ဆောင်းပါး

တိုင်းရင်းသားပါတီများနှင့် အမျိုးသားလွှတ်တော် ပြည်နယ်လွှတ်တော်

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်မခံနိုင်ကြဟုဆိုသော် လည်း မြန်မာပြည်နိုင်ငံရေးအကြပ်အတည်း၏ ထွက်ပေါက်အဖြစ် အများစုကကိုင်စွဲခဲ့ကြသည်။ ယခင်က တိုင်းရင်းသားများအဖို့ မိမိတို့ နိုင်ငံရေးမျှော်မှန်းချက်အတွက် လက်နက်ကိုင်ရန်မှအပ အခြားနည်း လမ်းမရှိခဲ့ပေ။ မည်သို့ဆိုစေ ၂၀ဝ၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေး ကောက်ပွဲကစပြီး စတင်လမ်းပွင့်လာပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် လမ်းဖွင့်ပေးခဲ့သည်ဟု ဆိုနိုင်ပါသည်။ သို့ဖြစ်၍ အတားအဆီး၊ အ ခက်အခဲမရှိတော့ဟုဆို၍မရနိုင်သော်လည်း လှုပ်သာလှည့်သာတော့ ရှိလာနိုင်သည်ဟု ဆိုနိုင်သည်။

၂၀၁၀ရွေးကောက်ပွဲတွင်ရွေးကောက်ပွဲဝင်နိုင်ငံရေးနှင့်ပတ်သက်ပြီး တိုင်းရင်းသားတို့ယုံကြည်ရန်ခက်ခဲ သကဲ့သို့ အတွေ့အကြုံလည်းမရှိကြတော့ဟုဆိုရမည်။ ၁၉၆၂-ခုနှစ်မှစ၍ စစ်တပ်မှအာဏာသိမ်းယူပြီးနောက် ၂၀၁၀ အထိ၊ နှစ်ပေါင်း ၅၀ နီးပါး ဒီမိုကရေစီအလေ့အ ကျင့်များနှင့် ကင်းဝေးနေသောတိုင်းပြည်ဖြစ်ခဲ့ရာ ရွေး ကောက်ပွဲနိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေးဆိုသည်တို့နှင့် ပတ်သက်ပြီး အတွေ့အကြုံရှိသူရှားပါးသည်မှာ အံ့ဩ ဖွယ်မရှိသကဲ့သို့ ထိုလမ်းကြောင်းအား ယုံကြည်ရန်ခက်ခဲ သည်မှာလည်း မထူးဆန်းပေ။

၂၀၁၅ ရွေးကောက်ပွဲတွင် NLDနိုင်ပြီး အစိုးရဖွဲ့ နိုင်ခြင်းသည် ရွေးကောက်ပွဲနိုင်ငံရေးလမ်းကြောင်းအ နေဖြင့် အပြည့်အဝမဟုတ်သော်လည်း တစ်စုံတစ်ရာအ တိုင်းအတာအထိ ပေါက်မြောက်အောင်လုပ်ပိုင်နိုင်သည် ဟု အများကယူဆလာကြပေသည်။

ရွေးကောက်ပွဲနှင့် တိုင်းရင်းသားပါတီများ
၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်း သားပါတီများ၏အခြေအနေမှာ အားရဖွယ်မရှိသေးပေ။ သို့သော် တစ်ကြိမ်ထက်တစ်ကြိမ်တော့ ပို၍အားကောင်း လာအောင် စုဖွဲ့ပြင်ဆင်ကြသည်ကို တွေ့ရှိနေရပေသည်။ တိုင်းရင်းသားပါတီများ၏ ပထမပြဿနာမှာ ပါတီများ အကွဲကွဲအပြားပြားဖြစ်ခြင်းဖြစ်သည်။ နိုင်ငံရေးနယ် ပယ်တွင် တွေ့ရလေ့ရှိသည့် ပြဿနာဖြစ်သည်။ မတူ သောနိုင်ငံရေးအယူအဆ၊ မတူသောမျိုးနွယ်စုကွဲပြား မှုသည် ပုဂ္ဂိုလ်ရေးအာဃာတများအထိ အမျိုးမျိုးသော ပြဿနာများကြောင့် နိုင်ငံရေးပါတီများ အကွဲကွဲအပြား ပြားဖြစ်ကြသည်။ နိုင်ငံရေးပါတီ(၂)ခုမှသည် (၄-၅)ပါ တီအထိပင် ကွဲပြားကြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်များတွင်NLDပါတီက အနိုင်ရသွားသည်။ ဤသည်မှာ အ ကြောင်းနှစ်ချက်ကြောင့်ဟုဆိုရမည်။ အကြောင်းအချက် တစ်ခုမှာ တိုင်းရင်းသားအချို့က တိုင်းရင်းသားတို့သည် အားနည်းသည်ဖြစ်၍ မိမိဖာသာရပ်တည်ရန်ခက်ခဲပေ ရာ NLDနှင့်ပူးပေါင်း၍ တိုင်းရင်းသားအခွင့်အရေးယူ ရမည်ဟု စဉ်းစားလုပ်ကိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ကိုး ကန့်ဒေသရှိ ကိုးကန့်အချို့ကတော့ ပြည်ခိုင်ဖြိုးပါတီနှင့် ပူးပေါင်းခဲ့ကြသည်။ ဒုတိယအကြောင်းအချက်မှာ တိုင်း ရင်းသားပါတီများကွဲပြားနေ၍ မဲကွဲနေခြင်းကြောင့်ဖြစ် သည်။ လက်ရှိအချိန်တွင် တအောင်းလူမျိုးများတွင် တ အောင်းအမျိုးသားပါတီ TNPဟူ၍ နိုင်ငံရေးပါတီတစ် ခုသာရှိပြီး ကျန်လူမျိုးများတွင် နိုင်ငံရေးပါတီ(၂)ခုအ ထက်ရှိနေသည်။

ပြည်မရှိ အားကောင်းသောNLD၊ ပြည်ခိုင်ဖြိုးစ သောပါတီများနှင့် ပူးပေါင်းဆောင်ရွက်သော တိုင်းရင်း သားများလည်းရှိမည်ဖြစ်သကဲ့သို့ ကျန်မိမိအမျိုးသားရေး အလံဖြင့် ဆက်လက်လုပ်ကိုင်မည့်ပါတီများလည်း ဆက် လက်ရှိနေမည်ဖြစ်သည်။ အဆိုပါကွဲပြားနေသော တိုင်း ရင်းသားပါတီများသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက် ပွဲအတွေ့အကြုံများအရ ပါတီများပူးပေါင်းနိုင်ရန် ကြိုးစားနေကြသည်ကို တွေ့ရသည်။

ကချင်ပြည်နယ်၌ ကချင်တိုင်းရင်းသာပါတီ (၄)ပါ တီပူးပေါင်းခြင်း၊ ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသား ပါတီ (၃)ပါတီပူးပေါင်းခြင်း၊ ကယားပြည်နယ်တွင် က ယားတိုင်းရင်းသားပါတီ (၂)ပါတီပူးပေါင်းခြင်း၊ မွန် ပြည်နယ်တွင် မွန်တိုင်းရင်းသားပါတီ (၃)ပါတီပူးပေါင်း ခြင်း၊ ကရင်ပြည်နယ်တွင် ကရင်တိုင်းရင်းသားပါတီ (၄) ပါတီပူးပေါင်းခြင်း(ပြည်မနှင့် ဧရာဝတီတိုင်းအခြေပြု ကရင်ပါတီ(၂)ခုကတော့ သီးခြားရှိနေဆဲ)တို့ကို ကြား သိနေရသည်။ ထိုသို့ပူးပေါင်းခြင်းသည် ကောင်းသည်ဟု ဆိုရမည်ဖြစ်သော်လည်း နိုင်ငံရေးနယ်ပယ်တွင် အကွဲအ ပြဲများကို ရှောင်လွှဲ၍မရပေ။ ရခိုင်တွင် ရခိုင်တိုင်းရင်း သားပါတီ (၂)ခုပူးပေါင်းသော်လည်း ပြန်လည်ကွဲထွက်ခဲ့ သည်ကိုတွေ့ရသည်။ ပါတီစုံနိုင်ငံရေးအစပြုချိန်တွင် နိုင်ငံရေးပါတီပေါင်းစုံပေါ်ထွက်တတ်သော်လည်း ရေ ရှည်တွင် လုပ်ရည်ကိုင်ရည်ကောင်းမွန်သော ခေါင်း ဆောင်များနှင့်အတူ အများစုထောက်ခံမှုရရှိသော အား ကောင်းမောင်းသန် ပါတီတစ်ရပ်ထွက်ပေါ်လာနိုင်ပေ မည်။

သို့ဖြစ်ရာ လောလောဆယ်တွင်တော့ တိုင်းရင်း သားပါတီများအနေနှင့် ပါတီစုံစနစ်ပြန်လည်စတင်သည့် ကနဦးကာလဖြစ်သည့်အားလျော်စွာ တိုင်းရင်းသားပါတီ အချင်းချင်းကြား ပြိုင်ဆိုင်မှုဖြင့်အစပျိုးရမည့် ကာလဖြစ် ပေသည်။ အတန်ငယ်ခက်ခဲသည့်ကာလ ဖြစ်နေနိုင် သည်။ သို့သော် ရခိုင်မှ ANPပါတီ၊ ရှမ်းပြည်မှ SNLDပါတီ၊ TNPပါတီ၊ PNOပါတီတို့သည် သူ့ဒေသနှင့်သူ အားကောင်းသည့်ပါတီများအဖြစ် ပေါ်ထွက်လာသည် ကိုတွေ့ရသည်။ ပြည်နယ်များ၌ ထူးခြားချက်တစ်ခုတွေ့ ရသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အား ကောင်းသည့် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်များ တွင် တိုင်းရင်းသားပါတီ အားမကောင်းပေ။ မြို့ပေါ် ဥပဒေတွင်းနိုင်ငံရေးလှုပ်ရှားမှုကို အယုံအကြည်မရှိသေး ၍လည်းဖြစ်နိုင်သကဲ့သို့ လက်နက်ကိုင်မှရမည်ဆိုသည့် ဖက်ကို အားသန်နေ၍လည်းဖြစ်နိုင်သည်။

အမျိုးသားလွှတ်တော်
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ တွင် နိုင်ငံရေးပါတီများသည် လွှတ်တော်(၂)ရပ်အတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရမည်ဖြစ်သည်။ ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော်ဖြစ်သည်။ ပြည်သူ့လွှတ် တော်သည် လူဦးရေနှင့်မြို့နယ်ကိုအခြေခံသည့် လွှတ် တော်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူ့လွှတ်တော်တွင် လူဦး ရေနှင့်မြို့နယ်များသော တိုင်း(၇)တိုင်းမှ အရေအတွက်ပို သည်။ လက်ရှိဖွဲ့စည်းပုံအရ စစ်ကိုင်းတိုင်းတွင် (၃၇)မြို့ နယ်၊ တနင်္သာရီတိုင်းတွင် (၁၀)မြို့နယ်၊ ပဲခူးတိုင်းတွင် (၁၀)မြို့နယ်၊ မကွေးတိုင်းတွင် (၂၈)မြို့နယ်၊ မန္တလေး တိုင်းတွင် (၃၆)မြို့နယ်၊ ရန်ကုန်တိုင်းတွင် (၄၅)မြို့နယ် နှင့် ဧရာဝတီတိုင်းတွင်(၂၆)မြို့နယ်ရှိရာ တိုင်း(၇)တိုင်း တွင် မြို့နယ်ပေါင်း(၂၀၇)မြို့နယ်ရှိပြီး ပြည်သူလွှတ် တော်ကိုယ်စားလှယ်နေရာ (၂၀၇)နေရာရှိသည်။

ပြည်နယ်(၇)ပြည်နယ်ဖွဲ့စည်းပုံအရ ကချင်ပြည်နယ် တွင် (၁၈)မြို့နယ်၊ ကယားပြည်နယ်တွင် (၇)မြို့နယ်၊ ကရင်ပြည်နယ်တွင် (၇)မြို့နယ်၊ ချင်းပြည်နယ်တွင် (၉) မြို့နယ်၊ မွန်ပြည်နယ်တွင် (၁၀)မြို့နယ်၊ ရခိုင်ပြည်နယ် တွင် (၁၇)မြို့နယ်၊ ရှမ်းပြည်နယ်တွင်(၅၅)မြို့နယ်ရှိရာ စုစုပေါင်းပြည်နယ်(၇)ခု၌ မြို့နယ်ပေါင်း (၁၂၃)မြို့နယ် ရှိပြီး၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်နေရာ (၁၂၃)နေ ရာရှိသည်။ သို့ဖြစ်ရာ ပြည်သူ့လွှတ်တော်တွင် ပြည်မ တိုင်း(၇)တိုင်းမှ (၂၀၇)နေရာနှင့် (၄၇)ရာခိုင်နှုန်း၊ ပြည် နယ်(၇)ခုမှ (၁၂၃)နေရာနှင့် (၂၈)ရာခိုင်နှုန်း၊ တပ်မ တော်ကိုယ်စားလှယ်က (၁၁၀)နေရာနှင့် (၂၅)ရာခိုင် နှုန်း ရှိသည်ကိုတွေ့ရသည်။ သို့ဖြစ်ရာ လူဦးရေအရ၊ မြို့နယ် အလိုက်ဖွဲ့စည်းသော ပြည်သူ့လွှတ်တော်သည် တိုင်းရင်း သားတို့အတွက် အလေးမသာသည့် လွှတ်တော်ဖြစ်သည်။

အမျိုးသားလွှတ်တော်ဆိုသည်ကား တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ဦးရေတူညီစွာတင်မြှောက်သည့် လွှတ်တော်ဖြစ်သည်။ အဆိုပါအမျိုးသားလွှတ်တော်တွင် တိုင်းဒေသကြီး(၇)ခုနှင့် ပြည်နယ်(၇)ခု စုစုပေါင်း(၁၄) ခုမှ တစ်ခုလျှင်(၁၂)ဦးစီ၊ စုစုပေါင်း(၁၆၈)ဦးပါဝင်ပြီး တပ်မတော်သားကိုယ်စားလှယ်(၅၆)ဦး စုစုပေါင်း (၂၂၄)ဦးပါဝင်သည်။ သို့ဖြစ်ရာ တိုင်းဒေသကြီး(၇)ခုမှ (၈၄)ဦးဖြင့် ၃၇.၅ ရာခိုင်နှုန်း၊ ပြည်နယ်(၇)ခုမှ (၈၄)ဦး ဖြင့် ၃၇.၅ ရာခိုင်နှုန်း၊ တပ်မတော်မှ ၂၅ ရာခိုင်နှုန်းရ ယူထားသည်ကို တွေ့မြင်နိုင်သည်။ သို့ဖြစ်ရာ ပြည်သူ့ လွှတ်တော်ထက်စာလျှင် ပို၍အမတ်နေရာ အချိုးအစား ရသည်ကိုတွေ့ရ သည်။ (၈)ပြည်နယ်မူကို ကိုင်စွဲထားသူ များအတွက် ဤအချိုးအစားသည် နှစ်လိုဖွယ်ဖြစ်ကောင်း ဖြစ်မည်ဖြစ်သော်လည်း ပြည်သူ့လွှတ်တော်ထက်တော့ တိုင်းရင်းသားတို့အချိုးအစားပိုရသည့် လွတ်တော်ဖြစ် သည်။ ထို့ပြင် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့မှအပ ကျန်(၄)ပြည်နယ်၌ ကယားပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် ပြည်သူလွှတ်တော်အမတ် (၇)နေရာစီ၊ ချင်းပြည်နယ်တွင်(၉)နေရာ၊ မွန်ပြည်နယ် တွင်(၁၀)နေရာစီရပေရာ ပြည်သူလွှတ်တော်အမတ်နေ ရာထက်စာလျှင် အမျိုးသားလွှတ်တော်ခွဲတမ်း အမတ် နေရာက (၁၂)နေရာစီရပေရာ လူဦးရေနှင့်ဧရိယာငယ် သောပြည်နယ်များအတွက် အမျိုးသားလွှတ်တော်က ခွဲ တမ်းပိုရသည်ဟု ဆိုရပါမည်။

၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ပြည်နယ်(၇)ခုအ တွက် အမျိုးသားလွှတ်တော်နေရာ (၁၂)နေရာတွင် …
– ကချင်ပြည်နယ်တွင် NLD (၁၀)နေရာ၊ တစ ညမှ (၁)နေရာ၊ တစ်သီးပုဂ္ဂလမှ (၁)နေရာ။
– ကယားပြည်နယ်တွင် NLD (၉)နေရာ၊ USDP မှ (၂)နေရာ၊ တစ်သီးပုဂ္ဂလမှ (၁)နေရာ။
– ကရင်ပြည်နယ်တွင် NLDမှ (၁၀)နေရာ၊ USDP မှ (၂)နေရာ။
– ချင်းပြည်နယ်တွင် NLDမှ (၉)နေရာ၊ USDP မှ (၂)နေရာ၊ တိုင်းရင်းသားပါတီမှ (၁)နေရာ။
– ရခိုင်ပြည်နယ်တွင် NLDမှ(၁)နေရာ၊ USDP မှ (၁)နေရာ၊ တိုင်းရင်းသားပါတီမှ (၁၀)နေရာ။
– ရှမ်းပြည်နယ်တွင်NLD မှ(၃)နေရာ၊ USDP မှ (၃)နေရာ၊ တိုင်းရင်းသားပါတီမှ (၆)နေရာရရှိထားသည်။

အဆိုပါစာရင်းအရ အမျိုးသားလွှတ်တော်တွင် နေရာရရှိမှုတွင် ရခိုင်ပြည်နယ်ကအမြင့်ဆုံးဖြစ်ပြီး၊ ANP တစ်ပါတီတည်းက (၁၀)နေရာရသည်။ ဒုတိယအနေနှင့် ရှမ်းပြည်နယ်တွင် တိုင်းရင်းသားပါတီ(၃)ခုက (၆)နေ ရာရရှိသည်။ ကချင်နှင့်ကယားတွင် တစ်သီးပုဂ္ဂလတစ် ဦးစီ နေရာရသည်။ ကချင်မှတစ်သီးပုဂ္ဂလမှာ တိုင်းရင်း သားဖြစ်သော်လည်း၊ ကယားပြည်နယ်မှ တစ်သီးပုဂ္ဂလ မှာ ကြံ့ခိုင်ရေးပါတီလူဟောင်း ဒေသခံတိုင်းရင်းသားမ ဟုတ်သူဖြစ်သည်။ ထို့ကြောင့် ကချင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုင်းရင်းသားပါတီ အနေနှင့် တစ်ဦးမှ အရွေးမခံရသည်ကိုတွေ့ရသည်။

လက်ရှိပြည်ထောင်စုအဆင့် လွှတ်တော်(၂)ရပ်တွင် အမျိုးသားလွှတ်တော်သည် တိုင်းရင်းသားများအတွက် အခွင့်အလမ်းပိုသာသည်သာမက လာမည့်အနာဂတ် တွင် လွှတ်တော်(၂)ရပ်ပူးပေါင်းခြင်းအားပယ်ဖျက်၍ လွှတ်တော်(၁)ရပ်ချင်းအား အခွင့်အာဏာတူစေသည့် ဖက်ဒရယ်မူများကိုချမှတ်နိုင်ပါက အမျိုးသားလွှတ်တော် သည် ပြည်ထောင်စုအဆင့်တွင် တိုင်းရင်းသားပါတီများ အားထားနိုင်သည့် လွှတ်တော်တစ်ရပ်ဖြစ်လာနိုင်ပေ သည်။ တိုင်းရင်းသားပါတီတို့အတွက် အပြည့်အဝမ ဟုတ်သော်လည်း တစ်စုံတစ်ရာအချိုးမျှစေသည့် လွှတ် တော်ဖြစ်သည်ကိုတွေ့ရသည်။ ပြည်သူ့လွှတ်တော်တွင် တိုင်းရင်းသားပါတီကို အချိုးညီနိုင်ရန် ဖြစ်နိုင်မည်မ ဟုတ်ပေ။ ဤသို့သော အခြေအနေအောက်တွင် တိုင်း ရင်းသားပါတီများအနေနှင့် ပြည်ထောင်စုအဆင့် လွှတ် တော်(၂)ရပ်တွင် အမျိုးသားလွှတ်တော်အား အလေး ထားပစ်မှတ်ထား၍ ဝင်ရောက်အရွေးချယ်ခံရန်လိုအပ် ကြောင်း သုံးသပ်ရပါသည်။

ပြည်နယ်လွှတ်တော်
ဒုတိယ်အနေနှင့် တိုင်းရင်းသားပါတီများ အလေးထားယှဉ်ပြိုင်သင့်သည်မှာ ပြည်နယ်လွှတ်တော်ဖြစ် သည်။ ပြည်နယ်လွှတ်တော်တွင် တိုင်းရင်းသားပါတီက အများစုအနိုင်ရထားသည်မှာ ရခိုင်ပြည်နယ်လွှတ်တော် ဖြစ်သည်။ ရှမ်းပြည်နယ်လွှတ်တော်တွင် USDPက အ များစု၊ SNLDတိုင်းရင်းသားပါတီက ဒုတိယအများစု နှင့် NLDက တတိယအများစုဖြစ်သည်။ ကျန်ပြည်နယ် လွှတ်တော်များတွင် တိုင်းရင်းသားပါတီများ အသာစီးရ ခြင်းမရှိပေ။

ပြည်နယ်လွှတ်တော်တွင် အများစုအရွေးခံရပါက ပြည်နယ်ဘတ်ဂျက်အပါ ပြည်နယ်တွင်းရှိ ဥပဒေများကို ရေးဆွဲ၍ရသည်။ ပြည်နယ်အစိုးရအား ထိန်းကျောင်း၍ ရသည်။ ယခုအခြေအနေတွင် ပြည်နယ်လွှတ်တော်အနေ နှင့် ဥပဒေရေးဆွဲနိုင်သည့်အခွင့်အလမ်းမှာ လွန်စွာနည်း ပါးနေသေးသည်ဟုဆိုနိုင်သော်လည်း အခွင့်အလမ်းနှင့် လုပ်ပိုင်ခွင့်ပိုမြင့်မားလာပါက ပြည်နယ်လွှတ်တော်သည် အရေးပါသည့် အခန်းကပါဝင်လာနိုင်ပေမည်။

ထို့ပြင် ၂၀ဝ၈ အခြေခံဥပဒေပါ ပုဒ်မ(၂၆၁)အား ပြင်ဆင်ပြီး ဖက်ဒရယ်ပိုဆန်လာပါက ပြည်နယ်လွှတ် တော်က ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရကို ရွေးကောက်တင်မြှောက်နိုင်ပြီး ပြည်နယ်လွှတ်တော်၏ အခန်းကဏ္ဍသည် ပို၍မြင့်မားလာမည်ဖြစ်သည်။ ထို့ ကြောင့် တိုင်းရင်းသားပါတီများအတွက် ဒုတိယအလေး ထားယှဉ်ပြိုင်သင့်သည်မှာ ပြည်နယ်လွှတ်တော်ဟုဆိုရ ခြင်းဖြစ်ပေသည်။

ဤသို့ဆို၍ ၂၀ဝ၈ အခြေခံဥပဒေသည် တိုင်းရင်း သားတို့အတွက် ပြီးပြည့်စုံသည့် ဖက်ဒရယ်မူများပါဝင် သည်ဟု မဆိုလိုပါ။ ဤအခြေခံဥပဒေရေးဆွဲသူတို့ပင် ဖက်ဒရယ်အခြေခံများပါသည်ဟုသာဆိုကြသည်။ သို့ သော် လက်ရှိနိုင်ငံရေးအခြေအနေတွင် တိုင်းရင်းသား တို့အတွက် ရရှိနိုင်သည့်အခွင့်အလမ်းအချို့၊ ဆုပ်ကိုင်နိုင် သည့် အခွင့်အလမ်းအချို့သည် တရားဝင်အခွင့်အရေး ရရှိနေသည်ကို ထောက်ပြခြင်းမျှသာဖြစ်သည်။ ရနိုင် သည့်အခွင့်အလမ်းကို ကောင်းစွာအသုံးချနိုင်ကြောင်း ကို ထောက်ပြခြင်းသာဖြစ်ပါသည်။ ထိုအခွင့်အလမ်း များကို သုံးသင့်မသုံးသင့်ဆုံးဖြတ်ရမည်မှာ တိုင်းရင်း သားတို့ကိုယ်တိုင်သာဖြစ်ပါသည်။
မောင်မောင်စိုး

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button