ဆောင်းပါး

တော်လှန်ရေး အတွေးအခေါ် နဲ့ အတွေးအခေါ် တော်လှန်ရေး

၁)

အတွေးအခေါ်ရဲ့ အရေးပါပုံကို အခုလို တွေးမိပါတယ်။ အတွေးအခေါ် ရေသောက်မြစ် ခိုင်မာစွဲမြဲတဲ့အခါ လုပ်ဆောင်မှုဆိုတဲ့ ပင်စည်ဟာ ကြီးကြီးမားမား အင်အားပြည့်နဲ့ ဖွင့်ထွားလာမှာဖြစ်တယ်။ ခိုင်မာတဲ့ ရေသောက်မြစ်၊ ခိုင်ခံထုထည်ရှိတဲ့ ပင်စည်ကနေ အခက်အလက် အသီးအပွင့်တွေ မဝေဆာမှာ ပူပန်စရာ မလိုတော့ပါ။ နောက်ထပ် စကားပုံတစ်ခုလည်း ရှိပါသေးတယ်။ “မျိုးစေ့ မှန်မှ အပင်သန်မယ်” တဲ့။ ဒါဆို လက်ရှိတော်လှန်ရေးရဲ့ အတွေးအခေါ်က ဘာလဲ။

၂)

လက်ရှိတော်လှန်ရေးဟာ ခိုင်ခိုင်မာမာ တွေးခေါ် ဆင်ခြင်ထားတာ မဟုတ်ဘဲ စိတ်ခံစားမှုအလျောက် တုံ့ပြန်နေတဲ့ တော်လှန်ရေး၊ စိတ်အလိုလိုက်တဲ့ တော်လှန်ရေးဖြစ်သွားမှာကို စိုးရိမ်သူတွေ ရှိပါတယ်။ ဒီလိုလူတွေက တော်လှန် ရေးဆိုတာ ခိုင်မာတဲ့ အတွေးအခေါ် တစ်ရပ်မရှိဘဲ မအောင်မြင်ဘူးဆိုတဲ့ အယူအဆနဲ့ အတွေးအခေါ် ရှာဖွေရေးကို အားပြုကြပါတယ်။ အတွေးအခေါ် အဟောင်းတွေကို တော်လှန်ရမယ်လို့ အဆိုပြုတွန်းတင်ကြ တယ်။ ဒါတွေမရှိသေးဘဲနဲ့ တော် လှန်ရေးဟာ ဆက်မလုပ်သင့်သလိုတောင်‌ ပြောသူလည်း ရှိနေပြန်ပါတယ်။ ဒီအမြင်မျိုးကတော့ ပြည်သူတွေရဲ့ လက်ရှိဘဝကို မျက်နှာလွှဲခဲပစ် လုပ်ရာကျလွန်းပါတယ်။

လက်နက်ကိုင်အားကိုးနဲ့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံနေရ၊ နေ့စဉ် ဘဝ မလုံခြုံမှု ခံစားနေရတဲ့ ပြည်သူတွေ ကတော့ ရှည်ရှည်ဝေးဝေး တွေးနေဖို့ အချိန်ရှိချင်မှ ရှိမှာပါ။ လက်ရှိ စစ်ဖိနပ်အောက် ရောက်နေတဲ့ဘဝက အမြန်ဆုံး လွတ်မြောက်ရေးသည်သာ သူတို့ဘဝက ပြဌာန်းပေးလိုက်တဲ့ “ဘဝအဘိဓမ္မာ” ဖြစ်ပါလိမ့်မယ်။ ဆိုတော့ အတွေးအခေါ် တော်လှန်ရေးတစ်ရပ်ကို တွန်းတင်နေတဲ့ စာအုပ်ဖတ်သူ ဆရာများအနေနဲ့ ပြည်သူတွေရဲ့ ဘဝထဲက အတွေးအခေါ်များကိုလည်း နှံ့နှံ့စပ်စပ် ရှိဖို့ လိုမယ်လို့ ယူဆပါတယ်။

 

 

၃)

ဒီလိုပြောလို့ အတွေးအခေါ် အဟောင်းတွေကို မတော်လှန်ရဘူး၊ ပိုကောင်းတဲ့ အတွေးအခေါ် ရှာစရာ မလိုဘူးလို့ မဆိုလိုပါ။ လက်ရှိ အတွေးအခေါ်ပိုင်းဆိုင်ရာတွေဟာလည်း ကောင်းမွန်နေလို့ ပြုပြင်စရာမလိုဘူးလို့ မဆိုဝံ့ပါ။ ပြုပြင်ပြောင်းလဲရမယ့် အယူအဆအမှားများစွာ ရှိပါတယ်။ ဒါက အရှိတရားပါ။ ဒါပေမယ့် ဘယ်အချိန်မှာ ဘာလုပ်မလဲ ဆိုတဲ့ အချိန်ကိုက် ဖြစ်မှုက အရေးကြီးတယ်လို့ မြင်ပါတယ်။ ပြည်သူတွေရဲ့ လက်ရှိဘဝကို အရင် မပြောင်းလဲပေးဘဲနဲ့တော့၊ သေရေး ရှင်ရေး ဖြစ်နေတဲ့ အနေအထားကနေ လွတ်မြောက်အောင် မလုပ်ပေး ဘဲနဲ့ တော့ ဘယ်လို အတွေးအခေါ် အဆောက်အဦ ဆောက်ဆောက် တည်တံ့မှာ မဟုတ်ပါဘူး။ အစားအစာ ငတ်ပြတ် နေသူကို တရားဟောနေသလိုမျိုး ဖြစ်မှာပါပဲ။ ပြီးတော့ လွတ် မြောက်ရေး လမ်းကြောင်းသာ မအောင်မြင်ခဲ့ရင် ပြည်သူတွေရဲ့ တွေးတောတတ်တဲ့ အသိဉာဏ်ကို သင်းသတ်ကာ၊ အကြောက်တရားနဲ့ လက်နက်မိုး အုပ်ချုပ်သူ တွေလက်အောက် ပြန်ရောက်သွားမှာမို့ပါ။ ဒီလိုအခြေအနေအောက်မှာ ဘယ်လို လွတ်လပ်တဲ့ အတွေးအခေါ် တွေများ ရှင်သန်နိုင်မှာမို့လဲ။ ဒီတော့ အတွေးအခေါ် တော်လှန်ရေးတစ်ရပ် ပေါ်ပေါက်ဖို့ဆိုရင် လက် ရှိ ပြည်သူ တွေကို ဖိနင်းထားတဲ့ စစ်ဖိနပ်အောက်က လွတ်မြောက်အောင် လုပ်ရခြင်းဟာ မဖြစ်မနေ ရှိကို ရှိရမယ့် ကနဦး အခြေအနေ (pre-condition) တစ်ရပ်ဖြစ်တယ်လို့ မြင်နိုင်ပါတယ်။

၄)

ပြောသာပြောရတယ်၊ ဒီ ၇ လတာအတွင်းမှာ ပြည်သူတွေ ပြောင်းလဲလက်ခံခဲ့တဲ့ အရာတွေ အလွန်မှကို ထုထည်ကြီးမားပါတယ်။ ရိုဟင်ဂျာ ကိစ္စက အကောင်းဆုံး နမူနာ ဖြစ်မယ်ထင်ပါတယ်။ ပြည်သူတွေဟာ သူတို့ မှားခဲ့တာကို သဘောပေါက်ပြီး ရိုဟင်ဂျာတွေရဲ့ ဒုက္ခတွေအပေါ် နားလည်လက်ခံပြီး တောင်းပန်တဲ့အဆင့်အထိ ဖြစ်လာပါတယ်။ ဒါဟာ ပြည်သူတွေဟာ သူတို့ကိုယ်တိုင် ယုံကြည်လက်ခံလာတဲ့ အခါ ပြောင်းလဲရဲတယ်၊ ပြောင်းလဲနိုင်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာများ ပြည်သူကို အမျိုးမျိုး ဆရာလုပ်ပြီး ဆုံးမခဲ့တဲ့ ဆရာကြီးတချို့နဲ့ အဖွဲ့အစည်းအချို့သာ အရင်အတွေး အမြင် ဥခွံဟောင်းထဲက မထွက်နိုင်ဘဲ ပြည်သူတွေရဲ့ ပြောင်းလဲမှုကို အံ့အားသင့် မယုံနိုင် ဖြစ်နေကြ ရရှာပါတယ်။ အရှေ့ပိုင်းက ဆိုခဲ့သလို ပြည်သူတွေရဲ့ ခံယူချက် ပြောင်းလဲလာခြင်းဟာ တော်လှန်ရေးအောင်မြင် လာတာနဲ့ အမျှ အခြေခိုင်သွားဖို့ အလားအလာကောင်းသွားပြီး စစ်အာဏာအောက်မှာ ဆက်နေရမယ်ဆိုရင်တော့ ဒုံးရင်းကို ပြန် ရောက်သွားမှာပဲ ဖြစ်ပါတယ်။ ဒီတော့ လုပ်ရမှာက လက်ရှိပြည်သူတွေရဲ့ အတွေးအခေါ်ကို လိုက်ပါနားထောင်ရင် ပိုအားကောင်းအောင် အားပေးမြှင့်တင်ရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ ပြည်သူ့အင်အားမှာ အခြေခံတယ် မဟုတ်လား။ ပြည်သူတွေရဲ့ စိတ်နှလုံး၊ ပြည်သူ အဘိဓမ္မာကို နားမလည်ဘဲနဲ့တော့ တော်လှန်ရေး ဘယ်အောင် မြင်နိုင်မလဲ။ အတွေးအခေါ် တော်လှန်ရေးကို တကယ်လုပ်ဆောင်ချင်တယ်ဆိုရင် ကိုယ့်အုပ်စု အကျိုး စီးပွား၊ လက်ရှိ အထိုင်မပျက်ရေးဆိုတဲ့ ကိုယ်ကျိုးစီးပွားကို ဦးစားပေးတဲ့ လူတွေရဲ့ အတွေးအခေါ်ကို ဘယ်လိုတော်လှန် ပြောင်းလဲအောင် လုပ်ဆောင်မလဲသာ အရင်စဉ်းစား စေချင်ပါတယ်။ ဒီလို ကိုယ်ကျိုးစီးပွား အထိုင်ကနေ ရပ်တည်ကျားကန်တဲ့ အခြေခံဝါဒီတွေကြောင့်သာ ဒီတိုင်းပြည်ဟာ ဖွတ်ဖွတ်ညက်ညက် ကြေနေတာ ဖြစ်ပါတယ်။

၅)

လက်ရှိ အခြေအနေကို ကြည့်မယ်ဆိုရင် မြေယာထွန်ယက်တဲ့ အဆင့်လို့ ဆိုချင်ဆို နိုင်ပါမယ်။ အရိုင်းမြေထဲက အသုံးမဝင်တဲ့ အပင်အဟောင်းတွေ၊ ပေါင်းမြက်တွေ ရှင်းနေရတဲ့ ကာလလို့ မြင်ကြည့်ပါ။ ဒီလို အချိန်မှာ ဘာ အပင်စိုက်မလဲ၊ ဘယ်လို အသီးအရွက်တွေ ရချင်လည်း မစဉ်းစားဘဲ နေလို့တော့ မရတာ လက်ခံပါတယ်။ ဘာမှ မစဉ်းစားဘဲ အပင်အဟောင်းတွေကိုသာ ရှင်းခဲ့တယ် ဆိုရင် မရည်ရွယ်ပဲ နောက်ထပ် စိုက်မယ့် အပင်ဟာ အဆိပ် ပင်ဖြစ်နိုင်တယ်ဆိုပြီး စိုးရိမ်ကြသူတွေရှိတာ နားလည်ပါတယ်။ ဒါပေမယ့် သမိုင်းကလည်း ကျွန်တော်တို့ကို သင်ကြားပေးခဲ့ပြီးပါပြီ။ ပြည်သူတွေလည်း နားလည်ကြပါတယ်။ မျိုးစေ့ တစ်စေ့ချင်း ဘယ်ဟာက ပိုကောင်း တယ်၊ ဘယ်လိုစိုက်မယ်ဆိုတာ အသေးစိတ် မစဉ်းစားနိုင်သေးရင်တောင်မှ ယေဘုယျအားဖြင့်တော့ ဖက်ဒရယ် ပြည်ထောင်စု ဆိုတဲ့ မျိုးစေ့ကို စိုက်မယ်။ အားလုံး တန်းတူညီမျှ ပွင့်လန်းစေမယ့် ဖက်ဒရယ်ပြည်ထောင်စု အပင်ကို စိုက်မယ်ဆိုတာတော့ ပြည်သူတွေက မှန်းမျှော်ထားကြပါတယ်။ အခြားတစ်ဖက်မှာလည်း ပေါင်းမြက် ရှင်းတဲ့ လုပ်ငန်းလည်း မပြီးသေး။ မြေယာလည်း ညက်ဖို့ လိုနေသေးချိန်မှာ ဝင်မကူဘဲ၊ ဘာအပင်လဲ ဘာအသီး လဲ အလွန်အကျွံ စဉ်းစားနေခြင်းကလည်း အတွေးအခေါ်ပိုင်းဆိုင်ရာ စွံ့အခြင်းတမျိုးဟုပင် ဆိုချင်ပါတယ်။ ဒီထက်ပိုဆိုးတာက အပင်စိုက်ပြီးရင် ငါဘာက အသီးရမလဲ၊ ငါ့အတွက် ဘယ်လောက် ဝေစုရမလဲ ကိုယ်ကျိုး စီးပွား အခြေခံစဉ်းစားသူတွေ ပါပဲ။

ပြန်ပြီး ချုပ်ရရင် ဒီလိုအချိန်မှာ အယူဝါဒ ချိတ်ဆက်မိခြင်းဟာ အလွန်အရေးကြီးပါတယ်။ ထိုင်တွေးနေရုံလည်း မရသလို မတွေးဘဲ လုပ်လို့လည်း မရပါဘူး။ အတွေးအခေါ် တော်လှန်ရေးဆိုတာကြီး ဇွတ်တွန်းတင်နေပြီး တကယ့် တော်လှန်ရေးရဲ့ အတွေး အခေါ်၊ ပြည်သူတွေရဲ့ အဘိဓမ္မာတွေကို နားမလည်ရင်လည်း လေထဲ အိမ်ဆောက်တာနဲ့ ထူးမှာမဟုတ်ပါဘူး။ တစ်ခုနဲ့ တစ်ခုဟာ လက်ချင်းယှက်ဖို့ပဲ လိုတာ ဖြစ်ပြီး၊ ဆန့်ကျင်ရမယ့် သဘောတရား မဟုတ်ဘူးလို့ မြင်ပါတယ်။ အစွန်းလွတ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်အားသန်ရာ အတိုင်း အတွေးအခေါ်တွေနဲ့ တွေးလည်း တွေးပါ၊ လက်တွေ့လည်း ကူပါဟုသာ တိုက်တွန်းလိုက်ချင်ပါတယ်။

 

 

ဒက်စမွန် ေနွဦး

(၁၃ – စက်တင်ဘာ  – ၂၀၂၁)

Federal Journal

Related Articles

Back to top button