တိုင်းရင်းသားများသတင်း

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

(No. 102 , June 1, 2021)

 

၁။ ရွှေကူ နှင့် ဟူးကောင်းဒေသ KIA နယ်မြေတွင် အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်
31 May 2021

ရွှေကူမြို့နယ်နှင့် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်လေယာဉ်ဖြင့် မေလ ၃၁ ရက်‌နေ့ ညနေ ပိုင်း ၄နာရီခွဲအချိန်တွင် တစ်ပြိုင်တည်း နေရာ ၂ ခုတွင် ဗုံးကြဲတိုက်နေကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားသယ် သင်္ဘောမကြာခဏပစ်ခံရသည့် မင်းကျောင်းကုန်းနှင့် သာယာ ကုန်းကျေးရွာကြားရှိ KIA တပ်စခန်းကို ဗုံးလာကြဲသွားသည်ဟု ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ သည်။ ရွှေကူမြို့နယ်တွင် စစ်တပ်၏ စစ်အင်အားသယ်ယာဉ် သင်္ဘောကို KIA က မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများပြု လုပ်နေသည်မှာ ၅ ကြိမ်ထက်နည်းရှိပြီ ဖြစ်သည်။ ထိုနည်းတူ တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်ရှိ ဖားကန့်မြို့နယ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာအနီးရှိသော လောဒ်ဂျာ KIA စခန်းအနီးကိုလည်း အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ်ဖြင့် ၃ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြည်နယ်အနှံ တိုက်ပွဲ ဖြစ်ပွား နေဆဲဖြစ်သည်။

၂။ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက် အသေအပျောက်များရှိ
May 31, 2021

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် နမ့်ဖက်ကာရှိ စစ်ကောင်စီ တပ်စခန်းများသည် ယနေ့ (မေ ၃၁)ရက် မနက်(၁)နာရီ တွင် တိုက်ခိုက်ခံရပြီး ဒုတပ်ရင်မှူး အပါအဝင် တပ်သား ( ၁၁)ဦး သေဆုံးခဲ့ပြီး၊ လက်နက်များ သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။ မနက် (၁)နာရီ မှ မနက် (၄)နာရီအထိ စစ်ကောင်စီ အုပ်စု နှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့ ဖြစ်သည့် တအာင်း (ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA)၊ကိုးကန့် (MNDAA) နှင့် ရခိုင်တပ်မတော် (AA) တို့ ပူးပေါင်း တိုက်ခိုက်မှုခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စစ်ကောင်စီ ဘက်မှ ဒုတပ်ရင်းမှူး တစ်ဦးအပါအဝင် (၁၁) ဦး သေဆုံးကာ၊ (၁၅)ဦးပျောက်ဆုံးနေကြောင်း၊ စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း မြေပြင်သတင်း အရ သိရသည်။

“လက်နက်ကြီးတွေ ပစ်ကြတယ်။ ကျမတို့တော့ ဗုံးခိုကျင်းထဲ ပုန်းနေရတယ်။ လက်နက်ကြီး ၂ လုံး ကျတယ်။ တစ်လုံး တော့ ပေါက်သွားတယ်။ အိမ်တစ်အိမ်ထိသွားတယ်။ပြီးတော့ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ သူ တံခါးသွားပိတ် တော့ ရှထိသွားတာ။ ဆေးခန်းသွားပြပြီး ခုအိမ်ပြန်ရောက်ပါပြီ။” ဟု နမ့်ဖတ်ကာ ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။ မနက်ပိုင်း ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီ အုပ်စု ဖြစ်ပွားသည့် တိုက်ပွဲ အကြောင်းကို TNLA မှ ပြော ရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော် က “ အောက်ခြေ သတင်းအချက်အလက် ကို ကျနော်မသိရသေးဘူး။ ကျနော်လည်း သတင်းပဲကြားရသေးတယ်။ အသေးစိတ်ကို မသိရသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ညီနောင်မဟာမိတ် တပ်ဖွဲ့ နှင့် စစ်ကောင်စီ တို့ လှုပ်ရှားသည့်နေရာသာဖြစ်ကြောင်း လည်း ဗိုလ်မှူး မိုင်းအိုက်ကျော် က ထပ်လောင်းပြောသည်။ ကွက်ခိုင်မြို့နယ်တွင် မေ (၃၀)ရက် တွင်လည်း မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီ အုပ်စုတို့တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

၃။ သံလွင်မြစ်ကမ်းတလျှောက် စစ်ရှောင်ကရင်ဒုက္ခသည်ထောင်သောင်းချီ အကူအညီ လိုအပ်နေ
31 May, 2021

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်း တလျှောက်မှာ စစ်ဘေးရှောင် ကရင်ဒုက္ခသည်တွေ ထောင်သောင်းချီ ရောက်ရှိနေပြီး အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး ဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒီအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ ထိုင်းစစ်တပ်ကို တက်ကြွ လှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ ၃ လတာကာလအတွင်း ဒေသတွင်း တိုက်ပွဲတွေကြောင့် လူပေါင်း ၇၀၀၀၀ လောက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (ကေအက်စ်ပီအန်) က ဆိုပါတယ်။

ကေအက်စ်ပီအန်က ပြောရေးဆိုခွင့်ရ တက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ နော်ဝါးခူရှီက လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် စစ်တပ်ရဲ့ အပြင်းအထန် ပစ်ခတ်မှုတွေကြောင့် နယ်စပ်တလျှောက် ကျေးရွာ ၄၃ ရွာက အနည်းဆုံးပြည်သူ ၇၆၀၀ လောက် နေ ရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ အများစုဟာ တောထဲမှာ ပုန်းအောင်းနေထိုင်ကြရပြီး လူပေါင်း ၅၅၀၀ နီးပါးကတော့ ဘေးကင်းလုံခြုံမှု ရှာဖွေဖို့ ထိုင်းနိုင်ငံဘက်ကို ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားနေကြတယ်လို့ သူက ပြောပါတယ်။ ထိုင်းစစ်တပ်ဟာ ဒုက္ခသည်တွေအပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ ဝါးခူရှီက ပြောပါတယ်။“ဒုက္ခသည်တွေ အများစုက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကလေး သူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဖြစ်ပြီး တချို့ဆို တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာတွေ ရရှိ ထားကြပါတယ်။ အစား အစာ၊ ဆေးဝါး၊ အမိုးအကာ၊ တကိုယ်ရေသန့်ရှင်းရေးနဲ့ ရေစတဲ့ အရာတွေ အရေးတကြီး လိုအပ်နေပါတယ်။ ရွာသားတွေ အနေနဲ့ ဒီရာသီမှာ စပါးမစိုက် နိုင်တော့ဘူးဆိုရင် အခြေအနေ တွေက ပိုပြီးတော့ ဆိုးဝါးလာပါလိမ့်မယ်”ထိုင်းအစိုးရအနေနဲ့ ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့အပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဖြန့်ဝေခွင့်ပြုဖို့ တောင်းဆိုပါတယ်။

မြန်မာနိုင်ငံအပေါ်လက်နက်တင်ပို့မှုပိတ်ပင်ထားဖို့နဲ့ စစ်အစိုးရအတွက် စီးပွားရေးပံ့ပိုးမှုပုံစံအားလုံးကို ဖြတ်တောက်ကြဖို့ လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆို ထားပါတယ်။The Border Consortium အဖွဲ့ရဲ့ အမှူဆောင် ညွှန်ကြား ရေးမှူး ဆယ်လီသွန်ပ်ဆင်ကတော့ မြန်မာနိုင်ငံက ဒုက္ခသည်တွေရဲ့ ပြဿနာဟာ ပြည်တွင်းရေးသက်သက်သာ မဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဒေသတွင်း ပြဿနာတခုအနေနဲ့ ဖြေရှင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

၄။ သျှမ်းမြောက်တိုက်ပွဲမရပ်တန့်ပါက ပြည်သူများ နောင်နှစ် စားဝတ်နေရေး ပိုခက်ခဲလာနိုင်
May 31, 2021

သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲမရပ်တန့်ပါက နောင်နှစ်အတွက် ပြည်သူများ စားဝတ်နေရေး ပိုခက်ခဲလာနိုင်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင် (၅၀၀၀ )ကျော်သည် သျှမ်းမြောက် ကျောက်မဲမြို့နယ်၊ နမ္မတူမြိုု့နယ်နှင့် သီပေါမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်ပွားမှု ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် သူများဖြစ်သည်။ ယခုကာလသည် စိုက်ပျိုးရေး လုပ်ရမည့်ရာသီချိန်ဖြစ်သဖြင့် တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် တိုက်ပွဲများရပ်တန့်ပေးရန်၊ မိုင်းများရှင်းလင်းပေးရန် နှင့် ဖမ်းဆီးခံထားရသည့် ပြည်သူများကို ပြန်လွှတ်ပေးရန် စစ်ဘေးရှောင်(၅၀၀၀)ကျော် က ယနေ့ (မေ ၃၁)ရက်စွဲဖြင့် စာထုတ်တောင်းဆိုထားကြသည်။

“ ဒီချိန်လယ်ယာပြန်မလုပ်ရရင် အခက်ခဲတွေအများကြီးရှိလာနိုင်တယ်။ ပုံမှန်ဆို ဒီချိန်က ပြောင်းဖူး၊ မြေပဲ၊ စပါးတွေ စိုက် နေရပြီးလေ။ ဒီနှစ်က သူတို့တိုက်ပွဲတွေကြောင့် ကျမတို့ ပြည်သူတွေ နေအိမ်ကိုမပြန်နိုင်သေးဘူး။ စစ်ဘေးရှောင် လာတာ ၂ လကျော်လာပြီ။ အလုပ်သွားလုပ်ရင်လည်း မိုင်းနင်းမိမှာကြောက်ရတယ်”ဟု နမ္မတူမြို့နယ် ပန်လုံးကျေးရွာ စစ်ဘေး ရှောင် ပြည်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ မြေမြုပ်မိုင်းကြောင့် ပြည်သူများ ခြံ၊လယ်ယာမြေများကို သွားရာတွင် မိုင်းနင်းမိပြီး သေဆုံးသူ (၄) ဦးရှိပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၃) ဦးရှိကြောင်း၊ ထို့အပြင် ကျွဲ၊နွားများပါ မိုင်းနင်းမိပြီး သေ ဆုံးခဲ့ရကြောင်း နမ္မတူမြို့နယ် မန်စံကျေးရွာတွင် နေထိုင်သူသည့် အမျိုးသား တစ်ဦးက ပြောသည်။ “ ကျွဲ၊နွားတွေ မိုင်းနင်း မိလို့သေတာလည်း ရှိတယ်။ ဘယ်နှကောင်သေသွားလဲ ဘယ်လောက်ရှိလဲတော့ မသိရဘူး။ လူလည်း အတူပဲ မိုင်းနင်းလို့ သေတာဆို ကျနော်သိရသလောက်တော့ သေဆုံးတာ ၄ ယောက်လောက်ရှိနေပြီး။ ဒဏ်ရာရရှိထားတာလဲ ၃ ယောက် ၄ ယောက်လောက်ရှိတယ်။ ခုထိဆေးရုံးကနေမဆင်းရသေးဘူး”ဟု မန်းစံကျေးရွာ အမျိုးသားတစ်ဦး က ဆိုသည်။

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် စစ်ဘေးရှောင်းပြည်သူ (၃၅၀၈) ၊ ကျောက်မဲမြို့နယ်တွင် (၃၈၀) ဦးနှင့် နမ္မတူ မြို့နယ်တွင်( ၁၄၅၁) ဦးရှိကြောင်း သိရသည်။ ထိုသို့ စစ်ဘေးရှောင်းပြည်သူများက ၎င်းတို့၏ ရင်ဆိုင်နေရသော ဒုက္ခများကို ဖြေလျော့နိုင်ရန်အတွက် တိုက်ပွဲများကို ရပ်တန့်ပေးရန်၊ နေရပ်ကို လုံလုံခြုံခြုံဖြင့် အမြန်ဆုံးပြန်နိုင်ရန်၊ ဖမ်းဆီးခံထားရသော ပြည်သူများကို ပြန်လွတ်ပေးရန်၊ မိုင်းများကို ရှင်းလင်းပေးရန် နှင့် လူသားချင်းစာနာ အထောက်အထားအကူညီများကို ထိရောက်စွာ ကူညီပံ့ပိုးပေးရန် အတွက် ပြည်သူများက တောင်းဆိုလိုက်သည်။

၅။ AA နဲ့ ဆက်စပ်တရားစွဲထားတဲ့ ကလေး ၂၆ ယောက်အမှု စစ်ကောင်စီရုပ်သိမ်း
31 May, 2021

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲချက်တွေအရ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ်တွေရဲ့အမှုကို မေလအတွင်းမှာပဲ ရုပ်သိမ်းလိုက်ပြီ လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ် ရေးကောင်စီ ပြောခွင့်ရသူ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ဒီကနေ့ RFA ကို အတည်ပြုပြောဆိုပါတယ်။ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA နဲ့ ပတ်သက်လို့ အခြေအနေတိုးတက်မှုအပေါ် မှာ အခုလိုရုတ်သိမ်း

လိုက်တာလို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။ “၁၇ မှုမှာ ၁၆ မှုက ရုပ်သိမ်းတယ်။ တစ်မှုက ပိတ်သိမ်း တယ်။ ရုပ်သိမ်းရတဲ့ အကြောင်းကတော့ နိုင်ငံတော် အဆင့်ကနေပြီးတော့ အမှုတွေနဲ့ ပတ်သက်ပြီးတော့ အဓိကတော့ NCA အပိုင်းတွေနဲ့ ဆိုင်တာပေါ့နော်။ NCA နဲ့ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ NCA ကို မဏ္ဍိုင်ပြုပြီးတော့ ဆောင်ရွက် နေကြတာတွေ ရှိတယ်။ ဆောင်ရွက်နေတဲ့အနေအထား တိုးတက်မှုအပေါ်မှာနေပြီးတော့ ရုပ်သိမ်းတယ်လို့ပဲ ငါတို့က သိတယ်” ရုပ်သိမ်းလိုက်တဲ့ ၁၇ မှုမှာ လူငယ် စုစုပေါင်း ၂၆ ဦးပါရှိပြီး၊ သူတို့ကို ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေမှာ စစ်တပ်က ဖမ်းပြီး တရားစွဲထားတာ ဖြစ်ပါတယ်။ သူတို့ကို ကလေးသူငယ်အခွင့်အရေးနဲ့ အာမခံရပြီး အပြင်ကနေ တရားရင်ဆိုင်နေကြရတာလို့ သဇင် ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

အသက် ၁၈ နှစ်အောက်ကလေးတွေအပြင် အကြမ်းဖက်ဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ၁၈ နှစ် အထက် အမှုတွေ ကိုလည်း ရုပ်သိမ်းသွားဖို့ ရှိတယ်လို့လည်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။ ၁၈ နှစ်အထက် ဖမ်းဆီး တရားစွဲခံထားရသူကတော့ အယောက် ၂၀၀ ရှိတယ်လို့ သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါ တယ်။ အဲဒီလူတွေထဲမှာ ရက္ခိုင့်တပ်တော် AA ရဲ့ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ မိသားစုဝင်တွေလည်း ပါဝင်ပါ တယ်။ သူတို့ဟာ AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၀(ည)၊ ၅၀(ဃ)၊ ၅၁(က)၊ ၅၁(ဂ)၊ ၅၂၊ ၅၂(က)၊ ၅၂(ခ) စတဲ့ ပုဒ်မတွေနဲ့ တပ်မတော်က တရားလို လုပ်ပြီး တရားစွဲခံနေရတာပါ။

အမှုတွေ ရုပ်သိမ်းလိုက်တဲ့အတွက် ရခိုင်ပြည်နယ်မှာ စစ်ရေးတွေ၊ နိုင်ငံရေးတွေ ပိုပြီးတော့ တည်ငြိမ်သွားမယ် လို့ ရခိုင်ပြည် နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ် က ယူဆပါတယ်။“ဖမ်းကတည်းကလည်း စစ်ရေးပဋိ ပက္ခ ပြင်းထန်လို့ဖမ်းခဲ့တာ။ ဥပဒေအရ သိပ်ခိုင်ခိုင်လုံလုံရှိလို့ ဖမ်းခဲ့တာလည်း မဟုတ်ဘူး။ ဆိုတော့ အစောဆုံး လွှတ်ပေး တာ အကောင်းဆုံးပါပဲ။ ဒေသလည်း တည်ငြိမ် သွားမယ်။ စစ်ရေးပဋိပက္ခတွေလည်း လျော့သွားမယ်။ နိုင်ငံရေးနဲ့ လူမှုရေး တွေလည်း အကုန်လုံး တည်ငြိမ် သွားနိုင်တယ်။ ကောင်းကျိုးပဲရှိပါတယ်”ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲနေခဲ့တာ အခု ဆိုရင် ခုနှစ်လကျော်ပြီ ဖြစ်ပါတယ်။

၆။ စစ်ကောင်စီတပ်သား ၈၀ ကျော်သေပြီးနောက် ဒီးမော့ဆိုကို လေကြောင်းမှ ထပ်မံတိုက်ခိုက်
1 June, 2021

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာလည်း စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ထပ်မံလာရောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဒီနေ့ ဒီးမော့ဆိုကို ရဟတ်ယာဉ်နဲ့ လာပစ်တယ်။ လွိုင်ကော်ဘက်ကလည်း လက်နက်ကြီးနဲ့ထုတယ်။ ဖားဆောင်းဘက်မှာလည်း ပြည်သူတွေပြေးနေကြရ တယ်။ ပြေးတဲ့သူတွေကတော့ပြန့်ကျဲနေတယ်။ ရွာတွေမှာလည်း လူမရှိတော့ဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။ နေ့လယ် ၁ နာရီလောက်က ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာဘက်ကို စစ်ကောင်စီ တပ်သား ၁၅၀ လောက် ချီတက်လာလို့ ပြန်ခုခံတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၈၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်နီပြည် ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ထုတ်ပြန်ပါတယ်။

KNDF က အင်အားတွေ စုစည်းထားနိုင်တဲ့အပြင် လက်နက်တွေလည်း ပြင်ဆင်ထားနိုင်တာ ကြောင့် အခုလို ခုခံနိုင်ခဲ့တာလို့ ဆိုပါတယ်။ မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့ပြီး KNDF တပ်သား ၁ ယောက်ကျဆုံး၊ ၆ ယောက် ဒဏ်ရာရခဲ့သလို လေကြောင်းကနေ ပစ်ခတ်လို့ ရွာသားတယောက်လည်း သေဆုံးခဲ့ပါတယ်။ ပြီးတော့ KNDF ဟာ ကုန်းသာရွာကနေ ဆုတ်ခွာခဲ့ပြီး လက်နက်ကြီး ပစ်ကူနေတဲ့ ဖယ်ခုံနဲ့ လွိုင်ကော်ကို ထိုးစစ်ဆင်ဖို့ ကြိုးပမ်းတာကြောင့် နေရာအနှံ့တိုက်ပွဲတွေဖြစ်နေတယ် လို့လည်း ဆိုပါတယ်။

“ဒီမနက်က မြို့ထဲမှာ ဗုံး ၃၊ ၄ လုံး ကွဲတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ မကြားသေးဘူး။ မြို့ပေါ်ကနေ တောဘက်ကို ရှောင်တာက တရက်ထက်တရက် ပိုများလာတယ်။ မြို့ပေါ်မှာ လူက တဝက်လောက်ပဲ ကျန်တယ်” လို့ ဒေသခံတယောက် က ပြောဆိုပါတယ်။

၇။ ဗိုလ်ချုပ်စောကျော်သက် ဦးဆောင်သည့် ခွဲထွက် (DKBA) အဖွဲ့နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား
June 1, 2021

ကရင်ပြည်နယ် မြဝတီမြို့၏ တောင်ဘက်ခြမ်း ဖလူးကျေးရွာအနီး မြဝတီ-ဝေါလေမြိုင်သွားကားလမ်း သုံးထပ် ကွေ့အလွန် တွင် ဗိုလ်ချုပ် စောကျော်သက် ဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့် (BGF) ပူးပေါင်းတပ် ဖွဲ့တို့အကြား ယနေ့ ဇွန်လ ၁ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် တိုက်ပွဲစတင်ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။ ယမန်နေ့ မေလ ၃၁ ရက်နေ့က ဝေါလေမြို့မှ မြဝတီမြို့သို့ ရိက္ခာ၊ လစာလာထုတ်သည့် ဝေါလေမြိုင်မြို့ နယ်မြေရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦး နှင့် မီးသတ်တပ်ဖွဲ့ဝင် (၁)ဦးကို ခွဲထွက် (DKBA) အဖွဲ့က ယခု တိုက်ပွဲဖြစ်ရာ နေရာ အနီးမှ ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်။

ထိုသို့ ရဲတပ်ဖွဲ့ဝင် ၃ ဦး နှင့် မီးသတ်တပ်ဖွဲ့ဝင် (၁) ဦးတို့အား ဖမ်းဆီးခေါ် ဆောင်ရာမှ အစပြုကာ စစ်ကောင် စီတပ်နှင့် စစ်ရေးတင်းမာမှု ဖြစ်ခဲ့ပြီး ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွား ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။ အဆိုပါ ပစ်ခတ်မှုတွင် ဗိုလ်ချုပ်စောကျော်သက်ဦးဆောင်သည့် DKBA ဘက်မှ အခြားသော နယ်မြေခံ ကရင်လက်နက်ကိုင်အဖွဲ့များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF တို့ ပါဝင်သည်ဟု သတင်းများထွက်ပေါ်နေသော် လည်း ကေအိုင်စီအနေဖြင့် သီးသန့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယခု စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေသည့် ဗိုလ်ချုပ်ကျော်သက် ဦးဆောင်သော ခွဲထွက် (DKBA) အဖွဲ့သည် ပြီးခဲ့သည် ၂၀၁၅ ခုနှစ်ကတည်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ ခွဲထွက်ကာ သီးသန့်ရပ် တည်လျက်ရှိပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းတိုက်ပွဲအပါအဝင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများစွာ ဖြစ်ခဲ့ဘူးကြောင်း သိရသည်။

၈။ ဟိုကပ်အုပ်ချုပ်ရေးမှူးနှင့် ဇနီး၊ သာပဒေါင်း အုပ်ချုပ်ရေးမှူးဟောင်း စုစုပေါင်း ၃ ဦး ပစ်သတ်ခံရ
31 May 2021

မြစ်ကြီးနားမြို့နယ် ဟိုကပ်ကျေးရွာ လက်ရှိအုပ်ချူပ်ရေးမှူး ဇနီးမောင်နှံ ၂ ဦးနှင့် သာပဒေါင်း အုပ်ချူပ်ရေးမှူးဟောင်း ၁ ဦး စုစုပေါင်း ၃ ဦး ယမန်နေ့ညက ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဟိုကပ်ကျေးရွာ အုပ်ချူပ်ရေးမှူးဖြစ်သူ ဦးဂျော်လီဆွေနှင့် ဇနီးဖြစ်သူ တို့ နှစ်ဦးကို မေလ ၃၀ ရက်ည ၁၀ နာရီခန့် နေအိမ် တွင် လာရောက်ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူရှိနေသော အခြားတစ်ဦးတွင်လည်း ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုနေ့ညမှာပင် ဟိုကပ်ကျေးရွာအုပ်စု သာပဒေါင်း အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးလည်း သူ၏နေအိမ်တွင် ပစ်သတ်ခံခဲ့ရ ကြောင်း သိရသည်။ ၎င်းတို့ကို ပစ်သတ်သွားသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိသေးပါ။

၉။ ဖားကန့်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ
31 May, 2021

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု မနကျေးရွာရဲ့ အုပ်ချုပ်ရေးမှူး အမျိုးသား တစ်ယောက် မေလ ၃၁ ရက် ဒီနေ့ မွန်းလွဲပိုင်းက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားပါတယ်။

မနကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်စိုး(ခ)အိုက်ပီဟာ ဒီနေ့လည် ၁ နာရီကျော်လောက်က မနရွာစာသင်ကျောင်းမှာလုပ်တဲ့ အစည်းအဝေးကိုအလာ စာသင်ကျောင်းရှေ့မှာ လန်ခရူဆာကား အနက်ရောင်တစ်စီး ရုတ်တရက်ရောက်လာပြီး အမည် မသိ သေနတ်သမားက ၇ ချက်၊ ၈ ချက်လောက် ပစ်သွားတာလို့ ဒေသခံတွေကပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရလို့ သေဆုံးခဲ့တဲ့ ဦးတင်စိုးဟာ အကြမ်းဖက်စစ်ကောင်စီဘက်ကို သတင်းပေးနေသူ တစ်ဦး ဖြစ်တယ် လို့ ဒေသခံ‌တွေကပြောပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီး မိနစ်ပိုင်းအကြာမှာ ရဲနဲ့ စစ်တပ် လက်နက် ကိုင်တပ်တွေ ရောက်ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၀။ ပလက်ဝ မြို့အဝင်အထွက်ကို စစ်ကောင်စီ ပိတ်ဆို့
31 May 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ဒေသခံများ၏ အသွားအလာ ကန့်သတ်မှုပြုလုပ်ကာ မြို့အဝင်အထွက်ကိုလည်း ပိတ်ဆို့ထားကြောင်း သိရသည်။ မေလ ၂၈ ရက် နံနက် ၇ နာရီ ဝန်းကျင်က ပလက်ဝမြို့လယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးရှေ့နှင့် မြန်မာ့စီးပွားရေးဘဏ် ရှေ့တို့တွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ စစ်ကောင်စီက ပလက်ဝမြို့ခံတချို့ကို ဖမ်းဆီးထားသလို ယခုကဲ့သို့ မြို့အဝင်အထွက်ကိုပါ ကန့်သတ်လာခြင်း ဖြစ်သည်။

ပလက်ဝမြို့ခံတဦးက “ဗုံးပေါက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြို့ထဲကလူ မြို့ပြင် မထွက်ရဘူး။ မြို့ပြင်ကလူလည်း မြို့ထဲ ဝင်လို့ မရဘူး။ သူတို့ (စစ်တပ်)က ပိတ်ထားတယ်။ တခြားရွာတွေဘက်က ဆင်းလာတဲ့ စက်လှေလည်း မြို့ကို ကပ်ခွင့်မပေးဘူး။ ကုန်းလမ်း၊ ရေလမ်းအကုန် ကျနော်တို့မြို့ကို ပိတ်ဆို့ထားတယ်”ဟု ဧရာဝတီကို ပြောသည်။ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပလက်ဝမြို့နယ်တွင် နေထိုင်သည့် စစ်တပ်အရာရှိက မေလ ၂၉ ရက်နေ့တွင် မြို့ပေါ် ကီမိုခန်းမ၌ ဌာနဆိုင်ရာများနှင့် မြို့ခံ တချို့ကို အစည်းအဝေးတရပ် ခေါ်ယူခဲ့ပြီး ဗုံးပေါက်ကွဲမှုကို ဖော်ထုတ်ရန်အတွက် မြို့ဝင်၊မြို့ထွက်ကို ပိတ်ထားကာ စစ်ဆေး မည်ဖြစ်ကြောင်း၊ မြို့ခံများအနေဖြင့်လည်း ပူးပေါင်းပါဝင် ဖော် ထုတ်ပေးရမည်ဟု ဒေါသဖြင့် သတိပေးထားကြောင်း မြို့ခံများ က ပြောသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးစနီအောင် အပါအဝင် မြို့ခံ ၁၆ ဦးကို စစ်ကောင် စီလက်အောက်ခံ တပ်မ ၅၅ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၆ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း လက်ရှိအချိန် အထိ မြို့ခံ ၁၀ ဦးကို ဖမ်ဆီးချုပ်နှောင်ထားကြောင်း သိရသည်။ ယခုလို စစ်ကောင်စီဘက်က မြို့ဝင်၊ မြို့ထွက်များကို ပိတ် ဆို့ ကန့်သတ်လိုက်ရာ စားသောက်ကုန်များ အဆမတန် ဈေးမြင့် တက်သွားပြီး မြို့ခံများအနေဖြင့် အခက်အခဲ ဖြစ်နေရ ကြောင်း ရွာမရပ်ကွက်မှ အမျိုးသမီးတဦးက ပြောဆိုသည်။ ၎င်းက “ပလက်ဝမြို့ တဖက်ကမ်းကိုကူးတဲ့ ကူးတို့လှေကိုတောင် ပိတ်ထားတာဆိုတော့ မြို့ပေါ်ဆိုင်တွေမှာ ကုန် ပစ္စည်းတွေ အဆမတန် ဈေးတက်။ ငွေရှားပါးတဲ့အချိန် ကြက်ဥ ၁၀၀၀ ဖိုး ၃ လုံးနဲ့ ဝယ်စားနေရတယ်။ ဆန်၊ ဆီ၊ ဆား အကုန်တက်တယ်။ နောက်ဆို ရိက္ခာဝယ်လို့တောင်ရမှာ မဟုတ်တော့ဘူး” ဟု ဆိုသည်။

၁၁။ ကျောက်မဲမြို့ ဆိုင်ကယ်သပိတ် သေနတ်ပစ် ဖြိုခွင်းခံရ၊ ဖမ်းခံရသူရှိ
May 31, 2021

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် ယနေ့ မေ (၃၁) မနက် ( ၉ ) နာရီအချိန် စစ်အာဏာရှင်ဆန္ဒဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် စစ်ကြောင်း သေနတ်ပစ်ဖြိုခွင်းခံရပြီး ဖမ်းဆီးခံရသူများ ရှိကြောင်း စုံစမ်းသိရှိရသည်။

ဆန္ဒပြရာတွင် ယမန့်နေ့ (မေ ၃၀)ရက် ည တွင် ဖမ်းဆီးခံရသည့် ကိုမင်းမင်းကို ပြန်လွှတ်ပေးရန်အတွက် ဆန္ဒထွက်ပြခဲ့ပြီး ဖြိုခွင်းခံခဲ့ရကြောင်း သိရသည်။“ စစ်ကောင်စီဘက်က သေနတ်ပစ်ဖောက်တာ။ လူတော့ထိခိုက်မှုမရှိသေးဘူး။ စစ်ကောင်စီ ဘက်က ကားနဲ့လိုက်တိုက်လို့ အဲ့ထဲက အမျိုးသမီး တစ်ယောက်လား နှစ်ယောက်လာတော့ မသိဘူး ဖမ်းခံရတယ်” ဟု

ကျောက်မဲမြို့ဒေသခံ တစ်ဦး ကပြောသည်။ ဖမ်းဆီးခံခဲ့ရသည့် ကိုမင်းမင်းကို ပြန်လွှတ်လာပေးရန်အတွက် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။“မနေ့က ဖမ်းခံရတဲ့ ကိုမင်းမင်းကို ပြန်လွှတ်ပေးဖို့ အတွက်ဆိုပြီး သူတို့ဆန္ဒပြတာ။ ဆန္ဒကိုမြန်မြန်ပြပြီးတော့ လူစုခွဲသွား ကြရတယ်။ သူတို့ သေနတ်နဲ့ ခြိမ်းခြောက်နေတယ်”ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောသည်။ ကျောက်မဲမြို့တွင် ဆန္ဒပြသူများကို မကြာခဏ ပစ်ခတ်ဖြိုခွင်းမှုများ ရှိခဲ့သော်လည်း ပြည်သူများအနေဖြင့် စစ်အာဏာရှင် စနစ်ကို အလိုမရှိ ကြောင်း ဆက်လက်ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရသည်။ ကျောက်မဲမြို့ပေါ်တွင်လက်ရှိခြေနေထိ စစ်ကောင်စီမှ ဖမ်းဆီးသွားသူ စုစုပေါင်း ၁၀ ဦးရှိပြီးဖြစ်ကြောင်းသိရသည်။

၁၂။ ဆရာမ များကို အရပ်ဝတ်ဖြင့်သာ ကျောင်းတက်ရန် ညွန်ကြားထားဟုဆို
31 May 2021

စစ်ကောင်စီ၏ဖိအားပေးမှုအရ မနက်ဖြန် ဖွင့်လှစ်တောမည့် မြစ်ကြီးနားမြို့ အ.ထ.က (၃) ကျောင်းမှ ဆရာ/မများ ကို အရပ် ဝတ်ဖြင့်သာ ကျောင်းသို့လာကြရန် ကျောင်းအုပ်ဆရာမကြီး မြတ်ကေသွယ်က ညွန်ကြားထားကြောင်း သတင်းရရှိသည်။ ၁၂ နာရီအချိန်တွင် ကျောင်းအုပ်ဆရာမကြီးက ဆရာမ/မများအားလုံးကို အစည်းအဝေးခေါ်ယူစဉ် ယခုလိုပြောဆိုခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဆရာမတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကျောင်းအုပ်ကြီးက ကျောင်းတက်လာတဲ့ ဆရာ/မတွေကို လမ်းမှာအဖြူအစိမ်း မဝတ်ခဲ့ဖို့၊ ကျောင်းရောက်တဲ့အခါမှ ပြန်လှဲ ဝတ်ကြဖို့။ နောက်ပြီး နေ့လည်ကျောင်းမပြန်ခိုင်းဘူး။ ထမင်းချိုင့် ဆွဲခိုင်းတယ်။ ဆရာ/မတွေတင် မဟုတ်ဘူး။ ကျောင်းတက် တဲ့ကလေးတွေကိုလည်း မပြန်ခိုင်းဖို့ စီစဉ်ထားတယ်။ အဲ့ကြောင့် ကလေးတွေရဲ့ ညနေကျောင်းဆင်းချိန်ကို ၃ နာရီ ၁၅ လောက်မှာဆင်းခိုင်းမယ်တဲ့။ မုန့်စားချိန်လည်းမရှိဘူးလို့ ဆရာမကြီးက အဲ့လိုရှင်းပြတယ်”ဟု ပြောဆိုသည်။ အ.ထ.က (၃) ရှိ ဆရာ၊ ဆရာမ အများစုမှာ CDM ပြုလုပ်ခဲ့သော်လည်း တချို့မှာ နေထိုင်စရာ နေရာအခက်အခဲရှိလာသောကြောင့် ကျောင်းအုပ်ဆရာမကြီး၏ ဖိအားပေးမှုအရ ကျောင်းသို့ ပြန်လာရခြင်းဖြစ်သည်ဟု အထက်ပါ ဆရာမက KNG သတင်းဌာန ကို ပြောဆိုသည်။ အစည်းအဝေးတွင် ကျောင်းအုပ်ဆရာမကြီး မြတ်ကေသွယ် က ဆရာ/မများကို အရေးတကြီးဖုန်းခေါ်လျှင် ကိုင်ပေးရန်နှင့် လက်ရှိအချိန်ထိ ဆရာ/မများတစ်ချို့ ကျောင်းသို့ မလာရောက်ကြသေးသဖြင့် ဒေါသထွက်နေကြောင်း သူက ဆက်ဆိုသည်။

“အမလေ ဆရာမကြီးက စိတ်တိုတယ်ဟ။ ဆရာမတို့ကျောင်းက CDM လုပ်တဲ့သူများတယ်လေ။ အဲ့ကြောင့်မို့ ကျောင်း တက်တဲ့ ဆရာ/မတွေ နည်းတယ်လေ။ တစ်ချို့သူတွေက ဖုန်းခေါ်ရင်လည်း စက်ပိတ်ထားတယ်။ တစ်ချို့က ဖုန်းမကိုင်ကြ ဘူးသတဲ့။ ပြီးရင်မနက်ဖြန်ဘဲ ကျောင်းဖွင့်တော့ မယ် တစ်ချို့ဆရာမတွေက အခုထိကျောင်း မရောက်လာကြသေးဘူး ဆိုပြီး ဆရာမတို့ကို စိတ်ဆိုးတယ်လေ”ဟု ပြောသည်။ ဆရာ၊ ဆရာမများအားလုံး ကျောင်းသို့ မလာရောက်သောကြောင့် အချိန် ဇယား အသးစိတ်ထုတ်ရန် ခက်ခဲနေသည်ဟု သိရသည်။ အ.ထ.က (၃) ကျောင်းတွင် ၅တန်းမှ ၈တန်းအထိ အလယ်တန်း အဆင့်တွင် ကျောင်းအပ်သူအများဆုံးဖြစ်ပြီး တစ်တန်းတွင် အနည်းဆုံးအယောက် ၅၀ ခန့်ရှိကြောင်း၊ ကျန်ရှိသည့် အတန်းများတွင်မူ ကျောင်းလာအပ်သူ နည်းပါးကြောင်း သိရသည်။

၁၃။ ဒီးမော့ဆို-ဖရူဆိုလမ်း တံတားနှစ်စင်း မိုင်းခွဲ ဖျက်ဆီးခံရ
31 May, 2021

ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ဒီနေ့ မေလ ၃၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေး အဖွဲ့ တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပါဝင် ရဟတ်ယာဉ်နဲ့ပါ ပစ်ခတ် နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “ခုဏက ပစ်နေတယ်ပေါ့။ ဒီးမော့ဆိုဘက်မှာ အမြောက်နဲ့ရော၊ ဟက်စကီးနဲ့ပါပစ်နေ တာပေါ့။ ဟုတ်တယ် နှစ်ဘက်တပ်ဆိုပေမဲ့ သူတို့က အပေါ်ကနေ ရဟတ်ယာဉ်အမြောက်တွေ သုံးပြီးတော့ ပစ်နေတယ်ဗျ။ လွိုင်ကော်က အမြောက်တပ်ကနေ ဒီးမော့ဆိုကို လှမ်းပစ်တယ်။ ပြီးလို့ရှိရင် ဟက်စကီးနဲ့ သူတို့ ဒီးမော့ဆိုမြို့ အပေါ်ဝဲ ပြီးတော့ပစ်နေတယ်ပေါ့အခု။” မေလ ၃၀ ရက် ညကတော့ ဒီးမော့ဆိုမြို့ကနေ ဖရူဆိုမြို့သွားတဲ့ ကားလမ်းမကြီးပေါ်က တံတား ၂ စင်း မိုင်းခွဲဖျက်စီးခံရပါတယ်။

ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့အကြား ကဒါးလားကျေးရွာအနီးမှာ တံတားတွေ မိုင်းခွဲဖျက်စီးခံခဲ့ရတာပါ။ ဒီတံတားမှာ လုံခြုံရေး အစောင့်မရှိဘဲ စစ်တပ်ဘက်က ရံဖန်ရံခါ ကင်းလှည့်နေတာလို့လဲ ဒေသခံတွေကပြောပါတယ်။ ဒီတံတားတြေ ဖောက်ခွဲ ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ KNPP နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ ဖောက်ခွဲဖျက်စီးတာလို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါ တယ်။ ဒါပေမဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံကနေ ငြင်းဆိုထားပါတယ်။ အဆိုပါ ဖျက်စီးခံရတဲ့ တံတားဟာ လွိုင်ကော်မြို့၊ ဒီးမောဆိုမြို့ကနေ ဖရူဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ မယ်စဲ့မြို့ဘက်ကို ဖြတ်သွားတဲ့ လမ်းမကြီးပေါ်က တံတားတွေဖြစ်ပြီးကယားပြည်နယ်ရဲ့ ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကလမ်းကြီးဖြစ်တယ်လို့ ဒီးမော့ဆိုမြို့ခံတွေကပြောပါတယ်။

ကယားပြည်နယ်ထဲက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မိုးမြဲ စတဲ့မြို့တွေက ဒေသခံ ၇၀,၀၀၀ လောက် စစ်ဘေးတိမ်းရှောင်နေရပါတယ်။ လမ်းတွေ ပိတ်ဆို့ထားတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီရေးမှာအခက်တွေ့နေတယ်လို့ စစ်ရှောင်ကော်မီတီဝင် တဦး က ပြောပါတယ်။ ကယားပြည်နယ်ထဲက အိုးအိမ်ပစ် ထွက်ပြေးနေကြရသူတွေအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကနေ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့တယ်လို့ ထုတ်ပြန်ထားပေမဲ့ လက်ရှိဒုက္ခသည်တွေ လက်ထဲမရောက်သေးပါ ဘူး။ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးမယ့်သူတွေအတွက် လုံခြုံရေးကလည်း စိုးရိမ်စရာဖြစ်နေတာမို့ဒုက္ခသည်တွေ အကူအညီရနိုင်ဖို့ အတော်လေး ခက်ခဲနေကြပါတယ်။

၁၄။ စစ်ကောင်စီနှင့် မပူးပေါင်းရန် ဧရာဝတီကရင်လူငယ်များ ကရင်လူထုထံသို့ သတိပေးတိုက်တွန်းနှိုးဆော်
May 31, 2021

ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ/အသင်းအဖွဲ့များအပြင် ကရင်လူထုများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မပြုရန် ဧရာဝတီကရင်လူငယ်ဦးဆောင်ကော်မတီက ကရင်လူထုထံသို့ အသိပေးတိုက်တွန်းနှိုးဆော်ထုတ်ပြန်ချက်ကို မေလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စာပေနှင့်ယဉ်ကျေးမှုကော်မတီ/အသင်းအဖွဲ့များသည် ကရင်လူထုများအပေါ် လွှမ်းမိုးဦးဆောင်မှု ပေးနိုင်သည့်အတွက် လတ်တလောကာလတွင် စစ်ကောင်စီနှင့် ပူးပေါင်းမှုများကိုမပြုရန် အချက် ၃ချက်ဖြင့် တိုက်တွန်း နှိုးဆော်ချက် တစ်စောင် ကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဧရာဝတီကရင်လူငယ်ဦးဆောင်ကော်မတီ ပြောခွင့်ရသူတစ်ဦးက ယခုလိုပြောသည်။ ၎င်းက ” ပြည်တွင်းမှာရှိတဲ့ စာပေနှင့်ယဉ်ကျေးမှုက အဓိကဖြစ်တဲ့အတွက်ကြောင့် စာပေနှင့်ယဉ်ကျေးမှုတွေက ဒီမတိုင်းခင်က ကရင်လူထုတွေကို ဦးဆောင်ပြီးတော့ သွားနေတယ်လို့ ပြောလို့ရတယ်ပေါ့လေ။ ဒီလက်ရှိအခြေအနေမှာ ဒီစာပေနှင့် ယဉ် ကျေးမှုက လူထုအတွက်ကို ခိုင်ခိုင်မာမာနဲ့ရပ်တည်ပြီးတော့မှ မပြတ်မသားလုပ်ဆောင်နေရမယ့်အချိန် လုံးဝမဟုတ်တော့ ဘူး။ ပြတ်ပြတ်သားသားနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေရှိတယ်။ ရှေ့ဆုံးကနေဦးဆောင်လမ်းပြ ဖြစ်နေသင့်ပြီးပေါ့လေ။ ဒီလိုမျိုးအရာတွေကို သတိပေးတိုက်တွန်းတာ ဖြစ်တယ်။ ” ဟု ကေအိုင်စီ သို့ ပြောသည်။

ကရင်လူထုများအနေဖြင့်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲကို စည်းလုံးညီညွတ်စွာ ယုံကြည်ရာ မျှော်မှန်းသည့် အမျိုးသားတော်လှန်ရေးအထိမ်းအမှတ်ကို ပြန်ပြီးအသက်သွင်းကာ အကောင်အထည်ဖော်ရန် ယခုတစ်ကြိမ်တွင် အားလုံး ပူးပေါင်းပြီး တော်လှန်ရေးအတွက် အမြဲတမ်း အသင့်ရှိနေပေးပါဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။ ထို့အပြင် ကရင်စာပေ သင်သည့် ကရင်ဆရာ၊ ဆရာမအပါအဝင် အစိုးရကျောင်းများတွင် ကရင်လူမျိုးကျောင်းဆရာ၊ ဆရာမ များသည်လည်း စစ်တပ်မှဖွင့်မည့် ကျောင်းများကို မတက်ရောက်ရန်နှင့် သင်ကြားရန်ဖိအားပေးသူများကိုလည်း ဆန့်ကျင်ကြရန် အပြင် အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးတွင်လည်း တက်စွမ်းသမျှ ဆက်လက်ပူးပေါင်းတော်လှန်ပြီး တော်လှန်ရေးသတိအမြဲ ရှိကြ ရန် ဆက်လက်ဖော်ပြထားသည်။

၁၅။ ဗိုလ်ချုပ်အောင်ဆန်းတံတားအား သံလွင်တံတား (ချောင်းဆုံ) မူလအမည်သို့ ပြောင်းလဲမည်
May 31, 2021

မော်လမြိုင်-ဘီလူးကျွန်းသို့ ဆက်သွယ်ထားသည့် သံလွင်မြစ်ကူးတံတားကို NLD အစိုးရလက်ထက်က “ဗိုလ်ချုပ်အောင် ဆန်း တံတား”ဟု အမည်သတ်မှတ်ခဲ့ရာမှ ယခုအခါ မူလနာမည် သံလွင်တံတား(ချောင်းဆုံ) ပြောင်းလဲမည်ဟု သိရသည်။ တံတားအမည်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို သက်ဆိုင်ရာမှ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း တံတားနာမည်အဟောင်းဖြုတ်၍ နာမည်သစ်ကို တပ်ဆင်လျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါ သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်ရေးစီမံကိန်းကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က စတင်ပန္နက်ချ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းပြီးဆုံး၍ ယခင် NLD ပါတီ အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မေလ ၉ ရက် တံတားဖွင့်ပွဲ ကျင်းပခဲ့သည့်နေ့တွင် “ဗိုလ်ချုပ်အောင်ဆန်းတံတား”အမည်ပြောင်းလဲခဲ့သဖြင့် အများတကာဝေဖန် ထောက်ပြစရာ ကိစ္စ တစ်ခုဖြစ်ခဲ့သည်။ ယခင်က ခရီးသွားလာရန်အလွန်ခက်ခဲသည့် မော်လမြိုင်-ဘီးလူးကျွန်းကို မြစ်ကူးတံတားတည်ဆောက် ပေးရေး ၂၀၁၃ ခုနှစ်က ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်လှမောင် လွှတ်တော်သို့တင်သွင်းသည့် အဆို အောင်မြင်ပြီး ပြည်ထောင်စုဘတ်ဂျက်ဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သံလွင်တံတား (ချောင်းဆုံ) အမည်ဖြင့် စတင်ပန္နက်ချ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

သံလွင်တံတား (ချောင်းဆုံ) တံတားကို ခန့်မှန်းငွေ ကျပ်သန်း ၅၉,၈၀၀ ဖြင့် တည်ဆောက်ထားပြီး အရှည် ၅,၂၀၃ ပေ၊ အကျယ် ၂၈ ပေရှိပြီး နှစ်လမ်းသွား သံမဏိသံပေါင် ခုံးတံတားအမျိုးအစားဖြစ်ကြောင်း၊ မော်လမြိုင်ဘက်ကမ်း မုပွန်ချဉ်းကပ် လမ်းမှာ ၇၅၇ ပေခန့်နှင့် ဘီလူးကျွန်း ကညှော်ချဉ်းကပ်လမ်းမှာ အရှည် ၁၆,၉၈၀ ပေရှိကြောင်း သိရသည်။

၁၆။ ပူတာအို စစ်ရှောင်စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က စစ်အင်အားဖြင့် ဝင်ရောက်စီးနင်း
1 June 2021

ပူတာအိုမြို့ လုံးစွတ် (Lung Sut) စစ်ရှောင်စခန်းတွင် KIA ထောက်လှမ်းရေး ရှိနေသည်ဟု မသင်္ကာမှုဖြင့် အာဏာသိမ်း စစ်တပ် က စစ်ရှောင်များကို လာရောက်ခြိမ်းခြောက်သွားကြောင်း သိရသည်။

ယနေ့ ညနေ ၄ နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်တပ် ကား ၂ စီးဖြင့် အင်အား ၃၀ ခန့်က စခန်းအတွင်းသို့ စစ်လက်နက် အပြည့်အစုံဖြင့် ရှောင်တခင်ဝင်ရောက်လာကာ ယခုလို လာရောက်ခြိမ်းခြောက် ပြောဆိုသွားခြင်းဖြစ်သည်ဟု အမည်မဖာ်လို သူ စစ်ရှောင်တစ်ဦးက ပြောသည်။“အခုလေးတင် စစ်သားတွေက ကျနော်တို့ ပူတာအို စစ်ရှောင်စခန်းကို မသင်္ကာလို့ လာ တယ်တဲ့ အတင်းအကျပ် လာမေးနေတယ်။ KIA ထောက်လှမ်းရေးရှိနေတယ်ဆိုပြီး လာစွပ်စွဲနေတယ်။ ကျနော်တို့ စစ်ရှောင် တွေက မသိတော့ အရမ်းကြောက်နေကြတယ်။”ဟု ဆိုသည်။ စစ်ရှောင် စခန်းအတွင်းသို့ ဝင်ရောက်လာသော စစ်ကား ၂ စီးအပြင်၊ စခန်းပြင်ပနှင့် အနီးတစ်ဝိုက်တွင်လည်း စစ်ကားအများအပြားဖြင့် ပိတ်ဆို့ကာ လာရောက်စစ်ဆေးခဲ့ ခြင်း ဖြစ်သည် ဟု ဆိုသည်။ နာရီဝက်ကြာ စစ်ဆေးခဲ့ပြီးနောက် ပြန်လည်ထွက်ခွာသွားသည်ဟု သိရသည်။

ပူတာအိုမြို့ရှိ အကြီးဆုံး ခလရ ၄၆ တပ်ရင်းဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြီးခဲ့သည့်အပတ်က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သလို၊ ယနေ့ နံနက်တွင်လည်း လေယာဉ်ကွင်းကို ဒုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ပူတာအို မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားလာချိန် တိုက်ပွဲကြောင့် စစ်ရှောင်နေရသော စစ်ရှောင်ပြည်သူများကို အာဏာသိမ်းစစ်တပ်ဘက်မှ လာရောက်ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

၁၇။ ပုဏ္ဏားကျွန်း ရေဖြူကန်စစ်ရှောင်စခန်းသို့ အစိုးရထောက်ပံ့သည့် ဆန်မရောက်သည်မှာ ၂ လခန့်ရှိနေပြီဖြစ်၍ အငတ် ဘေးကျရောက်နိုင်ခြေရှိနေဟုဆို
May 31, 2021

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေဖြူကန် စစ်ဘေးရှောင်စခန်းတွင် အစိုးရက ထောက်ပံ့ပေးသည့် ဆန်မရောက်သည် မှာ (၂) လခန့်ရှိနေပြီဖြစ်သဖြင့် စခန်းတစ်ခုလုံး အငတ်ဘေးကျရောက်မည့်အနေအထားနှင့် ရင်ဆိုင်နေရသည်ဟု စခန်းတာ ဝန်ရှိသူတစ်ဦးက ပြောသည်။ ၂၀၂၁ ခုနှစ် မတ်လအတွက် ဆန်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ဧပြီ ၁၁ ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး ယင်းနောက်ပိုင်းတွင် တစ်ကြိမ်မှ မရောက်ရှိတော့ဟုဆိုသည်။

“အခုက မေလကုန်တော့မယ်။ ဧပြီလအတွက်ဆန်က ဒီကနေ့ထိ မရောက်သေးဘူး။ ပြောရမယ်ဆိုရင် ဧပြီလအတွက်ရော၊ မေလအတွက်ပါ မရောက်သေးဘူး။ ဒီနေ့ဆိုရင် မေ ၃၀ ရက်ရှိသွားပါပြီ။ တော်တော်ကြီးကို အခက်အခဲဖြစ်နေကြပါပြီ။ ဒီ အတိုင်းဆိုရင် ငတ်နိုင်သွားနိုင်ပါတယ်”ဟု စခန်းတာဝန်ခံ ဦးကျော်သန်းက ပြောကြားသည်။ ရေဖြူကန် စစ်ဘေးရှောင် စခန်းတွင် လူ ၈၂၀ ဦးရှိပြီး အစိုးရ လူမှုရေးနှင့်ကယ်ဆယ်ရေးဝန်ကြီးဌာနမှ ထောက်ပံ့သည်ဆန်ကို အဓိက အားကိုမှီခိုနေရ သည်ဟု ပြောဆိုသည်။“အခုက ဆန်လည်းမရောက်ဘူး။ ဒါ့အပြင် မိဖိုချောင်သုံးရိက္ခာတွေဖြစ်ကြတဲ့ ဆီ၊ ဆား၊ ငရုတ် ဘာတစ်ခုမှမရောက်ဘူး။ အခက်အခဲက အကြီးအကျယ်ကြုံနေရပြီ။ သက်ဆိုင်ရာတာဝန်ရှိသူတွေ သိစေချင်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

ပုဏ္ဏားကျွန်း စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ သာစည်၊ ကျောက်ဆိပ်၊ ဒိုးတန်း၊ ပိန္နဲတော ကျေးရွာတို့နှင့် ပလက်ဝမြို့နယ်မှ မီးလက်ဝ၊ နမ္မဒါကျေးရွာတို့မှ စစ်ဘေးရှောင်များ အိမ်ထောင်စု ၂၀၅ စုနှင့် လူပေါင်း ၈၂၀ လက်ရှိ နေထိုင်နေကြောင်း သိရသည်။

၁၈။ စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ထိုင်းစစ်တပ်က ရိက္ခာကူညီပို့ဆောင်ပေးဟု KNU ထုတ်ပြန်
May 31, 2021

KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေအတွင်း ရိက္ခာဖြတ်တောက်ခံထားရသည့် စစ်ကောင်စီ တပ်ဖွဲ့ ဝင် များအတွက် ထိုင်းစစ်တပ်မှ ရိက္ခာကူညီပို့ဆောင်ပေးမှု ပြုလုပ်ပေးခဲ့သည်ဟု KNU ၏ ပြန်ကြားရေး သူးလေသတင်းစဉ်၌ ယမန်နေ့ မေလ ၃၀ရက်နေ့ ညတွင် ဖော်ပြထားသည်။ ယခုလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ထိုင်းစစ်တပ်မှ ၎င်းတို့ နယ်ခြား စစ်သုံး စက်လှေ ၄ စီး နှင့် အရပ်သား သုံး Honda စက်တပ်ရေယာဉ် ၁ စီးကိုအသုံးပြု၍ စစ်ကောင်စီ၏ ရီးကြာထာစခန်းမှ မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ ကော်လူဒဲ ကျေးရွာအုပ်စုရှိ လယ်စေး(စောထော)အထိ စစ်ကောင်စီ စခန်းများသို့ ရိက္ခာ ကူညီပို့ဆောင်ခဲ့သည်ဟု KNU က ဆိုသည်။

KNU တပ်မဟာ(၅) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က “အောက်က ပို့လာတဲ့ သတင်းအရ စစ်ကောင် စီတပ်က ပို့လာတဲ့ ရိက္ခာတွေကို ထိုင်းနယ်ခြားတပ်က ကူပို့ပေးတယ်လို့ပြောတယ်။ စစ်လှေအမဲ ၄စီးနဲ့က ၉ ခေါက်လောက်ပို့ပြီးတော့ Honda စက်တပ်လှေ တစ်စီးနဲ့ကျတော့ ၈ ခေါက်လောက်ပို့ပေးတယ်။ ရီးကြာထာမှာ တစ်နေရာနဲ့ လယ်စေးမှာရှိတဲ့ စစ်ကောင်စီစခန်းမှာတစ်နေရာပို့ ပေးတယ်။ သူတို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးအရ ပို့ပေးတဲ့ သဘောလား ဘာလားတော့ မသိ ဘူး။”ဟု ကေအိုင်စီ သို့ အတည်ပြုပြောဆိုသည်။ ထို့အပြင် လက်ရှိ စစ်ကောင်စီ တပ်များကို ရိက္ခာဖြတ်တောက်ထားခြင်း မှာလည်း ဒေသခံပြည်သူလူထုများအပေါ် စစ်ကောင်စီတပ်၏ ဖိနှိပ်အနိုင်ကျင့်မှုကို ဟန့်တားရန်အတွက်ဖြစ်ကာ ထိုင်းစစ် တပ် အနေဖြင့်လည်း အရပ်သား ပြည်သူလူထုများ၏ ထိခိုက်နစ်နာမှုများအပေါ် စာနာထောက်ထားရန် လိုအပ်ပြီး စစ်ကောင် စီတပ် ဖွဲ့ဝင်များ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးအားမြောက်မှုများ မပြုလုပ်သင့်ကြောင်းလည်း ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်ပြောသည်။

ထိုင်းစစ်တပ်မှ ၅ ရက်တာအတွင်း အဆိုပါ စစ်သုံး စက်လေ ၄ စီးဖြင့် ၉ ခေါက် နှင့် စက်တပ်ရေယာဉ် ၁ စီးဖြင့် ၈ ခေါက် စုစု ပေါင်း ၁၇ ခေါက် ပို့ဆောင်ပေးခဲ့သော်လည်း လတ်တလောစစ်ဘေးရှောင်နေရသည့် ဒေသခံအရပ်သားပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုမူ ဒေသတွင်း ထိုင်းအာဏာပိုင်များက ကန့်သတ် ပိတ်ပင်မှုများပြုခဲ့ သေးသည်။ ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ခေးပူဒေသဘက်သို့ ရိက္ခာ တင်ပို့ မှုများပြုလုပ်ရာတွင် တမေထာဒေသ အထိရောက်ရှိလာသောကြောင့် နံနက် ၈နာရီ မိနစ်၄၀ခန့် အချိန်တွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁)နှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူရဲ့ ထုတ်ပြန် ချက်အရ သိရသည်။

၁၉။ စစ်ဘေးရှောင်ပြည်သူများရှိသည့်နေရာကို မတိုက်ခိုက်ရန် ကယ်ဆယ်ရေးသမားများတိုက်တွန်း
31 May, 2021

စစ်ကောင်စီတပ်တွေအနေနဲ့ လူသားချင်းစာနာပြီး စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်ဖို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ လတ်တလော ကယားပြည် နယ်မှာ ဒေသခံ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီလက်နက်ကိုင် တပ်တွေ အကြားတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ပြည်သူ သောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ တိုက်ပွဲပြင်းထန်တဲ့ ဒီးမော့ဆိုမြို့နယ်ရဲ့ အရှေ့ဘက် အခြမ်းတစ်ခုတည်းမှာတင် စစ်ဘေးရှောင် နှစ်သောင်းကျော်ရှိနေပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီလက်နက်ကိုင်တပ်တွေရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်လူနေအိမ်နေတွေနဲ့ဘုရားကျောင်း တွေအပေါ် လက်နက်ကြီးကျည်ဆန်တွေကျရောက် ပေါက်ကွဲပြီး အရပ်သားသေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် စစ် ဘေးရှောင်တွေရှိနေတဲ့ တခြားနေရာတွေကိုလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိနေ တာကြောင့် စစ်ကောင်စီအနေနဲ့လူသားချင်းစာနာပြီးအဲဒီလိုမလုပ်ဖို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက တိုက်တွန်းပါတယ်။

စစ်ရှောင်တွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အလံဖြူထောင်ထားတဲ့ ပရဟိတ ကားတွေကိုလည်း စစ်တပ် က ပစ်ခတ်တာတွေရှိနေတယ်လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေး NUG အနေနဲ့လည်း အောက်ခြေမှာ အခက်အခဲမျိုးစုံ ဖြစ်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ထိထိရောက်ရောက် ကူညီဖို့ကိုလည်း တိုက်တွန်းပါတယ်။

၂၀။ မုဒုံမြို့နယ် အခြေခံပညာကျောင်းများတွင် ဒေသခံများ လုံခြုံရေးဆောင်ရွက်နေ
May 31, 2021

အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ မုဒုံမြို့နယ် အခြေခံပညာကျောင်းများတွင် လုံခြုံရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးတော်ဆောင်တို့က ဆောင်ရွက်နေရကြောင်း သိရသည်။“ကျွန်တော်တို့ ရွာမှာ အထက်တန်းကျောင်းအုပ်က CDM မလုပ်ဘူး။ ပုံမှန် ကျောင်းအလုပ်ကိစ္စဆောင်ရွက်နေတော့ CDM သမားတွေက

အမြင်မကြည်ဘူး။ သူတို့ (Target) ဖြစ်လာနိုင်လို့ နေ့ရောညပါ လုံခြုံရေးစောင့်ကြည့်နေရတယ်။ ရွာထဲက မူလတန်း ကျောင်းတွေကိုတော့ ညဘက်လှည့်ကင်းနဲ့ဘဲ ဆောင်ရွက်နေရတယ်”ဟု မုဒုံမြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြော သည်။ သက်ဆိုင်ရာ ကျေးရွာအုပ်စုများအလိုက် မီးသတ်တပ်ဖွဲ့ဝင် (၃၅) ဦးပြည့်မီအောင် ဆောင်ရွက်ထားရန်နှင့် အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်များ လုံခြုံရေးကိစ္စဆောင်ရွက်စေရန် သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း ၎င်းက ဆက်ပြောသည်။

“ညဘက်တွေကျတော့ ကျေးရွာတွေမှာ ပြည်သူ့စစ်တွေ လုံခြုံရေးစောင့်တယ်။ နေ့ဘက်ကြတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ ကျောင်းအကျိုးတော်ဆောင်တွေ ကျောင်းတွေမှာ သွားပြီးစောင့်နေရတယ်”ဟု ကမာဝက်မြို့မှ ကျောင်းအကျိုးတော်ဆောင် တစ်ဦးက ဆိုပါသည်။ သို့ရာတွင် အိမ်ခြေနည်းပါးသည့် အချို့ကျေးရွာငယ်များ ကျောင်းလုံခြုံရေးအတွက် အိမ်ထောင်စုတိုင်း တစ်အိမ်တစ်ယောက်စနစ်ဖြင့် တစ်လ (၃) ကြိမ်အထိ အလှည့်ကျ ကင်းစောင့်ပေးရသည်ဟု သိရသည်။

တစ်ဖက်တွင်လည်း ကျောင်းမတက်ရန် ဖိအားပေးနေပြီး ကျောင်းဖွင့်လျှင် လုံခြုံမှုအာမခံချက် မပေးနိုင်ကြောင်း ခြိမ်းခြောက် မှုလည်းရှိနေသည်။“ကမ္ဘာမှာရှိတဲ့ ဘယ်တော်လှန်ရေးကမှ စာသင်ကျောင်းနဲ့ ကျောင်းသားတွေကို Target လုပ်တာ မတွေ့ဘူး။ ပြည်သူ့အတွက် တော်လှန်နေတာဆိုပြီး ကျောင်းတွေကို Target ထားတာ မူလရည်ရွယ်ချက်နဲ့ လွဲနေပြီ”ဟု မွန် စာရေးဆရာတစ်ဦးက မှတ်ချက်ပြုသည်။

၂၁။ တွန်းဇံမြို့နယ်မှာ ကိုဗစ် လူနာ ၈၂ ဦးအထိရှိနေပြီး တစ်ဦးသေဆုံး
1 June, 2021

ချင်းပြည်နယ်မြောက်ပိုင်းက အိန္ဒိယနယ်စပ်နဲ့နီးတဲ့ တွန်းဇံနဲ့ ကျီခါးမြို့တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့သူ ၈၂ ဦး အထိရှိနေပြီး တစ်ဦးသေဆုံးတယ်လို့ သတင်းရရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ပိုးကူးစက်မှုအများဆုံး ဖြစ်နေပါ တယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံကနေတဆင့် ကူးစက်လာတာလို့ ဒေသခံတွေက ယူဆနေပါတယ်။ တွန်းဇံမြို့နယ်ဆေးရုံမှာ ပိုးတွေ့ လူနာ ၃၉ ဦး၊ ကျီခါးမြို့မှာ ၄၃ ဦး အထိရှိနေတယ်လို့ တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံက အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

“လောလောဆယ် လက်ရှိအထိတော့ မြို့နယ်ဆေးရုံမှာ ၃၉ ယောက်ရယ်၊ ကျီခါး တိုက်နယ်ဆေးရုံမှာ ၄၃ ယောက်ရှိပါတယ်။ မနေ့ညအထိပေါ့ သေဆုံးသွားတဲ့ ဦးရေကတော့ ကျီခါးမှာ ၃၀ ရက်နေ့က ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ဆုံးသွားပါ တယ်။ ဇွန်လမှာမွေးမယ့်သူ ကိုယ်ဝန်လည်း ရှိနေတော့ ကိုယ်ခံအားလည်း တအားနည်းတာပေ့ါ။ ကိုယ်ဝန်ဆောင်ချိန် မှာတော့ သွေးသားလည်းနုတာပေါ့နော်။ အဲဒါကြောင့် ခံနိုင်ရည်လည်း မရှိဘူး။ စတက်တုန်းက သူ့အခြေအနေက အဆိုးကြီး မဟုတ်သေးဘူး။ ကျွန်တော်တို့ တင်လိုက်တယ်။ အောက်ဆီဂျင် ပေးတယ်။ သုံးရက်မြောက်မှာ အဲဒီလို စဖောက်ပြီးတော့ တခါတည်းဆုံးသွားတာ။” တွန်းဇံမြို့နယ်ဆေးရုံနဲ့ ကျီခါးတိုက်နယ်ဆေးရုံကို မေလ ၂၇ ရက်နေ့ကစပြီး ရောက်လာတဲ့သူ တွေမှာ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ အနံ့မရတာ၊ အသက်ရှုရခက် တာ တွေ့ရှိရတယ်လို့လည်း ပြောပါတယ်။

တွန်းဇံနဲ့ ကျီခါးမြို့တွေမှာ ပိုးတွေ့လူနာ များလာတာဟာ အိန္ဒိယဘက်ကနေ တောလမ်းကိုဖြတ်ပြီး အသွားအလာ လုပ်နေ တဲ့သူတွေကတဆင့် ကူးစက်တာဖြစ်နိုင် တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အိန္ဒိယကနေ ကူးလာ တာပါ။ နယ်စပ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ဆိုရင် ဟိုင်ကျင်းကလည်း နယ်စပ် ပေါ့နော်။ အဲလို အထွက်အဝင်များလို့ ဟိုဘက်ကနေ ကူးလာတာ။ ကျီခါးဆေးရုံမှာ တင်ထားတဲ့သူတွေက ဟိုင်ကျင်းကနေလည်း လာတယ်။ တွီးမြွေကနေလည်း လာတယ်။ အခု အောက်ဆီဂျင် ပေးထားတဲ့ ရှစ်ယောက်ဆိုရင်လည်း ကျီခါးမြို့ပေါ်က မဟုတ်ဘူး။ ရွာတွေကနေ တွီးမြွေ တို့ ခယ်မန်း တို့ကလာတာ။” ဟိုင်ကျင်း၊ တွီးမြွေဆိုတဲ့ရွာတွေဟာ အိန္ဒိယနယ်စပ်မျဉ်းပေါ်က ကျေးရွာတွေဖြစ်ကြပြီး လူအဝင် အထွက်များတဲ့ ဒေသတွေ ဖြစ်ကြပါတယ်။

၂၂။ မြဝတီတောင်ဘက် ဖလူးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေ၍ အနီးဝန်းကျင်ကျေးရွာနေပြည်သူများ စစ်ရှောင်နေရ
June 1, 2021

ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာအနီးတွင် ယနေ့ ဇွန်လ ၁ ရက် ၊ နေ့လည် ၁ နာရီအချိန်က စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့နှင့် ခွဲထွက် (DKBA) တို့ တိုက်ပွဲဖြစ်နေ၍ အနီးဝန်းကျင်ရှိ ရွာသားများမှာ ဘေးလွတ်ရာသို့ စစ်ရှောင်နေရ ကြောင်း သိရသည်။ ယခု ဖြစ်ပွားလျက်ရှိသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ မြဝတီအခြေစိုက် နယ်မြေခံတပ်ရင်းများ နှင့်အတူ နယ်ခြားစောင့် တပ်(BGF) အမှတ် ၁၀၂၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သလို ခွဲထွက် (DKBA)ဘက် တွင်လည်း ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့(PDF) မှ မျိုးဆက်လူငယ်များ ပါဝင်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရ သည်။

၂၃။ တောင်ကြီး ၂၁၂ တပ်ထဲ ကတုတ်ကျင်းတူးရာ တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား
May 31, 2021

တောင်ကြီးမြို့တွင် ယမန်နေ့( မေ ၃၀) ရက် မနက်ပိုင်းတွင် ၂၁၂ ဆက်သွယ်ရေးတပ် တပ်ထဲ၌ စစ်သားများ အချင်းချင်း အငြင်းပွား စကားများကြပြီး ပစ်ခတ်မှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းဘက်တွင်ရှိသော ၂၁၂ တပ်အတွင်း စစ်သားနှစ်ဦးသည် အချင်းချင်း စကားများကြပြီး တစ်ဦးက အနီးရှိ ဓါးဖြင့် ခုတ်မှု ပြုလုပ်ပြီး၊ တခြား စစ်သားက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း အမည် မဖော်လိုသည့် ၂၁၂ ဈေးအနီး တွင် နေထိုင်သူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။“ပြည်သူကဝင်လုပ် တယ်ဆိုတာက သတင်းအမှားပါ၊ သူတို့ တပ်ထဲကတုတ်ကျင်းတူးနေကြရင်းနဲ့ အချင်းချင်းစကားများရာကနေ တစ်ယောက် က ဓါးနဲ့ ခုတ်လိုက်တာ။ အခုတ်ခံရတဲ့သူက ဘယ်ဖက် လက်မောင်းမှာ ဒဏ်ရာရသွားပြီးတော့ ဓါးနဲ့ ခုတ်သူကို သေနတ်နဲ့ ပြန်ပစ်ကြတာ”ဟု ၎င်း က ပြန်ပြောပြသည်။

ယခုရက်ပိုင်း တောင်ကြီးမြို့ ပေါ်တွင် ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပွားပြီး၊ ၂၁၂ တပ်အနီးတဝှိက်တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားသဖြင့် တပ်ထဲတွင် ကတုတ်ကျင်းများတူးရာ စစ်သားအချင်းချင်း စကားများ သေနတ်ပစ်ဖောက်သည့် အထိ ဖြစ်ပွား ခဲ့သည်။ လွန်ခဲ့သည့် မေလ ၂၇ ရက်တွင်လည်း ဆက်သွယ်ရေးတပ် (၂၁၂)အရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး စစ်သား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၂၄။ ဘုရားသုံးဆူမြို့ စာသင်ကျောင်းများတွင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့
May 30, 2021

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ စာသင်ကျောင်းများရှေ့တွင် ယမန်နေ့ မေလ ၂၉ ရက်နေ့ ည က ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ မြို့ပေါ်ရှိ အထက်တန်းစာသင်ကျောင်းရှေ့၌ မေလ ၂၉ ရက် ည ၉ နာရီကျော်အချိန်တွင် ဗုံးပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးမှုအချို့ရှိပြီး ရပ်ကွက် ၁ ရှိ စာသင် ကျောင်းနှင့် ရပ်ကွက် ၃ ရှိ အထက်တန်းကျောင်းခွဲရှေ့တွင်လည်း ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်ဟု မြို့နေလူထုများထံမှသိရသည်။

“မနေ့ည ၉ နာရီကျော်အချိန် စာသင်ကျောင်းရှေ့တွေမှာ ဗုံးပေါက်မှု ၃ နေရာဖြစ်တယ်။ တစ်လုံးနဲ့တစ်လုံး ပေါက်ကွဲတာ မိနစ်ပိုင်းပဲ အချိန်ခြားတာပေါ့နော်။ အိမ်တွေပါ တုန်လှုပ်သွားတယ်။ ထိုင်းဘက်အထိကြားရတယ်။ ဒီနေ့ မနက်မှာလည်း သေနတ်ပစ်ခတ်မှုရှိတယ်။ သေနတ်သံတွေ ဗုံးသံတွေကြားရတော့ စိုးရိမ်တာပေါ့ဗျာ။ လူထုထိခိုက်နိုင်တဲ့ နေရာတွေ ရှောင် စေချင်တယ်” ဟု အမည်မဖော်လိုသူ ဘုရားသုံးဆူမြို့ခံတစ်ဦးက ယနေ့မေလ ၃ဝ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။ ပညာရေးဌာန၏ ညွန်ကြားချက်အရ မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ရက်အဖြစ် သတ်မှတ်ထားပြီး လာမည့် ဇွန်လ ၁ ရက်နေ့တွင် ကျောင်းတက်ရောက်ရမည်ဟု သတ်မှတ်ထားသော်လည်း ဘုရားသုံးဆူမြို့တွင် ကျောင်း လာရောက်အပ်နှံမှု အနည်းငယ်သာရှိသည်။ စစ်ကောင်စီမှ ဖွင့်လှစ်မည့်ပညာရေးကို အများစုက လိုလားမှုမရှိသည့်အတွက် လာရောက်အပ်နှံမှု နည်းရခြင်းဖြစ်သည်ဟု ကျောင်းသားမိဘများက ပြောသည်။

၂၅။ ယခုနှစ်ကျောင်းတက်သူများထောက်ပံ့ကြေးပိုရမည်ဟု ဆိုသဖြင့် ငွေပျော်စံပြကျေးရွာတွင် ကျောင်းအပ်သူများပြား
31 May 2021

မြစ်ကြီးနား ငွေပျော်စံပြကျေးရွာတွင် ယခုနှစ်ကျောင်းတက်သူများကို ထောက်ပံ့ကြေး ပိုပေးမည်ဟူသောသတင်းကြောင့် ကျောင်းသားအများစု ကျောင်းတက်ရန် အမည်စာရင်း ပေးနေကြသည်ဟု သိရသည်။ “ငွေပျော်မှာတော့ မူလတန်းပဲ အများ ပိုင်း ကျောင်းလာအပ်ကြတယ်။ အတန်းကြီးတွေတော့ သိပ်မလာကြဘူး။ စာအုပ်၊ လွယ်အိတ် ခဲတံတွေ အားလုံးရထားပြီ။ ဒီနှစ်တော့ ကျောင်းတက်တဲ့ သူတွေကို ကူညီထောက်ပံ့မှုပေးသွားမယ်ဆိုတာလဲ ကျောင်းသွားအပ်တဲ့အချိန်မှာ ရောပြော တယ်။ PSI မှာလည်းတွေ့တယ်။ တကယ်ထောက်ပံ့မှာလား မထောက်ပံ့ဘူးလားဆိုတာက မသိဘူးလေ ပြောနေတာပဲ” ဟု ကျောင်းအပ်နှံထားပြီးသော ငွေပျော်စံပြ ကျေးရွာကျောင်းသားမိဘတစ်ဦးက ပြောသည်။

ထောက်ပံ့မှုကြောင့် ကျောင်းအပ်နေကြသလို အချို့မှာ အခြေအနေစောင့်ကြည့်ကာ လဝက်ခန့်မှ ကျောင်းအပ်သွားမည်ဟု ပြောဆိုမှုများလည်း ရှိနေကြသည်။ ထို့ပြင် ငွေပျော်စံပြကျေးရွာ အုပ်ချူပ်ရေးမှူးကိုယ်တိုင်ကလည်း ကျောင်းသားမိဘများကို ကျောင်းအပ်နှံဖို့ တိုက်တွန်းပြောဆိုမှုလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ငွေပျော်စံပြကျေးရွာတွင် စာသင်ပေးမည့် ကျောင်းဆရာ၊ ဆရာမ ၄၀ ကျော်မှာ မြို့ဘက်မှ လာရောက်သူများဖြစ်ပြီး ထို အနက် ၁ ဦးသာ CDM ပြုလုပ်နေကြောင်း သိရသည်။ မြစ်ကြီးနားမြို့မြောက်ဘက် ၁၂ မိုင်ခန့် အင်ခိုင်ဘွမ်တောင်ခြေ တွင်ရှိ သော ငွေပျော်စံပြကျေးရွာသည် စစ်ရှောင်ပြည်သူများကို ပြန်လည်နေရာချထားပေးသော ကျေးရွာဖြစ်ကာ အိမ်ခြေ ၄၀၀ ကျော်ရှိသည်ဟု သိရသည်။

၂၆။ ဖားအံမြို့တွင် ရဟတ်ယာဉ် ၃ စီး နှင့် တိုက်လေယာဉ် ၂ စီး ပျံဝဲပြီး မြို့တွင်းလုံခြုံရေးတင်းကြပ်ထား
May 31, 2021

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယနေ့နံနက် ၁၁ နာရီဝန်းကျင်က ရဟတ်ယာဉ် ၃ စီးနှင့် တိုက်လေယာဉ် ၂ စီးပျံဝဲပြီး မြို့တွင်း လုံခြုံရေးတင်းကြပ်ထားသည်ဟု မြို့ခံလူထုများထံမှ သိရသည်။

အဆိုပါလေယာဉ်ရောက်ရှိမှုတွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်ကောင်စီ ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေ တို့ပါဝင်၍ စီးနင်းလိုက်ပါလာကြောင်း ဖားအံ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖေ့ဘွတ်လူမှုကွန်ရက် စာ မျက်နှာတွင် ဖော်ပြထားသည်။ ၎င်းရဟတ်ယာဉ်များသည် ဖားအံမြို့ တပ်မ ၂၂ သို့ဆင်းသက်ပြီးနောက် ဖားအံစစ်ကောင်စီ ရုံးသို့ သွားရောက်ခဲ့ပြီး အစည်းအဝေးတခုပြုလုပ်နေကြောင်း၊ ဖားအံ တက္ကသိုလ်တွင်လည်း Non CDM ဝန်ထမ်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း နှင့် ဖားအံမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများသို့ သွားရောက်မည်ဟုလည်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်များ မလာရောက်မီ ယမန်နေ့ညကစပြီး ဖားအံမြို့အတွင်း လုံခြုံရေး ပိုမိုတင်းကြပ် ထားပြီး တက္ကသိုလ် ဝင်းအတွင်းလုံခြုံရေးပိုတိုးချထားကာ သံလွင်မြစ်ထဲတွင်လည်း ၅၀၁ စစ်သင်္ဘောငယ်များ လိုက်လံလှည့်ပတ်နေသည်ဟု သိရသည်။

၂၇။ ကချင်က စစ်ပြေးဒုက္ခသည် သွားကူညီတဲ့ ဆရာဝန်နဲ့ အရပ်သားတွေကို စစ်တပ်ဖမ်းထား
1 June, 2021

ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ (၁၀)မိုင်အကွာ၊ ရွှေညောင်ပင်ဂိတ်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ခမရ (၃၂၁)က စစ်သားတွေက၊ မိုးမောက်မြို့နယ်က စစ်ပြေးဒုက္ခသည်တွေကို သွားကူညီတဲ့ ဆရာဝန် သုံးယောက်နဲ့ အရပ်သားနှစ်ယောက် ကို မေလ ၁၉ ရက်နေ့ မနက်ပိုင်းက ဖမ်းသွားတယ်လို့ အမည်မဖော်လိုတဲ့ အဖမ်းခံရသူ တစ်ဦးရဲ့ မိခင်က RFA ကို ပြောပါ တယ်။”ကျွန်မတို့က အဖမ်းခံရတယ်လို့ပဲ သိပါတယ်ရှင်။ သူတို့တတွေ မြစ်ကြီးနားဘက်မှာ အဖမ်းခံရတယ်လို့ ကျွန်မတို့ကို

အကြောင်းကြားလိုက်တာ ၂၁ ရက်နေ့က။ ကျန်တာ ကျွန်မတို့လည်း အခုလောလောဆယ်တော့ စိတ်တွေပူနေတာပဲ” သူတို့ နဲ့ အတူ သိန်း ၆၀ ဖိုးရှိတဲ့ ဆေးဝါးပစ္စည်းတွေလည်း ပါသွားတယ်လို့ သိရပါတယ်။ အဖမ်းခံရတဲ့သူတွေကတော့ ဒေါက်တာနွေဒါလီဝင်း၊ ဒေါက်တာခင်ပြည့်စုံသွေး၊ ဒေါက်တာသီဟ၊ ကိုအောင်မြတ် တို့ ဖြစ် တယ်လို့သိရပြီး နောက်တစ်ဦးရဲ့ နာမည်ကိုတော့ မသိရသေးပါဘူး။

သူတို့ ငါးယောက်ကို မြစ်ကြီးနားမြို့အခြေစိုက်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ စစ်ကြောရေးစခန်းမှာ ၁၂ ရက် ကြာတဲ့အထိ ထိန်းသိမ်းထားတယ်လို့ သိရတဲ့အကြောင်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။

၂၈။ အပစ်ရပ်ကာလ စစ်ကောင်စီ တစ်လ သက်တမ်းထပ်တိုး
31 May, 2021

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆက်လက်ဆွေးနွေးနိုင်ဖို့ အပစ်ရပ်ကာလကို ဇွန်လ ၃၀ ရက် နေ့အထိ တစ်လထပ်တိုးတယ်လို့ အာဏာသိမ်း စစ်ကောင်စီဘက်က မေလ ၃၀ ရက် မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန် လိုက်ပါတယ်။ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တယားကို ပျက်ပြားအောင် နှောက်ယှက် တိုက်ခိုက်ချိန်ကလွဲပြီး ကျန်တဲ့ စစ်ဆင် ရေး အားလုံးကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်လက်ရပ်ဆိုင်းသွားမယ်လို့ ပါရှိပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေ ချောမွေ့အောင် ဆက်လက်ဆွေးနွေးဆောင်ရွက်နိုင်ဖို့နဲ့ ဇွန် ၁ ရက်နေ့ မနက်ဖြန်ကစပြီး ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်အတွက် ပြန်လည်ဖွင့်လှစ်မယ့် အခြေခံပညာ ကျောင်းတွေမှာ တက်ရောက်မယ့် ကျောင်းသူ၊ ကျောင်းသားတွေ အေးအေးချမ်းချမ်း ပညာသင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လည်း ထပ်မံအပစ်ရပ်ထားတဲ့ကာလအတွင်း အမြဲတမ်း ထိတွေ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးတာတွေ လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

အာဏာသိမ်းပြီးမှ အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးကိစ္စ ညှိနှိုင်းရေးအဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံတာတွေရှိခဲ့ပါတယ်။ လက်ရှိမှာ အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ရှိပြီး အဲဒီထဲက ကရင်အမျိုးသား အစည်းအရုံး KNU – KNLA နဲ့ ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ် တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ လည်း ကချင်ပြည်နယ်ထဲမှာ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

၂၉။ ထိုင်းနိုင်ငံ မှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၉) ဦး မြန်မာသို့ လွှဲအပ်ရာ ကိုဗစ် ( ၇) ဦးတွေ့
June 1, 2021

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်စေ့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့သည့် (၁၀၉) ဦးထဲတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၇)ဦးရှိကြောင်း စုံစမ်း သိရသည်။ ထိုင်းနိုင်ငံမှ ယနေ့ (ဇွန် ၁)ရက် မနက်ပိုင်းတွင် ပြစ်ဒဏ်စေ့ပြီး မြန်မာနိုင်ငံသို့ပြန်ပို့သည့် မြန်မာရေ့ွှပြောင်း အလုပ်သမား (၁၀၉ )ဦးထဲတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၇)ဦးရှိကြောင်း စုံစမ်းသိရသည်။ ထိုပြစ်ဒဏ်စေ့သူ (၁၀၉ )ဦးကို မယ်ဆိုင်မှ အာဏာပိုင်များက တာချီလိတ်မြို့မြန်မာအာဏာပိုင်ထံ ယနေ့ (ဇွန် ၁)ရက် မနက်ပိုင်း လွှဲအပ်ရ ပေးခဲ့သည်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်မယ့်ကျန် စစ်ဆေးရေးဂိတ်တွင် မေ ၂၂ ရက်ထိ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၅၅)ဦးဖမ်းဆီးခံရ ပြီး၊ ထိုထဲမှ (၁၀၉ )ဦးကို ပြန်လည်ပို့ဆောင်ရာ ကျန်းမာရေး ဆေးစစ်ချက် အရ ပိုးတွေ့သူ လူနာ (၇)ဦး ရှိကြောင်းသိရ သည်။ ကျန် မလွှဲအပ်သေးသည့် မြန်မာနိုင်ငံသား (၄၀)ကျော်သည် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုကြောင့် စစ်ကောင်စီ၏ ရာဇာသတ်ကြီး ပုဒ်မ (၅၀၅-က)ထိခံထားရသူများဖြစ်သည်။“ထိုင်းဘက်ကို ခိုးဝင်တဲ့သူပါတယ်၊အလုပ်သမားကဒ် သက် တမ်းကုန်ဆုံးသူပါတယ်။ ထိုင်းနိုင်ငံဉပေဒ ချိုးဖေါက်မှု ကြောင့် ပြစ်ဒဏ်ချခံရပြီး ပြစ်ဒဏ်စေ့လွှတ်မြောက်တဲ့သူတွေပါတယ် ဒီမနက် ၉ နာရီ နှစ်နိုင်ငံ လွှဲအပ်ပေးခဲ့ပါတယ်”ဟု အမည်မဖေါ်လိုသည့် အာဏာပိုင်တဦး က ပြောသည်။

ယနေ့ မြန်မာပြည်သို့ပြန်ပို့ခံရသူများ စာရင်းအရ ကျား( ၆၇) ဦး၊ မ (၄၂) ဦးတို့ ဖြစ်ပြီး ကိုဗစ်ပိုး တွေ့လူနာမှာ ကျား( ၆) ၊ မ တစ် ယောက်ဖြစ်ကြောင်းသိရသည်။ “အခု ထိုင်းဘက် တရားမဝင်အလုပ်သမားတွေကို ရှင်းလင်းဖို့ စာထပ်ထုတ်ထား တယ်။ နယ်စပ်တကြော ထပ်ဝင်လာတဲ့သူတွေကို လဲ နေ့စဉ်ဖမ်းဆီးနေတာတွေ့ရတယ်။ ဒီအချိန် အလုပ်သမားကဒ် လည်း လုပ်မပေးသေးဘူးဆိုတော့ သတိထား သွားလာစေချင်တယ်”ဟု စိုင်းနော်ကပြောသည်။ တရားမဝင် နယ်စပ်ဖြတ်သန်းသွာ လာမှုမရှိစေရန် တရားမဝင်ဂိတ်များအားလုံးလည်း အထူးကြပ်မတ် စစ်ဆေးလာခဲ့သော်လည်း ရှည်လားသည့် ထိုင်း – မြန်မာ နယ်စပ်မျဉ်းကြောင့် ထိုင်းနိုင်ငံဘက်နေ့စဉ် ခိုးဝင်မှု ရှိနေကြောင်း အမည်မဖေါ်လိုသည့် ထိုင်းအာဏာပိုင်တဦး က ပြောသည်။

 

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

** ပြီး **

Related Articles

Back to top button