ဆောင်းပါး

ပြည်သူ့ဆန္ဒနှင့်အညီ မြစ်ဆုံစီမံကိန်းကိုရပ်ဆိုင်းပါ

ဒေါက်တာရန်မျိုးသိမ်း

ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့်ဆက်စပ်သောအသံဗလံများက လျော့ပါးသထက်လျော့ ပါးလာနေသည်မှာ စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။ ပြည်ထောင်စုအဆင့်ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး၊ လေ့လာသုံးသပ်ဆန်းစစ် မှုများပြုလုပ်နေသည်မှာ သက်တမ်းနှစ်နှစ်ကျော်လာပြီဖြစ်သည်။ ကော်မရှင်၏လေ့လာတွေ့ရှိချက်များအပေါ်အခြေခံလျက် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သောအဆုံးအဖြတ်က ရုပ်လုံးပေါ်လာမည်ဖြစ်သည်။ ကော်မရှင်၏လေ့လာဆန်းစစ်ချက်သည် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ရာနှုန်းပြည့်နီးနီး ခြုံငုံပေါင်းစပ်နိုင်မှသာ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေးဆိုသည့်ပြည်သူလူထုအ များစု၏ဆန္ဒသဘောထားနှင့်တစ်ထပ်တည်းကျသောဆုံးဖြတ်ချက်သည် အကောင်အထည်ပေါ်လာမည်ဖြစ်သည်။

            တရုတ်အစိုးရပိုင် နိုင်ငံတော်စွမ်းအင်ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ကချင် ပြည်နယ်၊ မြစ်ဆုံရေကာတာစီမံကိန်းပတ်ဝန်းကျင်ဒေသများ၌ စီမံကိန်းပြန်လည်စတင်နိုင်ရေးဦးတည်သည့် ဒေသခံပြည်သူ လူထုစည်းရုံးရေးခြေလှမ်းများကို လှမ်းလာခဲ့ကြသည်။ မြစ်ဆုံစီမံကိန်းသည် နှစ်ဦးနှစ်ဖက်အကျိုးများစေမည့်အပြင်၊ ဒေသခံ များအတွက် အကျိုးများစေမည်ဖြစ်ပြီး၊ စိုးရိမ်စရာမရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဒေသခံပြည်သူလူထု အပါအ၀င် မြန်မာပြည်သူများအနေဖြင့် မည်သည့်အကြောင်းပြချက်၊ မည်သည့်အာမခံချက်ဖြင့်ဖြစ်စေ မြစ်ဆုံစီမံကိန်းပြန်လည်စတင် မည်ကို လုံးဝဥဿုံလက်သင့်ခံမည်မဟုတ်သည်မှာ လယ်ပြင်မှာဆင်သွားသကဲ့သို့ ထင်ရှားပြီးဖြစ်သည်။ ပေကျင်း၏ရင်းနှီး မြုပ်နှံမည့်စီမံကိန်းများစာရင်းတွင် မြစ်ဆုံစီမံကိန်းသည် နေရာယူထားဆဲဖြစ်သည့်အားလျော်စွာ မြစ်ဆုံစီမံကိန်းပြန်လည်စ တင်နိုင်မည့်လမ်းစများကို ဆွဲထုတ်၊ အားပြုမည်မှာ ငြင်းမရသောအချက်ပင်ဖြစ်သည်။

သမ္မတဦးသိန်းစိန်အစိုးရသည် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ် စစ်စီမံကိန်းများကို ဆိုင်းငံ့ကြောင်း ဆိုင်းမဆင့်ဗုံမဆင့်ထုတ်ပြန်ကြေညာခဲ့ပြီး၊ တရုတ်အစိုးရနှင့်တရုတ်ရင်းနှီးမြုပ်နှံသူတို့ အနေဖြင့် အငိုက်မိခဲ့၊ အံ့အားသင့်ခဲ့ရသည်ဟု သုံးသပ်သံများထွက်ပေါ်ခဲ့သည်။ စီမံကိန်းကို ဆိုင်းငံ့ခြင်းသည် ရပ်ဆိုင်းခြင်း မဟုတ်သည့်အပြင်၊ အချိန်မရွေးပြန်လည်စတင်နိုင်သည့်သဘောရှိနေသည်။ မြစ်ဆုံစီမံကိန်းကိုဆိုင်းငံ့ပြီးနောက်၊ သမ္မတ ဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာ၊ ၂၀၁၃ ခုနှစ် ဧပြီ၊ ၂၀၁၄ ခုနှစ် ဇွန် နှင့် ၂၀၁၅ ခုနှစ် စက်တင်ဘာတို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး လေးကြိမ်သွားရောက်ခဲ့ပြီး၊ တရုတ်သမ္မတရှီကျင့်ဖိန်အပါ အ၀င် အစိုးရ၊ ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ ဆွေးနွေး၊ အမြင်ဖလှယ်ခဲ့လင့်ကစား မြစ်ဆုံစီမံကိန်းကို အပြီးအပြတ်ရပ် ဆိုင်းနိုင်ရေးနှင့်စပ်လျဉ်း၍ ထိထိရောက်ရောက် ဆွေးနွေး၊ လမ်းစရှာနိုင်ခဲ့ခြင်းမရှိသည်မှာ စိတ်ပျက်အားလျော့ဖွယ်ရာပင် ဖြစ်သည်။

            ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအလွန် သမ္မတဦးထင်ကျော် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် အစိုးရသစ်အဖို့ မြစ်ဆုံစီမံကိန်းသည် ခေါင်းခဲစရာ ၀န်ထုပ်ဝန်ပိုးကြီးဖြစ် နေဆဲဟုဆိုနိုင်သည်။ မြစ်ဆုံစီမံကိန်းကို အပြီးအပြတ်ရပ်ဆိုင်းနိုင်မည့်နည်းလမ်းများကေ၀၀ါးထွေပြား၍ လက်စသတ်နိုင်ဖို့ ခဲယဉ်းနေဆဲဖြစ်ပြီး၊ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေဆဲဟုဆိုရမည်ဖြစ်သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် နှစ်နိုင်ငံနား လည်မှုစာချွန်လွှာ နှင့် ၂၀၀၉ ခုနှစ် မတ်လတွင် နှစ်နိုင်ငံမူဘောင်သဘောတူညီချက်တို့ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့သည့် မြစ်ဆုံစီမံကိန်းကို သမ္မတဦးသိန်းစိန်အစိုးရအနေဖြင့် ဆိုင်းငံ့ခဲ့ပြီးသည်နှင့် တပြိုင်နက် လုံးဝရပ်ဆိုင်းနိုင်ရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ၊ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများကို အစပြုခဲ့သင့်သည်။

            သမ္မတဦးသိန်းစိန်အနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူး(၁)အဖြစ် တာ ၀န်ယူထားသည့်ကာလတွင် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်တာဝန်ယူထားချိန်တွင် မြစ်ဆုံစီမံကိန်းဆိုင်ရာမူဘောင်သဘော တူညီချက်ကို ချုပ်ဆို၍ စီမံကိန်းစတင်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ သမ္မတဦးသိန်းစိန်သည် မြစ်ဆုံစီမံကိန်းလုံးဝရပ်ဆိုင်းရေး ဦးတည်သည့် ဗျူဟာမြောက်ခြေလှမ်းအစပြုရန် အသင့်တော်ဆုံးပုဂ္ဂိုလ်ဟုဆိုရမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန် ဦးဆောင် သည့်အစိုးရသက်တမ်းတွင် မြစ်ဆုံစီမံကိန်းလုံးဝရပ်ဆိုင်းရေးဦးတည်သည့် အပြန်အလှန် အမြင်သဘောထားဖလှယ်မှုများ၊ ဆွေးနွေးညှိနှိုင်းမှုများကို အစပြုခဲ့ပြီး၊ စီမံကိန်းအပြီးသတ်ရပ်ဆိုင်းရေးလမ်းပြမြေပုံတစ်ရပ်ကို ရေးဆွဲနိုင်ရေး၊ ရှေးရှုခဲ့သင့် သည်။

            မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍လေ့လာစိစစ်သုံးသပ်မည့်ခြေလှမ်းကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရလက်ထက်မှသာ အစပြုနိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက် (၁၃၇၈ ခုနှစ် ၀ါခေါင်လဆန်း ၉ ရက်)တွင် သမ္မတဦးထင်ကျော်သည် ကချင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက် ဆောင်ရွက်ရန် သင့်-မသင့်နှင့်စပ်လျဉ်း၍ လေ့လာစိစစ်သုံးသပ်တင်ပြ နိုင်ရန် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများလေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကို အမိန့်ကြော် ငြာစာထုတ်ပြန်၍ အဖွဲ့ဝင်(၂၀)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ်(ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ-ယခုပြည်ထောင်စုလွှတ်တော်နာယက)၊ ဒုတိယဥက္ကဋ္ဌအဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနပြည်ထောင်စုဝန် ကြီးဦးကျော်တင့်ဆွေ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌဦးဝင်းသိမ်းတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်(၆)ဦး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်(၂)ဦး နှင့် ပညာ ရှင်များပါဝင်ခဲ့သောကော်မရှင်သည် တာထွက်ကောင်းခဲ့သည်ဟုသုံးသပ်ရမည်ဖြစ်သည်။

            ကော်မရှင်သည် ဖော်ပြပါစီမံကိန်းများနှင့်စပ်လျဉ်း၍ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးကို အခြေခံလျက် နိုင်ငံ တော်နှင့်ပြည်ပရင်းနှီးမြှုပ်နှံသူတို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် သင့်လျော်သောနည်းလမ်းများရရှိစေရန် လေ့လာစိ စစ်ပြီး၊ သုံးသပ်ချက်၊ အကြံပြုချက်များနှင့်အတူ ပထမအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့အရောက်တင်ပြရမည်ဟုလည်းကောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်စဉ်ဆက်မ ပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူလူထု၏အကျိုးစီးပွားတိုးတက်ရေးတို့အပေါ်အခြေခံ၍ အကြံပြုချက်များနှင့် သုံးသပ်ချက်များကို ပြုစုတင်ပြရမည်ဖြစ်ပြီး၊ ဒေသခံပြည်သူများနှင့်လူမှုအဖွဲ့အစည်းများ၏ ဧရာဝတီမြစ်အပေါ် ရင်မှာခံစား အလေးထားသည့်ခံစားချက်များအပါအ၀င် သဘောထားအမြင်များကို ထည့်သွင်းစဉ်းစားရမည်ဟုလည်းကောင်း၊ အမိန့် ကြော်ငြာစာတွင် ဖော်ပြခဲ့သည်။

            စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သက်ဆိုင်သည့် နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ ပြည်တွင်း ဥပဒေများနှင့် ဆောင်ရွက်သင့်သည့် နည်းပညာများကို အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်းရှိ- မရှိ၊ စီမံကိန်းများကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်အပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့်ဆိုးကျိုးသက်ရောက်မှုများ နှင့် ဧရာ ဝတီမြစ်၏ ရေသယံဇာတများ ပျက်စီးဆုံးရှုံးနိုင်မှုအခြေအနေ၊ ဧရာဝတီမြစ်ညာပိုင်း၊ မြစ်ဆုံ၊ မြစ်အောက်ပိုင်း၊ မြစ်ကြောင်း တစ်လျှောက်နှင့်မြစ်ဝကျွန်းပေါ်ဒေသအထိ ဖြစ်ပေါ်လာမည့်အကျိုးဆက်များနှင့်မြစ်ကြောင်းစီးဆင်းမှုကို ထိခိုက်နိုင်မှုအခြေ အနေ၊ ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှုအခြေအနေ၊ နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်မှုအခြေအနေနှင့်လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးနိုင်မည့်အခြေအနေ၊ စီမံကိန်းများ ဆက်လက်ဆောင် ရွက်ရန် သင့်-မသင့်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှုအခြေအနေ၊ စီမံကိန်းဆိုင်ရာစာချုပ်များအ ပေါ် လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံနှင့်ပြည်ပရင်းနှီးမြှုပ်နှံသူတို့အကြား နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေရေး ညှိနှိုင်းဆောင် ရွက်နိုင်မည့်နည်းလမ်းများတို့ကို လေ့လာစိစစ်ပြီး၊ ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများလေ့လာ စိစစ်သုံးသပ်ရေးကော်မရှင်အနေဖြင့် နိုင်ငံတော်သမ္မတထံ သုံးသပ်၊ အကြံပြုရမည်ဖြစ်သည်။

ကော်မရှင်အနေဖြင့် ပထမအစီရင်ခံစာကိုပြုစုပြီး၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံ တင်ပြခဲ့သည်။ ကော်မရှင်သည် ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၂ ရက် မှ နိုဝင်ဘာလ ၈ ရက်အတွင်း အစည်းအဝေး ၁၁ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး၊ စီမံကိန်းနှင့်စပ်လျဉ်းသည့်စာရွက်စာတမ်းများနှင့်အချက်အလက်များကို ဘက်စုံထောင့်စုံမှ လေ့လာစိ စစ်သုံးသပ်၊ ဆွေးနွေးခဲ့ကြသည်ဟု ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။ အစိုးရအနေဖြင့် ကော်မရှင်၏အပြီးသတ်အစီ ရင်ခံစာအပေါ်ဆင်ခြင်သုံးသပ်လျက် မြစ်ဆုံစီမံကိန်းနှင့်ဆက်စပ်သောဆုံးဖြတ်ချက်များကို ချမှတ်မည့်အခင်းအကျင်းဟုနား လည်မိသည်။ မြစ်ဆုံစီမံကိန်းလေ့လာစိစစ်သုံးသပ်ရေးကော်မရှင်သည် ပထမအစီရင်ခံစာတင်ပြီးနောက်ပိုင်း ပွင့်လင်းမြင် သာမှုအားနည်းသထက်အားနည်းခဲ့သည်ဟုသုံးသပ်မိသည်။ ကော်မရှင်၏လုပ်ငန်းဆောင်ရွက်မှုများသည် ပွင့်လင်းမြင်သာ မှုအားနည်းခဲ့သည့်အပြင် ကော်မရှင်၏အစီရင်ခံစာများသည်လည်း ပြည်သူလူထု၊ သတင်းမီဒီယာများနှင့် အလှမ်းဝေးသ ထက်ဝေးနေဆဲဟုသုံးသပ်ရမည်ဖြစ်သည်။

            နိုင်ငံတော်သမ္မတဦးထင်ကျော်၏ ၂၀၁၇ ခုနှစ် ဧပြီလ ပေကျင်းခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းနှင့်စပ်လျဉ်း၍ ဆွေး နွေးခဲ့ပြီး၊ နှစ်နိုင်ငံအကျိုးရှိစေမည့် သဘောတူညီချက်ရရှိခဲ့သည်ဟု တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး လျူကျင်းမင်း က ပြောကြားခဲ့သည်ဟု ဧပြီလ(၁၁)ရက်နေ့ထုတ် Global Times သ တင်းစာက ဖော်ပြခဲ့သည်။ လျူကျင်းမင်း က ”နှစ်နိုင်ငံကြားမှာ တူညီတဲ့သဘောထားတွေရှိကြတာနဲ့အညီ အခြေခံသဘော တူညီချက်တွေကိုရရှိခဲ့ပါတယ်။ စီမံကိန်းကို ရပ်ထားခဲ့တာ ခြောက်နှစ်နီးပါး ရှိနေပါပြီ။ နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် သဘော တူညီချက်မျိုးကို ချမှတ်သင့်ပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။

၂၀၁၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအလွန် အစိုးရသက်တမ်းတွင် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းကို ဆိုင်းငံ့ရုံသာဆိုင်းငံ့နိုင်ခဲ့ပြီး၊ လုံးဝရပ်ဆိုင်းရေးခြေလှမ်းမစနိုင်ခဲ့ခြင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် အစိုးရအနေဖြင့် လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ဖွဲ့စည်းခဲ့သော်လည်း မြစ်ဆုံစီမံကိန်းနှင့်စပ်လျဉ်း၍ ပြည်သူကို မျက် နှာမူလျက် ယနေ့ထက်တိုင် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်နိုင်ခြေအားနည်းခြင်းတို့ကြောင့် နှစ်ဖက်ညှိနှိုင်းဆွေးနွေးအ ဖြေရှာနိုင်ရေးမှာ ကြန့်ကြာသထက်ကြန့်ကြာနေရသည်ဟု ဆင်ခြင်သုံးသပ်မိသည်။ ကော်မရှင်၏လေ့လာစိစစ်တွေ့ရှိချက် များနှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုလည်းကောင်း၊ မြစ်ဆုံစီမံကိန်းရှေ့အလားအလာနှင့်ပတ်သက် လျှင်ကော်မရှင်၏အဖြေကိုစောင့်ရမည်ဟုလည်းကောင်း ပြည်ထောင်စုဝန်ကြီးဌာနများ၏တုန့်ပြန်သံများကိုလည်းကြားသိ နေရသည်။

ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများကိုပြန်လည်စတင်ရန်စိုင်းပြင်းမည်ဆိုလျှင် မြန်မာ နိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ရုတ်ခြည်းပေါ်ပေါက်လာနိုင်ပြီး၊ နှစ်နိုင်ငံအကြားဆွေမျိုးပေါက်ဖော်ချစ်ကြည် ရေးကို များစွာထိခိုက်စေမည့်အပြင်၊ တရုတ်သမ္မတကြီးရှီကျင့်ဖိန်လမ်းညွှန်သည့် ပြည်သူထံမှပြည်သူထံသို့ဆက်ဆံရေးပုံစံ သည်လည်း ပျက်ယွင်းသွားနိုင်ဖွယ်ရှိသည်ကို အလေးထားသုံးသပ်သင့်သည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်း ကို ပြန်လည်စတင်ရန်ခွင့်ပြုလိုက်မည်ဆိုလျှင် မြန်မာပြည်သူလူထု၏ဆန့်ကျင်မှုကို ကြီးကြီးမားမားရင်ဆိုင်ရဖွယ်ရှိသည့်အ ပြင် အစိုးရ၊ လွှတ်တော် နှင့် ပြည်သူအကြား ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို အနိမ့်ဆုံးအနေအထားအထိ ဆွဲချသွား နိုင်ဖွယ်ရှိနေသည်ဟုလည်းမှတ်ချက်ပြု၊ သုံးသပ်နိုင်သည်။

အချုပ်အားဖြင့်ဆိုသော် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့်စပ်လျဉ်း၍ ပြည်သူလူ ထု၏သဘောထားသည် သော့ချက်ကျမည်ဖြစ်သည်။ ကော်မရှင်၏အစီရင်ခံစာသည် ပြည်သူလူထု၏ဆန္ဒသဘောထားကို ရာနှုန်းပြည့်နီးပါးထင်ဟပ်နိုင်ဖို့ မဖြစ်မနေအားထုတ်ရမည်ဖြစ်သည်။ မြစ်ဆုံစီမံကိန်းနှင့်စပ်လျဉ်း၍ ပြည်သူလူထု၏အသံ သည် အပြီးတိုင်ရပ်ဆိုင်းရေးပင်ဖြစ်ကြောင်း လူထုလှုပ်ရှားမှုမှတ်တမ်းများက မီးမောင်းထိုးပြလျက်ရှိသည်။ လိုအပ်မည်ဆိုပါ က မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး၊ အပြီးတိုင်ရပ်ဆိုင်းသင့်၊ မသင့် ဆုံးဖြတ်နိုင်မည်ဆို လျှင် နိုင်ငံရေးအရ ပိုမိုအားကောင်းမောင်းသန်မည်ဖြစ်သည်။ မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းရေး၊ အပြီးတိုင်ရပ်ဆိုင်းရေး၊ အကြွင်းမဲ့ရပ်ဆိုင်းရေး ဆုံးဖြတ်ချက်ကို ပြည်သူလူထုအားဖြင့်၊ ပြည်သူ့လှိုင်းဖြင့်၊ ပြည်သူ့သမိုင်းအဖြစ် တရားဝင်ထုတ်ပြန် ကြေညာရန် အစောတလျင်ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ဖက်ဒရယ်ဂျာနယ် အမှတ် (၂၃)

photo – internet

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button