တိုင်းရင်းသားများသတင်း

နေ့စဉ်တိုင်းရင်းသတင်းများ စုဆောင်းတင်ပြခြင်း

 

၁။ KNPP နှင့် အာဏာသိမ်း စစ်တပ် လွိုင်ကော်တွင် တိုက်ပွဲဖြစ်
12 July 2021

ကယားပြည်နယ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် များအကြား တိုက်ပွဲ ဖြစ်ပွားကြောင်း KNPP ထံက သိရသည်။ ကယားပြည်နယ်၊ လွိုင်လင်လေးဒေသ အရှေ့ဘက်ရှိ တီးလုံရွာ အနီးတွင် နံနက် ၇ နာရီခွဲမှ ၈ နာရီခွဲအထိ ၂ ဖက် အပြန်အ လှန် ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း KNPP အတွင်း ရေးမှူး ၁ ခူပလူးရယ်က ဧရာဝတီသို့ ပြောသည်။ ခူပလူးရယ် က “တိုက်ပွဲဖြစ်တာတော့ ဟုတ်တယ်။ အသေးစိတ်တော့ မသိရသေး ဘူး။ ဘာကြောင့်ပစ်တာလဲတော့ မသိရသေးဘူး” ဟု ဆိုသည်။

တိုက်ပွဲကြောင့် တီးလုံနှင့် အနီးဝန်းကျင်ရွာအချို့မှ ဒေသခံ ၁ ထောင်ဝန်းကျင် ထွက်ပြေးနေရကြောင်း တီးလုံရွာအနီး နေထိုင် သည့် စစ်ဘေးရှောင်တဦးက ပြောသည်။ လွိုင်လင်လေးဒေသဝန်းကျင်မှ ထွက်ပြေးနေရသူများကို အကူညီပေးနေသည့် အရပ် ဘက်အဖွဲ့တခုဖြစ်သည့် Save Our People အဖွဲ့ဝင်တဦးကလည်း KNPP နှင့် စစ်ကောင်စီတို့၏ တိုက်ပွဲကြောင့် ရွာသူရွာ သားများသည် ၎င်းတို့အိုးအိမ်များကို စွန့်ခွာကာ ရှမ်း-ကယားနယ်စပ်ဘက်ရှိ သစ်တောများထဲသို့ ထွက်ပြေးတိမ်း ရှောင်နေရ ကြောင်း ပြောသည်။ “အခုက ကိုဗစ်တတိယလှိုင်းကြောင့် လူထုတွေက စိုးရိမ်နေရတဲ့အခြေအနေမှာ တိုက်ပွဲကြောင့်ထွက်ပြေး ရတော့ လူထုကတပူပေါ် ၂ ပူဆင့်ဖြစ်တာပေါ့။ အခုလက်ရှိတော့ စားဖို့သောက်ဖို့က ပါလာတာလေးတွေအချင်းချင်း မျှဝေစား နေတော့ အဆင်ပြေနေသေးတယ်။ မငြိမ်းချမ်းလို့ ရက်ရှည်သွားရင် စားနပ်ရိက္ခာအခက်အခဲ ဖြစ်နိုင်တယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်ကလည်း အာဏာသိမ်းတပ်နှင့်အတူ ချီတက်လာသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေးတပ်ဦး (က.လ.လ.တ) နှင့် ဦးအောင်ခမ်းထီ၏ ပအိုဝ့် အမျိုးသားအဖွဲ့ချုပ်၊ ပအိုဝ့် အမျိုးသားတပ်မတော် (PNO/PNA) တပ်များနှင့် KNPP တို့ လွိုင်ကော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ခဲ့သေးသည်။ KNPP သည် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (န.အ.ဖ) အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက် မှတ်ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲများပြန်ဖြစ်ကာ သဘောတူညီချက် ပျက်ပြားခဲ့သည်။

၂။ ဝိုင်းမော် ပြည်သူ့စစ် စခန်းတစ်ခုကို KIA တိုက်ခိုက်ဖျက်စီး၊ လက်နက်အချို့ သိမ်းယူ
12 July 2021

ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁)ကျေးရွာ တံတားအနီးတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ် ခလရ ၅၈ လက်အောက် ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယမန်နေ့ည တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက် ပစ္စည်းတစ်ချို့ကိုလည်း သိမ်းယူခဲ့ကြောင်းသိရသည်။ ဇူလိုင် ၁၁ ရက် ည ၈နာရီဝန်းကျင်တွင် KIA တပ်မဟာ ၅ လက်အောက် တပ်ရင်း ၃ တပ်ဖွဲ့က လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သည့်အပြင် တပ်စခန်းအတွင်းရှိ တဲများကို လည်း မီးရှို့ဖျက်ဆီးပေးလိုက်ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောပြသည်။

“သူတို့ရဲ့ စခန်း တဲ ၃ခုလောက်ကို မီးရှို့ဖျက်ဆီးပေးလိုက်တယ်။ တဲတစ်ခုဘဲကျန်တော့တယ်။ KIA ဘက်ကနေ လက်နက် ကြီးနဲ့ အရင်လာပစ်တယ်။ အဲ့လိုလာပစ်တော့ အဲ့စခန်းမှာရှိတဲ့ ပြည်သူ့စစ် စစ်သားတွေက ထွက်ပြေးသွားတယ် ထင်တယ်။ စခန်းကိုဝင်ပြီး မီးရှို့သိမ်းတာတွေ လုပ်သွားတယ်”ဟု ပြောဆိုသည်။ တိုက်ခိုက်ခံရသည့် ပြည်သူ့စစ် စခန်းအတွင်းမှ ဆိုင်ကယ် ၂ စီး၊ သေနတ် ၂ လက်၊ ကျည်ထောင့်များနှင့် လက်နက်ပစ္စည်း တစ်ချို့ကို လည်း KIA ကသိမ်းယူသွားခဲ့သည်။ KIA က ပြည်သူ့စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် ည၉နာရီခွဲဝန်းကျင်တွင် ဝိုင်းမော်အခြေစိုက် ခလရ ၅၈ တပ်ရင်းမှ KIA ရှိသည့်ဘက်သို့ လက်နက်ကြီး ၃ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပြည်သူ့စစ်တပ်စခန်းတွင် ယခင်က ဝိုင်းမော်မြို့အခြေစိုက် ခလရ ၅၈ တပ်ရင်းမှ တပ်စွဲနေထိုင်ခဲ့သော်လည်း လက်ရှိ တွင် အောင်မြေ (၁)နှင့် တာလောကြီးကျေးရွာ ၂ ခုမှ ပြည်သူ့စစ် ၁၀ ဦးခန့် ပုံမှန်ရှိနေသော တပ်စခန်းဖြစ်ကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။

၃။ တာဝန်ယာယီရပ်ဆိုင်းခံရမှုအပေါ် လက်မခံကြောင်း KNDO စစ်ဦးစီးချုပ် သဘောထားထုတ်ပြန်
July 12, 2021

ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်လိုက်သည့် ကရင်အမျိုးသားအစည်းအရုံး-KNU ကာကွယ်ရေး ဌာန၏ တာဝန် ယာယီရပ် ဆိုင်းကြောင်း အမိန့်စာအပေါ်လက်မခံကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ယမန်နေ့ (ဇူလိုင်လ ၁၁ ရက်)က သဘောထားပြန်လည်ထုတ်ပြန် ကြေညာလိုက်သည်။

ကာကွယ်ရေးဌာနမှူး ပဒိုစောရောဂျာခင်မှ ၎င်းနှင့် ဗိုလ်ဘာဝါး နှစ်ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းမည့်အပေါ် လုံးဝလက်မခံ နိုင်ကြောင်း နှင့် KNDO တပ်ဖွဲ့ဝင်များအပြင် ပြည်ပရောက် ကရင်လူထုအနေဖြင့်လည်း လုံးဝ လက်မခံကြောင်း ဖော်ပြပါရှိ သည်။“ ဒီ စာကို ကျနော်တို့ လက်ခံလိုက်ပြီးဆိုရင် ကျနော်တို့ ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး။ ရန်သူရဲ့ အလုပ်ကိုကိုယ်က လုပ်ပေးသလိုမျိုးဖြစ်နေတယ်။ ဒါကြောင့် ကာကွယ်ရေးဌာနက ထုတ်တဲ့စာကို ကျနော်တို့ လက်မခံနိုင်ဘူး။ ရန်သူနဲ့ NCA လုပ်တဲ့ ခေါင်းဆောင်တွေ နောက်ကို ကျနော်တို့ မလိုက်နိုင်တော့ဘူး”ဟု ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ၎င်း၏ သဘောထား ထုတ်ပြန်စာတွင် ပြောဆိုရေးသားထားသည်။ အလားတူ ယမန်နေ့က KNDO ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ဗိုလ်မှူး ချုပ် စောနယ်ဒါးမြက ယခုလိုတာဝန်မှ ယာယီရပ်ဆိုင်းခံလိုက်ရသည့်အပေါ် လက်မခံကြောင်းနှင့် ယခုကိစ္စတွင် ရန်သူ၏ ဖိအားပေးထိုးနှက်ချက်များ ပါဝင်ကြောင်းလည်း ရုပ်သံဖြင့် ရိုက်ကူး ထုတ်ပြန်ထားသေးသည်။

ယခုလို တာဝန်ရပ်ဆိုင်းခံရမှု ကိစ္စနှင့် တာဝန်ရပ်ဆိုင်းခံရမှုအပေါ် လက်မခံသည့်ကိစ္စ ပေါ်ပေါက်လာသည့်အပေါ် ကရင်လူထု အကြား အမြင်အမျိုးမျိုး ကွဲပြားနေပြီး နောက်ထပ် ကရင့်လက်နက်ကိုင် ခွဲထွက်မှု ထပ်မံဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်သူ များရှိပြီး ဗိုလ်မှူးချုပ် စောနယ်ဒါးမြ တာဝန်ယာယီရပ်ဆိုင်ခံရမှုအပေါ် လက်မခံနိုင်ကြောင်းလည်း ပြည်ပရောက် ကရင်တ ချို့နှင့် ပြည်တွင်း ကရင်လူငယ်တချို့တို့ကလည်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖော်ပြမှုများရှိနေ ကြသည်။ ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က မြဝတီခရိုင် ဝေါလေမြို့နယ် ကနဲလေး-မော်ခီးသွား ကားလမ်း၊ အူးဟူချောင်း တံတားတည်ဆောက်ရေးလုပ်ငန်းခွင်နေရာမှ အလုပ်သမားဆိုသူ ၄၇ ဦးအား KNDO က ဖမ်းဆီးခဲ့ပြီးနောက် ၂၂ ဦးအား ပြန်လွှတ်ပေးခဲ့ကာ ၂၅ ဦးအား အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

၄။ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည့် ချင်းလူငယ် ၅ ဦးကို စစ်တွေမှ ပလက်ဝသို့ ပြန်သို့
July 12, 2021

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည့် ချင်းလူငယ် ၅ ဦးကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တစ်လနီးပါးခန့် ထိန်းသိမ်းထားပြီးနောက် ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။

“မနေ့က ၂ နာရီလောက်က ရောက်လာကြတယ်၊ ကျမတို့ လမ်းဘေးနားကစောင့်ပြီး စကားတော့ ပြောလို့မရဘူးပေါ့၊ လက်ပြ နှုတ်ဆက်တာတို့တော့ရတယ်၊ ကျန်းမာရေးတော့ ကောင်းကြတယ်၊ သူတို့ရောက်လာတော့ ကိုဗစ်လည်း စစ်ကြတယ်၊ ပိုးမတွေ့ ဘူး၊ အခု သူတို့ကို ပလက်ဝရဲစခန်းမှာ ထားတယ်” ဟု အမည်မဖော်လိုသည့်နီးစပ်သည့်ဆွေမျိုးတစ်ဦးက ပြောသည်။ ၎င်းတို့ ၅ ဦးကို ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခန့်က ပလက်ဝမြို့တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း အမှုစစ်ဆေးမှု တစ်စုံတစ်ရာမရှိဘဲ ဇူလိုင်လ ၂၀ ရက်နေ့ကို ရုံးပြန်ချိန်းသည်ဟု သိရသည်။“ဒီမနက်တော့ ၁၁ နာရီ ရုံးထုတ်တယ်၊ မနေ့က ရောက်တယ်ဆိုတော့ ဒီနေ့ကတော့ စွဲချက်တင်တာပဲရှိသေးတယ်။ လာမယ့် ၂၀ ရက်ကို ရုံးပြန်ချိန်းတယ်၊ ဒီနေ့တော့ မိသားစု ဝင် တွေအကုန်လုံးပဲ တရားရုံးမှာစောင့်ပြီးတော့ ခနလေး မိနစ်ပိုင်းလေးတော့ တွေ့ခွင့်ရပါတယ်” ဟု ဖမ်းဆီးခံထားရသော မိသားစုဝင်တစ်ဦးက ပြောသည်။

ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ် ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ် ပေးခဲ့သော်လည်း ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်ည်။ အဆိုပါ ချင်းလူငယ် (၅) ဦးမှာ ကိုအိုက်မင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူးနှင့် အဂ္ဂပေ လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြပြီး ၎င်းတို့ ၅ ဦးကို ပလက်မြို့ရဲစခန်းမှ ဇွန်လ ၁၇ ရက်နေ့က ခမရ (၅၁၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး နေလင်းအောင်က ခလရ (၂၈၉) တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့ ၅ ဦး သည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် အလှူငွေကောက်ခံသည့် ကိစ္စနှင့် ပတ်သက်၍ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်။

၅။ မိုင်းကိုင်မြို့နယ်အတွင်း လက်နက်ကြီးကျ ဒေသခံ(၇၅၀)ကျော် ထွက်ပြေးနေရ
July 12, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု အနီး သျှမ်းတပ်(၂)တပ် တိုက်ပွဲကြောင့် လက်နက်ကြီး ကျကာ ဒေသခံ (၇၅၀)ကျော် ထွက်ပြေးတိမ်းရှေင်နေကြရသည်။ အဆိုပါ ကျေးရွာအနီး တိုက်ပွဲဖြစ်ကာ လက်နက်ကြီးကျသဖြင့် ဒေသခံ (၇၅၀)ကျော်တို့သည် စိုးရိမ်ထိတ်လန့်သဖြင့် မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း စုံစမ်းသိရသည်။

“လက်နက်ကြီးတွေ ရွာနီးနားမှာ ကျတဲ့အတွက် ကြောက်လို့ ထွက်ပြေးလာတာ။ ရွာထဲမှာ ကျလာမှာ ကြောက်လို့” ဟု အသက် (၅၀) အရွယ် စစ်ရှောင် အမျိုးသား တစ်ဦးကပြောသည်။ ဇူလိုင် (၁၁) ရက်နေ့ထိ မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာ အုပ်စုအတွင်း စစ်ဘေးရှောင် စုစုပေါင်း (၇၅၀) ဝန်းကျင်ခန့်ရှိပြီး ၎င်းတို့သည် ဝမ်လျန့်ဘုန်းကြီးကျောင်း၊ ဝမ်ဟွေ့ဘုန်းကြီး ကျောင်း ၊ နောင်လီဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်း မှာ ထားရှိထားကြောင်း သတင်းရရှိသည်။“လူကတော့ တိုးလာ တယ်။ စာရင်းအတိအကျတော့ ယူလို့မရသေးဘူး။ အဝင်အထွက်တော့ အမြဲရှိနေတယ်။ တိတိကျကျတော့ မရဘူး” ဟု စစ်ဘေးရှောင် ကူညီပေးနေသည့် ကော်မတီဝင် တစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ရှောင်စခန်းများသည် စားနပ်ရိကာများ၊ စောင်များ၊ ကလေး အဝတ်အထည်များ၊ အခင်းများ၊ ခြင်ထောင်များ နှင့် ဖယောင်းတိုင်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။ သျှမ်းတပ် (၂) တပ်၏ လွိုင်ဟွန်းတောင်ကြော တိုက်ပွဲ ကြောင့် ကျေးသီးမြို့နယ်ရှိ စစ်ဘေးရှောင် (၃၀၀၀) ကျော် နှင့် မိုင်းကိုင်မြို့နယ် စစ်ဘေးရှောင် (၇၀၀) ကျော် ရှိပြီး ၎င်းတို့သည် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။

၆။ ဒီမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာမှာ ဆွေးမြှေ့နေတဲ့ လူသေအလောင်းတွေ့ရှိ
July 12, 2021

ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာမှာ ဆွေးမြှေ့နေတဲ့ လူသေအလောင်းကို ဇူလိုင်လ ၁၁ ရက်နေ့မှာ တွေ့ရှိခဲ့ပြီးနောက် မီးရှို့သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။ စံပြ (၆) မိုင်ကျေးရွာ အိမ်အမှတ် ၃-၂၇ မှာ စစ်ကောင်စီတပ်စွဲလျက်ရှိပြီး ၎င်းဘေး ချင်းကပ်အိမ်မှာ အပုပ်နံ့ရရှိတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး၊ ကယန်းပြည်သစ်ပါတီ၊ ကယောငြိမ်းချမ်းရေးတပ်ဖွဲ့တို့မှ ဝင်ရောက်စစ်ဆေးကြည့်ရာ နေအိမ်အနောက် ဖက်ရှိ အိမ်သာကပ်လျက် ကျင်းဘေးမှာ ဆွေးမြှေ့နေတဲ့ လူသေအလောင်းတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာမှာ စစ်ကောင်စီတပ်စွဲထားတာ ၂ လခန့်ရှိပြီလို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ မေလ ၂၁ ရက်နေ့မှစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်း ထန်ခဲ့ပြီး တိုးတက်သော ကရင်ပြည်သူ့အင်အားစုရဲ့ မှတ်တမ်းအရ သေဆုံးသူ ၇၆ ဦးရှိတယ်လို့ ဇူလိုင်လ ၁ ရက်နေ့ မှာ ထုတ်ပြန်ထားတဲ့ မှတ်တမ်းအရသိရပြီး စစ်ဘေးရှောင်သူဦးရေ တစ်သိန်းကျော် ရှိလာခဲ့ပါတယ်။ သေဆုံးမှုတွေထဲမှာ မည်သူ မည်ဝါဖြစ်ကြောင်းကို မသိရှိနိုင်တော့တဲ့ အလောင်းတွေလည်း အမြောက်အများရှိနေတယ်လို့ သိရပါတယ်။

၇။ KNLA ဗဟိုဆေးတပ်ဖွဲ့ ဆေးသင်တန်းကျောင်းအုပ် ကွယ်လွန်
July 12, 2021

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) ဗဟိုဆေး တပ်ဖွဲ့မှ ဆေးသင်တန်းကျောင်းအုပ်ဖြစ်သူ ဗိုလ်ကြီးစောကလို့ဖောဝါးသည် ယနေ့ ဇူလိုင်လ ၁၂ရက်နေ့၊ နံနက် ၉ နာရီဝန်း ကျင်တွင် ကွယ်လွန်သွားသည်ဟု သိရှိရသည်။ ၎င်းသည် ပြီးခဲ့သည့် ၆ လကတည်းက အစာအိမ်၊ အူနှင့် အသဲရောဂါဝေဒနာ ခံစားရခြင်းဖြစ်ပြီး ယမန်နေ့(ဇူလိုင် ၁၁ ရက်နေ့) ညတွင် သွေးအန်ခဲ့ပြီးနောက် ယနေ့နံနက်တွင် ကွယ်လွန်သွားခြင်းဖြစ် ကြောင်း KNLA ဗဟိုဆေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်မှူးကြီးနော်စေးဒေးကဲက ယခုလို ပြောသည်။

“သူက ကျမတို့ဆေးဌာနမှာ ဆေးရုံအုပ်ပေါ့နော်။ သူ့ရောဂါက ဆေးစစ်ချက်ရလဒ်အရ အူရော၊ အစာအိမ်ရော အနာ ငါးပေါက် ခြောက်ပေါက်ရှိတယ်ပေါ့နော်။ သူသွေးအန်တာလည်း ခဏ၊ ခဏပဲ။ နောက်ပြီးတော့ သူ့ liver (အသဲ)က liver cirrhosis တဲ့။ အဲ့ဒါကြောင့်မို့လို ဒီတစ်ခေါက် သူပြန်လာတာ။ သူလည်း အဲ့ဒါကြောင့်မို့ ဆုံးသွားတာဖြစ်မယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြော သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ်ရှိပြီဖြစ်သည့် ဗိုလ်ကြီးစောကလို့ဖောဝါးသည် လက်ရှိ ကေအဲန်အယ်လ်အေ ဒုတိယ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲနှင့် ကွန်မန်ဒိုတပ်ဖွဲ့သင်တန်း အပတ်စဉ်တူ တက်ရောက်ခဲ့သူဖြစ်ပြီး ၁၉၈၄-၈၅ ခုနှစ်တွင် တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီးနောက် ဆေးတပ်ဖွဲ့ဘက်ကို ကူးပြောင်းလာခြင်းဖြစ်သည်။

သူသည် ကေအဲန်အယ်လ်အေ ဆေးတပ်ဖွဲ့ဝင်အဖြစ် နှစ်ပေါင်း ၃၀ ခန့် တာဝန်ထမ်းဆောင်ခဲ့သလို ကေအဲန်အယ်လ်အေ ဗဟို ဆေးရုံအုပ်တာဝန်ကို ၁၈နှစ်ခန့် ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူ ကေအဲန်အယ်လ်အေ ဗဟိုဆေးရုံအုပ်နှင့် ဆေးသင်တန်း ကျောင်းအုပ်တာဝန်နှစ်ခုကို ထမ်းဆောင်နေရင်း ယခုလို ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ ဗိုလ်ကြီးစောကလို့ဖောဝါး၏ ဈာပနာ အခမ်းအနားကို ဇူလိုင်လ ၁၄ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်တွင် ကေအဲန်ယူ တပ်မ ဟာ ၇ နယ်မြေတွင် ပြုလုပ်သွားမည်ဟု သိရှိရသည်။ သူသည် အိမ်ထောင်မရှိသူတစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်တွင် ညီအစ်ကိုမောင်နှမ ၄ ဦး ကျန်ရစ်ခဲ့သည်။

၈။ တမူးမြို့နယ် ကျွန်းပင်သာရွာမှ ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီဖမ်းဆီး
July 12, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ မင်းသာကျေးရွာအုပ်စု ကျွန်းပင်သာကျေးရွာမှ ချင်းလူငယ် ၄ ဦးကို ဇူလိုင်လ ၉ ရက်နေ့ ည ၁၀ နာရီအချိန်တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရရှိသေးကြောင်း သိရသည်။

“၉ ရက်နေ့ဖမ်းတာ၊ ဘာကြောင့်ဖမ်းလဲတော့ မသိဘူး၊ ၂ ယောက်က ရွာထဲမှာဖမ်းတာ၊ ၂ယောက်ကတော့ လယ်တောမှာ အိပ် တဲ့သူတွေပါ၊ ဖမ်းတဲ့ထဲက လူငယ် ၂ ယောက်လည်းပါတယ်၊ အခု သူတို့ကို တမူးတပ်စခန်းမှာထားတယ်၊ အရင်တုန်းကဆို ရဲစခန်းကိုလွဲတယ်၊ အခုက လွှဲပါ့မလားမသိဘူး၊ သူတို့နဲ့လည်း ဘယ်သူနဲ့မှ မတွေ့ခိုင်းဘူး၊ မနေ့က သူတို့မိသားစုဝင် တွေ သွားတော့လည်း တွေ့လို့မရဘူး၊ သူတို့ကိုဖမ်းတဲ့အချိန်က ညဆိုတော့ ဘာမှလဲမတွေ့တော့ ဖမ်းတဲ့အချိန် ရိုက်နှက်လား ဆိုတာလည်း မသိရဘူး၊ အကျိုးအကြောင်းက သူတို့နဲ့တွေ့ရမှပဲ သိရမှာ၊ သူတို့က လယ်တောလုပ်တဲ့သူတွေပါ၊ ရဲကားလာ တာနဲ့ သက်ဆိုင်သွားလို့ ဖမ်းဆီးခေါ်ဆောင်ခံရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါဖမ်းဆီးခံရသူ (၄) ဦးမှာ ကိုဟင်လင်းမာန်၊ ဦးရမ်လင်မုံ၊ ကိုဆွန်မင်ထန်၊ ကို Lal lin san၊ တို့ဖြစ်ကြပြီး လက်ရှိတွင် ၎င်းတို့ကို တမူးမြို့ တပ်စခန်းတွင် ထားရှိသည်ဟု သိရသည်။

၉။ တောင်ကြီးမြို့ အရပ်သား (၂) ကို စစ်ကောင်စီမှ ဖမ်းဆီးသွား၊ စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေး
July 12, 2021

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် (ဇူလိုင် ၁၁)ရက် မနက်ပိုင်းတွင် စစ်ကောင်စီ မှ အရပ်သား (၂) ဦးကို လာရောက် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ (ဇူလိုင် ၁၁) ရက် မနက် (၃) နာရီတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်တွင်နေ ထိုင်သည့် ကိုခိုင်မြင့်ထွန်း နှင့် ၎င်းအမျိုးသမီး မနှင်းနုနုနိုင်တို့၏ နေအိမ်ကို စစ်ကောင်စီမှ စစ်ကားများဖြင့်လာရောက်ပြီး (၂) ဦးစလုံး ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

“ မနက် ၃ နာရီလောက်မှာလာဖမ်းသွားတယ်။ ရိုက်တာတွေတော့ရှိတယ်။ ဘာကြောင့် လာဖမ်းသွားလဲတော့ သူတို့မပြော ဘူး။ ကျမတို့သိရတာတော့ PDF ထဲပါဝင်နေလို့ အဲကြောင့်လာဖမ်တာထင်တယ်” ဟု တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက် နေ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။ ဖမ်းဆီးခံရသည့် ကို ကိုခိုင်မြင့်ထွန်းသည် လွန်ခဲ့သည့် လပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုထံ စစ်သင်တန်းသွားရောက်ခဲ့သည်ဟုဆိုပြီး စစ်ကောင်စီ က လာရောက်ဖမ်းဆီး သွားခြင်းဖြစ် ကြောင်း ၎င်းအမျိုးသမီး က ပြောပြသည်။

အဆိုပါ (၂)ဦးကို စစ်ကောင်စီ အုပ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၎င်း (၂)ဦး ၏ လက်ကိုင်ဖုန်းကို ဖွင့်ခိုင်းရာတွင် မဖွင့် ပေးသဖြင့် မနှင်းနုနုနိုင်၏ လက်ချောင်းများကိုလည်းရိုက်နှက် စစ်ဆေးမှု ပြုလုပ်ထေားကြောင်း သတင်းရရှိသည်။ “ သူက သင်တန်းသွားတက်လာတယ်လို့ပြောတယ်။ ပြီးတော့ သူရဲ့ဖုန်းကိုတောင်းစစ်တယ်လို့ပြောတယ်။ ဖုန်းမဖွင့်ပေးလို့ သူလက် တွေကို ရိုက်ထားတယ်လို့ကြားတယ်။ အတိအကျတော့ မသိရသေးဘူး။”ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသား တစ်ဦး က ပြောသည်။ လက်ရှိစစ်ကောင်စီမှ ဖမ်းဆီးထားသည့် ကိုခိုင်မြင့်ထွန်းနှင့် မနှင်းနုနုနိုင်တို့ကို မည်သည့်နေရာတွင် ဖမ်းဆီးခေါ် ဆောင်သွားသည်ကို မသိရှိရသေးပေ။

၁၀။ ဂွမြို့နယ် ဒေါင်းချောင်းရွာက ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီး
July 12, 2021

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာနေ ပြည်သူနှစ်ဦးကို ဇူလိုင်လ ၈ ရက်နေ့ ည ၉ နာရီလောက်က စစ်ကောင်စီ တပ် အင်အား ၂၀ ကျော်က လက်နက်အင်အားတွေနဲ့ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒေါင်းချောင်းကျေးရွာမှာ ဇွန်လ ၂၁ ရက်နေ့ည ၈ နာရီကျော်လောက်က ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုနဲ့ ပတ်သက်ပြီး မတရားစွပ်စွဲဖမ်းဆီးသွားတာလို့ ဂွမြို့ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အမျိုးသားနှစ်ဦးဟာ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် ကိုကျော်ကျော်အောင်နဲ့ အသက် ၆၃ နှစ်အရွယ် ဦးအောင်သန်းမြင့်တို့ဖြစ်ကြပြီး ဒေါင်းချောင်းကျေးရွာက ကိုကျော်ကျော်အောင်ရဲ့နေအိမ်မှာ ညအချိန် ဝင်ရောက်ဖမ်းဆီး ခံခဲ့ရ တာဖြစ်ပါတယ်။ “ကိုအောင်ကျော်ကျော်ကိုဝင်ဖမ်းတာ၊ အဖိုးကြီးက အဲ့ဒီအိမ်ကို ခဏရောက်နေတဲ့အချိန်ဖြစ်တော့ နှစ်ယောက် လုံးကိုဖမ်းသွားတာ၊ ကောင်လေးကိုက ရိုက်နှက်ပြီး ဒရွတ်တိုက်ဆွဲခေါ်သွားကြတယ်၊ ခမရ ၅၆၂ တပ်ရင်းကကောင်တွေ လာဖမ်းသွားတာ ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း အခုထိမသိရသေးဘူး” လို့ ဂွမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူနှစ်ဦးကို စစ်အုပ်စုက ခမရ ၅၆၂ စစ်တပ်ဝန်းထဲမှာ စစ်ဆေးမှုတွေပြုလုပ်နေကြတယ်လို့ ဂွမြို့ဒေသခံတွေရဲ့ ပြောကြားချက်အရသိရပြီး မိသားစုတွေနဲ့တော့ တွေ့ခွင့်မရသေးပါဘူး။

၁၁။ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က ရွာအတွင်းသို့ လက်နက်ကြီး ပစ်ချသောကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီး
July 9, 2021

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ လေးကေ ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တို့သည် ကျေးရွာအ တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

လေးကေကျေးရွာတွင် တပ်စွဲထားသည့် BGF-စစ်ကွပ်ကဲရေးအဖွဲ့-၉၉၉ စခန်းရှိ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များကို နယ်မြေခံ KNLA- ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ သွားရောက်ပစ်ခတ်မှုလုပ်ဆောင်ရာတွင် စခန်းရှိ စစ် ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်းတပ်ဖွဲ့က ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၁၅ မိနစ်ကြာ ပစ်ခတ်မှု လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ကျေးရွာသူ၊ ရွာသားများကို ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း လူ နေအိမ် ၄ လုံးလက်နက်ကြီးကျည်ထိမှန်၍ နေအိမ်အတွင်းရှိ ပစ္စည်းများ ထိခိုက်ပျက်စီးမှုရှိပြီး ထိုသို့ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ရွာသူရွာသားအချို့မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်သွားကြရသည်ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြော သည်။

ကေအဲန်ယူ သထုံခရိုင် အုပ်ချုပ်နယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် လူထုများနေထိုင်ရာ ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သည့်အပြင် တပ်အင်အားတိုးချဲ့မှုနှင့် စစ်ရေးလှုပ်ရှားမှု များ ပိုမိုလုပ်ဆောင်လာ သည့်အတွက် နယ်မြေခံ (KNLA) တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွား လျက်ရှိသည်ဟု ကေအဲန်ယူ သထုံခရိုင် (တပ်မဟာ ၁) က ပြောဆိုသည်။

၁၂။ ကျောက်မဲမြို့နယ် စစ်ရှောင် (၁၀၀၀) နီးပါးထိရှိလာ ဆေးဝါးကုသမှုများ အရေးကြီး လိုအပ်နေ
July 10, 2021

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းများထံသို့ စစ်ဘေး ဒဏ်မှ တိမ်းရှောင် ထွက်ပြေးလာသည့် ဒေသခံ(၁၀၀၀) နီးပါးခန့်ရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ တစ်ရက်နေ့မှ စတင်ကာ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာဖက်တွင် သျှမ်းပြည်တိုး တက်ရေးပါတီ (SSPP/SSA)၊ တအာန်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TSLF/TNLA) ပူးပေါင်းတပ်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှု ကြောင့် အနီးပတ်ဝန်းကျင်ရှိ ရွာသူ/ရွာသား များ ထွက်ပြေးတိမ်းရှောင်လာခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

“တိုက်ပွဲကလည်း မငြိမ်သေးတော့ စစ်ဘေးရှောင်တွေကလည်းများလာပါတယ်၊ အခုစစ်ဘေးရှောင် ၁၀၀၀ နီးပါးမှာ ကလေး နဲ့ အမျိုးသမီးတွေက အများဆုံးဖြစ်နေတယ်၊ အစားအသောက်နဲ့ အသုံးအဆောင် ပစ္စည်းတွေလည်းအများကြီးလိုအပ်နေပါ တယ်၊ ဆေးဝါးကုသမှုကလည်း အရေးကြီးလိုအပ်နေပါတယ်”ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် နမ့်ခုံး ရှမ်းများ ပရဟိတ အသင်းကသျှမ်းသံတော်ဆင့်ကို ပြောသည်။ လက်ရှိတွင် စစ်ဘေးဒဏ်မှ ထွက်ပြေးတိမ်းရှောင် လာသူများ အများစု သည် ဘုန်းကြီးကျောင်းများ နှင့် ပိတ်ထားသည့် စာသင်ကျောင်းများတွင် တည်းခိုနေကြရပြီး နှင့် တချို့သူများကလည်း မြို့ပေါ်ရှိအမျိုးများ နေအိမ်သို့ ခိုလှုံနေထိုင်ကြရကြောင်း လည်း သိရသည်။

“မြို့ပေါ်မှာ ဆွေမျိုးရှိနေတဲ့သူကျတော့ ဆွေမျိုးအိမ်မှာ ခိုလှုံကြတာပေါ့၊ အများစုကတော့ ဘုန်းကြီးကျာင်း မှာပဲ ရှိကြတယ်၊ အခုမှာ စစ်ဘေးရှောင်တွေ အရေးကြီးလိုအပ်နေတာက အစားအသောက်ပေါ့၊ ကလေးနဲ့ အမျိုးသမီးတွေ များတဲ့အတွက် သူတို့အတွက် တစ်ကိုယ်ရေသုံးပစ္စည်းတွေလည်း လိုအပ်တယ်၊ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်”ဟု နမ့်ခုံး ပရဟိတ ရှမ်းများအသင်းမှ စိုင်းဟန်လျန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယနေ့ချိန်ထိ စစ်ရေးတင်းမာမှုများရှိနေ ကြပြီး စစ်ဘေးရှောင်များအတွက် အလှူရှင်များကလည်း ခါတိုင်းများထက် လျှော့နည်းလာသည့်အတွက် ရေရှည်တိုက်ပွဲဖြစ် ပွားမည် ဆိုပါက စစ်ဘေးရှောင်ပြည်သူများအတွက် ရေရှည်တောင့်ခိုင်နိုင်ဖို့ ခက်ခဲကြောင်းလည်း သိရသည်။

၁၃။ လူ့အခွင့်အရေးကမ်ပိန်းပြုလုပ်၍ တရားစွဲခံရသည့် ရခိုင်လူငယ်သုံးဦးကို တရားရုံးမှ ငွေဒဏ်ချမှတ်
July 12, 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူ့အခွင့်အရေးကမ်ပိန်းခဲ့၍ ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ (က) ဖြင့် တရားစွဲဆိုခံထားရသည့် လူငယ် သုံးဦးကို ယနေ့ (ဇူလိုင်လ ၁၂ ရက်) တွင် စစ်တွေမြို့နယ်တရားရုံးမှ ငွေဒဏ် (၂) သောင်း ချမှတ်လိုက်ကြောင်း သိရသည်။ ရုံးချိန်းတွင် အမှုနှင့်ပတ်သက်ပြီး တရားရုံးကချမှတ်သည့် ငွေဒဏ်နှစ်သောင်း (သို့မဟုတ်) ထောင်ဒဏ် (၁၅) ရက်မှ ငွေဒဏ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု တရားစွဲဆိုခံခဲ့ရသူ ကိုမင်းဘာချေ (ခ) ကိုသန်းလှက ပြောသည်။“ငွေဒဏ်နှစ်သောင်း ဒါမှမဟုတ် ထောင်ဒဏ် (၁၅) ရက် ကျခံလို့ရတယ်လို့ပြောတယ်။ ကျနော်တို့ကတော့ ငွေဒဏ်ပဲ ကျခံလိုက်တယ်” ဟု ပြောသည်။

လူ့အခွင့်အရေးကမ်ပိန်းပြုလုပ်၍ တရားစွဲဆိုအမိန့်ချခံရသူများမှာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ (ခ) ကိုသန်းလှအပါအဝင် ကိုနိုင်နိုင်ထွန်း၊ မခိုင်မြတ်သူတို့ ဖြစ်ကြသည်။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျ ရောက် သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအား ဆန့်ကျင် ရှုတ်ချကြောင်း စစ်တွေမြို့တွင် ကိုမင်းဘာချေအပါအဝင် လူငယ် ၃၀ ကျော်က ကမ်ပိန်းပြုလုပ်ခဲ့ကြသည်။

ထိုသို့ကမ်ပိန်းပြုလုပ်ရာတွင် စစ်တွေမြို့ BXT ဆိပ်ကမ်းမှ ရှုခင်းသာလမ်းတစ်လျှောက် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး သွား ရောက်ခဲ့ကြရာ စစ်တွေဟိုတယ်အနီးအရောက်တွင် ကိုမင်းဘာချေအပါအဝင် ၃ ဦးမှာ ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

၁၄။ လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တွင် တပတ်အတွင်း Covid-19 အတည်ပြုလူနာ ၂၂၇ ဦး တွေ့
12 July 2021

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ဖြစ်သော လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တွင် တစ်ပတ်အတွင်း Covid-19 အ တည်ပြုလူနာ ၂၂၇ ဦးတွေ့ရှိကြောင်း KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချူပ်ရေးကော်မတီထံမှသိရသည်။ ဇူလိုင် ၆ ရက်နေ့မှ ၁၁ ရက်နေ့ထိ အဆိုပါ မြို့ ၂ မြို့ရှိ လူဦးရေ ၆ ထောင်ကျော်ကို စစ်ဆေးခဲ့ရာ Covid-19 ပိုးတွေ့လူနာ ၂၂၇ ဦးရှိကြောင်းသိရသည်။

“လိုင်ဇာမှာတော့ မနေ့က ၁၀၀၀ ကျော်စစ်တယ်။ မတွေ့သေးဘူး။ ဆက်လက်စစ်ဆေးနေတုန်း Positive တော့မတွေ့ သေး ဘူး။ မိုင်ဂျာယန်မှာတော့ စစ်ဆေးပြီးပြီး မနေ့က ၁၀၀၀ ကျော်စစ်တယ်။ ဒီထဲမှာ ၆ ရက်ကနေ မနေ့ကထိဆိုတော့ ၂၀၀ ကျော် တွေ့တယ်။ မိုင်ဂျာယန်မှာ စစ်ဆေးမဲ့လူနာခုတော့မရှိတော့သလောက်ပဲ။”KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချူပ်ရေးကော်မတီ တာဝန်ခံ ဗိုလ်မှူးကြီး ဟိန်းဝမ် ကပြောသည်။ လက်ရှိ KIO ထိန်းချူပ်နယ်မြေ စာသင်ကျောင်းနှင့် ဘုရားဝတ်ပြုကျောင်း များ ကို ပိတ်ထားပြီး ဈေးဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပေးထားကြောင်းသိရသည်။

ပိုးတွေ့လူနာများမှာ လူငယ်များဖြစ်ပြီး ရောဂါအခြေအနေ ဆိုးဆိုးရွားရွား မဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စိုးရိမ် စရာမလိုကြောင်း ယခုလိုပြောသည်။“ကျနော်တို့ ကိုးဗစ်ပိုးတွေ့လူနာအများစုကို ခန့်မှန်းကြည့်လိုက်ရင် အများပိုင်းက ကျောင်းသား တွေမှာဖြစ်တယ်။ အသက်ငယ်ရွယ်သူတွေဖြစ်တယ်။ ပြီးရင် မိုင်ဂျာယန်မှာရောက်ပြီး တစ်လလောက်ကနေ သူတို့ မှာ ရောဂါက ကပ်ပါပြီးသား။ ရောဂါမပြင်းထန်တော့ ဘယ်ချိန်ကပ်သွားမှန်း မသိလိုက်ကြဘူး။ ဒီဇွန်လ လယ်ပိုင်း လောက် ကနေ အများပိုင်းကဖြစ်နေတဲ့အနေအထားဖြစ်တယ်။ လူငယ်တွေမှာဖြစ်တယ်။ ရောဂါလည်း မပြင်းထန် ဖြစ်တာလည်းကြာပြီ။ အဲ့ဒီလိုမျိုး အချင်းချင်း ကူးစက်ကြာတာဖြစ်တာကြောင့် အရမ်းကြီး စိုးရိမ်ရတဲ့အခြေအနေ လက္ခာတော့မရှိဘူး လို့ မိဘပြည်သူ တွေကို အသိပေးချင်တယ်။”ဟု ဗိုလ်မှူးကြီး ဟိန်းဝမ် ဆက်လက်ပြောဆိုသည်။ KIO ထိန်းချူပ်နယ်မြေဖြစ်သော လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ ၂ သောင်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

၁၅။ မော်လမြိုင်တွင် အိမ်ပြင်ထွက်ကပ်ပြားဖြင့်သာ သွားလာခွင့်ပြု
July 12, 2021

COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေသည့် မော်လမြိုင်မြို့နယ်တွင် အပြင်ထွက်သွားလာခွင့်ကတ်ပြားပါမှသာ အိမ်ပြင် ထွက်သွားလာခွင့်ရှိသည်ဟု မြို့ခံပြည်သူများ ပြောသည်။ မော်လမြိုင်မြို့နယ်ကို ဇူလိုင်လ ၈ ရက်နေ့ကစပြီး နေအိမ်တွင် နေထိုင်ရန် Stay at Home အဖြစ်သတ်မှတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားသည်။ ထို့နောက် ရပ်ကွက်အတွင်း ရှိ နေအိမ်များအား တစ်အိမ်လျှင် အပြင်ထွက်လာခွင့် ကဒ်ပြားတစ်ကဒ်စီထုတ်ပေးထားပြီး ထိုကဒ်ပြားဖြင့် တစ်အိမ်လျှင် တစ်ယောက်သာ အပြင်ထွက်သွားလာခွင့်ရှိသည်။

“တစ်အိမ် ကဒ်ပြားတစ်ခုပေါ့။ အဲဒါကို ရပ်ကွက်ရုံးမှာ သွားယူရပါတယ်။ အဲဒီကဒ်ပြားနဲ့ အပြင်ထွက်ရမယ်၊ ကဒ်ပြားမပါပဲ အပြင်ထွက်လို့ စစ်ဆေးတွေ့ရှိခဲ့ရင် အရေးယူခံရမယ်လို့ပြောတယ်။ ကဒ်ပြားအတွက်တော့ ပိုက်ဆံမပေးရပါဘူး”ဟု မော်လမြိုင် ဈေးကြိုရပ်ကွက်နေ ဒေါ်မိချို က ပြောသည်။ အချို့ရပ်ကွက်များတွင် အပြင်ထွက်သွားလာခွင့် ကတ်ပြား အတွက်ဟု ဆိုကာ ကျပ် ၃၀၀ နှင့် ၁၀၀၀ အကြား ပေးဆောင်နေရခြင်းများလည်း ရှိနေသည်ဟု သိရသည်။

အရေးပေါ် ကျန်းမာရေးကိစ္စ ဖြစ်ပေါ်လာပါက တစ်အိမ် နှစ်ယောက်ထွက်ခွင့်ရှိကြောင်းနှင့် ကဒ်သည် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ သာ အကျုံးဝင်သည်ဟု ကဒ်ပြားပါစည်းကမ်းချက်တွင် ပါရှိသည်။ မွန်ပြည်နယ်အတွင်း ဇွန်လဆန်းခန့်မှစတင်၍ ကိုဗစ်ကူးစက်မှုများ တွေ့ရှိလာပြီးနောက် ယခုလ ဇူလိုင်လ ၁၀ ရက်နေ့အထိ ထုတ်ပြန်ထားသည့်စာရင်းများအရ ပြည်နယ်ထဲ တွင် COVID-19 အတည်ပြုလူနာ ၂၀၀၀ ကျော်ရှိပြီဖြစ်ပြီး သေဆုံးသူမှာ ၇၀ ကျော်ရှိသွားပြီဖြစ်သည်ဟု သိရသည်။

၁၆။ ရခိုင်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိလာ
July 11, 2021

ရခိုင်ပြည်နယ်မှာ ဒီနေ့မနက်ပိုင်းအထိ ရရှိတဲ့စာရင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ သံတွဲမြို့မှာ နှစ်ဦးနဲ့ ကျောက်ဖြူမှာတစ်ဦး၊ စုစုပေါင်းသုံးဦးရှိခဲ့တာကြောင့် ပြည်နယ်တစ်ခုလုံးမှာ စုစုပေါင်း သေဆုံးသူ ၁၃ ဦး အထိရှိလာ တယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အလားတူ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူဟာလည်း မနေ့က စစ်တွေမှာ လေးဦး၊ ပုဏ္ဏားကျွန်းမှာ နှစ်ဦး၊ ကျောက်တော်မှာ တစ်ဦး၊ မြေပုံမှာ တစ်ဦး၊ ကျောက်ဖြူမှာ ၁၃ ဦး၊ အမ်းမှာ ၁၆ ဦး၊ သံတွဲမှာ ငါးဦး၊ တောင် ကုတ်မှာ ခြောက်ဦး၊ ဂွမှာ ကိုးဦး၊ မောင်တောမှာ လေးဦးနဲ့ ဘူးသီးတောင်မှာ နှစ်ဦး၊ စုစုပေါင်း ၆၃ ဦး ထပ်တိုး ခဲ့တာကြောင့် ပြည်နယ်တစ်ခုလုံးမှာ ပိုးကူးစက် သူ အရေအတွက် ၈၅၆ ဦးအထိရှိလာနေပါတယ်။ အဲဒီအထဲက လူ ၁၄၉ ဦးက ဆေးရုံကဆင်းခွင့်ရသွားပြီဖြစ်လို့ ကျန်လူပေါင်း ၆၄၉ ဦးကတော့ ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု တစ်စတစ်စများလာတာကြောင့် ကြိုတင်ကာကွယ်ရေး စည်းကမ်းတွေကို အားလုံးလိုက်နာကြဖို့ ဒေသအာဏာပိုင်တွေက သက်ဆိုင်ရာမြို့နယ်အသီးသီးမှာ လိုက်လံ ဆော်သြနေပါတယ်။

၁၇။ လွိုင်ကော်တွင် ကိုဗစ်-၁၉ လူနာ ၂၂ ဦးထပ်တိုး၊ကယားတပြည်နယ်လုံး ၈၅ ဦးအထိ ရှိလာ
12 July, 2021

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဒီကနေ့ ဇူလိုင် ၁၂ ရက်နေ့ တစ်ရက်တည်း လူပေါင်း ၆၃ ဦးကို စစ်ဆေး ရာမှာ ၂၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနဆီက သိရပါတယ်။

ဒါကြောင့် လက်ရှိ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇၆ ဦး ရှိနေပြီး အဲဒီထဲက ၂ ဦး သေဆုံးသွားခဲ့ပြီး ဖြစ် ပါတယ်။ လက်ရှိကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၇၆ ဦး၊ ဖရူဆိုမှာမြိုနယ်မှာ ၄ ဦး၊ ဘောလခဲ မြို့နယ်မှာ ၄ ဦးနဲ့ ဖားဆောင်းမြို့နယ် ၁ ဦး တို့ ဆေးကုသမှုခံယူနေရပါတယ်။

ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်ကတော့ ဒီကနေ့ ပိုးတွေ့ရှိသူ ၂၂ ဦးဟာ တခြားမြို့ ကလာတာတွေရော၊ ပြည်နယ်တွင်း ကူးတာတွေရော ပါတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒါဟာ ပြည်နယ်အတွက် စိုးရိမ် စရာဖြစ်တယ်လို့ ပြောပါတယ်။ “သေတာ ၃ ယောက်ရှိပြီ၊ စိုးရိမ်စရာရှိပါတယ်။ ရောဂါအခံရှိတဲ့သူတွေ အသက်ကြီးတဲ့လူတွေ ကူးစက်ခံရရင် အသက် အန္တရာယ်ရှိနိုင်တာမို့ ဖြစ်မှကုသတာထက် မကူးစက်အောင် တယောက်ချင်း၊ တမိသားစုချင်းကစပြီး ပြည်နယ်သူ ပြည်နယ်သားအားလုံးက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာ ကြစေလိုပါတယ်။” စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ကယားပြည်နယ်မှာ ဇူလိုင် ၁၁ ရက် ညနေ ၇ နာရီ အထိ လွိုင်ကော်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁ ဦး၊ ဘောလခဲမှာ ၄ ဦး နဲ့ဖားဆောင်းမှာ ၁ ဦး ရှိတယ်လို့ ထုတ်ပြန် ထားပါတယ်။

၁၈။ သျှမ်းပြည်တွင် Stay at home (၃) မြို့နယ် ထပ်တိုး
July 12, 2021

ကိုဗစ် – ၁၉ ရောဂါ ကူးစက်မှုမြင့်မားနေသည့် သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် (၃)မြို့နယ်ကို Stay at home အဖြစ် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင် ၁၂ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။ ဇူလိုင် (၁၃)ရက်နေ့ စတင်ပြီး Stay at home အဖြစ် ထပ်မံ သတ်မှတ်ခံရသည့် မြို့နယ်များမှာ သျှမ်းမြောက်ရှိ မူဆယ်မြို့နယ် နှင့် သီပေါမြို့နယ် ၊ သျှမ်းရှေ့ရှိ တာချီလိတ်မြို့နယ်တို့ ဖြစ်သည်။

မူဆယ်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ (၃၀၀)ကျော်၊ သေဆုံးသူ (၁၀)ဦးခန့်ရှိပြီး သီပေါမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ (၂၄၉)ဦး၊ သေဆုံးသူ (၉)ဦး၊ သျှမ်းရှေ့ တာချီလိတ်မြို့နယ်တွင် ကိုဗစ် အတည်ပြုလူနာ (၃၁၇)ဦးထိ ရှိနေကြောင်း သိရသည်။

ကိုဗစ်တတိယလှိုင်းအတွင်းကိုဗစ်ကူးစက်မှုများပြားသည့် သျှမ်းပြည်နယ်တွင် လောက်ကိုင်မြို့နယ်၊လားရှိုးမြို့နယ်နှင့် နောင်ချို မြို့နယ် အပါအဝင် Stay at home သတ်မှတ်ခံရသည့် မြို့နယ်များမှာ သျှမ်းမြောက်တွင် (၅)မြို့နယ်အထိ ရှိနေပြီး သျှမ်းရှေ့ တာချီလိတ်မြို့နယ် (၁)မြို့နယ်ပါဝင်နေပြီ ဖြစ်ကြောင်းသိရသည်။

၁၉။ မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ နှစ်ထောင်ကျော်ရှိလာ
July 12, 2021

မွန်ပြည်နယ်အတွင်းမှာတော့ ဇွန်လကနေ ဇူလိုင်လအတွင်း ကိုဗစ်အတည်ပြုလူနာ နှစ်ထောင်ကျော် ရှိလာပြီဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဇူလိုင်လ ၁၀ ရက်ထိ မွန်ပြည်နယ်အတွင်း ကိုဗစ် အတည်ပြုလူနာ ၂၂၇၀ ဦးထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ်အတွင်းမှာတော့ ကိုဗစ်ကူးစက်ခံရတဲ့လူနာ များလာသလို သေဆုံးလူနာလည်း များပြားလာခဲ့ပါတယ်။ လက်ရှိ အချိန် ထိ သေဆုံးလူနာ ၅၄ ဦးရှိနေပြီး သေဆုံးသူအများစုကတော့ မော်လမြိုင်မြို့ပေါ်ရပ်ကွက်တွေက ဖြစ်ပါတယ်။ ဇူလိုင် ၁၀ ရက် နေ့ တစ်ရက်ထဲ ကိုဗစ်အတည်ပြုလူနာ ၁၃ ဦး တစ်ရက်ထဲ သေဆုံးခဲ့တာဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်းက အတည်ပြုလူနာတွေကို မော်လမြိုင်ဆေးရုံကြီး Isolation ward 1 နဲ့ 3 အပြင် မော်လမြိုင် ဆယ်မြို နယ်ဆောင်ရှိ ထားဝယ်ဆောင်၊ ဘားအံဆောင်တို့မှာ တိုးချဲ့ကုသပေးနေတာဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှုခံရတဲ့ လူနာတွေ များလာတဲ့အတွက် ဆေးကုသမှုပေးရာမှာလည်း ဝန်ထမ်းအင်အား လိုအပ်ချက်တွေရှိတယ်လို့ ဆိုပါတယ်။

၂၀။ ကျောက်တော်မြို့နယ် စစ်ဘေးရှောင်စခန်းတစ်ခုတွင် အရေပြားရောဂါဖြစ်ပွားနေ
July 12, 2021

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်မင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အများစုမှာ အရေပြားရောဂါ ဖြစ်ပွားနေ ကြရကြောင်း သတင်းရရှိသည်။

လူဦးရေ ၅၀၀ ကျော်ရှိသည့် တောင်မင်းစစ်ဘေးရှောင်စခန်းတွင် လူကြီး၊ လူငယ်အများစုမှာ ခန္ဓာကိုယ်အနှံ့ အနီရောင်အစက် အကွက်များဖြစ်ပေါ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရန်လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။“သူတို့မှာ ခန္ဓာကိုယ်အနှံ့ ယားယံပြီးတော့ အနီရောင်အစက်တွေပေါ်တယ်။ ဆေး သောက်လိုက်လို့ရှိရင် ပျောက်သွားတယ်။ မနက်ကျရင် ပြန်ပေါ်တယ်။ စစ်ဘေးရှောင်အားလုံးနီးပါးလိုလို ဖြစ်နေတာ” ဟု ၎င်းကဆိုသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းကို ကန်စောက်ဆေးခန်းမှ ကျန်းမာရေးဝန်ထမ်းများက တစ်လ ၁ ကြိမ် သို့မဟုတ် သုံးလ ၁ ကြိမ် ခန့်လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးကြောင်း စခန်းတာဝန်ခံ ဦးမောင်ကျော်ခိုင်က ပြောသည်။ “သူတို့ပေးတဲ့ ဆေးနဲ့ မလုံလောက်လို့ရှိရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ရတယ်။ ခေါင်းကိုက်၊ နှာစေးပျောက်ဆေးကလွဲပြီး ကျန်တဲ့ဆေးတွေဆို ရင် ကိုယ့်ဘာသာကိုယ်ဝယ်သောက်ရတယ်။ ကျန်းမာရေးဌာနကနေပြီး တစ်လမှာ ၂ ကြိမ်လောက်ဖြစ်ဖြစ် ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ စစ်ဘေးရှောင်တွေကိုယ်စား တောင်းဆိုချင်ပါတယ်” ဟု ဆိုသည်။ ယင်းစခန်းတွင် ခြေ၊ လက် အဆစ်ကိုက်နေသူ၊ ဝမ်းလျှော့၊ ဝမ်းပျက်ဖြစ်သူ၊ ဝက်သက် စသည့် ရောဂါခံစားနေသူများလည်း ရှိနေသည်ဟု စခန်း တာဝန်ခံ ကဆိုသည်။ “ပုံမှန် အရေပြားရောဂါလောက်သာဖြစ်တယ်။ ကန်စောက် ကျန်းမာရေးဌာနကသွားပြီး ဆေးကုသပေး နေပါတယ်။ အဲဒါက အရေပြားရောဂါလောက်ပဲဖြစ်တယ်။ ပတ်ဝန်းကျင်မသန့်ရှင်းမှုတွေ၊ ခန္ဓာကိုယ်မသန့်ရှင်းမှုတွေကတဆင့် ဖြစ်တယ်လို့ ယူဆရပါတယ်။ အဲဒီစခန်းကို ကန်စောက်ကျန်းမာရေးဌာနက တစ်ပတ် ၂ ကြိမ်သွားပြီး ဆေးကုသပေးနေတယ်” ဟု ဆိုသည်။

၂၁။ ရိုဟင်ဂျာနှင့် လူနည်းစုအရေး ကုလလူ့အခွင့်အရေးကောင်စီ မဲမခွဲဘဲ ဆုံးဖြတ်
13 July, 2021

ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်လိုက်ပါတယ်။ ဇူလိုင် ၁၂ ရက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပ နေတဲ့ ၄၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေ မဲမခွဲဘဲ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် ဘေးဖယ်ပစ်ပယ်ထားတဲ့ မူဝါဒတွေနဲ့ ညွှန်ကြား ချက်တွေကို စွန့်လွှတ်ပယ်ဖျက်အသစ်ပြန်ပြောင်းဖို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မှာ တိုက်တွန်းပါတယ်။ ရခိုင်ပြည်နယ်နဲ့ တခြား မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေ အပါအဝင် အိုးအိမ်စွန့်ခွာသွားသူတွေအားလုံးကို သူတို့ရဲ့နေအိမ်တွေနဲ့ သူတို့ပိုင်ဆိုင်တဲ့နေရာတွေဆီကို လွတ်လပ်စွာပြန်နိုင် ရေး အသေအချာဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။ ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် နှိပ်စက် ညှဉ်းပန်းမှုတွေနဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေရဲ့ အခြေခံအကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကောင်စီမှာ ဆွေးနွေးပွဲကျင်းပဖို့လည်း ဆုံးဖြတ်ထားပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှု၊ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ် မှု ကျူးလွန်သူ တွေအပြင် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေမှာ တာဝန်ရှိသူတွေကို နိုင်ငံအလိုက်၊ ဒေသအလိုက် နိုင်ငံတကာတရားစီရင်ရေး ယန္တရားတွေသုံးပြီး တရားစီရင်ဖို့လည်း တိုက်တွန်းထားပါတယ်။ လက်ရှိမြန်မာပြည်မှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ အခြေ အနေကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ရိုဟင်ဂျာအရေးအပေါ်အာရုံစိုက်မှု လမ်းလွဲမသွားစေချင်ဘူးလို့ လည်းပြောပါတယ်။

၂၂။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အဂတိလိုက်စားမှု ၄ မှုဖြင့် တရားစွဲ
12 July, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိလိုက်စားမှု ၄ မှုနဲ့ မန္တလေးတိုင်း တရားလွှတ် တော်မှာ တရားစွဲထားတယ်လို့ ရှေ့နေဒေါ်မင်းမင်းစိုးက ဇူလိုင် ၁၂ ရက်နေ့ရုံးချိန်းအပြီးမှာ ပြောပါတယ်။ ဒေါ်မင်းမင်းစိုး (နိုင်ငံ့ခေါင်းဆောင်တွေရဲ့ရှေ့နေ) က “အမေကတော့ ကျန်းမာပါတယ်။ နောက်ပြီးတော့ အမေ့ကိုစွဲထားတဲ့ အဂတိအမှုက လောလောဆယ်မှာ ၄ မှုလို့ပြောတယ်။ အဲဒီ ၄ မှုက လောလောဆယ်မှာ အတိအကျတော့ မသိရသေးဘူး။ အမှုနံပါတ်တွေနဲ့ ဘာတွေနဲ့က အဲ့တာ ၂၂ ရက်နေ့ရုံးချိန်းလို့လည်း ပြောတယ်၊ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှာ။” ဇူလိုင် ၁၂ ရက် နေ့ရုံးချိန်းမှာ အတိုင်ပင်ခံနဲ့ သမ္မတတို့ နှစ်ဦးပေါင်း ၄ မှုအတွက် တရားလိုပြသက်သေတွေကို နေပြည်တော်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

သမ္မတနဲ့ အတိုင်ပင်ခံတို့ကို စွဲထားတဲ့ သဘာဝဘေးပုဒ်မ ၂၅ အတွက် တရားလိုပြသက်သေဖြစ်တဲ့ ရွှေကြာပင်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးဝင်းလှိုင်ကို စစ်ဆေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ တို့အတွက်လည်း တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးချက်တွေအရ အတိုင်ပင်ခံနဲ့ပတ်သက်တဲ့အမှုတွေမှာ တရားလိုပြသက်သေတွေက သက်သေရှာဖွေရာမှာ ရှာဖွေဝရမ်းမပါဘဲ ရှာဖွေခဲ့တာကို စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဇူလိုင် ၁၂ ရက်နေ့မှာ စစ်ဆေးခဲ့တဲ့ အမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ စတဲ့ အမှုသုံးမှုဖြစ်ပါတယ်။

၂၃။ မွန်ပြည်နယ်တွင် ဆားဈေးအနည်းငယ်မြင့်တက်လာ
July 12, 2021

ယခုနှစ်တွင် ဆားအထွက်နှုန်းနည်းပါးသဖြင့် မွန်ပြည်နယ်ဈေးကွက်တွင် ဆားပြတ်လပ်မှုများကြောင့် ဆားဈေးအနည်းငယ် မြင့်တက်လာကြောင်း သိရသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလက နေလှမ်းဆားကြမ်းတစ်ပိဿာ ၇၀ ကျပ်ရှိရာမှ ယခုအခါ ၁၁၀ ကျပ်၊ ကြိတ်ပြီးသားဆားချော တစ်ပိသာ ၂၄၀ ကျပ်အထက် ပေါက်ဈေးရှိကြောင်း ပငကျေးရွာဆားလုပ်ငန်းရှင် ဦးကျော်သူက ဆိုသည်။ “ဈေးကွက်အခြေ အနေ က ပစ္စည်းပြတ်တော့ ကုန်ဈေးနှုန်းက တက်တယ်။ ပစ္စည်းပြတ်တယ်ဆိုတာက ဆားတွေထွက်တာ ၁၀၀ ရာခိုင် နှုန်းကို ၅၀၊ ၆၀ ရာခိုင်နှုန်းလောက်ပဲ ထွက်လို့ပါ။ ဖိုတိုင်းလိုလိုပဲ” ဟု ၎င်းကပြောသည်။ သို့ရာတွင် ယခုအခါ ဆာဈေးအနည်းငယ် တက်လာသည်ဆိုသော်ငြား ဆားတောင်သူများအဖို့ အကျိုးအမြတ် ရရှိနိုင်မည်မဟုတ်ဘဲ ဝယ်ယူပြီးသိုလှောင်ထားသူ ဆားကုန် သည် များသာ အကျိုးအမြတ်များများ ရရှိခံစားရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပငဆားစီမံကိန်းဟောင်းမှ ဆားတောင်သူ ကိုကျော်လွင်က “မနှစ်က ဆားကြုံးရတဲ့အချိန် နည်းတယ်။ စောလည်းစောတယ် ပေါ့။ မနှစ်ကဆို မတ်လကျော်တဲ့ထိ ကြုံးနေတုန်းပဲ။ ဒီနှစ်မှာက အစောကြီး ဖိုသိမ်းလိုက်ရတယ်။ မိုးကြောင့် ပျက်စီးတယ်ဆို တော့ အထွက်နှုန်းလည်း ကျတာပေါ့။ ထွက်တာနည်းတော့ ဈေးက တက်လာတာပေါ့” ဟု ပြောသည်။ ပင်လယ်ရေငံမှ ထုတ်ယူ နေရသည့် နေလှန်းဆားလုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလမှ မေလအထိ လုပ်ကိုင်ကြပြီး ထွက်ရှိလာသည့် ဆားများကို ရန်ကုန်၊ မန္တလေး၊ တနသာင်္ရီတိုင်းဒေသကြီးနှင့် ငါးလုပ်ငန်းများလုပ်ကိုင်သည့် နေရာများသို့ အဓိက ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်း ဆားကုန်သည်များထံမှသိရသည်။ မွန်ပြည်နယ်ရှိ ဆားလုပ်ကွက်ဧက ၃၀၀၀ ခန့်တွင် တစ်နှစ်လျှင် ဆားမက်ထရစ် တန် သုံးသောင်း (၃၀,၀၀၀) ကျော်ထွက်ပြီး သံဖြူဇရပ်၊ ရေးနှင့် ပေါင်မြို့နယ်တို့တွင် မိရိုးဖလာလုပ်ငန်းများအဖြစ် လုပ်ကိုင် လျက်ရှိသည်။

၂၄။ မြောက်ဦးနယ်ရှိ မြောင်းဘွေတိုက်နယ်ဆေးရုံကို အင်ဒိုနီးရှားအစိုးရလှူထားသည့် ဆေးရုံသစ်သို့ ပြောင်းရွှေ့မည်
July 12, 2021

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာရှိ တိုက်နယ်ဆေးရုံကို အင်ဒိုနီးရှားအစိုးရက ဆောက်လုပ်လှူဒါန်းထား သည့် နေရာသစ်သို့ ပြောင်းရွှေ့တော့မည်ဟု သိရသည်။

“အဲဒီဟာက ပြီးတာတော့ကြာပြီ။ ဒါပေမဲ့ စစ်ပွဲကြားထဲမှာ ဟိုဟာဖြစ်လို့ အဲဒီမှာ ကျည်ပေါက်ရာတွေနဲ့ လောလောဆယ် နေလို့မရသေးလို့ အဆင်သင့်ဖြစ်အောင်တော့ ပြင်နေပါတယ်။ ICRC အဖွဲ့က ကူညီပေးတယ်။ မကြာခင် လာမဲ့သြဂုတ်လ အတွင်းလောက်တော့ ပြောင်းမှာပါ”ဟု ပြောသည်။ ပြောင်းရွှေ့မည့်ဆေးရုံအသစ်သည် (၂၅) ခုတင်ဆံ့ပြီး အောက်ထပ်တွင် ဆေးရုံနှင့်ဆိုင်သည့် လူနာ ကျား/မ အဆောင်များ၊ ဓာတ်ခွဲအခန်းများနှင့် အခြားလိုအပ်သည့် အခန်းများကို ဖွဲ့စည်းထားပြီး ရေကြီးရေလျှံခြင်းနှင့် မုန်တိုင်းတိုက်ခြင်းများစသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် အပေါ်ထပ်တွင် Hall ခန်း အဖြစ်ထားရှိကြောင်း သိရသည်။ ယခင်အသုံးပြုခဲ့သည့် မြောင်းဘွေတိုက်နယ်ဆေးရုံအဟောင်းမှာ (၁၆) ခုတင်ဆံ့ပြီး ဟောင်းနွမ်းပျက်စီးလာနေ၍ အင်ဒိုနီးရှားအစိုးရက ယခုအဆောင်အသစ်ကို ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်သည်။

“ဒီမြောင်းဘွေဆေးရုံမှာက ရခိုင်ရော၊ မူဆလင်ရော အားလုံးကို လက်ခံကုသပေးနေတယ်လေ။ အဲဒါကြောင့် အင်ဒိုနီးရှားက လူတွေနဲ့ နိုင်ငံခြားကလူတွေလာကြည့်တော့ ဒီမှာ အားလုံး နွေးနွေးထွေးထွေးနေကြတယ်ဆိုပြီးတော့ ဒီဆေးရုံကို မြောင်းဘွေ ကို ချပေးတာပါ”ဟု မြောင်းဘွေကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သောင်းရွှေက နိရဉ္စရာကိုပြောသည်။ အဆိုပါတိုက်နယ် ဆေးရုံသည် မြောက်ဦးနှင့် မင်းပြားမြို့နယ် (၂) ခုမှ ရွာပေါင်း ၅ဝ ခန့် အားထားအသုံးပြုနေရသည့် ဆေးရုံဖြစ်သည်။

၂၅။ တပတ်တာအတွင်း ကိုဗစ်သေဆုံးမှုမှာ နေ့စဉ် လူ ၅၀ အထက်တွင် ရှိနေ
12 July 2021

ကိုဗစ်တတိယလှိုင်း ဖြစ်ပွားမှုတွင် ကူးစက်မှုနှုန်းများ မြင့်တက်နေသလို သေဆုံးမှုမှာလည်း ဇူလိုင်လ ၆ ရက်မှ စတင်ကာ ၁ ပတ်တာအတွင်း နေ့စဉ် သေဆုံးသူ ၅၀ အထက်တွင် ရှိနေကြောင်း စစ်ကောင်စီ လက် အောက်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ သိရသည်။ ဇူလိုင်လ ၆ ရက်မှ စတင်ကာ နေ့စဉ် ပိုးတွေ့ရှိသူ ၃,၀၀၀ ထောင်ကျော် အထက်သို့ စံချိန်တင် မြင့်တာလာပြီး သေဆုံးမှုမှာလည်း ဇူလိုင် ၆၊ ၇၊ ၈ ရက်များတွင် ၅၀ ကျော် နေ့စဉ် သေဆုံးရာမှာ ၉ ရက် တွင် ၆၄ ဦး၊ ၁၀ ရက်တွင် ၇၁ ဦးနှင့် ၁၁ ရက် တွင် အမြင့်ဆုံး ၈၂ ဦးအထိ သေဆုံးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကိန်းဂဏန်းများ သည် စစ်ကောင်စီက ထုတ်ပြန် ကြေညာနေသည့် အချက်အလက်သာဖြစ်ပြီး မြေပြင်တွင် ကူးစက်မှု နှင့် သေဆုံးမှုများသည် အဆိုပါ ကိန်းဂဏန်းများထက် များပြားနေကြောင်း ဒေသခံပရဟိတအဖွဲ့များထံမှသိရသည်။ တတိယလှိုင်းတွင် ကူးစက်မှုနှုန်း အများဆုံး ဖြစ်ပေါ်နေသည့် စစ်ကိုင်းတိုင်းရှိ ကလေးမြို့တွင်လျှင်ပင် နေ့စဉ်သေဆုံးသူအနည်းဆုံး ၂၀ ကျော်တွင်ရှိနေကြောင်း ဒေသခံ ပရဟိတအဖွဲ့များထံက သိရသည်။

တတိယလှိုင်းတွင် ကိုဗစ်ဖြစ်ပွားမှုသည် မြန်ဆန်နေပြီး အောက်ဆီဂျင်ကျဆင်းပြီး သေဆုံးသည့် လူနာများ များပြားလျက်ရှိ ကြောင်း ကိုဗစ်လူနာများ ကုသပေးနေသည့် ဆရာဝန် တဦးက ပြောသည်။ ၎င်းက “တတိယလှိုင်းမှာ အရမ်းဖြစ်ပြီးတော့ အရမ်း သေဆုံးကြတယ်။ အသွင်ပြောင်းပေါ့။ ကူးစက်မှုက ဒုတိယလှိုင်း ထက်စာရင် အရမ်းမြင့်နေတယ်။ အသက်ကြီးပိုင်း တောင် မဟုတ်ဘူး။ လူငယ်တောင် ရောဂါနောက်ခံရှိရင် အောက်ဆီ ဂျင်ကို တရက်တည်းမှာ အပြီး ကျသွားတာ။ ၁ ရက်တည်း မှာ အောက်ဆီဂျင်ကျပြီး ချက်ချင်းဆုံးသွားတာရှိတယ်”ဟု ပြောသည်။ မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်က စတင်ပြီး ကိုဗစ် တတိယလှိုင်း စတင်ဖြစ်ပေါ်နေခြင်း ဖြစ်ကာ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၉၆ မြို့နယ်တွင် ကိုဗစ်ဖြစ်ပွားမှုများ ရှိနေပြီး မြို့နယ် ၆၃ Stay at Home အဖြစ် စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ကိုဗစ်တတိယလှိုင်းတွင် ပိုးတွေ့ရှိသူ ၅၀,၀၀၀ နီးပါးရှိလာပြီး သေဆုံးသူ ၆၂၂ ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရသည်။

၂၆။ ကသာ PDF နှင့် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီတပ်မှ ၁၈၀ နီးပါး ကျဆုံးဟုဆို
July 12, 2021

ကသာ PDF နင့် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားသည့် တိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီတပ်မှ ၁၈၀ နီးပါးကျဆုံးခဲ့သည်ဟု ကသာ KPDP က ဇူလိုင်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ ၎င်းတို့၏ ယာယီအခြေစိုက်စခန်းကို လာရောက်တိုက်ခိုက်မှုကြောင့် တန်ပြန်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ တပ်မ (၈၈)၊ တပ်ရင်း ၃၀၄၊ ၃၀၉ တို့နှင့် တိုက်ပွဲ ၄ ရက်တာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲသည် ခြေလျှင်တိုက်ပွဲများအပြင် စစ်ကောင်စီဘက်က ရေကြောင်းများဖြင့်လည်း လာရောက်တိုက်ခိုက်ခဲ့မှုကြောင့် မိုင်းခွဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်ဟုဆိုသည်။ စစ်ကောင်စီတပ်ဘက်မှ လေယာဉ်များဖြင့်ပါ ပစ်ကူမှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။ ယင်း ၄ ရက်တိုက်ပွဲအတွင်း KPDF အနေဖြင့် ၃ ဦးကျဆုံးပြီး ၃ ဦး ဆက်သွယ်၍မရသေးကြောင်းလည်း ဆိုထားသည်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button