အင်တာဗျူး

ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

ဗဟိုကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

 

ပြည်ထောင်စုလွှတ်တော်တွင် ၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းပြီး အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ လက်ရှိအခြေခံဥပဒေ နှင့် ပြင်ဆင်မည့် အခြေခံ ဥပဒေတွင် တိုင်းရင်းသားအခွင့်အရေး နှင့် ရပိုင်ခွင့်များအတွက် ပြင်ဆင်သင့်သည့်အချက်များ နှင့် ထည့်တွင်း စဉ်းစားသင့်သည့် အချက်များကိုသိရှိရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် နှင့် လက် ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထပ် (ခ) ဆလိုင်မျိုးထိုက် နှင့် တွေ့ဆုံမေးမြန်းထားသည် များကိုပြန်လည်ဖော်ပြလိုက်ပါသည်။

ဆရာ့ရဲ့ ပါတီတာဝန်နဲ့ ပြည်ထောင်စုလွှတ်တော်မှာ တာဝန်ယူထားရတဲ့ ကော်မတီတာဝန်တွေ မိတ်ဆက်ပေးပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းပြည်နယ်အလုပ်အမှုဆောင်အဖွဲ့၊ တွဲဖက်အတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင် အမျိုးသားလွှတ်တော်တွင် နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဆရာအခု၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးလုပ်နေကြတယ်။ အဲတာနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းအခွင့်အရေးတွေ၊ တိုင်းရင်းသားတွေဘက်ကလိုလားနေတဲ့အချက်တွေ ပါဝင်နိုင်ဖို့ဆိုရင် အခုလက်ရှိအခြေခံဥပဒေရဲ့ဘယ်အစိတ်အပိုင်း  တွေကို ပြုပြင်ဖို့လိုအပ်မလဲ၊ ဒါမှမဟုတ်ပယ်ဖျက်ဖို့လိုအပ်မလဲ။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံးသောဥပဒေဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏အမြင့်ဆုံး ဥပဒေဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ ပြင်ဆင်တာနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားအခွင့်အရေး တွေ၊ တိုင်းရင်းသားတွေဘက်ကလိုလားနေတဲ့ အချက်တွေပါဝင်နိုင်ဖို့ဆိုရင် အခန်း(၅)၊ အခန်း(၄)၊ အခန်း(၆) ပါ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးစသည့် အခန်းတွေထဲက တချို့ပုဒ်မတွေ ပြင်ဆင်ရေးဆွဲဖို့ လိုမယ်ထင်ပါ တယ်။ နောက်ပြီး အခန်း(၁)နှင့် အခန်း(၈)ကိုလည်း တိုင်းရင်းသားအခွင့်အရေး ပြည့်ဝစွာရရှိနိုင်ရန်အတွက် တချို့ ပုဒ်မတွေကို ပြင်ဆင်ဖြည့်စွက်ပြီး၊ ပယ်ဖျက်သင့်တဲ့ ဥပဒေပုဒ်မတွေကိုလည်း ပယ်ဖျက်သင့်ပါတယ်။

နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ပြဿနာက အခြေခံဥပဒေပြဋ္ဌာန်းချက်မမျှတမှုကြောင့်ပေါ်ပေါက်လာတဲ့ပြဿတွေ ဖြစ်တယ်ဆိုပြီး ပညာရှင်အချို့သုံးသပ်ထားတာတွေတွေ့ရတယ်၊ တိုင်းရင်းသားတွေဖက်ကလည်း ခေတ်အဆက်ဆက်  တောင်းဆိုခဲ့တာတွေရှိခဲ့တယ်။ ဥပမာ- တောင်ကြီးညီလာခံ၊ ၃၃ ဦးကော်မတီအကြံပေးအဖွဲ့ထံပေးပို့တဲ့အကြံပြုစာတွေ၊ ပြီးတော့ နောက်ဆုံး ဒီ၂၀၀၈ မဖြစ်ခင်လေးအကြံပြုချက်တွေရှိခဲ့တယ်။

အခုလွှတ်တော်တွင်းပြင်ဆင်ရေးလုပ်တဲ့အပေါ် တိုင်းရင်းသားတွေရဲ့လိုလားချက်တွေကို ထင်ဟပ်နိုင်မလား၊ ဒါမှမဟုတ် ထင်ဟပ်နိုင်ဖို့ဆိုရင် ဘယ်လိုလုပ်သင့်သလဲဆိုတာ သုံးသပ်ပေးပါ။လက်ရှိလွှတ်တော်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ လွှတ်တော်တွင်လက်ရှိဆောင်ရွက်နေသည့် တာဝန်ရှိကော်မတီများ အနေဖြင့် တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်အတိုင်းအတာ တစ်ခုထိတော့ ထင်ဟပ်နိုင်မည်လို့ ယုံကြည်ပါတယ်။ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေ ထင်ဟပ်စေနိုင်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ တချို့အခန်းများ ရဲ့ ပုဒ်မတွေမှာ ဥပဒေပြင်ဆင်ချက်ထဲတွင် တိုင်းရင်းသားများလိုအပ်သည့် ဥပဒေများရေးဆွဲထည့်သွင်းပြီး၊ ပြည် ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်များ အတည်ပြု ထောက်ခံမှသာလျှင် လိုအပ်ချက်များ ပြည့်စုံမည်ဟု ယုံကြည်ပါတယ်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေမှာရော တိုင်းရင်းသားအခွင့်အရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသားအခွင့်အရေးကို ကာကွယ် ပေးတဲ့ ပြဋ္ဌာန်းချက်တွေပါဝင်တာရှိပါသလား၊ ဘယ်အချက်တွေလဲ။

လက်ရှိ ၂၀၀၈ ဥပဒေမှာ တိုင်းရင်းသားအခွင့်အရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားအခွင့်အရေး ကာကွယ်ပေးတဲ့ ပြဋ္ဌာန်းချက်တွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း(၁)၊ အခန်း(၈)နှင့် တချို့အခန်းတွေရဲ့ ပုဒ်မတွေမှာ တွေ့ရပါတယ် ဥပမာ- အခန်း(၁) ပုဒ်မ(၂၂)၊ ပုဒ်မ (၂၈(ခ))၊ အခန်း(၈) ပုဒ်မ ၃၅၄(ဃ)၊ ပုဒ်မ ၃၈၇ စသည့်တချို့အခန်းတွေရဲ့ ပုဒ်မ တွေမှာ တွေ့ရှိရပါတယ်။

၂၀၀၈ အခြေခံဥပဒေပြင်ဖြစ်တယ်ဆိုရင် တိုင်းရင်းသားအခွင့်အရေးအဖြစ် မဖြစ်မနေထည့်တွက်သင့်တဲ့ အချက်တွေ အဖြစ် ဘယ်ကဏ္ဍတွေကိုထည့်သွင်းဖို့လိုအပ်ပါသလဲ ဆရာ။

၂၀၀၈ အခြေခံဥပဒေပြင်ဖြစ်တယ်ဆိုရင် တိုင်းရင်းသားအခွင့်အရေး မဖြစ်မနေ ထည့်တွက်သင့်တဲ့အချက်တွေအ ဖြစ် တိုင်းဒေသကြီးနှင့်ပြည်နယ်များရဲ့ လုပ်ပိုင်ခွင့်နှင့်ရပိုင်ခွင့်တွေကို ဖွဲ့စည်းပုံရဲ့ အခန်းတွေမှာ တိကျတဲ့ ဥပဒေတွေ ကို ထည့်သွင်းဖို့လိုအပ်ပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံမှာက ဗဟိုရဲ့ချုပ်ကိုင်မှုများနေတာ တွေ့ရပြီး တိုင်းဒေသကြီး နှင့်ပြည်နယ်များ၏ လုပ်ပိုင်ခွင့်က နည်းနေတာ တွေ့ရပါတယ်။ ဒါကြောင့် တိုင်းရင်းသားများ၏အခွင့်အရေး ပြည့်ဝစွာ ရရှိနိုင်ရန်အတွက် ဖွဲ့စည်းပုံရဲ့ တချို့အခန်းကဏ္ဍတွေမှာ တိကျတဲ့ ဥပဒေတွေ ထည့်သွင်းရေးဆွဲပေးပြီး အတည်ပြု ပေးရန် လိုအပ်မှာဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးမှာ တိုင်းရင်းသားတွေလိုလားတဲ့ အချက်တွေပါဝင်ဖို့(အထူးသဖြင့် ပြည်ထောင်စုစနစ် (ဖက်ဒရယ်)ဖြစ်ဖို့ဆိုရင် အဓိကစိန်ခေါ်ချက်က ဘာတွေဖြစ်မလဲဆရာ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ တိုင်းရင်းသားတွေလိုလားတဲ့ ပြည်ထောင်စုစနစ် (ဖက်ဒရယ်) ဖြစ်ဖို့ ဆိုရင် အဓိကစိန်ခေါ်မှုက ယုံကြည်မှုလို့ထင်ပါတယ်။ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးသည့်နေရာတွေမှာ ခွဲမ ထွက်ရေးနှင့် တစ်ခုတည်းသောတပ်မတော်ဆိုသည့်အချက်တွေ ကိစ္စကြားနေရပါတယ်။ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်စနစ် အကောင်အထည်ဖော်နိုင်ရန်အတွက် အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု၊ တိုင်းရင်းသားတွေကြားမှာ အချင်းချင်း ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်မယ်ထင်ပါတယ်။ ဒါကြောင့် ယုံကြည်မှုက အဓိကစိန်ခေါ်မှုလို့ထင်ပါ တယ်။

မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်နေတဲ့ငြိမ်းချမ်းရေးမှာ လုပ်ငန်းစဉ်မှာ ၂၀၀၈ အခြေခံဥပဒေပြဋ္ဌာန်းချက်အချို့က အရေးပါတဲ့ အဟန့်အတားတစ်ခုဖြစ်နေတယ်လို့ ထင်ပါသလား၊ ဘဘာပြဋ္ဌာန်းချက်တွေလဲ။

မြန်မာနိုင်ငံအကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ၂၀၀၈ အခြေခံဥပဒေပြဋ္ဌာန်းချက် အချို့က အရေးပါတဲ့ အဟန့်အတားတစ်ခု ဖြစ်နေတယ်လို့ ထင်ပါတယ်။ဥပမာ- တစ်ခု ဖော်ပြရရင်- အခန်း(၇) ပုဒ်မ ၃၃၈ မှာ- လက်နက်ကိုင်အားလုံးက တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်တွင်ရှိ ရမယ်လို့ ဖော်ပြထားပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အချိန်တွေမှာ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ တချို့အခန်းတွေမှာ ပြဋ္ဌာန်း တဲ့အချက်တွေဟာ အစာမကျေသလို ဆွေးနွေးနေကြတာ တွေ့ရပါတယ်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး၊အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပတ်သတ်ပြီး တာဝန်ရှိတဲ့သူတွေ ကို အကြံပြုချင်တာရှိရင် ပြောကြားပေးပါ။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး တာဝန် ရှိသူများအားလုံး၊ နိုင်ငံသူနိုင်ငံသားများရဲ့ အကျိုးအတွက် အကောင်းဆုံးသောဥပဒေတွေ ပြင်ဆင်ရေးဆွဲပေးကြပါလို့ ပြောပါရစေ။

ထပ်မံဖြည့်စွက်ပြောချင်တာရှိရင်ပြောကြားပေးပါ။

အထက်ပါဖြေကြားချက်များသည် မိမိ၏သဘောထားအမြင်သာဖြစ်ပါသည်။ တချို့သောမေးခွန်းများသည် မရှင်းမလင်း ဖြစ်သည့်အတွက် အားနည်းချက်များရှိရင်လည်းမိမိ၏အားနည်းချက်၊ လွှဲမှားခြင်းသာ ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button