သတင်း

ကနီမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ်မှ ၄၅ နှစ်အထိအရွယ် အမျိုးသမီး ၄ ဦးကို စစ်ကောင်စီတပ်များက အုပ်စုဖွဲ့ မုဒိမ်းကျင့်

illustration Credit- RFA/Rebel Pepper

ဖက်ဒရယ်ဂျာနယ် (စက်တင်ဘာ ၂၆ )

 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီအကြမ်းဖက်တပ်သားတွေက သက်ငယ်မုဒိမ်းမှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေအပါအဝင် မုဒိမ်းပြုကျင့်ခံရသူ အမျိုးသမီး ၄ ဦးထိ ရှိလာနေပြီး မုဒိမ်းမှုကျူးလွန်ခံရ သူအမျိုးသမီးတွေက အသက်အငယ်ဆုံး ၁၄ နှစ်ကနေ အကြီးဆုံး ၄၅ နှစ်ထိ ပါဝင်တယ်လို့ သိရပါ တယ်။

စစ်ကောင်စီတပ်က ကနီမြို့မှာ အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ထားပြီး ထိုးစစ်တွေ အကြီး အကျယ် ဆင်နွှဲနေတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။

မုဒိမ်းမှုတွေကို ဇွန်လမှာ တကြိမ်၊ ဇူလိုင်လမှာတကြိမ်နှင့် အခု စက်တင်ဘာလ ၁၆ ရက်နေ့က တကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇွန်လအတွင်း ကျူးလွန်ခံရတဲ့ အမျိုးသမီးက အသက် ၂၆ နှစ်အရွယ် မိန်းမပျိုဖြစ်ပါတယ်။ ဇူလိုင်လ အတွင်း ကျူးလွန်ခံရသူတွေကတော့ အသက် ၃၀ နှစ်နှင့် ၄၅ နှစ်အရွယ် တခုလပ်အမျိုးသမီးတွေ ဖြစ်ကာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ကျူးလွန်ခံရသူကတော့ အသက် ၁၄ နှစ်သာရှိသေးတဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်ဖြစ်ပါတယ်လို့ သိရပါတယ်။

“သက်ငယ်မုဒိမ်းကျင့်မှုဖြစ်တာ ချင်းတွင်းမြစ်အရှေ့ဖက်ကမ်းမှာ။ သူတို့တပ်သားပျောက်နေတော့ အနောက်ဖက်ကမ်းလာရှာသေးတယ်။ အဲဒီတပ်သားက သတင်းအစအန မရဘူး။”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

မုဒိမ်းကျင့်ခံရသူတွေက ရှက်ကြောက်တဲ့အတွက် မပြောဆိုဘဲ နေခဲ့ကြတာပါ။ ကိုယ်ဝန်မရအောင် ဆေးလာထိုးမှသာ သိရတဲ့ အခြေအနေတွေ ဖြစ်တယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကာယကံရှင်တွေကို ဆက်သွယ်ဖို့ကြိုးစားရာမှာတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကျူးလွန်ခံရသူတွေကို တိုက်ရိုက် မေးမြန်းအတည်ပြု နိုင်ခြင်းမ ရှိပါဘူး။

ကြားခံကူညီဆောင်ရွက်ပေးနေသူတွေရဲ့ ပြောပြချက်အရ အဆိုပါဖြစ်စဉ်တွေကို NUG အစိုးရကို တင်ပြ ထားကြောင်းသိရပါတယ်။ မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ တပ်ရင်း၊ တပ်ဖွဲ့နဲ့ လူပုဂ္ဂိုလ်တွေကိုတော့ စုံစမ်း နေဆဲဖြစ်ပါတယ်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းရင်းမြစ်ကို ကူးကားဖော်ပြခြင်းဖြစ်ပါသည်။

 

Related Articles

Back to top button