ဆောင်းပါး

မြန်မာက ကျရှုံး နိုင်ငံမဖြစ်ဘူး၊ စစ်အာဏာသိမ်းသာပဲ ကျရှုံးတယ်။

မြန်မာက ကျရှုံး နိုင်ငံမဖြစ်ဘူး၊ စစ်အာဏာသိမ်းသာပဲ ကျရှုံးတယ်။

Yanghee Lee, Chris Sidoti, Marzuki Darusman (ဆောင်းပါး)

ဩဂုတ် ၅ ရက်

ဖေဖော်ဝါရီလအစ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံက ကျရှုံးနိုင်ငံတခု ဖြစ်သွားမလား ဒါမှမဟုတ် ပရမ်းပတာနိုင်ငံ ဖြစ်သွားမလားဆိုတာ စိုးရိမ်တကြီး ဖြစ်ခဲ့ကြရပါတယ်။ အဘက်ဘက်က ယိုယွင်းပြိုလဲကျနေတဲ့အခိုက်မှာ လူသတ် စစ်ကောင်စီက တိုင်းပြည်ကို အုပ်ချုပ် စီမံနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလျက် ရှိနေပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဒီလိုမျိုး စွမ်းဆောင်ရည် ရှိမနေပါဘူး။ မြန်မာက ကျရှုံးနိုင်ငံတခု မဖြစ်ခဲ့ဘဲ စစ်အာဏာသိမ်းမှုကသာ ကျရှုံးသွားခဲ့ပါတယ်။ ဒါက မြန်မာပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်မှု၊ အားမာန်ပြည့်ဝမှုကြောင့်ပါ။

ဒီမိုကရေစီ အင်အားစုတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ သီးခြားတိုင်းပြည်တခု ပုံစံမျိုးကို မြန်မာနိုင်ငံအဝှမ်းမှာ မြင်တွေ့လာရပါပြီ။ ဒီအင်အားစုတွေကပဲ ပြီးခဲ့တဲ့ ခြောက်လလုံးလုံး စစ်တပ်က မစွမ်းဆောင်နိုင်ခဲ့တဲ့ ကျန်းမာရေး၊ လုံခြုံရေးနဲ့ အခြားသော အရေးကိစ္စတွေကို ဖြည့်ဆည်းပေးနေကြပါတယ်။ တနိုင်ငံလုံး ကိုဗစ်နိုင်တင်း တတိယလှိုင်းဒဏ် အပြင်းအထန် ခံစားနေကြရတဲ့ အခုလို အချိန်မျိုးမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ အခြား အသက်ကယ်ဖို့ ကြိုးစားနေသူတွေကို ဆက်သွယ်ပူးပေါင်းဆောင်ရွက်ဖို့ အလွန် အရေးကြီးနေပါပြီ။

စစ်အာဏာသိမ်းပြီးချိန်က စလို့ တကမ္ဘာလုံးက မြန်မာ့အရေးကို စိတ်ဝင်တစား အာရုံစိုက်ပေးခဲ့ ကြတာ တော့ ကျေးဇူးတင်ရပါတယ်။ စစ်ကောင်စီက အနည်းဆုံး အရပ်သားပြည်သူပေါင်း (၉၃၆) ဦးကို သတ်ဖြတ်ခဲ့တာ၊ ထောင်နဲ့ချီမယ့် အခြားသူတွေကို လက်လွတ်စပယ် ဖမ်းဆီးခဲ့တာ စသဖြင့် သတင်းတွေမှာ အထူးဦးစားပေး ဖော်ပြပေးခဲ့ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်နိုင်တင်း တတိယလှိုင်းဒဏ်ကို ခံစားနေကြရပြီး စစ်ကောင်စီက ဒါကို လက်နက်သဖွယ် အသုံးချနေပါတယ်။ စစ်တပ်နဲ့ သူတို့ရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေအတွက် ဆေးဝါးပစ္စည်းတွေကို အပိုင်သိမ်းထားပြီး သူတို့ကို မထောက်ခံရင် ပြုစုကုသမှုတွေပေးဖို့ ငြင်းဆန် နေပါတယ်။

ဒီလိုအခက်အခဲကြားမှာ ရဲရင့်လွန်းတဲ့ မြန်မာဒီမိုကရေစီအရေး လှုပ်ရှားမှုကြီးကို မြင်တွေ့ရပါတယ်။ ဒီလှုပ်ရှားမှုကြီးမှာ ပြည်သူ့ဝန်ထမ်းတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးတွေကို သပိတ်မှောက်တာတွေ အပါအဝင် တပ်မတော်က မကာကွယ် မစောင့်ရှောက်တဲ့ ပြည်သူတွေကို ဝိုင်းဝန်းအကူအညီပေးတာတွေလည်း ပါဝင်ကြပါတယ်။

ဗဟိုချုပ်ကိုင်မှု မရှိပေမယ့် ဒေသအလိုက် ပြည်သူတွေရဲ့ တတ်ကြွလှုပ်ရှားမှုတွေ၊ တိုင်းရင်းသားလူနည်းစု အဖွဲ့အစည်းတွေ၊ အရပ်ဘက် ပြည်သူ့အသင်းအဖွဲ့တွေ၊ ပရဟိတအသင်းတွေဟာ NUG အစိုးရနဲ့ CDM ဝန်ထမ်းတွေကို လက်တွဲညီညီ ချိတ်ဆက်လုပ်ဆောင်လျက် ရှိနေကြပါတယ်။ ဒီလိုမျိုး စုပေါင်း ဆောင်ရွက်မှုကြီးကို အားလုံး တန်းတူညီတူ ပါဝင်နိုင်မယ့် ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးဆိုတဲ့ နှောင်ကြိုးနဲ့ ခိုင်မြဲထားသလို သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် အသက်တမျှ လိုအပ်နေတဲ့ အကူအညီတွေ၊ ကယ်ဆယ်ထောက်ပံ့ရေးတွေကို ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။

တိုင်းပြည်နေရာအနှံ့မှာ ကိုယ်ထူကိုယ်ထ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး စစ်ကောင်စီရဲ့ အုပ်စိုးမှုကို ပထုတ်နိုင်ခဲ့ကြသလို ဒီမိုကရေစီနိုင်ငံသစ်ရဲ့ မျိုးစေ့ကိုလည်း စတင် ကြဲဖြန့်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး အရပ်ဘက် ပြည်သူ့အုပ်ချုပ်ရေးတွေ ပေါ်ပေါက်လာခြင်းက အလွန် အရေးကြီးပါတယ်။ အရင်က အစိုးရကျန်းမာရေးဝန်ထမ်းဖြစ်ခဲ့ဖူးသူတွေဟာ သူတို့အသက်ကို ပဓာနမထားဘဲ ပုန်းလျှိုးကွယ်လျှိုးနဲ့ ပြည်သူ့ကျန်းမာရေးအတွက် ဆက်လက် လုပ်ဆောင်ပေးနေကြပါတယ်။

တိုင်းရင်းသားနယ်မြေတွေမှာလည်း ကလေးသူငယ်တွေ ဆက်လက် ပညာသင်ခွင့်ရဖို့ အရေးပေး ဆောင်ရွက်လျက် ရှိနေပါတယ်။ ချင်း၊ ကရင်နီ၊ ကချင်၊ ရှမ်းနဲ့ တခြားဒေသမှာ နေရာစွန့်ခွာပြီး ထွက်ပြေးနေကြရသူတွေအတွက်လည်း အကူအညီ အထောက်အပံ့တွေ ပေးပို့လျက် ရှိပါတယ်။ သူတို့တွေ ရင်ဆိုင်နေကြရတဲ့ အခက်အခဲပမာဏကိုတော့ လျော့မတွက်မိစေချင်ပါဘူး။ လူသန်း ပေါင်းများစွာခမျာ အစာရေစာ ပြတ်လပ်မှုဒဏ်ကို ခံနေကြရပြီး ထောင်သောင်းမကတဲ့ ပြည်သူတွေ ခမျာလည်း စစ်တပ်ရဲ့ ရန်ကနေ ထွက်ပြေးနေကြရတာပါ။

စားစရာ၊ ရေနဲ့ ဆေးဝါးတွေ မရှိဘဲ တောတွေ တောင်တွေထဲမှာ ဖြစ်သလို ပုန်းရှောင် နေထိုင် နေကြရတာပါ။ တချို့တဝက်ကတော့ နယ်စပ်တလျှောက်မှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် ရခဲ့ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုဗစ်နိုင်တင်း တတိယလှိုင်းဒဏ်က တိုင်းပြည်ကို အလဲထိုးဖို့ ဖြစ်လာနေပါတယ်။

ဒီလိုထိခိုက်ဆုံးရှုံးမှု မျိုးစုံကို ကြုံတွေ့ရတာကြောင့် မြန်မာဟာ အနှေးနဲ့အမြန်ဆိုသလို ကျရှုံးနိုင်ငံတခု ဖြစ်သွားတော့မယ်လို့ ယူဆရင် အမှားကြီး မှားသွားပါလိမ့်မယ်။ တကယ်လို့ မြန်မာနိုင်ငံသာ ကျရှုံးနိုင်ငံတခု ဖြစ်သွားခဲ့မယ်ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းက လိုအပ်တဲ့ အကူအညီပေးဖို့ ပျက်ကွက်ခဲ့တာကြောင့်သာ ဖြစ်ပါလိမ့်မယ်။

မြန်မာ့အရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ အနည်းဆုံး တော့ မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကို မေ့မသွားကြသေးပါဘူး။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ ထုတ်ပြန်ကြေငြာထားတဲ့အတိုင်း မြန်မာနိုင်ငံကို ကိုဗစ်နိုင်တင်း ကာကွယ်ကုသရာမှာ လိုအပ်တဲ့ အကူအညီတွေပေးရေးအတွက် အရေးတကြီး အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ NUG ကို မြန်မာပြည်သူတွေရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုကို ပြုရပါမယ်။ NUG အစိုးရနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ဒေသတွေမှာ ကျန်းမာရေးကျွမ်းကျင်သူတွေ၊ ဆေးဝါးပစ္စည်းတွေ ရရှိနိုင်ဖို့ ကြိုးစားကြရပါမယ်။ တပ်မတော်ဘက်ကတော့ ဆေးပစ္စည်းတွေကို အပိုင် သိမ်းထားပြီး ရောဂါဖြစ်ပွားမှုနှုန်းကိုလည်း ဖုံးကွယ်တင်ပြနေပါတယ်။ အသည်းအသန် လူနာတွေအတွက် အသက်ရှူဖို့ လိုအပ်နေတဲ့ အောက်စီဂျင်ကိုတောင် မတရား သိမ်းယူရက်ပါသေးတယ်။

ဒီလိုမျိုး လုပ်ချင်တိုင်းလုပ်နေတဲ့ အခွင့်ထူးခံအခြေအနေကို အဆုံးသတ်ပစ်ရပါမယ်။ ဆယ်စုနှစ်ပေါင်း များစွာ ရက်ရက်စက်စက် ကျူးလွန်လာခဲ့သမျှ ပြစ်မှုတွေအတွက် တာဝန်ယူခိုင်းရပါမယ်။ ကိုဗစ်နိုင်တင်း ကာကွယ်ကုသရေးလုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်ခွင့်လည်း လုံးဝ မပေးသင့်ပါဘူး။ တိုင်းပြည်တခုလုံးကို ပြန်လည် စုစည်းတည်ထောင်နိုင်မယ့် ဒီမိုကရေစီလှုပ်ရှားမှုကိုသာ တကမ္ဘာလုံးက အကူအညီ ပေးရပါမယ်။ NUG အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကိုဗစ်နိုင်တင်း ကာကွယ် ကုသရေး လုပ်ငန်းတွေကို စတင် လုပ်ဆောင်နေပါပြီ။ ဒါကို နိုင်ငံတကာအသိုင်းအဝိုင်းက မဆိုင်းမတွ ပူးပေါင်းပါဝင်ပေးရပါမယ်။

တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်အသင်းအဖွဲ့တွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဟာ လိုအပ်နေသူတွေအတွက် နယ်စပ်တလျှောက်မှာ ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရှောက်ကူညီပေးခဲ့ကြပါတယ်။ ဒီလုပ်ငန်းတွေမှာ လိုအပ်တဲ့ အစားအစာ၊ ရေ၊ ဆေးဝါးနဲ့ ငွေကြေးအထောက်အပံ့တွေကို NUG အစိုးရကတဆင့် နိုင်ငံတကာက ပံ့ပိုးကူညီပေးကြရပါမယ်။ နယ်စပ်ကို ဖြတ်ကျော်ပြီး အကူအညီတွေ ပို့ဆောင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့က အလွန် အရေးကြီးပါတယ်။ မြန်မာပြည်သူတွေအတွက် လိုအပ်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီက ဒီလိုမျိုး ပုံစံသာ ဖြစ်ပြီး စစ်ကောင်စီကို လက်နက်ရောင်းပေးနေတဲ့ ရုရှားရဲ့ လုပ်ပုံမျိုး မဟုတ်ပါဘူး။

လာမယ့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အချိန်ကာလတခုကို ရောက်လာ ပါဦးမယ်။ ကုလသမဂ္ဂအဖွဲ့ကြီးအတွင်း မြန်မာပြည်အတွက် ဘယ်အစိုးရက ကိုယ်စားပြုမလဲဆိုတာကို အထူးကော်မတီက ဆုံးဖြတ်ပေးရမှာပါ။ လက်ရှိ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကတော့ အာဏာသိမ်းပြီးချိန်တည်းက စလို့ ဒီမိုကရေစီရေးအတွက် ကမ္ဘာ့စင်မြင့် အလယ်မှာ ရဲဝံခိုင်မာစွာ ရပ်တည်ပေးလျက် ရှိနေပါတယ်။ ကုလသမဂ္ဂအနေနဲ့ အထွေထွေ ညီလာခံမတိုင်ခင်မှာ NUG ကိုသာ မြန်မာပြည်သူတွေရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ပေးရပါမယ်။

စစ်ကောင်စီခန့် ကိုယ်စားလှယ်ကို အသိအမှတ်ပြုမယ်ဆိုရင် မြန်မာပြည်သူတွေအပေါ် သစ္စာဖောက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ ဥပဒေမဲ့ ကျူးလွန်မှုတွေကို တရားဝင် အသိအမှတ်ပြုရာလည်း ရောက်မှာပါ။ မြန်မာ့သမိုင်းအကြောင်း ပြန်ပြောကြတဲ့အခါ မြန်မာက ဘယ်တုန်းကမှ ကျရှုံးနိုင်ငံတခု မဖြစ်ခဲ့ဘဲ စစ်အာဏာသိမ်းမှုသာ ကျရှုံးခဲ့တယ်လို့ ကျွန်ုပ်တို့ ခိုင်မာစွာ ယုံကြည်ထားကြပါတယ်။ ဒီအတိုင်း လက်တွေ့ဖြစ်လာဖို့ တကမ္ဘာလုံးက လုပ်နိုင်သမျှ အားလုံးကို အခုချက်ချင်း လုပ်ကြရပါမယ်။

Yanghee Lee, Chris Sidoti, Marzuki Darusman

(ဆောင်းပါးရှင်သုံးဦးသည် မြန်မာ့အရေး အထူးအကြံပေးကောင်စီ SAC-M ကို ပူးတွဲတည်ထောင်သူများ ဖြစ်ပါသည်။ SAC-M သည် မြန်မာပြည်သူများ၏ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအတွက် ကူညီရန် နိုင်ငံတကာ ပညာရှင်များဖြင့် စုပေါင်းဖွဲ့စည်းထားသော သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတရပ် ဖြစ်ပါသည်။)

မူရင်း link

https://thediplomat.com/…/myanmar-is-not-a-failed…/

အထက်ပါ ဘာသာပြန်ဆိုမှုသည် (Action Committee for Democracy Development) ၏ အလွတ်သဘော ဘာသာပြန်ဆိုမှုသာ ဖြစ်ပြီး မူရင်းစာရေးသူ၏ အာဘော် အပြည့်အ၀ အား ကိုယ်စားပြု ပြန်ဆိုမှုတွင် အားနည်းချက်များ ရှိနိုင်ကြောင်း ၀န်ခံအပ်ပါသည်။

Credit – ACDD

Related Articles

Back to top button