ဆောင်းပါး

ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး စာရင်းဝင် လူငယ် တော်လှန်ရေးသမား ၂ ဦး

ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး စာရင်းဝင် လူငယ် တော်လှန်ရေးသမား ၂ ဦး

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၁

စစ်အာဏာရှင် စနစ် ပျက်သုဉ်းရေး အတွက် ကျရာနေရာမှ လှုပ်ရှား ပါဝင်နေသည့် အမျိုးသမီး ၂ ဦး ဖြစ်သည့် မအိသဉ္ဇာမောင် နှင့် မအက်စတာဇေနော တို့က ကမ္ဘာကျော် TIME မဂ္ဂဇင်း၏ ကမ္ဘာ့လွှမ်းမိုးမှု အရှိဆုံး လူ ၁၀၀ စာရင်းတွင် ရွေးချယ်ခံခဲ့ရသည်မှာ မကြာမီရက်ပိုင်းက ပင် ဖြစ်ပါသည်။

လူငယ်အမျိုးသမီးများ ဖြစ်ကြသည့် ထို ၂ ဦးသည် ယခင် အစိုးရများ လက်ထက် ကလည်း နိုင်ငံနှင့် ပြည်သူလူထု တိုးတက်ရေး အတွက် တက်ကြွလှုပ်ရှားမှုများရှိခဲ့သလို စစ်အာဏာသိမ်းခံရသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်၍လည်း စစ်အာဏာရှင်စနစ်ကို တစိုက်မတ်မတ် ဆန့်ကျင်မှုများ စိတ်ရောကိုယ်ပါနှစ်၍ ဦးဆောင်လှုပ်ရှားမှုများ ယနေ့ထက်တိုင် ပြုလုပ်နေခဲ့ကြသူများ ဖြစ်သည်။

ထိုသို့ ဆန့်ကျင်မှုများကြောင့် ၎င်းတို့ ၂ ဦးကိုလည်း အခြားလှုပ်ရှားသူများနည်းတူ အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ တပ် အရေးယူခြင်း၊ ဝရမ်းထုတ်ထားခြင်းများ ပြုလုပ်ထားရာ လွတ်မြောက်နယ်မြေများတွင် တိမ်းရှောင်နေရသည်။

“ ကျမတို့လုပ်ဆောင်ခဲ့သမျှဟာ အသိအမှတ်ပြုခံရဖို့ထက် နိုင်ငံရဲ့လိုအပ်ချက်ကို ရှေးရှုခဲ့ကြတာပါ။ သို့ပေမယ့် အခုလို ကျမတို့ရဲဘော်ရဲဘက်နှစ်ဦးကို Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွှမ်းမိုးမှု အရှိဆုံးအယောက် ၁၀၀ မှာ အခုလို ထည့်သွင်း သတ်မှတ်ခြင်းဟာ ယနေ့ မြန်မာနိုင်ငံအခင်းအကျင်းကို နိုင်ငံတကာအနေနဲ့ စိတ်ဝင်စားတယ်၊ ဖော်ပြစေချင်တယ်လို့ မှတ်ယူပါတယ်။ “ ဟု ကချင်တကြော့ပြန်စစ်ပွဲကာလမှသည် ယခု နွေဦးတော်လှန်ရေး လှုပ်ရှားမှုထက်တိုင် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်နေတဲ့ ကချင်တိုင်းရင်းသူ မအက်စတာဇေနော က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာထက်မှ တဆင့် ပြောကြားထားသည်။

TIME မဂ္ဂဇင်း၏ ကမ္ဘာ့လွှမ်းမိုးမှု အရှိဆုံး စာရင်းတွင် ယခင်နှစ်များကလည်း မြန်မာနိုင်ငံမှ ဒေါ်အောင် ဆန်းစုကြည်၊ အမျိုးသားရေးလှုပ်ရှားသူ ဆရာတော် ဦးဝီရသူ စသည့် ပုဂ္ဂိုလ်များ ရွေးချယ်ခံခဲ့ရဖူးပြီး ယခုနှစ်အတွက်ကို မအိသဉ္ဇာမောင်၊ မအက်စတာဇေနောနှင့် အမေရိကန်ပြည်ထောင်စု နာဆာမှ အင်္ဂါဂြိုလ်သို့ ဆင်းသက်သည့် ဒရုန်းပရောဂျက်ကို ဦးဆောင်သည့် မြန်မာအမျိုးသမီး သိပ္ပံပညာရှင် မမီမီအောင်တို့ ၃ ဦး က ထည့်သွင်းရွေးချယ်ခံခဲ့ခြင်း ဖြစ်သည်။

မအိသဉ္ဇာမောင်နှင့် မအက်စတာဇေနော တို့ ၂ ဦးသည် စစ်အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလအစ၏ ၆ ရက်နေ့ဝန်းကျင်မှစ၍ ရန်ကုန်မြို့ပေါ်၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မှုများ ဦးဆောင်ပြုလုပ်ခဲ့ရာတွင် ပါဝင်ခဲ့သည့် လူငယ် အမျိုးသမီးများ ဖြစ်ကြသည်။

နိုင်ငံရေးလှုပ်ရှားမှုများတွင် ကျောင်းသားအရေး၊ လူနည်းစု အရေးကို တစိုက်မတ်မတ် ဦးဆောင်ပါဝင်ခဲ့သူ ရှမ်းနီတိုင်းရင်းသူ ဖြစ်သည့် မအိသဉ္ဇာမောင်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုဝန်ကြီး အဖြစ် လက်ရှိတာဝန်ယူထားသည်။

“ ဒါက မြန်မာအရေးကို ကမ္ဘာက အသိအမှတ်ပြု လေးစားတဲ့သဘောပါ။ ဘာပဲပြောပြော မြန်မာကို ကမ္ဘာက အသိအမှတ်ပြုစေခဲ့တဲ့အတွက်လည်း ဝမ်းသာပါတယ်” ဟု မအိသဉ္ဇာမောင်က TIME ၏ ရွေးချယ်ခံရသည့် အပေါ် ရှင်းပြသည်။

NUG အစိုးရ ဒုဝန်ကြီး တဦးလည်း ဖြစ်သော ၎င်းသည် စစ်ကောင်စီ အုပ်စိုးနေသည့် ယခုကာလအတွင်း ထောင်တွင်းရှိ အမျိုးသမီးများနှင့် လူငယ်များ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအပေါ်  နိုင်ငံတကာမှ အရေးယူ ဖိအားပေးရန် လုပ်ဆောင်ခြင်း၊ ပြည်သူဘက် ရပ်တည်လာကြသည့် CDM ရဲမေများ၊ စစ်သမီးများအား အလှူငွေထောက်ပံ့ခြင်း အပါအဝင် အခြားလုပ်ငန်းစဉ်များစွာ တို့ကို ပြုလုပ်လျက်ရှိသည်။

“တရားသောစစ်က ကာလ ကြာညောင်းပါလိမ့်မယ်။ တရက်တည်းနဲ့ တပွဲထဲ ပွဲမသိမ်းနိုင်ပါဘူး။ အောင်ပွဲကို နွှဲဖို့ စစ်အာဏာရှင်စနစ်ကို အပြီးသတ်ဖို့ ကျမတို့အားလုံး ရိုင်းပင်းကူညီရင်း၊ ကြံ့ကြံ့ခိုင် ရင်ဆိုင်ကြရင်း ကျရာနေရာကနေ တိုက်ပွဲဝင်ကြပါစို့လို့ ခွန်အားပေး တိုက်တွန်းပါတယ်” ဟု မအိသဉ္ဇာမောင်က ၎င်း၏ လူမှုကွန်ရက်မှ တဆင့် လူထုအား ပြောထားသည်။

၂၀၂၁ နွေဦးတော်လှန်ရေး ကာလတွင် မအိသဉ္ဇာမောင်၊ မအက်စတာဇေနော တို့ကဲ့သို့ စစ်အာဏာရှင်စနစ် အကြွင်းမဲ့ပျက်သုဉ်းရေးကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့သူ၊ လုပ်ဆောင်နေကြဆဲ လူငယ်လူရွယ် များစွာလည်း ရှိပါသည်။။ ထိုသူများသည်လည်း TIME မဂ္ဂဇင်းသာမက မြန်မာအပါအဝင် ကမ္ဘာ့နေရာအနှံ့ အပြားများစွာက အသိအမှတ်ပြုကြပြီး ဖြစ်မည်ဟု လူထုက ယုံကြည်ပြီး ဖြစ်သည်။

သို့သော် အမြင်မတူသူလည်း ရှိကောင်းရှိနိုင်ရာ TIME တွင် ရွေးချယ်ခဲ့ရခြင်းက မအိသဉ္ဇာမောင်နှင့် မအက်စတာဇေနောသည် နွေဦးတော်လှန်ရေးလှုပ်ရှားမှုများတွင် ရှေ့မှနေရာဝင်ယူသည်ဆိုသော စွပ်စွဲချက်များ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

“အိနဲ့ ကျမတို့နှစ်ဦးဟာ လူအုပ်ရှေ့မှာနေရာဝင်ယူဖို့ စောင့်နေတဲ့လူ ၂ ယောက် ပဲ” ဆိုတဲ့ စွပ်စွဲချက်ကတော့ သေချာပေါက် မှားယွင်းနေပါတယ်။ ကျမဟာ ခေတ်ရဲ့ဝန်ကို တထောင့်တနေရာက ဝင်ရောက် ထမ်းရွက်နေတဲ့ လူငယ်အမျိုးသမီး ၁ ဦးသာ ဖြစ်ပါတယ်။ ။ ကျမဟာ အမှားတွေကိုလက်ခံပြီး ပြင်ဆင်ဖို့ အမြဲတမ်းအဆင်သင့်ရှိသူပါ။” ဟု ရှင်းပြသည်။

မည်သို့ပင် ဆိုစေကာမူ TIME တွင် ရွေးချယ်ခံခဲ့ရမှုကြောင့် မြန်မာနွေဦးတော်လှန်ရေးကို ကမ္ဘာက ပိုမိုလူသိလာကာ အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် အထောက်အပံ့ကောင်း ဖြစ်လာစေမည်ဟု ၎င်းတို့ ၂ ဦးက ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။

ဒီမိုကစေရီစနစ်ကို ဖော်ဆောင်နေသော NLD အစိုးရ အဖွဲ့ကို မတရားဖမ်းဆီး ချုပ်နှောင်ကာ စစ်အာဏာသိမ်းခြင်း ပြုလုပ်ခဲ့သည့် အကြမ်းဖက်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းအပါများ၏ လုပ်ရပ်များကို လက်မခံကြသည့် ပြည်သူလူထုကို ၎င်းတို့က အကြမ်းဖက် နှိပ်စက် သတ်ဖြတ်ခြင်းများ ပြုလုပ်နေရာ ကမ္ဘာတွင် နာမည်ဆိုးဖြင့် လူသိနေကြပြီး မြန်မာ့ပြည်သူများ၏ စစ်အာဏာရှင်တိုက်ပွဲ နွေဦးတော်လှန်ရေးကိုလည်း ကမ္ဘာက စိတ်ဝင်စားနေသည့် အခြေအနေ တခုပင် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာ ၁၉ ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူ ၁၁၁၄ ဦးရှိသည်။

စက်တင်ဘာလ ၂၀ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်းမှာ ၆၆၃၇ ဦးရှိပြီး ၎င်းတို့ အနက်မှ ၂၈၀ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။ ထိုပြစ်ဒဏ် ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။

(လူငယ်ခေတ် ဆောင်းပါးရင်းမြစ် ကိုးကားတင်ဆက်သည်။)

Credit – Photo

Related Articles

Back to top button