဒေသခံအမျိုးသမီး ၃ ဦးကို PDF နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ထား
၂၄။ စစ်ကောင်စီမှထုတ်ပြန်သည့် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်မှာ စစ်တပ်ထောက်ခံပွဲပြုလုပ်သူများအပေါ် သက်ရောက် မှုမရှိ
၂၅။ အကြိမ်ကြိမ်တောင်းဆိုသော်လည်း အဆင်မပြေသည့် တင်းမကျေးရွာသားများနေရပ်ပြန်ရေး စစ်ကောင်စီဥက္ကဋ္ဌထံ စာပေးပို့တောင်းဆိုထား
၂၆။ အောင်ပန်းမြို့ စစ်ကောင်စီမှ အမျိုးသမီးကိုလာရှာစဉ် အိမ်ပစ္စည်း မွှေနှောက် ဖုန်းယူသွား
၂၇။ မိုင်းကိုင်မြို့နယ် ကျွဲကျောင်းသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး
၂၈။ နမ့်ခမ်းမြို့ ယခုရက်ပိုင်း ဒေသခံ (၂)ဦး သေနတ်ပစ်ခံရ
************************

 

၁။ ရွှေကူမြို့အဝင် စစ်ကောင်စီ တပ်သား ၂ ဦးမိုင်ခွဲခံရသဖြင့် သေဆုံး
5th November 2021
ရွှေကူမြို့အဝင်တွင် စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦး ယနေ့ နံနက်ပိုင်း မိုင်းခွဲခံရသဖြင့် သေဆုံး သွားကြောင်း သိရသည်။

ယနေ့ နံနက် ၅ နာရီခွဲဝန်းကျင်တွင် ရွှေကူမြို့အဝင်တွင် အခြေစိုက်ထားသော စစ်တပ်မှ စစ်သား ၂ဦးသည် ဆိုင်ကယ်ဖြင့် ရွှေကူမြို့ စစ်တပ်စစ်ဆေးရေးဂိတ်ရှိသော (၄) ဆုံးဆုံ ဘက်သို့ ဖြတ်လာခဲ့ရာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်း ၂ကြိမ်ထက်မနည်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

စစ်ကောင်စီတပ်သား ၂ ဦး ပစ်သတ်ခံရသည့်အပြင် စစ်ဆေးရေးဂိတ်ကိုပါ ပစ်ခတ်ခံရသောကြောင့် အာဏာသိမ်းစစ်ကောင်စီ မှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ၁နာရီခန့်အကြာ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ရွှေကူမြို့သည် ဧရာဝတီ မြစ်ဘေးတွင်တည်ရှိပြီး စစ်ကောင်စီမှ ကချင်ပြည်နယ်သို့ စစ်အင်အားတိုးချဲ့စဉ် KIA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်မှု ပုံမှန်ပြု လုပ်နေသော ဒေသဖြစ်သည်။ https://burmese.kachinnews.com/2021/11/05/nov-5-y1/
****************
၂။ ဝိုင်းမော်မြို့အနီး ပြည်သူ့စစ်စခန်းတည်ဆောက်နေမှုကို KIA သွားရောက်ပစ်ခတ် ဖျက်ဆီး
4th November 2021
ဝိုင်းမော်မြို့အထွက် ဝူယန်ကျေးရွာတွင် ဆောက်လုပ်နေသော ပြည်သူ့စစ်စခန်းတစ်ခုကို ယနေ့ နံနက် ၃ နာရီခန့်က ကချင် လွတ်လပ်ရေးတပ်မတော် KIA မှ သွားရောက် ပစ်ခတ်ကာ ဖျက်ဆီးပေးလိုက်ကြောင်း သိရသည်။

ဝူယန်ကျေးရွာ လမ်းမကြီးပေါ် နံနက်စျေးအထက် အုပ်ချုပ်ရေးရုံးဝင်းအနီးတွင် ဆောက်လုပ်ထားသော အဆိုပါပြည်သူ့စစ်ဂိတ် ကို KIA က လက်နက်ကြီး ၁၅ ချက် ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဝူယာန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

အဆိုပါ ပြည်သူ့စစ်ဂိတ်မှာ ဝိုင်းမော်မြို့ ၅၈ စစ်တပ်လက်အောက်ရှိ စခန်းတစ်ခုအဖြစ် တည်ဆောက်နေခြင်းဖြစ်သည်ဟု သိရ သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်ညကလည်း ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် ခမရ ၃၂၁ တပ်အနီးရှိ ပြည်သူ့စစ်စခန်းတစ်ခုကို KIA က သွားရောက်တိုက်ခိုက် ဖျက်ဆီးခဲ့သည်။ https://burmese.kachinnews.com/2021/11/04/nov-4-y-1/
*****************
၃။ လားရှိုးမြို့မှာ covid-19 ပိုးတွေ့နှုန်းများလာသဖြင့် ဈေး‌ရောင်းခွင့် ပြန်လည်ကန့်သတ်
3rd November 2021
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ပိုးတွေ့နှုန်း ပြန်မြင့်တက်လာတာကြောင့် ဈေး‌ရောင်းခွင့် ပြန်လည်ကန့်သတ်လိုက် ကြောင်း COVID-19 Operation Team မှ သိရပါတယ်။ ဈေးဖွင့်ချိန်ကတော့ မနက် ၇ နာရီ ကနေ နေ့လည် ၁၂ ထိသာ ဖွင့်လှစ် ရောင်းချရမယ်လို့ ဆိုပါတယ်။

ပိုးတွေ့လူနာ လျော့နည်းသွားချိန်မှ လူသုံးကုန်၊ အလှကုန်နဲ့ အထည်အလိပ်ဆိုင်တွေကို ပုံမှန်အတိုင်း ပြန်ဖွင့်ခွင့်ပြုမယ်လို့ သိရပါတယ်။ လားရှိုးမြို့မှာ နိုဝင်ဘာလ ၂ ရက်နေ့က ၁ ရက်ထဲ ပိုးတွေ့လူနာ ၂၁ ဦးထိ ပြန်လည် တိုးလာပြီး စုစုပေါင်း ပိုးတွေ့လူနာ ၃၈၄၆ ဦး၊ ပျောက်ကင်းသက်သာလို့ ဆေးရုံဆင်း ခွင့်ရသူ လူနာ ၃၄၂၅ ဦး ရှိပြီး သေဆုံးလူနာ ၂၀၅ ဦး ရှိပြီဖြစ်ကြောင်း COVID-19 Operation Team ရဲ့ စာရင်းဇယား မှတ်တမ်း တွေအရ သိရပါတယ်။

လက်ရှိ နိုဝင်ဘာ ၂ ရက်နေ့အထိ ဆေးကုသမှုခံယူသူ ပိုးတွေ့ လူနာကတော့ လားရှိုး ပြည်သူ့ဆေးရုံမှာ ၇၈ ဦး၊ စစ်ဆေးရုံ (ကုတင် ၁၀၀) မှာ ၁၁ ဦး၊ ပိုးတွေ့အချုပ်သား ၁၆ ဦး၊ ပညာရေးကောလိပ် Positive စင်တာမှာ ၁၁၇ ဦးရှိတယ် လို့ ဆိုပါတယ်။

လားရှိုးမြို့မှာ covid-19 ပိုးတွေ့နှုန်းများလာသဖြင့် ဈေး‌‌ရောင်းခွင့် ပြန်လည်ကန့်သတ်


*******************

၄။ ကောလင်းမြို့နယ် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးထက်မနည်းကို စစ်ကောင်စီ သတ်ဖြတ်ခဲ့
KNG 3rd November 2021
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တောင်မော်ကျေးရွာနေထိုင်သည့် ပြည်သူ ၄ဦးထက်မနည်း ယနေ့ (နိုဝင်ဘာလ ၃ရက်) နေ့လယ်ခန့်က အသတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ သတ်ဖြတ်ခံထားရသူများမှာ ကိုအောင်ကြည်လွင်၊ ကိုဝေမင်းသူ ( အထက်တန်းပြ) ၊ ကိုအောင်နိုင်ဝင်း၊ ကိုဖိုးလပြည့် (ခ)ကျော်လင်းအောင်တို့ဖြစ်ကြောင်း သိရသည်။

တောင်မော်ကျေးရွာသည် ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ အရှေ့ဘက် ၈ မိုင် အကွာတွင် တည်ရှိသည့်ကျေးရွာဖြစ်ကာ လက်ရှိချိန် ကျေးရွာရှိပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေရပြီဖြစ်ကြောင်း နီးစပ်သူများကပြောသည်။ ကျေးရွာအတွင်း သတင်းပေး(ဒလန်)များ လက်ညိုးထိုးရာအိမ်များနှင့် မသင်္ကာကာသည့် အိမ်များတွင်းသို့ စစ်ကောင်စီတပ်သည် ဝင်ရောက်စစ်ဆေးဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ ကျူးလွန်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ တောင်မော်ကျေးရွာတွင် ဝင်ရောက်နေသည့် စစ်ကောင်စီတပ်များသည် နိုဝင်ဘာလ ၂ ရက်နေ့ ၁ နာရီဝန်းကျင် ကောလင်းမှ စစ်ကား ၇ စီးဖြင့်ချထားခဲ့သည့် တပ်ဖွဲ့ဖြစ်ကာ အင်အား ၅၀ ခန့်ရှိကြောင်း သိရသည်။

ကောလင်းမြို့နယ် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးထက်မနည်းကို စစ်ကောင်စီ သတ်ဖြတ်ခဲ့


*******************
၅။ တိုက်ပွဲကြောင့် စိုက်ပျိုးရေးလုပ်ငန်းပျက်ခဲ့ရသော မိုးမောက်ဒေသခံများ အစားအသာက်ပြတ်လပ်မှုဖြင့် ကြုံတွေ့နေ
3rd November 2021
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အလော့ဘွမ်အနီး ပြီးခဲ့သော ဧပြီလအတွင်း မြို့သစ်စလောင်းကုန်းတိုက်ပွဲကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ ရပ်နားခဲ့ရသောဒေသခံများသည် လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် အခက်ကြုံနေရသည်ဟု သိရသည်။
သည်။

အခြားဒေသများတွင် ကောက်ရိတ်သိမ်းချိန်ဖြစ်သော်လည်း အဆိုပါကျေးရွာများတွင် လိုအပ်နေသူများကို အဖွဲ့အစည်းများအနေ ဖြင့် လာမည့် ၂၀၂၂ နှစ်ကူးပိုင်းအထိ ကူညီထောက်ပံ့ပေးရန် လိုအပ်နေကြောင်း အထက်ပါ နွမ်းလန့်ဒေသခံက ဆက်လက် ပြောဆိုသည်။

ပြီးခဲ့သော မတ်နှင့် ဧပြီလက ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီးရှိ မြို့သစ်၊ ကုန်းလော၊ နွမ်းလန့် ၊ ဆီဟက်စသည့် ကျေးရွာများ၏ အရှေ့ဘက်တောင်ကုန်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို စစ်ကောင်စီက လေကြောင်းဖြင့် နေ့စဉ် လာရောက် တိုက်ခိုက်မှုကြောင့် ဒေသခံများမှာမိုးမောက်မြို့သို့ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် စိုက်ပျိုးရေးလုပ်ငန်းပျက်ခဲ့ရသော မိုးမောက်ဒေသခံများ အစားအသာက်ပြတ်လပ်မှုဖြင့် ကြုံတွေ့နေ


*********************
၆။ မူဆယ်ခရိုင်မှာ တစ်ရက်အတွင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး မြို့ပေါ်တွင် ပစ်သတ်ခံရ
3rd November 2021
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုမွန်ရပ်၊ ကချင်ဈေးအနီး လမ်းမပေါ်မှာ နိုဝင်ဘာလ ၂ ရက် နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အမျိုးသား ၁ ဦး ပစ်သတ်ခံရကြောင်း ဒေသခံ မျက်မြင်တွေဆီက သိရပါတယ်။

အမည်မသိ သူတွေက သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ဘယ်ဘက် ဦးခေါင်းမှ ညာဘက် ဦးခေါင် ကျည်ဖောက်ထွက် ဒဏ်ရာ ၁ ချက် ဖြင့်သေဆုံးသွားကြောင်း အမည်မဖော်လိုသူ ဒေသခံ ၁ ဦး က ပြောပါတယ်။

သေနတ်ဒဏ်ရာဖြင့် သေဆုံးသူမှာ အသက် ၂၁ နှစ်ရှိ စိုင်း‌အေးဆိုင်ဖြစ်ပြီး ဈေးရပ်ကွက် နေထိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။ နမ့်ခမ်းမြို့မှာလည်း နိုဝင်ဘာ ၁ ရက်နေ့က အသက် ၃၀ ခန့်အရွယ်ရှိ အမျိုးသမီး ၁ ဦး အပြင်ကနေ အိမ်ပြန်လာပြီး ကားပေါ်ကအဆင်း နောက်ကနေ အမျိုးသား ၂ ဦးက လည်ပင်းမှာ သေနတ် ၃ ချက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မူဆယ်ခရိုင်မှာ တစ်ရက်အတွင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး မြို့ပေါ်တွင် ပစ်သတ်ခံရ


*********************

၇။ ပိုးတွေ့ လူနာများလာသည့်အတွက် လိုင်ဇာမြို့ ဒုတိယအကြိမ် Lockdown ပြန်လည်ချမှတ်
2nd November 2021
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် Covid-19 ပိုးတွေ့လူနာများလာသောကြောင့် နိုဝင်ဘာ ၂ ရက်နေ့မှစတင်ကာ Lockdown ချမှတ်လိုက်ပြီဖြစ်ကြောင်း ဗဟို ကိုဗစ်- ၁၉ ကာကွယ်ရေးထိန်းချုပ်ရေးနှင့်အရေးပေါ် ကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်ထံမှ သိရသည်။

လက်ရှိ လိုင်ဇာမြို့တွင်း ပိုးတွေ့လူနာများနေပြီး ရပ်ကွက်တိုင်း ကူးစက်မှုပျံ့နေသည့်အပြင် ဝေကျိုင်နှင့် ရပ်ကွက် (၁) တွင် ပိုးတွေ့ရှိမှု အများဆုံးဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် လိုင်ဇာမြို့တွင် နေရာအနှံမှ လာရောက်ခိုလှုံသူ များလာသည့်အတွက် ကိုဗစ်-၁၉ ပိုးတွေ့ရှိမူ ပိုမိုများလာကာ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ရက်နေ့မှစကာ လိုင်ဇာတစ်မြို့လုံးအား Lockdown ပထမအကြိမ် ချမှတ်ခဲ့ပြီးဖြစ်ရာ ယခုအကြိမ်သည် ဒုတိယအကြိမ်ပြန်လည်ချမှတ် ခြင်းဖြစ်သည်။

ထို့အပြင် လိုင်ဇာ Covid-19 ထိန်းချုပ်ရေးကော်မတီမှ ပြီးခဲ့သည့် ဇွန်လ ၁၄ရက်မှစကာ KIO ထိန်းချုပ်နယ်မြေတွင် ဝင်ရောက်လာသူများအား ဆေးစစ်ဆေးမူခံယူသည့်အပြင် ကွာရန်တင်း ၁၄ ရက်ထိ ထပ်တိုးမြင့်ခဲ့ပြီး ပိုးကူးစက်မူ ပိုမိုများလာသည့်အတွက် လက်ရှိချိန် ကွာရန်တင်းဝင်ရောက်မှု ရက်အား ၂၁ ရက်ထိ ထပ်တိုး သတ်မှတ်ထားဆဲ ဖြစ်သည်။

ပိုးတွေ့ လူနာများလာသည့်အတွက် လိုင်ဇာမြို့ ဒုတိယအကြိမ် Lockdown ပြန်လည်ချမှတ်


*****************
၈။ စစ်ရှောင် နေရပ်ပြန်ရေးကိစ္စ စစ်ကောင်စီ မှ ကချင်ဘာသာရေးခေါင်းဆောင်များကို နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့
2nd November 2021
ကချင်စစ်ရှောင်များနေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေး ပေါင်းစုံမှ တာဝန်ရှိသူများကို နိုဝင်ဘာလ ၁ ရက်နေ့က နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အပါဝင် ဘာသာရေးပေါင်းစုံမှ တာဝန်ရှိသူ ၁၀ ဦးခန့်နှင့် စစ်ကောင်စီဘက် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့က ၃နာရီခန့်အကြာ တွေ့ဆုံဆွေးနွေးရာတွင် စစ်ရှောင်များနေရပ်ပြန်ရေးကို အဓိက ဆွေးနွေးမှုပြု လုပ်ခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် KBC တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာလဂန်ဇေခေါင် မှ KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် NLD အစိုးရ လက်ထပ်ကလုပ်ဆောင်ခဲ့သော စစ်ရှောင်များနေရပ်ပြန်နိုင်ရေး ဆောင်ရွက် နေသည့် စီမံကိန်း လုပ်ငန်းစဉ်များ ရပ်နားခဲ့ရာမှ စစ်ကောင်စီဘက်က ယခုလို ပထမအကြိမ် ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

စစ်ရှောင် နေရပ်ပြန်ရေးကိစ္စ စစ်ကောင်စီ မှ ကချင်ဘာသာရေးခေါင်းဆောင်များကို နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့


*******************
၉။ စစ်ရှောင်ဧရိယာအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၅၀ ကျော်အထိ ရှိလာ
November 4, 2021
တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်ဧရိယာနယ်မြေတွေမှာ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေပြီး သေဆုံးသူ ၅၀ ကျော်ရှိနေပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

စစ်ရှောင်ဧရိယာဖြစ်တဲ့ လွိုင်ကော်မြို့အရှေ့ဖက်ခြမ်း၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့အနောက်ဖက်ခြမ်း တွေမှာ ရာသီအကူး အပြောင်းအတွင်း နေမကောင်းဖျားနာသူတွေလည်း များပြားလာသလို ကိုဗစ်ကူးစက်မှုကလည်း မြင့်တက်နေတယ်လို့ သိရ ပါတယ်။ လတ်တလောမှာလည်း ကားဂိတ်တွေမှာ ဆေးဝါးသယ်ယူလို့ မရတာတွေ၊ ရောက်ရှိဖို့ကြာမြှင့်တာတွေ၊ မှာယူထားတဲ့ ဆေးဝါးတွေ လိုအပ်တဲ့နေရာ မရောက်ရှိနိုင်တာတွေစတဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်စခန်း တွေနဲ့ ကျေးလက်ဒေသတွေမှာ ကိုဗစ်ပိုးတွေ့ရှိတဲ့ သူတွေကို သီးသန့်ကုသမှုပေးနေပေမယ့် တချို့နေရာမှာ နေအိမ်မှာပဲ မိမိအစီအစဉ်နဲ့ ကုသမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဖျားနာသူတွေကို ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်တဲ့ Test Kit မရှိတာတွေ အကာအကွယ်ဝတ်စုံ (PPE)လုံလောက်မှု မရှိတာတွေကြောင့် ဖျားနာသူတိုင်းကို မစစ်ဆေးနိုင်ဘူးလို့ သိရပါတယ်။ ကိုဗစ်ကူးစက်မှုများလာတဲ့အတွက် ကျန်းမာရေးဝန် ဆောင်မှု ဆောင်ရွက်ပေးနိုင်ဖို့ အဖွဲ့ဝင် ၇ ဦးနဲ့ ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) လက်အောက်ခံ ကျန်းမာရေးကော်မတီကို နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖွဲ့စည်းထားသလို NUG အမျိုးသားကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီနဲ့ ချိတ်ဆက်ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/?p=14140
****************
၁၀။ ရဲဘော်စိုင်းဘုန်းမင်းသန့်အလောင်းကို ရက်လေးဆယ်ကျော်ကြာမှ ပြန်လည်သယ်ယူနိုင်ခဲ့
November 4, 2021
စက်တင်ဘာ(၂၀)ရက် ခြောက်မိုင်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော် စိုင်းဘုန်းမင်းသန့်ရဲ့ အလောင်းကို ရက်လေးဆယ်ကျော် အကြာမှာ ပြန်လည်သယ်ယူနိုင်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၃၀ရက်နေ့ညမှာ ပြန်လည်သယ်ယူနိုင်ခဲ့တာ ဖြစ်တယ်လို့ KPDF Pageမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ရုပ်အလောင်းကို သူနဲ့အတူနောက်ဆုံးရှိခဲ့တဲ့ မိန်းကလေးရဲ့ညွှန်ပြမှုနဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး ရှာဖွေပေးသူအားလုံးကို ကျေးဇူးတင်တယ်လို့ စိုင်းဘုန်းမင်းသန့်မိခင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားပါတယ်။ စိုင်းဘုန်းမင်းသန့်ဟာ ပြည်မကနေ ကရင်နီပြည်နယ်ကို လာရောက်လက်နက်ကိုင်တော်လှန်တဲ့ မန္တလေးက သပိတ်ခေါင်းဆောင် လူငယ်တစ်ဦးဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် စိုင်းဘုန်းမင်းသန့် ဟာ အစိုးရ စက်မှုလက်မှုသိပ္ပံ (မန္တလေး) စက်မှုအင်ဂျင်နီယာဌာနက ဒုတိယနှစ် ကျောင်းသားတဦးဖြစ်ပါတယ်။ ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ၊ အထက်မြန်မာပြည် ကင်းထောက်လူငယ် နေနဲ့လည်း တာဝန် ယူခဲ့သူ ဖြစ်ပါတယ်။ https://www.kantarawaddytimes.org/?p=14137
****************
၁၁။ စစ်ဘေး ဒုက္ခသည်စခန်းမှာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်သွားမည်
November 3, 2021
ကရင်နီပြည်နယ်က စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်နဲ့ ကျန်းမာရေးဝန်ဆောင်မှုလိုအပ်ချက် တွေအတွက် အရေးပေါ် ဆောင်ရွက်သွားမယ်လို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ကျန်းမာရေးကော်မတီ တာဝန်ခံ တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီကြောင့် သေဆုံးသူတွေထဲမှာ စစ်ဘေးရှောင်ရင်း ကျန်းမာရေးစောင့်ရှောင့်မှုမခံရလို့ သေဆုံးသူ တွေလည်းရှိတယ်လို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။ ကရင်နီပြည်နယ်က စစ်ဘေး ဒုက္ခသည်တွေ အတွက် ကျန်းမာရေးဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် KSCC က ကျန်းမာရေးကော်မတီကို နိုဝင်ဘာလ ၃ရက်နေ့မှာ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီဖို့ အဖွဲ့ဝင် ၇ဦးနဲ့ အောက်တိုဘာလ ၂၃ရက်က ဖွဲ့စည်းထားပြီး လက်ရှိမှာတော့ NUG ရဲ့ အမျိုးသား ကိုဗစ် 19ကာကွယ်ထိန်းချုပ်ရေးကော်မတီနဲ့ ချိတ်ဆက်လုပ်ဆောင်နေတာတွေရှိလို့ သိရပါတယ်။

စစ်ဘေး ဒုက္ခသည်စခန်းမှာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်သွားမည်


******************
၁၂။ ထန်တလန်မြို့အပေါ် အကြမ်းဖက်စစ်ကောင်စီကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်ကို KSCC ပြင်းထန်စွာ ရှုတ်ချ
November 3, 2021
ချင်းပြည်နယ်အပြင် နိုင်ငံတော်တစ်ဝှမ်းမှာ အကြမ်းဖက်လုပ်ရပ်အမျိုးမျိုး ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်နေတဲ့ အကြမ်း ဖက်စစ်ကောင်စီကို ပြင်းပြင်ထန်ထန်ရှုတ်ချကြောင်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) က ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ရက် နဲ့ ၃၀ရက်မှာ ထန်တလန်မြို့မှာ လူမဆန်စွာ ထပ်မံ အကြမ်းဖက်မီးရှို့ပြီး ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ် (၁၆၄)လုံး၊ ဆိုင်ခန်း (၁၀၀) မီးလောင်ပြာကျသွားတဲ့အပေါ် ချင်းအမျိုးသားညီအစ်ကိုများနဲ့ ထပ်တူ စိတ်ထိခိုက်ရတယ်လို့ KSCC ကဖော်ပြပါတယ်။ ကရင်နီအတိုင်ပင်ခံကောင်စီဟာ ၂၀၀၈

ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းမှုကို ထောက်ခံပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး နိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသား ညီအစ်ကိုများနည်းတူ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်လျက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းနေတဲ့ အားလျော်စွာ ချင်းပြည်နယ် ထန်တလန်ကို မီးရှို့ဖျက်ဆီး အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်မှာလည်း မတ် လဆန်းမှစ ဖမ်းဆီးခြင်း၊ လုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်း၊ လက်နက်ကြီးများနဲ့ ရက်စက်စွာ ပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့ ပြည်သူ ၉၉ ဦး သေဆုံးခဲ့ပြီး လူနေအိမ် (၃၇၆)လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး မတရားဖမ်းဆီးခံရသူ (၁၅၉) ဦးရှိကာ ယနေ့တိုင် ဆက်လက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ထန်တလန်မြို့အပေါ် အကြမ်းဖက်စစ်ကောင်စီကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်ကို KSCC ပြင်းထန်စွာ ရှုတ်ချ


*****************
၁၃။ ဖယ်ခုံ၊ လွယ်ဟွဲမှာ တိုက်ပွဲဖြစ်နေ၊ စစ်တပ်က ပြည်သူအိမ်မီးရှို့
November 3, 2021
ဒီကနေ့(နိုဝင်ဘာ ၃ရက်) မွန်းလွဲပိုင်း ၂နာရီခွဲဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဖယ်ခုံ PDFက ကန္တာရဝတီတိုင်း(မ်)ကို မွန်းလွဲ ၃နာရီအချိန်မှာ အတည်ပြုပြောပါတယ်။

စစ်ကောင်စီဖက်ကနေပြီးတော့လည်း ပြည်သူနေအိမ်မီးရှို့နေတာတွေရှိနေပြီး လက်ရှိအချိန်ထိတော့ ပြည်သူနေအိမ် သုံးလုံး မီးလောင် ပြာကျသွားတယ်လို့ သိရပါတယ်။

ဖယ်ခုံဖက်မှာဆိုရင် စစ်ဘေးရှောင် နှစ်ထောင်ဝန်းကျင် ရှိနေပြီး မနေ့က တိုက်ပွဲကြောင့် အသက်(၇၀)ဝန်းကျင် ဒေသခံ ပြည်သူ တစ်ဦး သေဆုံးခဲ့ရပါတယ်။ https://www.kantarawaddytimes.org/?p=14128
****************
၁၄။ ဖမ်းဆီးခံ ရွှေပြည်အေးရွာသား ၁၉ ဦး ပြန်မလွှတ်သေး၊ ခမရ ၃၃၆ မှာ ချုပ်နှောင်ထား
November 3, 2021
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ ရွှေပြည်အေး(ကသဲ)ကျေးရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဒေသခံ (၁၉)ဦး စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံလိုက်ရပြီး ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့အထိ ပြန်လည်လွှတ် မြောက်လာခြင်းမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ကသဲကျေးရွာအနီး တောင်ကုန်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်စွဲထားပြီး ဖယ်ခုံမြို့အခြေစိုက် ခြေမြန် တပ်ရင်း ခမရ (၃၃၆)တပ်ရင်းမှာ ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၉ ဦးကို ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ညမှာ ခမရ ၃၃၆ တပ်ရင်းကို ဖယ်ခုံPDF ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် ကင်းစောင့်စစ်သား ၅ဦးသေဆုံးပြီး လက်နက် ၅လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ လက်နက် ၅ လက်နဲ့ ဒေသခံ ၁၉ ဦးကို အလဲအလှယ်လုပ်ဖို့ စစ်ကောင်စီက ပြောဆိုတာကို တဆင့်ခံပြန်ကြားရတာ ရှိတယ်လို့ KNDF ဖယ်ခုံဇုန် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖယ်ခုံမြို့တွင်း စစ်ကောင်စီတပ်မှ အင်အားအများအပြား တိုးချဲ့လာပြီး မြို့ပေါ်၊ ကျေးရွာအနီးတစ်ဝိုက်ကို လက်နက်ကြီး ပစ်ခတ်တာတွေ၊ နေအိမ်ကိုဖျက်ဆီးတာတွေ၊ စစ်ဆေးတာတွေ ၊ ခြိမ်းခြောက်တာတွေ သေနတ်ရမ်းသန်းပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ https://www.kantarawaddytimes.org/?p=14126
********************
၁၅။ ဖယ်ခုံမြို့နယ်အတွင်းက စစ်ရှောင်အဘွားအိုတစ်ဦး သေဆုံး၊ ဒေသခံ နှစ်ထောင်နီးပါး စစ်ဘေးရှောင်နေရ
November 3, 2021
ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် ကျေးရွာလေးရွာဖြစ်တဲ့ ရွှေပြည်အေး(ကသဲ) ကျေးရွာ၊ ခေါင်းအိကျေးရွာ၊ လွယ်လုံကျေးရွာ၊ လွယ်ဝှဲကျေးရွာ က ဒေသခံနှစ်ထောင်နီးပါး စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ပြီး စစ်ဘေးရှောင်နေတဲ အဘွားအိုတစ်ဦး သေဆုံးသွားတယ်လို့ KNDF ဖယ်ခုံဇုန် ထံကနေ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်က ရွာမီးရှို့မယ်ဆိုတဲ့ သတင်းကြောင့် ရွှေပြည်အေး( ကသဲ) ကျေးရွာက အောက်တိုဘာ၂၇ရက်နေ့မှာ စစ်ဘေးရှောင်ခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့ နိုဝင်ဘာလ ၂ရက်နေ့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် လွယ်ဝှဲကျေးရွာနဲ့ လွယ်လုံကျေးရွာက ဒေသခံတွေ ထပ်မံတိမ်းရှောင်ခဲ့ပြီး အသက်၇၀အရွယ် အဘွားတစ်ယောက် ဆုံးသွားတယ် လို့ သိရပါတယ်။ ဒီကနေ့မှာလည်း စစ်ကောင်စီက လာရောက်တပ်စွဲနေတဲ့အတွက် ခေါင်းအိကျေးရွာက ဒေသခံတွေလည်း ထပ်မံတိမ်းရှောင်နေရတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၆လအတွင်း စစ်ကောင်စီနဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၁၀၀ကျော် ဖြစ်ပွားခဲ့ပါတယ်။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ အာဏာသိမ်းပြီး ၉လအတွင်း စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးသွားသူ ၉၂ ဦးအထိ ရှိသွားပြီလို့ သိရပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းက စစ်ရှောင်အဘွားအိုတစ်ဦး သေဆုံး၊ ဒေသခံ နှစ်ထောင်နီးပါး စစ်ဘေးရှောင်နေရ


******************
၁၆။ ချင်းပြည်နယ်အပါအဝင် မြန်မာပြည်သူလူထုအပေါ် စစ်ကောင်စီမှ ကျူးလွန်နေတဲ့ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှု ကို KNPP ကန့်ကွက်ရှုတ်ချ
November 3, 2021
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီမှ ချင်းပြည်နယ်အပါအဝင် မြန်မာပြည်သူလူထုများအပေါ် ကျူးလွန်နေတဲ့ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုများကို လုံးဝကန့်ကွက်ရှုတ်ချကြောင်းနဲ့ မြန်မာပြည်သူလူထုများနဲ့ မြန်မာနိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်နေကြသူများအားလုံးတို့နဲ့ ဆက်လက်ပူးပေါင်း တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ သဘောထားထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကောင်စီမှ ချင်းပြည်နယ်အတွင်း ပြည်သူလူထုများ၊ လူနေအိမ်များနဲ့ ခရစ်ယာန်ဘုရားကျောင်းတို့ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်း၊ ကြောက်မက်ဖွက်ကောင်းတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ရက်ရက်စက်စက်ပြုလုပ်နေခြင်း၊ နေရာအနှံ့အပြားမှာ စစ်အင်အားတိုးချဲ့ပြီး စစ်ဆင်ရေးပြုလုပ်နေတဲ့အပေါ် KNPP မှ အထူးစိုးရိမ်နေတယ်လို့ ဖော်ပြထားပါတယ်။ အလားတူ ဖြစ်ရပ်မျိုး ကရင်နီပြည်နယ်အတွင်းမှာလည်း စစ်ကောင်စီမှ လုပ်ဆောင်လျက်ရှိနေပြီး တိုင်းရင်းသားလူမျိုးများရဲ့ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်တဲ့ နိုင်ငံရေး လိုအင်ဆန္ဒများနဲ့ တောင်းဆိုနေမှုအပေါ် ဥပက္ခာပြုပြီး နိုင်ငံရေးတောင်းဆိုမှုအား ဖျက်ဆီးရန် တမင်ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ KNPP က ပြောပါတယ်။

တိုင်းရင်းသားလူမျိုးများရဲ့ နိုင်ငံရေးဦးတည်ချက်၊ ရည်မှန်းချက်နဲ့ အကောင်အထည်ဖော်ဆောင်မှုများအတွက် ဆက်လက်တိုက် ပွဲဝင် ကြိုးပမ်းသွားမှာဖြစ်ပြီး မတရားဖိနှိပ်တာကို ခုခံတော်လှန်သွားမယ်လို့ KNPP ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ သဘောထားထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/?p=14120
******************
၁၇။ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ၅ ခုတွင် တလအတွင်း တိုက်ပွဲ ၂၇၅ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ် ၂၇၁ ဦးကျဆုံးကာ ၂၆၆ ဦးဒဏ်ရာရ
November 5, 2021
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေ တပ်မဟာ ၅ ခုထဲတွင် ပြီးခဲ့သည့် အောက်တိုဘာလ တစ်လအတွင်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ (KNDO) နှင့် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း ၂၇၅ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဘက်မှ ၂၇၁ ဦးကျဆုံးကာ ၂၆၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ ကေအဲန်ယူက သတင်းထုတ်ပြန်သည်။

ကေအဲန်ယူ နယ်မြေ ၇ ခုရှိသည့်အနက် တပ်မဟာ -၄ (ဘိတ်ထားဝယ်ခရိုင်) နှင့် တပ်မဟာ -၇ (ဖားအံခရိုင်) မှလွဲ၍ သထုံခရိုင် (တပ်မဟာ-၁) နယ်မြေ၊ တပ်မဟာ-၂(တောင်ငူခရိုင်)၊ တပ်မဟာ -၃ ( ညောင်လေးပင်ခရိုင် )၊ တပ်မဟာ -၅ (မူတြော်ခရိုင် )နှင့် တပ်မဟာ -၆ (ဒူးပလာယာခရိုင် ) နယ်မြေများအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင် ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးနှင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု အများဆုံးဖြစ်သည်ဟု ဖော်ပြပါရှိသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ကျဆုံးသူများထဲတွင် တပ်ရင်းမှူး တစ်ဦး၊ တပ်ခွဲမှူးတစ်ဦး၊ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦး ပါဝင်ခဲ့ပြီး ဒဏ်ရာရသူ (၂၆၆)ဦးထဲတွင် ဒု-တပ်ရင်းမှူး တစ်ဦး၊ ဒု-ဗိုလ်မှူးကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး ပါဝင်ခဲ့သည်ဟု ကေအဲန်ယူ၏ လစဉ်သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် နှစ်ဦး ကျဆုံးပြီး (၂၀)ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU ကပြောသည်။
https://kicnews.org/2021/11
**********************
၁၈။ စစ်ကောင်စီတပ်၏ ဝင်ရောက်ဖမ်းဆီးမှုများကြောင့် ထားဝယ်မြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ ဒေသခံများ ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရ
November 4, 2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေး ရွာထဲသို့ဝင်ကာ မသင်္ကာသူများကို လိုက်လံဖမ်းဆီးမှုများလုပ်ဆောင်သည့်အတွက် ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ ယနေ့အထိ ကျေးရွာ (၄) ရွာမှ ဒေသခံများမှာ ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် ထားဝယ်မြို့နယ်ရှိ သစ်ကတိုးနှင့် ဟာမြင်းကြီးရွာကြားတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံနေရသည့်အတွက် စစ်ကောင်စီတပ်ဘက်မှ ကျေးရွာထဲဝင်၍ လူအချို့ကို ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်သောကြောင့် သစ်ကတိုးရွာ၊ မြေးခန္တီရွာ၊ ရေပုရွာနှင့် ထန်းတလုံးရွာ စသည့် ကျေးရွာ(၄)ရွာရှိ အိမ်ထောင်စု (၃၀၀)နီးပါးမှ ဒေသခံ (၅၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ထိုဒေသခံ များကို လိုက်လံကူညီပေးသူများက ပြောသည်။

အဆိုပါ ဒေသရှိ ထွက်ပြေးနေရသည့် ဒေသခံပြည်သူများမှာ ကရင်တိုင်းသားလူမျိုးများနှင့် ထားဝယ်တိုင်းရင်းသားလူမျိုးများ ဖြစ်ကြပြီး လက်ရှိတွင် တိမ်းရှောင်နေရသည့် ပြည်သူများအတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ် လျက်ရှိကြောင်းလည်း ၎င်းလိုက်လံ ကူညီဆောင်ရွက်ပေးသူက ဆက်ပြောသည်။ https://kicnews.org/2021/11/
******************
၁၉။ ကလေးများ၏ ပညာသင်ယူခွင့် ပိတ်ပင်တားဆီးခြင်းမရှိဟု ကရင်ပညာရေးဌာနပြော
November 4, 2021
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့က စစ်ကောင်စီမှ စာသင်ကျောင်းများကို ပြန်လည်ဖွင့် လှစ်ခဲ့ရာတွင် KNU-ကရင်အမျိုးသားအစည်းအရုံးက ဟန့်တားပိတ်ပင်မှု လုပ်ဆောင်သည်ဟု ပြောဆိုဝေဖန်မှုနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ကလေးများ၏ ပညာသင်ယူခွင့်ကို ပိတ်ပင်တားဆီးခြင်းမရှိဟု ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD)က ပြောသည်။

KNU ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီကျောင်းများသည် နိုဝင်ဘာလ ၁ ရက်နေ့တွင် အသီးသီးဖွင့် လှစ်လျက်ရှိပြီး ဒေသအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်ဆေးအပြည့်အဝ မထိုးနှံရ သေးသည့်အပေါ် ကျောင်းသားမိဘအများစု ကလေးများအတွက် စိုးရိမ်လျက်ရှိသည်ဟု ဆိုကြသည်။ ထို့အပြင် ကျောင်းအတွင်း မကြားခဏဗုံးပေါက်ကွဲမှု ဖြစ်ပေါ်သည့်အတွက်လည်း ဆရာ/ဆရာမအများစုမှာ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု ပညာရေးဝန်ထမ်းများထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဖွင့်လှစ်မည့်စာသင်ကျောင်းများတွင် ကျောင်းတက်ရန် ဆန္ဒမရှိကြသည့် ကျောင်းသူ/ကျောင်းသားများကို ၎င်းတို့ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများတွင် လက်ခံပညာသင်ကြားပေးမှုများရှိသလို ပညာဆိုင်ရာကိစ္စရပ်နှင့် ပတ်သက်၍လည်း အမြဲတမ်း ကူညီပေးသွားမည်သည်ဟု KNU ပညာရေးဌာန တာဝန်ရှိသူများက ပြောသည်။ https://kicnews.org/2021/11/
********************

 

၂၀။ KNU တပ်မဟာ (၅) နယ်မြေအတွင်း ဝင်မည့်လမ်းကြောင်းသုံးခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ် ဝင်ရောက် လှုပ်ရှားမှုကြောင့် ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွား
November 4, 2021
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် (တပ်မဟာ ၅) ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်မည့် လမ်းကြောင်း ၃ ခုတွင် ပြီးခဲ့သည့် အောက်တိုဘာလ ကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်ရေးလှုပ်ရှား မှုများ နေ့စဉ်လုပ်ဆောင်လာ သည့်အတွက် ထိတွေ့ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု KNU ဘက်က ပြောသည်။

ခေါပုတ်-ဖာပွန်၊ ကမမောင်း-ဖာပွန်နှင့် KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးဘက်မှ ဝင်လာသည့်လမ်းကြောင်း အပါအဝင် တပ်မဟာ(၅)နယ်မြေအတွင်း အဝင်လမ်းကြောင်း (၃)ခုတွင် ယခုပွင့်လင်းရာသီရောက်ချိန် စစ်ကောင်စီတပ်များ ရိက္ခာပို့ဆောင် ရန် နေ့စဉ်လှုပ်ရှားလာသည့်အတွက် ထိတွေ့ပစ်ခတ်မှုများ နေ့စဉ်ဖြစ်ပွား လျက်ရှိသည်ဟု KNU က ပြောသည်။ ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင်လည်း ဖာပွန်-ကမမောင်းလမ်းကြောင်းဘက်တွင် စစ် ကောင်စီ အင်အား အယောက် ၂၀၀ ကျော်ခန့် တက်လာပြီး တောင်သုံးလုံး တပ်စခန်းတွင် နိုဝင်ဘာလ ၂ ရက်နေ့ အထိရှိနေကြောင်း KNLA ဘက်က ပြောသည်။

စစ်ကောင်စီဘက်မှ (၅) လကြာအပစ်ရပ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ရက်နေ့တွင် ထုတ်ပြန် ချက် ထုတ်သော်လည်း တစ်ဖက်တွင် တိုင်းရင်းသားနယ်မြေအတွင်း စစ်အင်အား အဆမတန်တိုးချဲ့မှုများလုပ် ဆောင်လျက် ရှိသည့်အပြင် ဒေသအတွင်းရှိ နယ်မြေခံတိုင်းရင်းသားလက်နက်ကိုင်များနှင့်လည်း ပစ်ခတ်မှုနေ့စဉ် နီးပါးဖြစ်ပွားနေသည့် အတွက် အပစ်ရပ်ကြောင်း ကြေညာချက်အပေါ် ထောက်ပြဝေဖန်မှုများရှိနေသည်။ https://kicnews.org/2021/11/
*******************
၂၁။ မြဝတီရှိ ABSDF ဆက်ဆံရေးရုံး အဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးခေါ် ဆောင်သွား
November 3, 2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဆက်ဆံရေးရုံးကို ယမန်နေ့ ညနေပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး ရုံးအတွင်းရှိ အဖွဲ့ဝင် (၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ခိုင်မာသည့် သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။

ယမန်နေ့ ညနေ (၅) နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့်အဖွဲ့သည် ABSDF ဆက်ဆံရေးရုံးကို ရောက်ရှိလာပြီး ဆက်ဆံရေးရုံးမှ တာဝန်ခံ ရဲဘော်အောင်ဘော်၊ ရဲဘော် တင်စိုး အပါအဝင် ၄ ဦးကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း ၎င်း သတင်းအရင်းအမြစ်က ဆိုသည်။

အဆိုပါ ဆက်ဆံရေး ရုံး တာဝန်ရှိသူများကို မည်သည့်အကြောင်းကြောင့် ဝင်ရောက် ဖမ်းဆီးသွားကြောင်းကို အသေးစိတ်မသိရှိ ရသေးဘဲ သက်ဆိုင်ရာ ABSDF တာဝန်ရှိသူများမှလည်း ၎င်းကိစ္စနှင့်ပတ်သက်ပြီး လတ်တ လောတွင် မပြောဆိုလိုသေးကြောင်း ကေအိုင်စီသို့ ပြောသည်။ လက်ရှိ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် ABSDF အဖွဲ့ဝင် ၄ ဦးကို မြဝတီမြို့ရှိ စစ်ကောင်စီ၏ ဗျူဟာရုံး တွင် ထိန်းသိမ်းထားကြောင်းလည်း သိရှိရသည်။ https://kicnews.org/2021/11
********************
၂၂။ ကက်သလစ်အသင်းတော် ဝိညာဉ်ဆုတောင်းပွဲ ဖားအံမြို့သုဿာန်တွင် ပြုလုပ်ခဲ့
November 3, 2021
ကွယ်လွန်သေဆုံးသွားခဲ့သူများ၏ ဝိညာဉ်များအတွက် ကက်သလစ်အသင်းတော်၏ ဆုတောင်းပွဲကို ဖားအံမြို့ရှိ ခရစ် ယာန်ဘာသာရေးအဖွဲ့နှစ်ဖွဲ့က စုပေါင်း၍ ထန်းကိုးပင်သုဿာန်၌ နိုဝင်ဘာလ ၂ရက်၊ ယမန်နေ့က ပြုလုပ်ခဲ့ကြရာ အသင်းဝင် ၁၀၀နီးပါး ပါဝင်ဆုတောင်းပေးခဲ့ကြသည်။

ဖားအံမြို့ရှိ ရိုမန်ကက်သလစ်အသင်းတော်(RC)နှင့် အင်္ဂလီကန်အသင်းတော်တို့က သေဆုံးသွားခဲ့သော အသင်းသူ အသင်းသား များ ကျွတ်လွတ်စေရန်အတွက် အဆိုပါဝိဉာဉ်ဆုတောင်းပွဲကို ထိုနေ့တွင်ပင် မပျက်မကွက် နှစ်စဉ် ပြုလုပ် နေကျအတိုင်း အောက်မေ့သတိရ ဆုတောင်းပေးခြင်းဖြစ်သည်ဟု RC အသင်းသားတစ်ဦး၏ ပြောဆိုချက်အရ သိရ သည်။ မွန်းလွှဲ ၃နာရီမှ ၄နာရီခွဲအထိ ကြာမြင့်သည့် ယနေ့ ဝိညာဉ်ဆုတောင်းပွဲကို ထန်းကိုးပင်ရှိ ခရစ်ယာန်သချိုင်္င်းတွင် ပြု လုပ်ခဲ့ရာ

ကွယ်လွန်သွားခဲ့သူများ၏ အုတ်ဂူများကို ရှင်းလင်းခြင်း၊ ဆေးသုတ်ခြင်း၊ ပန်းစည်းချခြင်းနှင့် ဆီမီးထွန်းညှိ ပူဇော်ကာ ဝတ်ပြုဆုတောင်းခြင်းအမှုကို ဦးဆောင်သူ အသင်းတော်ခေါင်းဆောင်များနှင့် လာရောက်ပါဝင်သည့် အသင်းသူအသင်းသားများ က ဆောင်ရွက်ခဲ့ကြသည်။

ထို့အတွက်ကြောင့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင်လည်း နိုဝင်ဘာလ ၂ရက်နေ့ရောက်တိုင်း ယင်းဝိညာဉ်ဆုတောင်းပွဲ ကို ပြုလုပ်လေ့ရှိကြပြီး ယခုဆိုလျှင် အင်္ဂလီကန်အသင်းတော်မှ အသင်းဝင်များလည်း ပါဝင်ဆုတောင်းပေးလာကြခြင်း ဖြစ်သည်။
https://kicnews.org/2021/11
*****************
၂၃။ သံတွဲဒေသခံအမျိုးသမီး ၃ ဦးကို PDF နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ထား
DMG Nov 4, 2021
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ဒေသခံအမျိုးသမီး ၃ ဦးကို PDF အဖွဲ့နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် နိုဝင်ဘာလ ၃ ရက်နေ့ကဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ယင်းသို့ဖမ်းဆီးခံရသည့် အမျိုးသမီး ၃ ဦးမှာ ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်မှ မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့ပေါ်မှ မတင်စန္ဒာဝင်း(၂၅)နှစ်နှင့် သံတွဲမြို့ပေါ်မှ မသိမ့်အေးချမ်း(၁၇)နှစ်တို့ဖြစ်ကြသည်။ ၎င်းတို့ ၃ ဦးကို နေအိမ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ကာ စစ်တပ်အရာရှိတစ်ဦးကတရားလိုပြုလုပ်ပြီး သံတွဲရဲစခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည) ဖြင့်ဒအမှုဖွင့်ထားကြောင်း သံတွဲမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

PDF အဖွဲ့နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ရခိုင်ပြည်နယ်အတွင်းက ဖမ်းဆီးအမှုဖွင့်ခံထားရသူ ၆ ဦးအထိရှိ လာနေပြီဖြစ်သည်။ ယင်းအထဲတွင် မြောက်ဦးမြို့နယ်မှ တစ်ဦးနှင့် သံတွဲမြို့နယ်မှ ၅ ဦးတို့ ဖြစ်ကြသည်။
https://www.dmgburmese.com/
*****************
၂၄။ စစ်ကောင်စီမှထုတ်ပြန်သည့် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်မှာ စစ်တပ်ထောက်ခံပွဲပြုလုပ်သူများအပေါ် သက်ရောက် မှုမရှိ
DMG Nov 3, 2021
ကိုဗစ်ကာလအတွင်း လူဦးရေ ၁၀၀ ထက်ပို၍စုဝေးပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ အမိန့်ညွှန်ကြားစာထုတ်ပြန်ထားသည်။ အဆိုပါအမိန့်ညွှန်ကြားချက်မှာ ရခိုင်ပြည်နယ်တွင်လည်း အကျုံးဝင်ကြောင်း ပြည်နယ်စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက DMG သို့ပြော သည်။

ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရန် ယခင်ထုတ်ပြန်ထားသည့် လူ ၅၀ ဦးအစား လူ ၁၀၀ ထက်ပိုပြီးစုဝေးခြင်းမပြုရန် ကျန်းမာရေးဝန်ကြီးဌာနမှ အောက်တိုဘာလ ၂၉ ရက်တွင် ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ထုတ်ပြန်ထားသည့် ကိုဗစ်စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသူများအား အရေးယူသွား မည်ဖြစ်ကြောင်း ယင်းအမိန့်စာတွင် ပါရှိသည်။

သို့သော် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း စစ်တပ်မိသားစုများနှင့် စစ်မှုထမ်းဟောင်းများမှ စစ်တပ်ထောက်ခံပွဲများကို ရခိုင်ပြည်နယ်အတွင်းက သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မောင်တော၊ အမ်း၊ ရသေ့တောင်နှင့် စစ်တွေမြို့တို့တွင် ပြုလုပ်ခဲ့ကြသည်။ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း စစ်တွေမြို့တွင် စစ်မှုထမ်းဟောင်းများနှင့် စစ်တပ်သားသမီးများစုပေါင်းကာ လူအင်အားတစ်ထောင်ခန့်ဖြင့် လေယာဉ်ကွင်းဆင်းလမ်းမှ ဝေသာလီဘောလုံးကွင်းဘက်သို့ စီတန်းလှည့်လည်ကာ စစ်တပ် ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြသေးသည်။

ယင်းသို့ လူ ၁၀၀ ထက်ပိုမစုရဟု စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားသော်လည်း စစ်တပ်ထောက်ခံပွဲများကို လူရာချီပါဝင်ပြီး ပြုလုပ်နေသည့်မှာ စည်းမျဉ်းစည်းကမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ရခိုင်အမျိုးသမီးရှေ့ဆောင်အဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူ က ထောက်ပြသည်။ https://www.dmgburmese.com/

၂၅။ အကြိမ်ကြိမ်တောင်းဆိုသော်လည်း အဆင်မပြေသည့် တင်းမကျေးရွာသားများနေရပ်ပြန်ရေး စစ်ကောင်စီဥက္ကဋ္ဌထံ စာပေးပို့တောင်းဆိုထား
Nov 3, 2021
အကြိမ်ကြိမ်တောင်းဆိုသော်လည်း အဆင်မပြေသေးသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာသားများ နေရပ် ပြန်ခွင့်ရရှိရေးအတွက် ယခုတစ်ကြိမ်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ စာပေးပို့တောင်းဆိုထား ကြောင်း တင်းမကျေးရွာမှ ဆရာတော် အရှင်ဝါယမိန္ဒက မိန့်ကြားသည်။ တင်းမကျေးရွာသားများ နေရပ်ပြန်ရေးကိစ္စကို မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်တွင် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိကြောင်း ဆရာတော်ကမိန့်သည်။

တင်းမကျေးရွာသားများနေရပ်ပြန်ရေးအတွက် စစ်ကောင်စီဥက္ကဋ္ဌထံ နိုဝင်ဘာလ ၁ ရက်နေ့ရက်စွဲဖြင့် စာပေးပို့တောင်း ဆိုထားပြီး ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့လည်း မိတ္တူပေးပို့ထားကြောင်း သိရသည်။ ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ၂၀၂၀ ခုနှစ် မတ်လအတွင်းကနေ တင်းမ ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။

ကျေးရွာသားများမရှိခိုက်တွင် ရွာအတွင်းမှနေအိမ်များ မီးရှို့ခံခဲ့ရပြီး လူမနေထိုင်ဘဲကြာမြင့်လာသည့်အတွက်လည်း တင်းမ ကျေးရွာမှ အိမ်ခြေ ၁၃၂ ဆောင်နှင့် ဘုန်းတော်ကြီးကျောင်းတို့မှာ ပျက်စီးယိုယွင်းမှုများရှိနေကြောင်း ယခုနှစ်မတ်လအတွင်းက ကျေးရွာသို့သွားရောက်ကြည့်ရှုခဲ့သည့် ရွာသားများကပြောသည်။ https://www.dmgburmese.com/
*******************
၂၆။ အောင်ပန်းမြို့ စစ်ကောင်စီမှ အမျိုးသမီးကိုလာရှာစဉ် အိမ်ပစ္စည်း မွှေနှောက် ဖုန်းယူသွား
November 5, 2021
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ မင်္ဂလာရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီအုပ်စုက လာရောက် ရှာဖွေစဉ် နေအိမ်ရှိပစ္စည်းများကို ဝင်ရောက်ဖျက်ဆီးပြီး ဖုန်းများကိုလည်း သိမ်းယူသွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်တွင် အောင်ပန်းမြို့ မင်္ဂလာရပ်ကွက်ရှိ နေအိမ်တစ်ခုအား စစ်ကောင်စီတို့မှ အင်အားအလုံးအရင်းဖြင့် လာပြီး တံခါးကို ဖျက်ဆီးဝင်ရောက်စီးနင်းကာ အမျိုးသမီးတစ်ဦးကို လာရောက် ရှာဖွေခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတို့သည် ၎င်းတို့လာရှာသည့် အမျိုးသမီးကို မတွေ့သဖြင့် ယူဆောင်သွားသည့် လက်ကိုင် ဖုန်း(၃) လုံးကို နောက်တစ်ရက်(နိုဝင်ဘာ ၃ရက်) မနက်ပိုင်းအချိန်တွင် ပြန်လည်ယူဆောင်လာပြီး Lock ဖွင့်ခိုင်းကြောင်းလည်း မျက်မြင်တွေ့ရသည့် ဒေသခံများက ပြောသည်။

ယခုရက်ပိုင်းတွင် အောင်ပန်းမြို့နယ်အတွင်း ရပ်ကွက်နေပြည်သူများနှင့် လူငယ်များစွာတို့ကို စစ်ကောင်စီတို့မှ အကြောင်းမဲ့ ဖမ်းဆီး ရိုက်နက်ခြင်းများ နေ့စဥ်ရက်ဆက်ရှိလာကြောင်းလည်း သတင်းသိရသည်။

အောင်ပန်းမြို့ စစ်ကောင်စီမှ အမျိုးသမီးကိုလာရှာစဉ် အိမ်ပစ္စည်း မွှေနှောက် ဖုန်းယူသွား


******************
၂၇။ မိုင်းကိုင်မြို့နယ် ကျွဲကျောင်းသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး
November 3, 2021
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု လွယ်ယွဲ့ကျေးရွာမှာ အသက် (၁၇)နှစ်အရွယ် ကျွဲကျောင်းသား တစ်ဦး မြေမြုပ်မိုင်း နင်းမိပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာ (၃)ရက် နေ့လည် (၁၂)နာရီဝန်းကျင်တွင် အသက် (၁၂)နှစ်အရွယ် စိုင်းထွန်းအေးသည် ကျွဲ (၂)ကောင်ဖြင့် လယ်သွားချိန် မြေမြုပ်မိုင်းနင်းမိကာ ကျွဲ (၂)ကောင်နှင့်အတူ စိုင်းထွန်းအေးလည်း သေဆုံးသွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲသည် စက်တင်ဘာလပိုင်းက စတင်လာခဲ့ပြီးနောက် အောက်တိုဘာ (၅)ရက်တွင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု နော်ဆိုင်ကျေးရွာမှ အမျိုးသား (၂)ဦးလည်း မြေမြုပ်မိုင်း နင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။ ထိုတိုင်းရင်းသားအချင်းချင်းဖြစ်ပွားနေသည့် တိုက်ပွဲကြား မြေမြုပ်မိုင်းများ အသုံးပြုလာသည့်အပေါ် မိုင်းကိုင်ဒေသခံ ပြည်သူများ တောင်ယာသွားရန်အတွက် စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ် ကျွဲကျောင်းသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး


*****************
၂၈။ နမ့်ခမ်းမြို့ ယခုရက်ပိုင်း ဒေသခံ (၂)ဦး သေနတ်ပစ်ခံရ
November 3, 2021
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် (၄)ရက်အတွင်း အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ မှ ဒေသခံ(၂)ဦးကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့ တွင် နိုဝင်ဘာ (၁)ရက်နေ့က အသက် (၃၄)နှစ် အရွယ်ရှိ နန်းမွေလျန်းနွံကို ၎င်း၏ နေအိမ်ရှေ့တွင် အမည်မသိလက်နက်ကိုင် (၂)ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာရရှိကာ နမ့်ခမ်းဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်းသိရသည်။

ထိုနည်းတူ နမ့်ခမ်းမြို့ တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်၌ အသက် (၄၁)နှစ် အရွယ်ရှိ စိုင်းအိုက်ခမ်း ကိုလည်း အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ၎င်း၏ နေအိမ်ခြံဝန်းထဲတွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်ထိ လာရောက်ပစ်ခတ်ခဲ့သည့် အမည်မသိ လက်နက်ကိုင် (၂)ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။

နမ့်ခမ်းမြို့ ယခုရက်ပိုင်း ဒေသခံ (၂)ဦး သေနတ်ပစ်ခံရ


********************

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **

Related Articles

Back to top button