ကဗျာ

ရိုးသားစွာနေထိုင်ခြင်း

ကော်ဖီလည်း မလို

ပေါင်မုန့်လည်း မရချင်ပါဘူး

ထမင်းကြမ်းခဲနဲ့ပဲပြုတ်ဆို အဆင်ပြေပြီ

မနက်စာအတွက်တော့ ငါတို့ရိုးသားရမယ်မဟုတ်လား။

လူလုံးမကွဲခင်

ထထ တွန်တတ်တဲ့ကြက်ဖကြီးက

အချိန်မှန်နှိုးစက်

ဇိမ်ခံပစ္စည်းမပါတဲ့အရပ်မှာ ငါတို့အေးချမ်းချင်တယ်။

တောင်ယာလယ်လုပ်တော့

အထုပ်ဖြေပြရင်လည်း ဗလာနတ္ထိပါပဲ

ပကတိ အသိတရားမှာတော့

“ရန်ဖြစ်ဖို့ခွင့်မပြု” တဲ့

သိပ်လှတဲ့ လောကပါလပေါ့။

တကယ်တော့ ခဏလေးပါပဲ

ရေနွေးကြမ်းပူပူလေးတစ်ခွက်မှုတ်သောက်ဖို့ရာ

ပြောင်းဖူးဖက်ဆေးလိပ်တစ်တိုလောက်သာ

မျှဝေကြစမ်းပါလေ။

ငါ့လောဘကြီးမှုထဲမှာတော့

ပြုံးနေတဲ့မိသားစုရယ်

ထမင်းအိုးတစ်လုံးရယ်

အမိုးလုံတဲ့တဲအိုလေးရယ်

ခြေလက်အင်္ဂါစုံချင်လိုက်တာ။

အာသာငမ်းငမ်းနဲ့

ကိုယ့်စိတ်ကိုယ် အဆာဖြေတော့

ကဗျာစပ်ရင်း ကမ္ဘာပတ်ပစ်လိုက်တယ်

ကဲ့ချိုးဖြူငှက်ရေ့

အိပ်တန်းကနိုးထပေလော့ ။  ။

ဇင်ယော်

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button