တိုင်းရင်းသားများသတင်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 151, December 10, 2021)

 

၁။ မိုင်းကိုင်မြို့နယ် တိုက်ပွဲပြန်ဖြစ်၊ ပြည်သူ (၁၀၀၀) ကျော် ထွက်ပြေးနေရ
December 8, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ဟမ်းငိုင်းကျေးရွာအုပ်စု အနီး လက်နက်သံကြားရသဖြင့် ဒေသခံ (၁၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ရသည့်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၈) ရက် မနက်ပိုင်းမှ စတင်ပြီး လက်နက်သံကြားရသဖြင့် ဟမ်းငိုင်းကျေးရွာအုပ်စု အနီး ကျေးရွာ (၄) ရွာမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ထို ထွက်ပြေးလာသည့် ကျေးရွာ (၄)ရွာမှာ ဖာလမ်းကျေးရွာ၊ ကုန်းခမ်းကျေးရွာ၊ ဝမ်ပိုက်နားမွန်းကျေးရွာ၊ ဝမ်ပန်နောင်နားဖောက် ကျေးရွာတို့ဖြစ်ပြီး အိမ်ခြေ (၄၀၀)ကျော် ထွက်ပြေးတိမ်းရှောင်လာကြောင်း သိရှိရသည်။

“ထွက်ပြေးလာတဲ့ စစ်ရှောင်တွေ ဘာမှ မရလာဘူး။ ဆောင်းတွင်းဆိုတော့ အနွေးထည်တွေ စောင်တွေ လိုအပ်တယ်။ ဆေးဝါး ပစ္စည်းတွေလည်း လိုအပ်တယ်။ နှာချေး ချောင်းဆိုးတဲ့သူတွေလည်း ရှိတယ်လို့ ကြားရတယ်”ဟု စစ်ရှောင်များကို ကူညီပေး နေသည့် အမျိုးသားတစ်ဦးကပြောသည်။ တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် (၁၀၀၀)ကျော်တို့သည် ဟမ်းငိုင်းကျေးရွာအုပ်စု ဝမ်မိန်းဘုန်းကြီးကျောင်းမှာ လာရောက် စစ်ဘေးရှောင်နေကြကြောင်း သိရှိရ သည်။ “အရင်ကထွက်ပြေးလာတဲ့ စစ်ရှောင်တွေလည်း ရှိသေးတယ်။ ခုလည်း (၁၀၀၀)ကျော် ထပ်ပြီး ထွက်ပြေးလာရပြီ။ ခုချိန်က ပြောင်းတွေ ရိတ်သိမ်းတဲ့အချိန်ဖြစ်တဲ့အတွက် ပြည်သူတွေကို ငဲ့ညှာပေးဖို့ တောင်းဆိုချင်တယ်” လို့ မိုင်းကိုင်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာ အုပ်စု အတွင်း (၂)လ နီးပါးခန့် ရောက်ရှိနေသည့် စစ်ဘေးရှောင် (၂၀၀)ကျော်လည်း နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရှိရသည်။

၂။ ကယန်းပြည်သစ်ပါတီက KNP အား ထိန်းချုပ်ခြင်းမှာ လူထုဆန္ဒနှင့် မညီဟုဆို
December 9 , 2021

၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားရေးဝန်ကြီးတနေရာ အနိုင်ရထားသည့် ကယန်းအမျိုးသားပါတီ (KNP) အား ကယန်း ပြည်သစ်ပါတီ (KNLP)က ထိန်းချုပ်လိုက်ခြင်းမှာ လူထုဆန္ဒနှင့် မကိုက်ညီကြောင်း KNP ပါတီက ကြေညာချက် ထုတ်၍ ကန့်ကွက်လိုက်သည်။ ကယန်းပြည်သစ်ပါတီ(KNLP)မှ ကယန်းအမျိုးသားပါတီ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီကို ဖွဲ့စည်းကြောင်း ဒီဇင်ဘာ ၇ ရက်က ကြေညာပြီးနောက် ထိုလုပ်ရပ်သည် လူထုဆန္ဒနှင့် မကိုက်ညီသလို KNP ၏ ညီလာခံရ လဒ်ကိုလည်း သွေဖည်နေကြောင်း ဒီဇင်ဘာ ၈ ရက်တွင် KNP ဘက်က ကြေညာချက်ထုတ် တုံ့ပြန်ခဲ့သည်။

ကယန်းပြည်သစ်ပါတီကမူ KNP ပါတီ၏ ဗဟိုကော်မတီဝင် တဦးချင်းသည် စစ်အစိုးရ၏ ဖမ်းဆီးခြင်းမှလွတ်ရာသို့ တိမ်း ရှောင်ကြရာမှ ပါတီဗဟိုဦးစီးစနစ် ပျောက်ကွယ်လာရပြီး KNP လည်း ပြိုပျက်သည့် အနေအထားရောက်နေ၍ ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီဖွဲ့ကာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ KNP အား မသမာသူအချို့၏ အလွဲသုံးစား အသုံးပြုခံရခြင်း အန္တရာယ်မှ ကာကွယ်ရန်၊ အချို့အတိုက်အခံ နိုင်ငံရေးသမားများ၏ အလွဲသုံးစားပြုခံရခြင်း အန္တရာယ်မှ ကာကွယ်ရန် မူလ တာဝန်ရှိသည့် ကယန်းပြည် သစ်ပါတီမှ ကယန်းအမျိုးသားပါတီ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် ကယန်းအမျိုးသားပါတီ(KNP) ဥက္ကဋ္ဌ ခွန်းဘီထူးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ တွင် “အခုလို တော်လှန်ရေး ကာလမှာ နောက်ကနေ ပါတီအာဏာသိမ်းခံ ရမယ်မထင်ထားဘူး။ အားနာမိတယ် ပါတီနိုင်ငံရေး မိတ်ဖက်များအပေါ်။ ပါတီ/အဖွဲ့အစည်းဆိုတာ ရက်စက်တတ်ကြတယ်။ ဒါပေမဲ့ အမျိုးသားရေးနဲ့ နိုင်ငံရေး ခံယူချက်များတော့ အညံ့မခံကြပါနဲ့။ လူထုကသာ အဓိကပါ” ဟု ရေးသားထားသည်။ ခွန်းဘီထူးသည် ကယန်းအမျိုးသားပါတီ(KNP)၏ ဥက္ကဋ္ဌ ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုဝန်ကြီးလည်း ဖြစ်ပြီး၊ သူ့အား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ လတ် တလော မဖြေကြားလိုသေးကြောင်း ပြောသည်။

KNP ပါတီ အနေဖြင့် ပါတီဖွဲ့စည်းပုံနှင့် ရွေးကောက်တင်မြှောက်မှု စည်းမျဉ်းစည်းကမ်းအရ ဗဟိုကော်မတီဝင် အသစ်များကို ညီလာခံမှ လူထုမဲဖြင့် ပြန်လည်ရွေးကောက်တင်မြှောက်ရမည် ဖြစ်သော်လည်း ၂၀၂၁ တွင် နိုင်ငံရေး ကပ်ဆိုက်မှုကြောင့် ညီလာခံခေါ်ယူခြင်း မလုပ်နိုင်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် KNP ညီလာခံမှ ရွေးကောက်တင်မြှောက်ခံရသော ဗဟိုကော်မတီဝင် များသည် ယနေ့တိုင် KNP ၏ တရားဝင် လူထုရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များပင် ဖြစ်နေဆဲဟု ယင်း ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ကယန်းပြည်သစ်ပါတီနှင့် ကယန်းအမျိုးသားပါတီသည် တိုက်ရိုက် ပတ်သက်မှု မရှိ၊ ကယန်းပြည်သစ်ပါတီ သည် လက်နက်ကိုင် တော်လှန်ရေးပါတီဖြစ်ပြီး ကယန်းအမျိုးသားပါတီသည် နိုင်ငံရေး ပါတီ ဖြစ်ကြောင်းလည်း ပါရှိသည်။ KNP အနေဖြင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ပါတီလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိ တော့သဖြင့် KNP ဗဟိုအလုပ် အမှုဆောင် ကော်မတီ၏ အစည်းအဝေးဆုံး ဖြတ်ချက်အရ KNP ၏ လုပ်ငန်းများ အားလုံးကို ယာယီရပ်ဆိုင်းထားရန် သဘောတူ ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်းလည်းဆိုသည်။

၃။ BGF တပ်က ဒေသခံပြည်သူပိုင်ပစ္စည်းများ အဓမ္မခြိမ်းခြောက်ယူ
December 10 , 2021

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျုံခနကျေးရွာအုပ်စု ကေအန်ယူတပ်မဟာ ၁ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီလက်အောက် ခံနယ်ခြားစောင့် (BGF) တပ်က ဒေသခံပြည်သူတွေဆီကနေ ဝက်တကောင်းနဲ့ ကား ၅ စီးစာသစ်တွေကို အတင်းအဓမ္မ ခြိမ်း ခြောက်တောင်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၆ ရက်က ညောင်ကုန်းကျေးရွာအဝင်မှာ တပ်စခန်းချ ပြီး ဂိတ်စွဲထားတဲ့ BGF ၁၀၁၄ တပ်ရင်းက တပ်ဖွဲ့ဝင်တွေက ကျုံခနကျေးနယ်အုပ်စု တံတားဦးကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ရှောက်ကုန်းကျေးရွာ၊ ကျုံခနကျေးရွာတွေက ဒေသခံပြည်သူတွေထံကနေ ပိဿာချိန် ၅၀ ရှိတဲ့ ဝက်တစ်ကောင်နဲ့ စခန်းပြန် လည်ပြုပြင်ဖို့အတွက် ခြောက်ဘီးယာဉ်နဲ့ သစ်ကား ၅ စီးကို အတင်းအဓမ္မ ခြိမ်းခြောက်တောင်းယူခဲ့တာပါ။

တံတားဦးကျေးရွာသားတစ်ဦးက”ကျေးရွာအုပ်စုအတွင်းက ရွာတွေအကုန်းလုံးပေးရတာ။ အခုလို ကာလမှာ ဘာအလုပ်အကိုင် မှ အဆင်မပြေတဲ့အချိန် ဒေသခံတွေဆီကို အတင်းခြိမ်းခြောက်ပြီး စားစရာနဲ့ သစ်တွေတောင်းတာက အကြမ်းဖက်ဓာပြပဲလို ပြောချင်တယ်။ စကစရဲ့ စရိုက်အတိုင်းပဲ။ သူတို့ကိုယ်တိုင် သစ်သွားခုတ်လေ။ ဒီလိုတော့ သေမှာကြောက်လို့ ဖြစ်မယ်”လို့ ပြော ပါတယ်။ အဆိုပါ ညောင်ကုန်း(BGF)စခန်းကို BGF- ၁၀၁၄ တပ်ရင်း၊ တပ်ခွဲ ၂ တပ်ခွဲမှူး ဗိုလ်တင်ဝင်းရဲ့ တပည့် မိုးဟိန်းနဲ့ ဖားကနူတို့က ဦးဆောင်ပြီး စခန်းကိုတာဝန်ယူထားတာလို့ တာဝန်ရှိသူက ဆိုပါတယ်။

၄။ ကယားပြည်နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
9 December, 2021

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ မဲ့စလောင်းတောင်ခြေအနီး ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ကရင်နီ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရရှိခဲ့ ပါတယ်။ မဲစလောင်းတောင်ခြေအနီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တာ လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ ဒီးမော့ဆိုမြို့နယ်ရဲစခန်းနဲ့ ငွေတောင်တပ်တို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ညလုံးပေါက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၈ ရက်မနက်ပိုင်းကလည်း ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားတောင်၊ သဲတောင်နဲ့ ထူလွှီးဘီလာကျေးရွာပိုင် ခရော့(စ်)တောင်တို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်း တပ် တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

၅။ ကျောက်ကြီးမြို့နယ်၌ စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေး အပါအဝင် ၃ ဦးဒဏ်ရာရ
December 9, 2021

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ကျေးရွထဲကို စစ်ကောင်စီ တပ် က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ဒေသခံလူငယ် တယောက်နဲ့ ကလေး နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၇ ရက် ည ၇ နာရီလောက်က စစ်ကောင်စီရဲ့ ရှေ့တန်းစခန်း (ခူသေစိုး) ဗျူဟာမှူး မင်းထိုက်အောင်၊ ခမရ ၇၅ တပ်ရင်းမှူး အောင်ဇော်မိုးတို့ ဦးဆောင်တဲ့တပ်က မူသယ်ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။

မူသယ်ကျေးရွာသား တစ်ဦးက“လက်နက်ကြီးနဲ့ ရွာထဲကိုပစ်တာ။ ညဘက်ဆို ရွာထဲမှာအကုန်ရှိတဲ့ အချိန်ပစ်တာ။ အရပ်သား ပြည်သူကို ရန်သူလိုသဘောထားပြီး တမင်ပစ်ခတ်တာ။ ကျနော်တို့ရွာတွေ မကြာခဏစစ်တပ်ရဲ့ နှိပ်စက်တာခံရတယ်။ အခု နောက်ပိုင်း ပိုရက်စက်လာတယ်”လို့ ပြောပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့တဲ့ စောနေကျယ် (ဖခင် ဖြစ်သူဟာလည်း မြန်မာစစ်တပ်ရဲ့သတ်ဖြတ်ခံခဲ့ရ) အသက် ၂၄ နှစ်မှာ ချက်အောက်ထိမှန်၊ စောလွဲနေမူး အသက် ၁၃ နှစ်မှာ ခြေမထိမှန်ခဲ့သလို စောပွေးပွေးတုပ် အသက် ၁၃ နှစ်မှာ ပေါင်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ KNU က သတင်းထုတ်ပြန် ထားပါတယ်။ စစ်ကောင်စီရဲ့တပ်တွေဟာ KNU ထိန်းချုပ်မြေတွေအတွင်း ကျူးကျော်ဝင်ရောက်ပြီး ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေးအကြိမ်ကြိမ် ချိုးဖောက်တာတွေ၊ လယ်ယာ၊ ဥယျာဥ်ခြံမြေ၊ လုပ်ကိုင်စားသောက်ရာနေရာတွေနဲ့ ကျေးရွာတွေ အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

၆။ ရေးနှင့်သံဖြူဇရပ်တွင် စစ်တပ်က နေအိမ် ၃ လုံး မီးရှို့ပြီး ပြည်သူတစ်ဦးကို ပစ်သတ်
December 9, 2021

မွန်ပြည်နယ် ရေးမြို့နယ် အောင်သပြေကျေးရွာကို ဒီဇင်ဘာ ၈ ရက်နေ့ ည ၁၂ နာရီလောက်က စစ်ကောင်စီတပ်မှ သေနတ်ပစ် ဖောက် ဝင်ရောက်ပြီး လူနေအိမ် ၃ လုံးအား မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောင်သပြေကျေးရွာအနီး ပြီးခဲ့တဲ့ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေထိခိုက်ကျဆုံးတာတွေရှိတာကြောင့် အခုလို မီးရှို့ဖျက်ဆီးတာလို့ ဒေသခံ တဦးက ပြောပါတယ်။

ဒေသ PDF တပ်တွေကလည်း အခုရက်ပိုင်းအတွင်း ပြည်သူတွေ စစ်ကောင်စီတပ်နဲ့ နီးတဲ့နေရာတွေမှာ မနေကြဖို့နဲ့ မလို အပ်ဘဲ အသွားအလာ မလုပ်ကြဖို့ သတိပေးထားပါတယ်။ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာလည်း ဒီဇင်ဘာ ၈ ရက်နေ့ ည ၈ နာရီခွဲလောက်က ဆိုင်ကယ်စီးလာတဲ့ ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်သားတွေ သေနတ်ပစ်ခတ်တာကြောင့် သေဆုံးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်ကို ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ဦးသားငယ်ကို စစ်တပ်က ဆိုင်ကယ် ရပ်တန့်ခိုင်း တဲ့အတွက် ရပ်တန်းပေးရာမှ အကြောင်းအရာတစုံတရာမရှိဘဲ သေနတ်နဲ့ ၂ ချက် အနီးကပ် ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ အခု လို ပစ်သတ်ခံရတဲ့အပေါ် မိသားစုဝင်တဦးက “သူ့အဖေက ဘာအမှားတွေ လုပ်ထားမိလို့ အခုလို လူမှားပြီး သေနတ်ပစ်ပြီး သေဆုံးတဲ့အထိ လုပ်ရတာလဲ၊ သူ့အဖေက အလုပ်ကနေ ပြန်လာတာ” ဆိုပြီး လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားထားပါ တယ်။

၇။ ချောင်းဆုံပြည်သူ ၁၀ ဦးထက်မနည်း အဖမ်းခံရ၊ သံဖြူဇရပ်နာကူအသင်းဝင် ၁ ဦးကို ထောင်ဒဏ် ချမှတ်
9 December, 2021

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က CDM ဝန်ထမ်းနဲ့ အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး သံဖြူဇရပ်မြို့နယ် နာရေးကူညီမှုအသင်းအဖွဲ့ဝင် ၁ ဦးကိုလည်း ထောင်ဒဏ်ချမှတ်လိုက်တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချောင်း ဆုံမြို့နယ် ကွမ်သဲကျေးရွာက ဒေသခံ‌တွေနဲ့ CDM ဝန်ထမ်းတွေကို ဒီဇင်ဘာ ပထမအပတ်ကစပြီး ဆက်တိုက်ဖမ်းဆီး လာခဲ့ပြီး လက်ရှိမှာတော့ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကာ ၅၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တိမ်းရှောင်နေ ရတဲ့သူတွေက ကိုပြောပါတယ်။ စစ်ကောင်စီကတော့ စစ်အာဏာရှင်ဆန္ဒပြပွဲပါဝင်တာ၊ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဝေဖန် တာအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ဆက်သွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့လိုက်လံဖမ်းဆီးနေတာပါ။

ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ချောင်းဆုံမြို့နယ် CDM ဦးစီးအရာရှိ ဦးထက်ပြည့်စုံ ကို စစ်ကောင်စီက ၅၀၅(က)နဲ့ အမှုဖွင့်ထားက လူငယ်တချို့ ကိုတော့ စစ်ကြောရေးကို ပို့ဆောင်ထားပြီး တချို့ က ဒီကနေ့အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ပြောပါတယ်။ စစ်ကောင်စီက ဖမ်းဆီးထားတဲ့သူတွေထဲမှာတော့ ပရဟိတလုပ် နေတဲ့သူတွေ၊ တက္ကသိုလ် ကျောင်းသားတွေ အများစုပါဝင်နေတာ ဖြစ်ပါတယ်။ ကွမ်သဲကျေးရွာဟာ NLD ပါတီ ကို အများစု ထောက်ခံကြတာဖြစ်ပြီး၊ လက်ရှိမှာတော့ စစ်ကောင်စီ တပ်ဖွဲ့တွေက ညတိုင်းလိုလို လာရောက် ဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ကြောင့် ဒေသခံတွေပြည်သူတွေ စိုးရိမ်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

ယာယီတပ်ရင်းမှူးအပါအဝင် စစ်သား ၆ ဦးရဲ့ ရုပ်အလောင်းအား ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာပေါ်တင် ခဲ့တဲ့ သံဖြူဇရပ်မြို့နယ်က နာရေးကူညီမှုအသင်းအဖွဲ့ဝင် ဦးကျော်ဝင်း ကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ်နဲ့ ၃ လ အမိန့်ချ မှတ်လိုက်တယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတွေက DVB ကိုပြောပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က အလောင်း လာမကောက်လို့ သံဖြူဇရပ် နာရေးကူညီမှုအသင်းက သွားရောက်ကောက်ယူပေးတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဦးကျော်ဝင်း က သယ်ဆောင်လာတဲ့ ရုပ်အလောင်းတွေကို သုသာန်မှာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် ဖေ့ဘွတ်စ် စာမျက်ပေါ် တင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က သေဆုံးမှုကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် ဖော့ဘုတ်စ်စာမျက်နှာအပေါ် တင်ခဲ့တဲ့ အတွက်ကြောင့် စစ်တပ်မိသားစုဝင်တွေက ဦးကျော်ဝင်းကို အသရေဖျက်မှုနဲ့ တရားစွဲပြီးနောက် အောက်တိုဘာ နောက်ဆုံး အပတ်မှာ ထောင်ဒဏ် ၃ လ အမိန့်ချခဲ့တာပါ။

၈။ KIO ဘဏ် စနစ်အတိုင်း NUG အထူးငွေတိုက်စာချုပ် ရောင်းချမှုမှာ တော်လှန်ရေးလုပ်နေသူအားလုံးအတွက်ဟု NUG ဝန်ကြီး ဒေါက်တာတူးခေါင် ပြော
8 December 2021

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နွေဦးတော်လှန်ရေးအတွက် အထူးငွေတိုက်စာချုပ်တွေကို မြန်မာပြည်တွင်းက ပြည်သူ တွေ ဝယ်ယူနိုင်ဖို့ KIO ရဲ့ ငွေကြေးပို့ဆောင်တဲ့စနစ်ကို အသုံးပြုရခြင်းဟာ NUG အတွက်သာမက တစ်နိုင်ငံလုံးက တော်လှန် ရေးလုပ်နေတဲ့သူတွေအတွက်ဖြစ်တယ်လို့ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာတူးခေါင် က KNG ကို ပြောပါတယ်။ “ဒါက NUG အတွက်ပဲမဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာတော်လှန်နေတဲ့သူတွေအားလုံးအတွက်ဖြစ်တယ်။ KIO အတွက်ပါတယ်။ အားလုံးအတွက်ဖြစ်တယ်။ အားလုံးအတွက် သမိုင်းဝင်အခိုက်အတန့်လည်းဖြစ်တယ်။ အရင်က တော်လှန် ရေးမှာ ဘယ်လိုပါဝင်ခဲ့တယ်ဆိုတာ သားသမီးတွေကို ပြန်ပြောနိုင်မယ့်အရာဖြစ်တယ်။” လို့ ဝန်ကြီး ဒေါက်တာ တူးခေါင် က ပြောပါတယ်။

မြန်မာပြည်တွင်းက ပြည်သူများအနေနဲ့ NUG အစိုးရရဲ့ အထူးငွေတိုက်စာချုပ်ကို ဝယ်ယူနိုင်ဖို့ Kachin Political Coordination Team- KPICT နဲ့အတူပူးပေါင်းပြီး KIO ရဲ့ အုပ်ချုပ်ရေးဘဏ်စနစ်အတိုင်း မကြာခင်ရောင်းချသွားမယ်လို့ NUG အစိုးရ ထုတ်ပြန်ထားပါတယ်။ NUG အစိုးရရဲ့ ထုတ်ပြန်ချက်ကြောင့် ကချင်ပြည်နယ် တရုတ်နယ်စပ်တစ်လျောက် မှာနေထိုင်တဲ့ ပြည်သူအချို့က စိုးရိမ်မှုရှိနေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် ပြည်နယ်အတွင်းမှာ KIO ရဲ့ ငွေကြေးပို့ ဆောင်တဲ့စနစ်ဟာ အရင်ကတည်းကရှိနေတာကြောင့် စိုးရိမ်စရာမလိုဘူးလို့လည်း ဒေါက်တာတူးခေါင် ကပြောပါတယ်။

“KIO ကလည်းအရင်ကတည်းက အခွန်ကောက်နေတဲ့ လမ်းကြောင်းရှိပြီးသားလေ။ ဖားကန့်ဆိုလည်းတစ်ရက်ကို သိန်း ထောင်ဂဏန်းပို့ဆောင်နေတာရှိတယ်။ KIO ရဲ့ ငွေကြေးစီမံစနစ်ကို ဆိုလိုတာဖြစ်တယ်။ စစ်ဆေးမှုတွေက ဖြစ်နိုင်ပါတယ်။ အရင်ကတည်းကလည်း သူတို့က စစ်နေကြဟုတ်တယ်။ နွေဦးထီကြောင့်လည်း ဘဏ်အကောင့်အတော်ပါသွားတာရှိတယ်။ သူတို့ဘက်က ဘယ်လောက်စစ်ဆေးနေပါစေ ကိုယ့်ဘက်ကလည်း ဖြစ်နိုင်တဲ့နည်းနဲ့ တော်လှန်ရေးလုပ်နေတာဖြစ်တယ်။” လို့ ပြောပါတယ်။ နွေဦးတော်လှန်ရေးအတွက် ရံပုံငွေရရှိစေဖို့ ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ၂ နှစ်သက် တမ်းရှိတဲ့ အထူးငွေတိုက်စာချုပ်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလကစတင်ပြီး စတင်ရောင်းချခဲ့တာဖြစ်တာဖြစ်ပါတယ်။

၉။ ကျောက်မဲ မိုင်းနင်းမိ တစ်ရက်တည်း ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ
December 8, 2021

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၇ ရက်) တစ်ရက်တည်း မိုင်းနင်းမိမှု (၂)ကြိမ် ဖြစ်ပွားခဲ့ပြီး (၂)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ ကျောက်မဲမြို့နယ် ပန်ဆန် ကျေးရွာနှင့် မန်ပင့်ကျေးရွာဒေသခံတို့ မိုင်းနင်းမိခဲ့တာဖြစ်ပြီး ပန်ဆန် ဒေသခံ တစ်ဦးနှင့် မန်ပင့် ဒေသခံ တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံ ထံမှ သိရသည်။

“သူတို့ ၄ ယောက် နွားသွားရှာရင်း မိုင်းနင်းမိတာ။ မန်ပင့်ရွာနားက လက်ဖက်ခြံမှာဖြစ်သွားတာပါ။ ခွေးက ရှေ့ကနေ အရင် သွားပြီး နင်းမိတာ။ တစ်ယောက်က ဒဏ်ရာရပြီး ရွာကို သယ်လာတဲ့ချိန် ဆုံးသွားတယ်။ နောက်တစ်ယောက်ကလည်း ဒဏ်ရာ ပြင်းတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ ရှပ်ထိရုံလောက်ပဲ။ ညနေ ၃ နာရီဝန်းကျင်လောက်မှာ ဖြစ်သွားတာ” ဟု မန်ပင့်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ မိုင်းနင်းမိသည့် လက်ဖက်ခြံသည် မန်ပင့်ရွာနှင့် ၂ မိုင်ခန့် ကွာ ဝေးပြီး ထို ၄ ဦးထဲမှ လုံးနောင့် ဆိုသူက ခန္ဓာကိုယ်အောက်ပိုင်း ဒဏ်ရာရရှိခဲ့ကာ ရွာသို့သယ်လာစဉ်လမ်းတဝက်တွင် သေဆုံး သွားခဲ့တာဖြစ်ကြောင်း အဆိုပါ ဒေသခံ ထံမှ သိရသည်။ ထို့အပြင် မန်ပင့်ဒေသခံ အသက် (၃၂)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ခြေထောက်တွင် မိုင်းစစိုက်ဝင်ဒဏ်ရာရရှိထားပြီး ခွဲစိတ်ကုသရန်အတွက် လားရှိုးဆေးရုံသို့ ပို့ဆောင်ထားရကြောင်းသိရသည်။

“တစ်ယောက်က ညာဘက် ဒူးခေါင်းအထက်နားမှာ ဒဏ်ရာရထားတယ်။ မိုင်းစ စိုက်ဝင်နေတာ။ အဲ့တာ ခွဲထုတ်ရမယ်လို့ ပြော တယ်။ ပြီးတော့ ဘယ်ဖက် ခြေဖျားမှာလည်း ဒဏ်ရာရထားတယ်။ ကျောက်မဲဆေးရုံက ခွဲစိတ်ဖို့ အဆင်မပြေလို့ လားရှိုးကို ပို့လိုက်ပြီ” ဟု ၄င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ထို့အပြင် ယမန်နေ့ မနက်ပိုင်းက ပန်ဆန်ကျေးရွာ ‌ဒေသခံ အသက် (၄၀) အရွယ် အမျိုးသား တစ်ဦး ရွာအပြင်ဘက်သို့ သွားစဉ် မိုင်းနင်းမိကာ ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ “ခုဆို ရွာပြန်ပြီး ထင်းခွေသွားမယ်၊ လက်ဖက်ခူးသွားမယ်ဆိုလည်း သူတို့တွေ(လက်နက်ကိုင်တပ်) မိုင်းထောင်ထားမှာကို အရမ်းကြောက်တယ်။ မိုင်းထိတဲ့သူလည်း ရှိခဲ့တယ်လေ၊ ဒဏ်ရာရတာတွေရော ရှိတယ်” ဟု လွယ်ကုန်ကျေးရွာမှ အသက် ၁၀၁ နှစ်အရွယ်ရှိ အဘွားကမ်က ပြောသည်။

၁၀။ AA နှင့် ဆက်စပ်သည်ဆိုကာ အမ်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ်တစ်ဦး ၁ လကြာသည့်အထိ သတင်းအစအနမရ၍ မိသားစုဝင်များ စိုးရိမ်နေ
December 8, 2021

ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟု သံသယဖြင့် အမ်းမြို့နယ် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့်လူငယ် တစ်ဦးနှင့် ၁ လကြာသည့်တိုင် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု မိသားစုများပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့က အမ်းမြို့နယ် ၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံရာ၌ AA နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးခဲ့ပြီး ၄င်းမြေပုံမြို့နယ် ၊ စိတ္တရကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကိုနေဝင်းစိုးဖြစ်သည်။ ကိုနေဝင်းစိုးမှာ ကျောက်ကပ်မကောင်း သဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့က ရန်ကုန်ကို ဆေးကုသရန်သွားပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မှအပြန် ရွှေညီအကို Express ကားဖြင့်ပြန်လာစဉ် အမ်းမြို့ နစက ပဲပဒုံ စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိသားစုဝင် များက ပြောသည်။

နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က မိသားစုဝင်းများထံ ၎င်းဖမ်းဆီးခံထားရကြောင်း ဖုန်းဆက်ခဲ့ပြီးနောက် ယနေ့ အထိ တစ်စုံတစ်ရာ သတင်းအစအန မရရှိတော့ကြောင်း ဖခင်ဖြစ်သူ ဦးဦးဝင်းမြင့်ကပြောသည်။ “ကျွန်တော့သားကြီး ဖမ်းဆီး ခံရချိန်မှာပဲ ကျွန်တော်တို့ကို ဆီဖုန်းဆက်ခဲ့သေးတယ်။ အဖေ ကျွန်တော် ပဲပဒုံ စစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးခံထားရတယ်။ ၃ ရက်ကနေ ၇ ရက်လောက်ထိ စစ်ဆေးခံရမယ်တဲ့ ဆိုပြီး နောက် ဆုံးဖုန်းဆက်ခဲ့တယ်။ အဲ့ဒီနေ့ကတည်းက သတင်းအစအန လုံးဝမရတော့ဘူး။ ဖမ်းထားတယ်ဆိုရင်လည်း ဘယ်မှာဖမ်းထားလဲ။ နေကောင်းလားသိချင်ပါတယ်။ ခုက လုံးဝ သတင်းအစ အန မရတော့ဘူး။ သူ့အမေဆို သားစိတ်နဲ့ အိပ်ရာပေါ် လဲနေပြီ”ဟုပြောသည်။ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည်ကို အခိုင်အမာသိရှိထားသော်လည်း လက်ရှိအထိ မည့်သည့်တပ်ရင်းတွင်းထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း လူမှုရေး ဆောင်ရွက်နေသည့် အမ်းဒေသခံကိုမျိုးလွင်ကပြောသည်။

“အဲ့လိုမျိုးလွှဲပြောင်းထားတာတော့မရှိပါဘူးခင်ဗျာ။ ကျွန်တော်တို့ဆီမှာ အဲ့လို လွှဲပြောင်းထားတာ တစ်ယောက် မှမရှိပါဘူး”ဟု ပြောသည်။ လက်ရှိ အမ်းမြို့နယ်ရှိ စစ်ဆေးရေး ဂိတ်များ အနက် ပဲပဒုံဂိတ်နှင့် တစ်မိုင်ကုန်းဂိတ်တို့မှာ စစ်ဆေးရေး အများဆုံး ဂိတ်နှစ်ခုဖြစ်ပြီး အဆိုပါ ဂိတ်နှစ်ခုတွင် AA နှင့် ပတ်သတ်သည့် အချက်အလက်ကို အဓိကရှာဖွေစစ် ဆေးကြောင်းလည်း ဒေသခံများကပြောသည်။ ကိုနေဝင်းစိုး ၏ ဇနီးဖြစ်သူ မအေးမြတ်မွန်က ” သူက ကျောက်ကပ် မကောင်းလို့ ခဏခဏ အပေါ့ သွားတယ်။ အဲ့ဒါကြောင့် ရွာမှာလည်း အမြဲလိုလို ဆေးခန်းသွားပြရတယ်။ ရန်ကုန် သွားပြတာ ။ဟိုမှာက နိုင်ငံရေး အခြေအနေ တွေကြောင့် အပြင်သွားလာဖို့အဆင်မပြေလို့ ပြန်လာတာပါ။ အပြန်မှာ အဲ့လို အဖမ်းခံရတာပါ။ သူ့မိသားစုဖုန်းဆက်ပြီးရင် ကျွန်မဆီလည်း ဆက်ခဲ့သေးတယ်။ ခုထိ လုံးဝအဆက်အသွယ်မရသေးဘူး။ အရမ်းစိတ်ပူနေပါ တယ်”ဟုပြောသည်။

၁၁။ ဘားအံမြို့နယ်၌ တိုက်မိုင်းပေါက်ကွဲပြီး ရွာသား ၁ ဦး ဒဏ်ရာရ
December 9, 2021

ကေအန်ယူ၊ သထုံခရိုင်၊ ဘားအံမြို့နယ်၊ ကျော်ကေ့ခီးကျေးရွာ အလယ်လမ်းခွမှာ နယ်ခြားစောင့်တပ် (BGF) က ထောင်ထားခဲ့ တဲ့ တိုက်မိုင်းတစ်လုံးပေါက်ကွဲပြီး ဒေသခံရွာသား တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းက တိုက်မိုင်း ပေါက်ကွဲခဲ့တဲ့အတွက် ကျော်ကေ့ခီးကျေးရွာသား အသက် ၂၄ နှစ်အရွယ် လူငယ်တယောက် ဘယ်ဖက်လက် ထိခိုက်ဒဏ်ရာရ ရှိခဲ့တာလို့ ဒေသခံက ပြောပါတယ်။ ကျော်ကေ့ခီးရွာသားတစ်ဦးက”BGF တွေက အခုလို လမ်းပေါ်မှာ မိုင်းထောင်တာကတော့ အရမ်းရက်စက်ရာကျတယ်။ ရွာသားတွေက ဘာအပြစ်ရှိလို့လဲ။ သူတို့လုပ်ချင်တယ်ဆို လက်နက်ကိုင် အချင်းချင်းလုပ်လေ”လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၇ ရက်က BGF ၉၉၉ တပ်နယ် လက်အောက်ခံ ၂၀၁၉ တပ်ရင်းက စောလားသစ်ဦးဆောင်ပြီး လမ်းဆုံလမ်းခွ တွေမှာ ထောင်ထားခဲ့တဲ့မိုင်းဖြစ်ကြောင်း KNLA တပ်ရင်း ၁ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ လက်အောက် ခံ BGF တပ်က အများပြည်သူသွားလာနေတဲ့ ရွာလယ်လမ်းဆုံ၊ လမ်းခွတွေမှာ နင်းမိုင်း၊ တိုက်မိုင်း ထောင်ထားခဲ့တာဟာ ပြည်သူလူထုကို ထိခိုက်စေလိုတဲ့အပြင် ရန်သူလိုသဘောထားတာဖြစ်ပြီး လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် နေတာလို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အဆိုပါ မိုင်းထောင်မှုနဲ့ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ နယ်ခြား စောင့်တပ် BGF ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။

၁၂။ ကန်ပက်လက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး၊ မကွေးက အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ
December 10, 2021

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ဒီဇင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးက ၆ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ကန်ပက်လက် CDF တပ်ဖွဲ့က ပြောပါတယ်။ ကန်ပက်လက်မြို့နယ်နဲ့ ဆောမြို့နယ်အစပ် ပေါင်ချောင်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ပါကွန်းကျေးရွာနားမှာ မနေ့ မနက် ၉ နာရီလောက် တိုက်ခိုက်ခဲ့တာလို့ ကန်ပက်လက် CDF ရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ နှက်ဘက် တိုက်ပွဲဖြစ် ပွားချိန် ၃ နာရီကြာ ဖြစ်ပွားခဲ့ပြီး ကန်ပက်လက် CDF ဘက်က အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပါကွင်းကျေးရွာက လူနေအိမ် ၇ လုံးနဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ် ၂ စီးနဲ့ ပစ္စည်း တွေ ကိုလည်း ခိုးယူဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ ကန်ပက်လက်မြို့နယ် ဒေသခံပြည်သူတွေရဲ့ အဓိက စိုက်ပျိုးသီးနှံဖြစ်တဲ့ ဝဥ သီး သိန်းတစ်ရာကျော် ဖိုးလောက်ကိုလည်း အကြမ်းဖက်စစ်တပ်က မီးရှို့ ဖျက်ဆီးသွားကြ တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကန်ပက်လက်မြို့နယ်ကို အင်အားတိုးချဲ့ပြီး ပညာရေးမှူးရုံးနဲ့ မြန်မာ့ စီးပွား ရေးဘဏ်မှာ တပ်စွဲထားကြတယ်လို့ ပြောပါတယ်။ ကန်ပက်တိုက်ပွဲနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီတပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ မကွေးတိုင်း မကွေးမြို့မှာလည်း ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

၁၃။ ရေးမြို့နယ် ကျောင်းရွာရဲကင်းနှင့် အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရပြီး ရဲနှင့်ပြည်သူ့စစ်များထိခိုက်ဒဏ်ရာရရှိ
December 8, 2021

ရေးမြို့နယ် ကျောင်းရွာကျေးရွာ ရဲကင်းစခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့ကို ယနေ့ညနေပိုင်းအချိန်တွင် အမည်မသိ လက်နက်ကိုင်အုပ်စုတစ်စုက လက်ဗစ်ဗုံးနှင့် လက်နက်ငယ်တို့ဖြင့် ဝင်ရောက်ပစ်ခတ်ရာ ရဲတစ်ဦး၊ ပြည်သူ့စစ်နှစ်ဦးနှင့် စစ်မှု ထမ်းဟောင်းတစ်ဦးတို့အသီးသီး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့် က ဆိုင်ကယ် ၅ စီးပေါ်တွင် အင်အား ၁၀ ဦးခန့်ပါရှိသော အမည်မသိလက်နက်ကိုင်အဖွဲ့က ကျောင်းရွာရဲကင်းစခန်း အရှေ့ဖက် မှ လက်ပစ်ဗုံး ၃ လုံးနှင့် လက်နက်ငယ် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ရွာလယ်လမ်းမကြီးအတိုင်း ထွက်ခွာသွားကြောင်း၊ ထိုနောက် ကျောင်းရွာအုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ လက်နက်ငယ် ၁၀ ချက်ခန့်ပစ်ခတ်ပြီး ရွာ၏မြောက်ဖက်အခြမ်း လိပ်ပုတ်ရွာလမ်း အတိုင်း ထွက်ခွာသွားကြောင်း ရွာခံတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ဆိုင်ကယ်စီးသမားတွေကပဲ လာပြီးပစ်ခတ်သွားတာ၊ ရဲတစ်ယောက် ပြည်သူ့စစ် ၂ ယောက် ရွာသားစစ်မှုထမ်းဟောင်း တစ်ယောက် ထိတယ် သူကတော့ ဒဏ်ရာစိုးရိမ်ရတယ် မော်လမြိုင်စစ်ဆေးရုံကို ပို့လိုက်ရပြီလို့ သိရတယ်” ဟု ဆိုသည်။ အဆို ပါပစ်ခတ်ခဲ့မှုတွင် ကျောင်းရွာနယ်မြေရဲကင်းစခန်းမှူး ဒုရဲအုပ် အောင်ကျော်နိုင် ယာဘက်ပုခုံး ကျည်ရှပ်ထိဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)၊ ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးအေးမောင် ဝဲဘက်တင်ပါး ကျည်ရှပ်ထိဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)၊ ပြည်သူ့စစ် အဖွဲ့ဝင် ဦးဘော် ဝဲဘက်ပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ (၂)ချက်(မစိုးရိမ်ရ)နှင့် ရဲကင်းစခန်းအနီး နေထိုင်သူ အငြိမ်းစားစစ်မှု ထမ်းဟောင်း ဦးကျော်မြင့်တွင် ဆီးအိမ်ရှပ်ထိဒဏ်ရာ(၁)ချက်၊ ဝဲဘက်လက်ခုံ ကျည်ဖောက်ဝင်ဒဏ်ရာ(၂)ချက် ဒဏ်ရာစိုးရိမ်ရ သည့်အခြေအနေရှိပြီး မော်လမြိုင် ၅၃၅ စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

၁၄။ မင်းတပ်မြို့နယ်အတွက် သယ်ဆောင်လာသော ကျောင်းသုံးပစ္စည်းများကို စစ်ကောင်စီက ဖမ်းသိမ်း၍ဖျက်ဆီး
December 9, 2021

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်လှစ်သော စာသင်ကျောင်းများတွင် အသုံးပြုရန်အတွက် သယ် ဆောင်လာသည့် ကျောင်းသုံးပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းယူသိမ်းဆည်း၍ ဖျက်ဆီးလိုက်ကြောင်း သတင်း ရရှိသည်။

မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာတစ်ရာကျော်တွင်ရှိသော ကလေးငယ်များ စာသင် ကြားနိုင်ရန် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ ကျောင်းသုံးပစ္စည်းများကို ဖမ်းဆီးနေမှု၊ ဖျက်ဆီး နေမှု ပြုလုပ်ခြင်းနှင့်ပတ်သက်၍ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆခွင့်ရှိသူ ဆလိုင်းယောမာန်က ယခုလိုပြော သည်။ “အင်တာနက်တွေ အဆက်အသွယ်တွေ ဖြတ်ထားတော့ တနယ်လုံးမှာ ဆရာ/မတွေကို ပြန်စုစည်းဖို့ ခက်ခဲတာပေါ့။ နောက်ပြီး ဗလာစာအုပ်တွေ၊ ဘောပင်တွေ၊ ခဲတံတွေ လိုတာပေါ့။ အဲ့တာကို မှာတဲ့အချိန်ကြတော့ တောင်ပေါ်မှာ စာပြန်သင် နေတယ်ဆိုတာ စကစတွေသိတော့တာပဲ၊ ခဲတံတွေပါ အကုန်လုံး လိုက်လံပိတ်ပင်တယ်။ သယ်တာကို ဖမ်းဆီးတာ ဖျက်ဆီး တာလုပ်တယ်။ အဲ့တာမျိုးကအစလုပ်တော့ ကျွန်တော်တို့ဖက်က ခက်ခဲတာပေါ့။ ပြီးတော့ Material ဝယ်ဖို့ ပို့စ်တင်ပြီးမှ အလှူငွေကောက်ခံလို့မရတဲ့ အခြေအနေမျိုးတွေရှိတယ်။” ဟု ပြောသည်။

မင်းတပ်မြို့နယ်တွင် ကလေးငယ်များ ကျောင်းစာသင်ကြားရေးလုပ်ငန်းကို အစပြုခြင်းမှာ သုံးလကျော်ရှိနေပြီဟုသိရပြီး ကျေးရွာပေါင်း ၁၂၀ က မှုလတန်းကလေးငယ် နှစ်ထောင်ကျော်ကို Volunteer ဆရာ/ဆရာမ ၂၀၀ ကျော်က မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရှိုးစာပေများကို အဓိကသင်ကြားပေးနေခြင်းဖြစ်သည်။ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာနမှ စစ်ဘေးရှောင် ကလေးငယ်များ စာသင်ကြားခွင့်ရရှိခြင်းမှာ ကြားကာလအချိန်တွင်လည်း ကလေးငယ်များ ပညာရေးမဝေးကွာစေရန် နှင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ဖွံ့ဖြိုးမှုဖြစ်စေကြောင်းကိုလည်း ၎င်းက အခုလို ဆက်ပြောသည်။ “ကျွန်တော်တို့အနေနဲ့ တကယ့် စနစ် ပြည့်ရဲ့ Home School System/ Coverage အရရော အများကြီးမသွားနိုင်ဘူး၊ ကြားကာလမှာ ပညာရေး အသက်ဆက် တဲ့သဘောပဲ။ ကလေးတွေ ဘာမှမလုပ်ပဲ အိမ်မှာပဲရှိနေမယ်။ ဒီလိုမျိုး စစ်ဘေးရှောင်အဖြစ် အနာဂတ်မရှိတဲ့ပုံစံ ဖြစ်နေမဲ့အစား ပေါ့နော် သူတို့အနေနဲ့ ပညာသင်ယူရတယ်၊ စစ်ဘေးရှောင်ဆိုတဲ့ဘဝကို မေ့ထားတယ်။ ကျောင်းမှာ အချင်းချင်း ရင်းရင်းနှီးနှီး၊ ပျော်ပျော်ရွှင်ရွှင် ဖြစ်နေတဲ့ပုံစံလေးကို ဦးစားပေးတာပေါ့။”ဟု ပြောသည်။

၁၅။ ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်နေအိမ်များ ယိုယွင်းပျက်စီးလာနေ
December 9, 2021

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် နေအိမ်များပျက်စီးယိုယွင်းလာနေသဖြင့် ပြန်လည် ပြုပြင်ရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။ စစ်ဘေးရှောင်ဦးရေ ၆၅၀ ကျော် ခိုလှုံနေသည့် ဘူးသီးတောင်မြို့နယ် ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင် နေအိမ်များပျက်စီးလာသဖြင့် နေထိုင်ရေးအခက်အခဲရှိနေ ကြောင်း စခန်းတာဝန်ခံ ဦးမောင်စိုးသန်းက ပြောသည်။ “အိမ်တွေက ဆောက်ထားတာ သုံးနှစ်လောက်ရှိပြီဆိုတော့ အမိုးနဲ့ နံရံတွေက အခုချိန်မှာပျက်စီးလာပြီ။ အလှူရှင်တွေကလည်း သိပ်မရောက်ကြတော့ဘူး။ နေရေးထိုင်ရေးအခက်အခဲတွေ ရှိနေပါ တယ်”ဟု ၎င်းကဆိုသည်။ ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နွားရုံတောင်၊ စံဂိုးတောင်၊ ဥယျာဉ်သာ၊ သရက်ပြင် စသည့်ကျေးရွာပေါင်း ၁၁ ရွာမှ ကျေးရွာသားများမှာ ရန်အောင်မြေ စစ်ဘေး ရှောင်စခန်းတွင် ခိုလှုံနေထိုင်လျက်ရှိသည်။

ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသည့် စစ်ဘေးရှောင် ကိုအောင်ဌေးက ”အခုဆိုရင်အိမ်တွေက လေမုန်တိုင်းတွေ တိုက်ထားလို့ ယိုင်နေသလိုဖြစ်နေပြီ။ လူတွေကလည်း အလုပ်အကိုင်တွေရှားပါးလာတယ်။ အလှူရှင်တွေကလည်း မရောက် ဘူး။ ဝါးတွေ၊ အုန်းတွေကလည်း စျေးတက်နေတော့ အိမ်ဆောက်ဖို့အတွက် အခက်အခဲရှိနေပါတယ်”ဟု ပြောသည်။ ဘူးသီး တောင်မြို့နယ်အတွင်းရှိ မြတောင်ကျောင်းစစ်ဘေးရှောင်စခန်း၊ လမ်းမကျောင်းစစ်ဘေးရှောင်စခန်း၊ ဂန္ဒာရုံကျောင်း စစ်ဘေး ရှောင်စခန်းတို့တွင်လည်း နေအိမ်များပျက်စီးနေပြီဖြစ်ကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။ မြတောင်စစ်ဘေးရှောင် စခန်း တာဝန်ခံ ဦးမောင်ဖြူက “အိမ်တွေအကုန်လုံးနီးပါးပျက်စီးနေပြီ။ ပြန်ပြင်ဆောက်ဖို့ အရေးပေါ်လိုအပ်နေပါတယ်။ အိမ် ဆောက်ဖို့အတွက် အလှူရှင်တွေလိုအပ်နေပါတယ်”ဟု ပြောသည်။ ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ် စွန့်ခွာထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင်ဦးရေ ၂ သိန်းခန့်အထိ ရှိခဲ့သည်။

၁၆။ တောင်ကြီးမြို့ရှိ ဆိုင်ခန်းတစ်ခုကို စစ်ကောင်စီတပ်သား ဝင်ရောက်စီးနင်း၊ လူငယ်များ ဖမ်းဆီးခံရ
December 9, 2021

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအနီးရှိ ဆိုင်ခန်းတစ်ခုကို စစ်ကောင်စီတို့မှ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနှင်းခဲ့ပြီး လူငယ် ၂၀ နီးပါး ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ (ဒီဇင်ဘာလ ၉) ရက် နေ့လည် ၂ နာရီဝန်းကျင် တွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအနီး ညောင်ဖြူ စခန်းရပ်ကွက်ရှိ ဆိုင်ခန်းတစ်ခုကို အင်အား ၃၀ နီးပါးရှိ စစ်ကောင်စီ တပ်သားတို့ လာရောက်စီးနှင်းခဲ့ပြီး လူငယ် ၂၀ နီးပါး ဖမ်းဆီးခံရကြောင်း မျက်မြင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကားက ၆ စီး၊ ၇ စီးလောက်ရှိတယ်၊ သေနတ်တွေကိုင်ထားတဲ့ စစ်သားရော ရဲရော အင်အားက ၃၀ နီးပါးလောက် ရှိတယ်၊ အိမ်နဲ့ တွဲပြီးဖွင့်ထားတဲ့ ဆိုင်ခန်းကို ဝင်စီးတာပေါ့၊ ဂိမ်းဆိုင်လို့ ပြောပါတယ်၊ အဲ့ထဲက လူငယ် (အမျိုးသား) တွေ ၁၀ ယောက် ကျော် ၂၀ နီးပါး ဖမ်းသွားတာလည်း မြင်တယ်” ဟု အနီးရှိ မြင်တွေ့ရသူ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတို့ ဝင်ရောက်ဖမ်းဆီးသော ဆိုင်ခန်းသည် လူငယ်များ ဝင်ထွက်သွားလာလေ့ရှိပြီး မည်သည့် ဆိုင်ခန်းဖြစ် ကြောင်းကိုမူ ၎င်းက မသိရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဘာဆိုင်လဲတော့မသိရဘူး၊ ဂိမ်းဆိုင်လို့လည်း ပြောကြ တယ်၊ ကျနော်လည်း တခါမှ မသွားဖူးတော့ မပြောနိုင်ဘူး၊ အခုဖမ်းသွားတဲ့ လူငယ်တွေကလည်း ဘာကြောင့်ဖမ်းလဲဆိုတာ မသိရသေးဘူး”ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်းတွင် တောင်ကြီးမြို့တွင်း၌ လောင်း ကစားဝိုင်းများနှင့် ဂိမ်းဆိုင်များကို ဒေသခံ အာဏာပိုင်များထံ ပိုက်ဆံပေးသွင်းပြီး ဖွင့်လှစ်မှုများလာကြောင်းလည်း တောင်ကြီး ဒေသခံများက ပြောသည်။

၁၇။ မောင်တောတွင် လူမျိုးပေါင်းစုံမှအမျိုးသမီးများပါဝင်ပြီး အကြမ်းဖက်ခံရမှုပပျောက်ရေး ကမ်ပိန်းပြုလုပ်
December 9, 2021

အမျိုးသမီးများအကြမ်းဖက်ခံရမှုပပျောက်ရေးအတွက် ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ သားငါးစျေးတွင် ယနေ့နံနက်ပိုင်းက လက်ကမ်းစာစောင်များဖြန့်ဝေပြီး ကမ်ပိန်းပြုလုပ်ခဲ့သည်။ အဆိုပါကမ်ပိန်းတွင် မောင်တောမြို့နယ်အတွင်းရှိ ရခိုင်၊ မွတ်ဆ လင်၊ သက်၊ ဒိုင်းနက်၊ မြို၊ ခမီ၊ ဟိန္ဒူ၊ မရာမာကြီး စသည့်လူမျိုးပေါင်းစုံမှ အမျိုးသမီးများက ပါဝင်ဆင်နွဲခဲ့ကြသည်။

မောင်တောမြို့ရှိ တောက်ပသောရောင်ခြည်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ မသန်းရီက “အမျိုးသမီးတွေ အကြမ်းဖက်မှုမခံရ အောင်၊ အမျိုးသမီးတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်လာအောင်လုပ်တာပါ။ ကျွန်မတို့ ဒေသမှာဆိုရင် အမျိုးသမီးတွေက ပိုပြီးတော့ ရုပ်ပိုင်း ဆိုင်ရာအကြမ်းဖက်ခံရမှုတွေရှိနေတယ်”ဟု ပြောသည်။ မောင်တောတွင်ပြုလုပ်ခဲ့သည့် အမျိုးသမီးများအကြမ်းဖက် ခံရမှု ပပျောက်ရေးကမ်ပိန်းကို Women`s Network Rakhine State မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၁၈။ နမ့်ခမ်း အရပ်သား (၁)ဦး သေနတ်ပစ်ခံရ
December 9, 2021

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ မြို့လယ်ဘုရားကျောင်း အနောက်ဘက်တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ဆိုင်ကယ် ကယ်ရီသမား (၁)ဦးကို ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၉)ရက် နေ့လည် (၁)နာရီဝန်းကျင်က မြို့လယ် ဘုရား ကျောင်း အနောက်ရှိ ပင်လုံထိပ်ထား တည်းခိုခန်းကို ကားတစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သွားမှုကြောင့် (မိုင်းဝီး – နမ့်ခမ်း) ဆိုင်ကယ် ကယ်ရီသမား တစ်ဦး ထိခိုက်ခဲ့ကြောင်း နမ့်ခမ်းဒေသခံ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

“အဲ့ တည်းခိုခန်းက TNLA ထဲက အကြီးပိုင်း တစ်ယောက် ပိုင်တယ်လို့ သိရတယ်။ လက်ရှိ ထိခိုက်တဲ့သူတွေ နမ့်ခမ်းဆေးရုံ ကို ပို့ထားတယ်လို့ သိရတယ်” ဟု နမ့်ခမ်းဒေသခံ တစ်ဦးက ပြောသည်။ နမ့်ခမ်းမြို့ပေါ်တွင် ယခုရက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဆပ်ကြေးကောက်ခံမှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။ “ပစ်ခတ်မှုဖြစ်ပြီး နောက်ပိုင်း လမ်းပေါ် လူအသွားအလာနည်းလာတယ်။ ဒီပစ်ခတ်မှုက ဆပ်ကြေးကောက်တာနဲ့လည်း ပတ်သက်မှု ရှိမယ်ထင် တယ်”ဟု နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းတွင်လည်း နမ့်ခမ်းမြို့တွင် အမည် မသိ လက်နက်ကိုင်တပ်ဖွဲ့များမှ ဒေသခံ (၂)ဦးကို ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

၁၉။ ဝါရာဇွပ်ကျေးရွာပိုင် သစ်တောမှ သစ်ထုတ်ယူနေမှုကို အမြန်ရပ်တန့်ရန် ဒေသခံများတောင်းဆို
December 9, 2021

ဖားကန့်မြို့နယ် တနိုင်း လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာ နယ်နမိတ်တွင် ဒေသခံပြည်သူများ၏ သဘောတူညီမှုမရရှိဘဲ လူတစ်စုက သစ်စက်ထောင်ပြီး သစ်ထုတ်လုပ်နေကြကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ကာ ဝါရာဇွပ် ကျေးရွာအနီး ဒေသခံများကိုယ်တိုင်သစ်မခုတ်ရ တားမြစ်ထားသော CF နေရာတွင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ အဖွဲ့ဝင်တစ်ဦး နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၁၄) မှ တာဝန်ရှိသူတစ်ဦးတို့ပူးပေါင်းပြီး သစ် ထုတ်လုပ်နေသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“အခု သူတို့ သစ်စက်ထောင်ပြီး သစ်ထုတ်နေတဲ့နေရာက ဒေသခံတွေရဲ့ CF သတ်မှတ်ထားတဲ့နေရာ ဖြစ်တယ်။ ဒေသခံ အား လုံးနဲ့ သက်ဆိုင်တဲ့နေရာဖြစ်တယ်။ ကျနော်တို့ ဒေသခံတွေကိုယ်တိုင်လည်း အဲ့နေရာမှာ ဘယ်သူမှ သစ်ခုတ်လို့မရအောင် တားမြစ်ထား တယ်။ ဒါကိုသူတို့က အာဏာပါဝါသုံးပြီး သစ်တွေထုတ်ယူနေတာက မကောင်းဘူး။ ဒါကို ဘယ်မှ သဘောမတူကြပါ ဘူး” ဟု ပြောဆိုသည်။ ဒေသခံပြည်သူများ နှစ်ကြာရှည် CF မြေနေရာအဖြစ် သတ်မှတ်ထားသည့် သစ်တောနေရာတွင် သစ်ထုတ်ယူနေ သည့်လုပ်ရပ်ကို အမြန်ရပ်တန့်ပေးစေလိုကြောင်းနှင့် သူကဆက်ဆိုထားသည်။ “သူတို့လုပ်နေတဲ့ ပုံစံက ဒေသခံ တွေကို ဂရုမစိုက်တဲ့ပုံစံ ဖြစ်နေတယ်။ ဒါကို ကျနော်တို့က လက်ခံစရာအကြောင်း မရှိဘူး။ အသုံးလိုလို့ သစ်ထုတ်ယူတယ် ဆိုရင်တောင် လိုတာထက်ပိုနေပြီ။ ဒီနေရာက ကျနော်တို့ ဒေသခံတွေအားလုံးနဲ့ဆိုင်တဲ့ နေရာဖြစ်တဲ့အတွက် ရွာခံတွေကို အသိ ပေးသင့်တယ်။ ရှိတဲ့ အာဏာကို ဗန်းပြပြီး လုပ်ချင်သလို စိတ်ကြိုက်လုပ်လို့မှ မရတာ။ ဒါကြောင့် တောင်းဆိုချင်တာက အမြန် ရပ်တန့်ပေးပါ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိ သစ်ထုတ်လုပ်နေသူတစ်ဦးက သစ်မထုတ်ခင်က ၎င်းထံသို့ အကြောင်းကြားမှုရှိခဲ့ကြောင်း ဝါရာဇွပ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ “သူတို့သစ်ထုတ်ယူဖို့ ဖုန်းနဲ့အကြောင်းကြားလာတာရှိတယ်။ မွေးမြူရေးအတွက် လိုအပ်တဲ့ တဲဆောက်ဖို့ဆိုပြီး ပြောလာတယ်။ ကျနော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားပြီးရင်တော့ ထုတ်ယူဖို့ ပြောလိုက်တယ်။ ဒါပေမယ့် အဲ့ဒီနေရာဘက်မှာ ဒေသခံတွေရဲ့ CF နေရာရှိတယ်။ အဲ့ထဲမှာရှိတဲ့ သစ်တွေကိုတော့ မယူဖို့တော့ ပြောလိုက်တယ်။ ကျနော်လည်း အဲ့ဒီနေရာကို မရောက်သေးတော့ သေချာမသိရသေးဘူး”ဟု ပြောဆိုထားသည်။ ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒို လမ်းမပေါ် ဒေသများတွင် ယခင်ကတည်းက ယုဇနကုမ္ပဏီ နှင့်ဒေသခံများကြား မြေယာပြဿနာရှိနေခဲ့ပြီး ယုဇနကုမ္ပဏီ ထွက်ခွာသွားပြီးနောက်ပိုင်းလည်း ရွှေတူးဖော်မှု၊ သစ်ထုတ်မှု ကိစ္စများဖြင့် ပြဿနာများရှိနေဆဲ ဖြစ်သည်။

၂၀။ စစ်တပ်ဖြိုခွင်းမှုကြောင့် သေဆုံးရသူတွေ အတွက် သံရုံးလေးခု နှင်းဆီပန်းတွေနဲ့ဂုဏ်ပြု
December 10, 2021

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အရပ်သား ဆန္ဒပြပွဲတွေကို စစ်တပ်က ဖြိုခွင်းမှုအတွင်း အသက်ဆုံးရှုံးခဲ့သူတွေကို ရည်စူးပြီး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံရုံး၊ ဒိန်းမတ်သံရုံး၊ ဆွီဒင်သံရုံးနဲ့ ဖင်လန်သံရုံးတွေက ဒီကနေ့မနက်ပိုင်းက နှင်းဆီပန်း ၁၃၂၃ ပွင့် ခင်းကျင်းပြီး ဂုဏ်ပြုခဲ့ပါတယ်။ လူ့အခွင့်အရေးကိုကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့သူ တွေနဲ့ ထိန်းသိမ်းခံထားရသူတွေကို ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ဂုဏ်ပြု တာလို့ သက်ဆိုင်ရာသံရုံးတွေက ထုတ်ပြန်ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောအကျပ်အတည်းနဲ့ အာဏာသိမ်းမှုကိစ္စတွေကြောင့် မညီမျှမှုတွေ သိသိသာသာတိုးလာပြီးအခြေခံ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးရပိုင်ခွင့်တွေ၊ လွတ်လပ်ခွင့်တွေကို များစွာထိခိုက်ရုံတင်မက နိုင်ငံသားတွေရဲ့ စီးပွားရေး၊ လူမှု ရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးတွေပါ ထိခိုက်နေတယ်လို့လည်း အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ မျှော်မှန်းချက်တွေကို ဆက်လက်ထောက်ခံ အားပေးသွား မယ်လို့လည်း နော်ဝေး၊ ဒိန်းမတ်၊ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေက ဆိုပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးဟာ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်ခံကျင့် သုံးနေကြပေမယ့် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးမှာ မညီမျှမှု တွေနဲ့ ချန်လှပ်ထားမှုတွေ ရှိနေဆဲဖြစ် တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် ဆောင်ပုဒ်က “လူသားအားလုံးသည် တန်းတူပင်ဖြစ်သည်” လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

၂၁။ လင်းခေးမြို့နယ်ရှိ ကျေးရွာများ ကိုဗစ်ကူးစက်မှု မြင့်တက်
December 8, 2021

သျှမ်းတောင် လင်းခေးမြို့နယ်အတွင်းရှိ တချို့ကျေးရွာများတွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေကြောင်း သတင်းသိရသည်။ လင်းခေးမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်ကူးစက်မှု လျော့ကျသော်လည်း ကျေးရွာများတွင် အစုလိုက် အပြုံလိုက် ကိုဗစ်ကူး စက်မှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“ဝမ်စလောင်းတို့ နားကုံး ရွာတို့ဘက်မှာ ကူးတာများတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်မှာ ပိုးတွေ့တာ အရမ်းမြင့်တက်လာ တယ်။ မြို့ပေါ်တော့ နည်းတယ်။ တချို့ရွာတွေလည်း နည်းတယ်။ လင်းခေးက အပေါ်ပိုင်းမှာ ကူးတာနည်းပြီး အောက်ပိုင်းမှာ ကူးတာ များတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ လကုန်ပိုင်းက ဝမ်စ လောင်း၊ နားကုံး၊ နမ့်ဆိုင်း ကျေးရွာများတွင် ကိုဗစ်ကူးစက်မှု အစုလိုက် တွေ့ရှိခဲ့တာဖြစ်ပြီး ဝမ်စလောင်းကျေးရွာမှာ တစ်ရက် တည်း ကိုဗစ် ကူးစက်လူနာ ၈၈ ဦးထိ တွေ့ရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။ လင်းခေးမြို့ ပေါ်နှင့် အထက်ပိုင်းရှိကျေးရွာ များတွင် ကိုဗစ် ကူးစက်မှု နည်းပါးသော်လည်း အောက်ပိုင်းရှိ ဝမ်ဟတ်၊ နားကုံး၊ ဝမ်စလောင်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ များတွင် ကိုဗစ်ကူးစက်မှု ရှိနေဆဲဖြစ်ကြောင်း သိရသည်။

“မနေ့က ထပ်စစ်တော့ ဝမ်တိန်းမှာ မတွေ့ပဲ ကွန်ခန် ရွာမှာတော့ ၃ ယောက်ထပ်တွေ့တယ်။ ပြီးတော့ ကွန်းတက် (အတည် ပြုလူနာနှင့် ထိတွေ့ဖူးသူ) တွေဆီကနေလည်း ပိုးထပ်တွေ့တယ်။ စစ်တာ မပြီးသေးဘူး။ ရွာတွေမှာ ကွင်းဆင်းပြီး စစ်ဆေးနေ တုန်းပဲ” ဟု အထက်ပါ ဒေသခံက ပြောသည်။ လင်းခေးမြို့နယ်တွင် (ဒီဇင်ဘာ ၇) က ကိုဗစ် ကူးစက်သူ (၆)ဦး ရှိခဲ့ပြီး ကိုဗစ် ကူးစက်လူနာ စုစုပေါင်း (၁၂၂၀)ဦး၊ သေဆုံးသူ (၈)ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၀၁၁)ဦး ရှိကြောင်း သိရသည်။

၂၂။ ကျောင်းသား ၆၀ ကျော် ကိုဗစ်ပိုးတွေ့သည့် ရှင်ဗွေယန်အထက်တန်းကျောင်းပိတ်ထားမည် မဟုတ်
December 9, 2021

ရှင်ဗွေယန်အထက်တန်းကျောင်း ကျောင်းသား ၆၆ ယောက် ကိုဗစ်ပိုးကူးစက်ခံထားရသည့် တနိုင်းမြို့နယ် ရှင်ဗွေယန် အထက် တန်းကျောင်းကို ပိတ်ထားမည်မဟုတ်ပဲ ကျောင်းဆက်ဖွင့်သွားမည် ဖြစ်ကြောင်းသိရသည်။ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ အထက်တန်းကျောင်းတွင် ဒီဇင်ဘာလ ၇ ရက်နေ့က ကျောင်းဆရာတစ်ဦးထံမှ ကိုဗစ်ပိုး စတင်စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကျောင်းသား/သူ များအား ဆက်လက်စစ်ဆေးခဲ့ရာ ကျောင်းသားကျောင်းသူ ၆၆ ဦး၊ ကျောင်းသားမိဘ ၁၉ အထိ ကိုဗစ်ပိုး ကူးစက် ခံထားရကြောင်းသိရသည်။

သို့သော်လည်း ယင်းစာသင်ကျောင်းကိုပိတ်ထားမည်မဟုတ်ပဲ ကိုဗစ်ပိုးတွေ့ကျောင်းသား ကျောင်းသူများကိုသာ ဘုန်းကြီး ကျောင်း၌ သီးသန့်ထားရှိကာ စာသင်ပေးသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ”ကျောင်းကတော့ မပိတ်ဘူးဒီတိုင်းဆက်ဖွင့်မယ်။ ဘုန်းကြီးကျောင်းမှာ ကွာရန်တင်းစင်တာဖွင့်ပြီးတော့မှ Positive ဖြစ်တဲ့ ကျောင်းသားကျောင်းသူတွေကို အဲ့မှာထားပြီး ပြုစုစောင့်ရှောက်မယ်။ စာလည်းဘုန်းကြီးကျောင်းမှာပဲ ဆက်သင်ပေး သွားမယ်” ဟု ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောင်းသားမိဘများကမူ ကျောင်းကို ၁၀ ရက်ခန့်ပိတ်ထားစေလိုပြီး ပိုးတွေ့သည့် ကျောင်းသားကျောင်းသူများ ကိုဗစ်ပိုးကင်း စင်ပြီးမှသာ ကျောင်းပြန်ဖွင့်ပေးစေလိုကြောင်း ပြောဆိုနေကြသည်။ ”ဒီနေ့လည်း ကျောင်းသားကျောင်းသူတွေကို ထပ်စစ် တယ်။ ထပ်တွေ့တယ်လို့သိရတယ်။ ဒါကြောင့်ဘာဖြစ်ဖြစ် ကျောင်းကို တစ်ပတ်ဆယ်ရက်တော့ပိတ်ရင် ကောင်းမယ်လို့ ထင် တယ် မဟုတ်ရင်ဒီထက်ပိုဆိုးလာဖို့ပဲ ရှိမယ်လေး” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။ အဆိုပါ ရှင်ဗွေယန် အထက် တန်းကျောင်းသည် ရှင်ဗွေယန်မြို့ အမှတ် ၂ ရပ်ကွက်တွင်ရှိပြီး လတ်တလောကျောင်းတက်နေသည့် ကျောင်းသားကျောင်းသူ ၈၀၀ ကျော်ရှိကြောင်း သိရသည်။

၂၃။ ပြည်သူ့ကျန်းမာရေးကာကွယ်စောင့်ရှောက်ကြရန် KNU ခရိုင်ကျန်းမာရေးဌာန တိုက်တွန်း
December 10, 2021

KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်တွင် ဒီဇင်ဘာလ ၉ရက်နေ့က ပြုလုပ်ခဲ့သည့် လူထု ကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲတွင် ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို ကာကွယ် စောင့်ရှောက် ကြရန် ခရိုင်ကျန်းမာရေးဌာန တာဝန်ရှိသူက တိုက်တွန်းပြောဆိုသည်။ ပထမဦးဆုံးအ ကြိမ် ဖွင့်လှစ်လိုက်သည့် ၎င်းသင်တန်း တွင် ကျေးရွာအသီးသီးမှ ဒေသခံများ၏ ကျန်းမာရေးလိုအပ်ချက် များကို ပိုမိုစောင့်ရှောက်ကူညီပေးနိုင်ရန်၊ ကျန်းမာရေးအသိ ပညာများ သိရှိနားလည်စေရန်နှင့် ပြည်သူများ၏ကျန်းမာ ရေး ကာကွယ်စောင့်ရှောက်နိုင်ရန် သင်တန်းအား ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်သည်ဟု သင်တန်းတာဝန်ခံ ဆရာစောလား ထော်သောက ကေအိုင်စီသို့ ပြောသည်။

“ရပ်ရွာတွေမှာ အများအားဖြင့် ကျန်းမာရေးပြုစု စောင့်ရှောက်သူတွေနည်းတော့ အားဖြည့်တင်းပေးဖို့ လိုအပ်တယ်ပေါ့ နော်။ ကျန်းမာရေးအသိပညာပေးတဲ့အပိုင်းနဲ့ ကုသမှုအပိုင်းခွဲပြီး သင်ပေးပါတယ်။ ဒီသင်တန်းပြီးတော့ ရပ်ရွာလူထုတွေရဲ့ ကျန်းမာ ရေးကဏ္ဍတွေ ယခင်ထက် ပိုမိုလုပ်ဆောင်လာနိုင်မယ်လို့ မျော်လင့်ထားပါတယ်။ လူထုကျန်းမာရေးတွေ ကာကွယ်စောင့် ရှောက်ပေးကြဖို့ ပြောချင်တယ်။”ဟု တာဝန်ခံ ဆရာစောလားထော်သောက ဒီဇင်ဘာလ ၉ရက်နေ့က တိုက်တွန်းပြောဆို သည်။ အဆိုပါ လူထုကျန်းမာရေးလုပ်သားသင်တန်းကို ကျေးရွာအသီးသီးမှ သင်တန်းသူ၊ သင်တန်းသားဦးရေ ၃ဝကျော် တက် ရောက်သင်ယူခဲ့ကြပြီး ကရင့်ကျန်းမာရေးဌာနဆရာများက သင်တန်းကာလ ကြာမြင့်ချိန် ၆ လ သင်ကြားပေးသွားခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

သင်တန်းသား စောကျော်ဖောင်က “ကျနော်တို့ဒေသမှာ ကျန်းမာရေးလုပ်သားနည်းတော့ အချို့အသက်မသေသင့်ဘဲ ဆုံးရှုံးခဲ့ရ တာတွေ မြင်ခဲ့ရတယ်။ သူတို့တွေကို ကူညီကယ်ဆယ်ချင်လို့ ဒီသင်တန်းကို တက်ရောက်ဖြစ်သွားတာပါ။ သင် တန်းမှာ ကျန်းမာရေး အသိပညာပေးမှုအပိုင်းနဲ့ ကာကွယ်ကုသရေးဆိုပြီး အများကြီး သင်ယူခွင့်ရခဲ့တယ်။ ဆရာတွေရဲ့ စီမံချမယ့်နေရာ မှာ လူမျိုးဘာသာမရွေး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမယ်။”ဟု သင်တန်းဆင်းပွဲ အခမ်းအနား တွင် ကေအိုင်စီသို့ ပြောသည်။

၂၄။ နောင်ချို အငှားမြေငှားရမ်းလုပ်သူ မြေသိမ်းရန် ကြိုးစားနေ
December 9, 2021

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာတွင် မြေ ငှားရမ်းစိုက်ပျိုးသူ တချို့ မြေယာသိမ်းရန် ကြိုးစားနေကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာပိုင်မြေကို ဒေသခံနှင့် သံဃာတော်များက မြေယာ အငှားချပေးခဲ့ရာ ထိုမြေ ငှားမှ မြေယာပိုင်ဆိုင်ရန် ကြိုးစားနေကြောင်း ဒိုးပင်ကျေးရွာ ဒေသခံနှင့် ဆရာတော်က ပြောဆိုသည်။ “အစက မြေယာမှာ သီးနှံ စိုက်ပျိုးခွင့် (၁၀)နှစ် ငှားပေးတယ်။ ဒါပေမယ့် ကျနော်တို့က နှစ်ရှည်ပင်တွေ စိုက်ခွင့်မပေးထားဘူး။ နောက် အခု သူက မြေယာ ပိုင်ဆိုင်ဖို့ လုပ်နေတယ်။ ဒါကို ကျနော်တို့ စိတ်ပူနေရတယ်” ဟု ဒိုးပင်ကျေးရွာမှ ဦးဇင်းတစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။

လက်ရှိ ဒိုးပင်ကျေးရွာပိုင်မြေယာ အငှားလုပ်ကိုင်နေသည့် သူ နှင့် ဒိုးပင်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး မြေယာပုံစံ (၇) ပြုလုပ်နေကာ ဒေသခံများကို လာရောက်လက်မှတ်ရေးထိုးခိုင်းနေကြောင်းလည်း ဒိုးပင်ကျေးရွာ မှ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

၂၅။ မြောက်ဦးတွင် စပါးရိတ်သိမ်းစက် ၂ လုံး မီးရှို့ခံရ၊ ကျပ်သိန်း ၁၂၀၀ ခန့် ဆုံးရှုံး
December 10, 2021

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာတွင် ပြီးခဲ့သော ဒီဇင်ဘာ ၈ ရက်နေ့ ညည့်အချိန်က စပါးရိတ်သိမ်းစက် ၂ လုံး မီးရှို့ခံရပြီး ကျပ်သိန်း ၁၂၀၀ ခန့် ဆုံးရှုံးသွားခဲ့သည်။ မီးလောင်ဆုံးရှုံးသွားသော စက်နှစ်လုံးမှာ စက်မှုလယ်ယာမှ ငှားရမ်း ထားသော စက်တစ်လုံးနှင့် အောက်သားကန်ကျေးရွာမှ ကိုသိန်းထွန်းလှ၏ စက်တစ်လုံးဖြစ်ကြောင်း သိရှိရသည်။

ကိုသိန်းထွန်းလှ က“ ကျနော်တို့ အဲနေ့က ညည့် ၁၂ နာရီကျော်အောင်အထိ ရိတ်သိမ်းခဲ့ပါသေးတယ်။ စက်ကိုသန့်ရှင်းရေးလုပ် ပြီးတော့ ကျနော်တို့ ရွာထဲကို ဝင်သွားကြတယ်။ ပေါ့ဆမီးလောင်တာတော့မဟုတ်ဘူး။ မီးရှိုးသွားတာပါ။ တကယ်လို့ ပေါ့ဆမီး ဆိုရင် အဲနားမှာ စပါးပုံတွေ လယ်ကွင်းတွေရှိတယ်။ စပါးပုံတို့ လောင်မသွားဘူး။ စက်တစ်လုံးနဲ့တစ်လုံးလည်း အဝေးကြီးထား ခဲ့ တာ”ဟု ပြောသည်။ အဆိုပါစက်နှစ်လုံးမှာ cubota စက်အမျိုးအစားဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် စက်တစ်လုံးလျှင် ကျပ် သိန်း ၆၀၀ ကျော်ထိရှိကာ ယခုမီးလောင်ဆုံးရှုံးသွားသော စက်များအား ပြန်လည်အသုံးပြု မရတော့ကြောင်း သူကပြောသည်။

စက်မှုလယ်ယာဌာနမှ ငှားရမ်းထားသော စက်အား လျော်ကြေးပေးရမည်ဆိုလျှင်လည်း လျော်ကြေးပေးနိုင်သော အနေအထား မရှိဟု သူကဆက်ပြောသည်။ “ စက်မှုလယ်ယာက ငှားရမ်းထားတဲ့ စက်အတွက်လည်း လျော်ကြေးမပေးနိုင်တော့ဘူး။ ကျနော် တို့ မှာ ပေးနိုင်တဲ့အနေအထားလည်း မရှိတော့ဘူး။ ကျနော်မှာလည်း ဆုံးရှုံးမှုတွေအများကြီးဖြစ်သွားပြီ” လို့ သူကပြောသည်။ ထိုမီးရှို့မှုအားမည်သူမည်ဝါရှို့သည်ကို မသိရသေးရဘဲ ဖြစ်စဉ်နှင့်ပတ်သတ်၍ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA သို့ တိုင်းကြား ထားကြောင်း ကာယကံရှင် ပြောသည်။ ယခုမီးလောင်သော နေရာသည် ထိပ်ဝပြင်ကျေးရွာရဲ့အရှေ့ဖက်မှာရှိပြီး ၎င်းနေရာတွင် ကိုသိန်းထွန်းလှ စပါးရိတ်သိမ်းလာသည်မှာ ၅ နှစ်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

၂၆။ PDF နှင့်ပတ်သက်သူများကိုစုံစမ်းပေးပါက မြေကွက်ပေးမည်ဟု စစ်မူထမ်းဟောင်းများကို စစ်ကောင်စီညွန်ကြား
December 9, 2021

ဗန်းမော်မြို့အတွင်းရှိ ပင်စင်ယူထားသည့် စစ်မူထမ်းဟောင်းများအနေဖြင့် ရပ်ကွက်အတွင်းရှိ PDF နှင့်ပတ်သက်သည့် စာရင်း များကို သတင်းပေးပို့ပါက မြေယာပေးမည်ဟု စစ်ကောင်စီမှ ဖုန်းဖြင့်ညွှန်ကြားနေကြောင်း ဒေသခံများထံမှ သိရသည်။ ” ဖုန်း တွေလိုက်ဆက်ပြီးပြောတာတဲ့ PDF နဲ့ ဆက်နွယ်တဲ့သူတွေ ပြီးတော့ စစ်ကောင်စီကို တော်လှန်တဲ့သူ‌တွေရဲ့သတင်းတွေ သူတို့ ဆီကို ပို့ပေးရင် မြေကွက်တွေပေးမယ်လို့ ပြောတယ်” ဟု ‌အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဗန်းမော်မြို့အတွင်း PDF နဲ့ ချိတ်ဆက်သည်ဟု ယူဆသူများအား လိုက်လံဖမ်းဆီးမူများ ပိုမိုလုပ်ဆောင်နေ သဖြင့် တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ ၉ ဦး ထက်မနည်းရှိပြီဟုသိရသည်။ ထို့အပြင် ဗန်းမော်မြို့ ရပ်ကွက်များတွင် စစ်ကောင် စီတပ်သည် အရပ်ဝတ်ဖြင့် သတင်းစုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများပြောသည်။ ‘ခုကြားရတာတော့ တစ်ချို့တွေ က သူတောင်းစား ယောင်ဆောင်ပြီး သတင်းယူတာမျိုး အရပ်ဝတ်နဲ့ သတင်းယူတာမျိုး‌တွေ လုပ်နေတယ်လို့ သိရတယ်။ အဲကြောင့်ထင်တယ် ဖမ်းခံရတဲ့သူကလည်း ပိုများလာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဗန်းမော်မြို့သည် ဧရာဝတီမြစ် ကမ်းဘေးတွင်တည်ရှိပြီး ပြီးခဲ့သည့်လပိုင်းများက မြို့တွင်းပေါက်ကွဲမှုများကို လုပ်ဆောင်ခဲ့ကြောင်း PDF သတင်း စာမျက်နှာ များက ထုတ်ပြန်ချက် ထုတ်ခဲ့သည်။

၂၇။ နိုင်ငံတစ်ဝန်း အသံတိတ်ငြိမ်သက်သပိတ်ပြုလုပ်
December 10, 2021

ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတစ်ဝန်းက ပြည်သူတွေဟာ အပြင်မထွက်ဘဲ အသံတိတ်ငြိမ်သက်သပိတ် ကို ဒီနေ့ မနက်က စပြီးပြုလုပ်နေကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး အခြေအနေတွေအပြင် စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ အပြင် မထွက်ဘဲ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ငြိမ်သက်သပိတ်ကိုပြုလုပ်ဖို့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေ က နှိုးဆော်ထားကြတာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ဒီလှုပ်ရှားမှုမှာမပါဝင်ဘဲ ပုံမှန်အတိုင်းသွားလာကြဖို့ မြို့အချို့မှာ မနေ့က လော်စပီကာ တွေနဲ့ လိုက်လံ ကြေညာခဲ့ပေမ,ယ့် ပြည်သူတွေကတော့ ဒီနေ့မှာဈေးဆိုင်တွေကို မဖွင့်ဘဲ ပိတ်ထားတာ၊ လမ်းတွေပေါ်မှာ သွားလာတာ မလုပ် ဘဲ အသံတိတ်ငြိမ်သက်သပိတ်ကို ပြုလုပ်နေကြတာပါ။ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးကလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ကစပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရသူတွေ၊ ထိန်းသိမ်းခံထားရသူတွေကို ဒီနေ့ဂုဏ်ပြု ရင်း အရပ်သားတွေရဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်ကဖြိုခွင်းလို့ အသက်ဆုံးရှုံးခဲ့ရသူတွေကို ရည်စူးပြီး နှင်းဆီပန်း ၁၃၂၃ ပွင့်ကို ခင်းကျင်းခဲ့တယ်လို့ ဒီနေ့ မနက်က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါအကျပ်အတည်းနဲ့ အာဏာသိမ်းမှုတွေကြောင့် နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့် တွေ၊ လွတ်လပ်ခွင့်တွေကို ထိခိုက်ရုံသာမကဘဲ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေ လွန်စွာထိခိုက်ခဲ့ရတယ်လို့လည်း နော်ဝေသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံရလို့ သေဆုံးခဲ့ရသူတွေ အတွက် ဝမ်းနည်းခြင်း အသံတိတ်သပိတ်ကို နိုင်ငံတစ်ဝန်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

၂၈။ အာရှနေဝင်း ဆောက်လုပ်‌ရေးကုမ္ပဏီမှ လုပ်အားခငွေပေးချေမှုမရှိ၍ အလုပ်သမားများအခက်ကြုံ
December 10, 2021

ရခိုင်ပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီတစ်ခုဖြစ်သည့် “အာရှနေဝင်း” ဆောက်လုပ်ရေးကုမ္ပဏီမှ တောင်ကုတ်မြို့ မအီမြို့နယ်ရှိ အစိုးရအဆောက်အဦးတစ်ခု ဆောက်လုပ်ရာတွင် ၎င်းနှင့်ဆက်စပ်လုပ်ကိုင်သည့် အလုပ်သမားများအား အချိန် ကြာမြင့်သည့်တိုင် ငွေပေးချေမှုမရှိ၍ အခက်ကြုံနေကြရသည်ဟု အလုပ်သမားများ က ပြောသည်။ အဆောက်အဦးမှာ မအီမြို့ ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ ဝန်ထမ်းအိမ်ရာဖြစ်ပြီး ကျပ်သန်း ၃၉.၆၀၀ တန်ကြေးရှိ အဆိုပါအဆောက်အဦးကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၁ ခုနှစ် ဇွန် လ ၁၅ ရက်နေ့မှ စတင်၍ ဆောက်လုပ်နေခြင်းဖြစ်သည်။ လုပ်ငန်းပိုင်ရှင်မှ ရရှိ မည့်လုပ်အားခငွေ သိန်း ၃၀ ကျော်ထဲမှ လက်ရှိနေထိုင်စားသောက်ရန် ၅ သိန်းခန့်လောက် တောင်းခံခဲ့သည်ကိုပင် တစ်စုံ တစ်ရာပြောဆိုခြင်းမရှိဘဲ ရှောင်ထွက်နေကြောင်းအဆိုပါဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရေးတွင် လုပ်ကိုင်နေသည့် ဦးကျော်စိန် က ပြောသည်။

“ရမယ့်ငွေတွေ သိန်း ၃၀ ကျော်ထဲက အလုပ်သမားတွေ စားသောက်ဖို့ အတွက် ၅ သိန်းလောက်ပဲထုတ်ပေးဖို့ ပြောတာတောင် မရခဲ့ဘူး။ အကျိုးအကြောင်းလည်း ဘာမှမပြောဘဲ ရှောင်ထွက်သွားတယ်။ အလုပ်လုပ်နေရင်း ပစ္စည်းပြတ်တယ်။ ပိုက်ဆံထုတ် မပေးတော့ အလုပ်သမားတွေ ထမင်းငတ်တဲ့ အခြေနေမျိုးတွေရှိလာတယ်။ ခုလိုမျိုး ရမယ့်ငွေတွေ အချိန်ကြာတဲ့အထိမရ တော့ အဆင်မပြေဘူး။ ကျနော်မှာရော ကျနော်နဲ့လိုက်ပါလာတဲ့အလုပ်သမားတွေမှာရော မိသားစု စားဝတ်နေရေးဆိုတာ ရှိ သေးတယ်လေ” ဟုပြောသည်။ ငွေတောင်းသည့် အချိန်တိုင်း ရက်ချိန်းသာပေးတတ်ပြီး လုပ်ငန်းအတွက် ၆ လပိုင်း ၇ ရက်နေ့ က ရောင်းချလိုက်သည့် သဲကျောက်ဖိုးငွေ ၁၀ သိန်းကျော်မှာ ၆ လကြာသည်အထိမရရှိသေးကြောင်း ပစ္စည်းရောင်းရသည့် ငွေ နှင့် တစ်ဖန်လည်ပတ်နေရသည့်အတွက် ငွေမရသည်မှာ အလွန်အခက်ခဲဖြစ်ရသည်ဟု မအီမြို့ အမှတ်(၂) ရပ်ကွက်မှ သဲ၊ ကျောက် ရောင်းသူ ဒေါ်နီနီ က ပြောသည်။

“အခုလောလောဆယ် အဆောက်အဦးကပြဿနာတက်နေလို့ ငွေကထုတ်မရဘူးဖြစ်နေလို့ပါ။ လုပ်တာလေးတွေနည်းနည်း လွဲသွားလို့ ပြန်ပြီးတွက်ချနေရလို့ပါ။ အဆောက်အဦးက ကျတဲ့ငွေနဲ့ လုပ်ရတဲ့အလုပ်က မကာမိဘူး။ အခုကျနော်ပြည်နယ်ရုံးကို တင်ပြထားပါတယ်။ ငွေထုတ်လို့ရဖို့လည်း ကြိုးစားနေပါတယ်။ ရတာနဲ့ ကျနော်အကုန်လုံးကို ခေါ်ပြီးရှင်းပေးမှာပါ” ဟု ပြောသည်။ ကန်ထရိုက်တာများတွင် ငွေထုတ်ယူမှု၌ ဘဏ်အခက်ခဲရှိသည်ဆိုသော်လည်း လုပ်ငန်းတွင် လုပ်ကိုင်နေသည့် အလုပ်သမားများကို အဆင်ပြေအောင်လုပ်ပေးရမည်ဖြစ်သည်ဟု လိုင်စင်ရကန်ထရိုက်တာများအသင်းရုံးမှ ရုံးအုပ်ကြီး ဦးမိုးကျော်သူ မှ ပြောသည်။ အာရှနေဝင်းလုပ်ငန်းမှ ငွေကြေးရရန်ရှိသူများမှာ အဆောက်အဦးဆောက်လုပ်နေသည့် လက် သမား၊ ပန်းရံ အလုပ်သမားများ၊ အုတ်၊ သဲ၊ ကျောက် ရောင်းသည့်သူများနှင့် တစ်ခြားလုပ်ငန်းနှင့် ဆက်စပ်၍ ငွေကြေးချေး ထားသည့်သူများဖြစ်သည်ဟု ငွေရရန်ရှိသည့် သူများကပြောသည်။

၂၉။ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကြောင့် တိုင်ပွဲများအချိန်မရွေးဖြစ်လာနိုင်၍ ပြည်သူများ စစ်ရေးသတိရှိရန် ULA/AA ကထုတ်ပြန်
December 10, 2021

ယခုရက်ပိုင်းအတွင်းတွင် စစ်ကောင်စီတပ်မှ နယ်မြေစိုးမိုးရေးအတွက်‌ ကျေးရွာများအတွင်းသွားလာကာ စစ်ရေးလှုပ်ရှား မှုများပြုလုပ်နေခြင်း၊ တပ်အပြောင်းအရွေ့များ ဆက်တိုက်လုပ်ဆောင်နေခြင်းကို ရက္ခိုင့်တပ်တော် အနေဖြင့် စောင့်ကြည့် လျက်ရှိကာ နှစ်ဖက်တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေး သတိရှိရန် ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ULA မှ ထုတ်ပြန်လိုက်သည်။ ထုတ်ပြန်ချက်တွင် သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲကျင်းပရန်စီစဉ်နေမှုတွင် စစ်ကောင်စီမှ လမ်းပြုပြင်ရေး လုံခြုံရေးအကြောင်းပြကာ ဝင်ရောက်ခြယ်လှယ်မှုများဆက်လက်ရှိနေပါက ဘုရားပွဲသို့ သွားရောက်ကြမည့် မိဘပြည်သူများ ဆင်ခြင်သုံးသပ်ကြရန်လည်း အကြံပြုထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များမှ ကျေးရွာတွင်းဝင်ရောက်မှု၊ ပြည်သူများ၏ အခြေခံလိုအပ်ချက်စားသောက် ကုန်ပစ္စည်း များနှင့် နေ့စဉ်ဘဝအတွက် လိုအပ်ချက်ရှိသည်များကို သယ်ယူပို့ဆောင်ရေးလုပ်မှုများကို တားမြစ်ပိတ်ပင်ခြင်း၊ ရန်စ သော အပြုမှုများကို လုပ်ဆောင်ခြင်းတို့ကြောင့် နှစ်ဖက်တင်းမာမှုကို မြင့်တက်စေပြီး တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင် သည့် အနေအထားသို့ ရောက်ရှိနေသည်ဟု ရေးသားဖော်ပြထားသည်။

၃၀။ ပင်လုံ – ဟိုပုံး ကားလမ်းသစ်ဘေး ဘိန်းစိုက်ခင်းရှိနေ
December 9, 2021

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ နဲ့ ဟိုပုံးမြို့ကို ဆက်သွယ်ထားသည့် လမ်းကြောင်းအသစ် လမ်းမကြီးဘေးတွင် ဘိန်းစိုက်ခင်း များရှိနေကြောင်း စုံစမ်းသိရသည်။ ဘိန်းစိုက်ခင်းကို လမ်းမကြီး ဘေးတွင် စိုက်ပျိုးထားခြင်းကို တစ်ကြိမ်တစ်ခါမျှ မတွေ့ရှိ ဖူးကြောင်း၊ ထိုကဲ့သို့ တွင်ကျယ်စွာ စိုက်ပျိုးနေသည့်အပေါ် အံ့ဩမိကြောင်း ၎င်းလမ်းကြောင်းကို သွားခဲ့ဖူးသည့် အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပင်လုံက ပန်မုံကျောင်းဘက်ကနေသွားရင် ရောက်တယ်။ ၁၅ မိနစ်၊ ၂၀ မိနစ် လောက်တော့ မောင်းရတယ်။ အဲ့ဒါက ပင်လုံ – တောင်ကြီး လမ်းအသစ်။ ဟိုပုံးကို ထမ်းစမ်းဂူနားအထိရောက်တယ်။ လမ်းကတော့ကောင်းတယ်။ ဘေးမှာလည်း ပန်းခင်း၊ ဘိန်းခြံတွေလည်းရှိနေတာပေါ့” ဟု ထိုလမ်းသွားလာခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကောင်စီ အစိုးရလက်ထက် တွင် လမ်းဘေးထိ ဘိန်းပင်စိုက်ပျိုးခြင်းသည် လွတ်လပ်စွာ စိုက်ပျိုးခွင့်ရသည့် သဘောဖြစ်နေကြောင်း၊ ယခင်တွင် ဘိန်းခင်းကို တောတောင် လမ်းပန်းဆက်သွယ်ရေး သွားလာခက်ခဲသည့်နေရာတွင်သာ စိုက်ပျိုးကြကြောင်းလည်း ဟိုပုံးမြို့နေ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီတွေ တက်ပြီး အုပ်ချုပ်တော့ စီးပွားရေးတွေလည်း မကောင်းဘူး။ စားဝတ်နေရေးလည်း ခက်ခဲလာတယ်။ ဘိန်း တွေလည်း လွတ်လွတ်လပ်လပ် စိုက်ပျိုးခွင့်ရလာနိုင်တဲ့ အခြေနေရှိပါတယ်။” ဟု အထက်ပါ အမျိုးသားက ဆိုသည်။ ထို ပင်လုံ – တောင်ကြီးလမ်းအသစ်ကို ယခု ၂၀၂၁ နှစ်လယ်ပိုင်းက စပြီးသွားလာသူ များပြားလာကြောင်း သိရသည်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button