ပေါ့ကပ်စ်

တိုင်းရင်းသားပေါင်းစုံ လူငယ်များရဲ့ အသံ(မွန်လူငယ်)

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၃၀၊ ၂၀၂၁

ဓါတ်ပုံ – တိုင်းရင်းသားပေါင်းစုံ လူငယ်များ စစ်အာဏာရှင် အလိုမရှိ ဆန္ဒထုတ်ဖော်နေကြစဉ်။

တလနိုင် (မွန် လူငယ်) မွန်တိုင်းရင်းသား လူငယ်တဦးက လက်ရှိ သွားနေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်း အပေါ် ဘယ်လို အမြင်ရှိနေပါသလဲ၊ ဘာတွေ မှတ်ချက်ပေး ပြောပါသလဲ။

မေး။ ။ NUG ရဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် အခင်းအကျင်းအပေါ် ဘယ်လို အမြင်သဘော ထားရှိလဲ။
ဖြေ။ ။ NUG ရဲ့ရှေ့လုပ်ငန်းစဉ် ကတော့ အတိအကျပြောဖို့ ခက်တယ်၊ သိလည်းမသိနိုင်ဘူး။ သေချာတာတစ်ခုက စစ်ကောင်စီကို ရတဲ့နည်းလမ်းကနေ တိုက်ထုတ်မယ်။ သံတမန်ရေးအရရော၊ လက်နက်ကိုင်နည်းလမ်းနဲ့ရော ပေါ့လေ။ ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီးနောက်တစ်ခုက NUCC ကိစ္စပေါ့။ ဒါကို ဖွဲ့စည်းပြီး အကောင်ထည်ဖော်နိုင် ဖို့ ဆက်လုပ်သွားရမယ်လို့မြင်တယ်။ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နားလည်မှုတွေယူပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားရမယ်လို့ မြင်ပါတယ်။
မေး။ ။ NUG ရဲ့ D-DAY စတင်ခေါ်လိုက်တာ တလကျော်လာပြီ ဒီအခင်း အကျင်း အပေါ် ဘယ်လောက်ထိ ခရီးပေါက်မယ်လို့ ထင်ပါသလဲ။ ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ပြောခြင်လဲ။
ဖြေ။ ။ D-Day ခေါ်လိုက်တာကို ကောင်းတယ်လို့မြင်တယ်၊ ဒီတော်လှန်ရေးကို ပိုအားထည့်ပြီးတော့ တော်လှန်ရေးအရှိန်ကို နောက်တစ်ဆင့်မြှင့်လိုက်တယ်လို့ မြင်တယ်။ D-Day ခေါ်ပြီးတော့ ဘယ်လောက် ခရီးပေါက်နေသလဲ ဆိုတော့ တိုက်ပွဲသတင်းတွေကြည့်လိုက်ရင် သိနိုင်ပါတယ်။ ဒီထက်ပိုပြီး ခရီးပေါက်ဖို့ အတွက်ဆိုရင် တော်လှန်ရေးရဲဘော်တွေကို ဒီထက်ပိုပြီး အထောက်အပံ့ပေးနိုင်ဖို့လိုတယ်။ ပြီးတော့ တော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ဒီထက်ပိုပြီး ပါဝင်လာနိုင်အောင် ကြိုးစားစည်းရုံးရမှာပါ။ အားသာချက်အနေနဲ့ကတော့ တိုင်းရင်းသားတွေ အချင်းချင်းစည်းလုံးလာတယ်၊ တိုင်းပြည်ကို ခေတ်အဆက်ဆက်ဒုက္ခပေးနေတဲ့ စစ်တပ်ကို ပြည်သူတွေ သိသွားတာပေါ့လေ။ အားနည်းချက်ကတော့ စစ်တပ်က ရမ်းကားတာကို ပြည်သူတွေခံစားရတယ်။ ပြီးတော့ စစ်ပွဲကြောင့် အိုးအိမ်တွေ စွန့်ပြီး စစ်ရှောင်ရတာပါပဲ။
မေး။ ။ NUG ရဲ့ D-DAY ခေါ်လိုက်တာကြောင့် မိမိတို့ပြည်နယ် ဒေသတွေမှာ ဘယ်လိုဂယက် ရိုက်မှု ဖြစ်သွား စေလဲ။
ဖြေ။ ။ D-Day ခေါ်လိုက်တဲ့နောက်မှာ ကျွန်တော်တို့ မွန်ပြည်နယ်မှာကတော့ အခြားတိုင်းနဲ့ပြည်နယ်တွေလောက် ရိုက်ခတ်မှုတော့မရှိဘူး ပြောလို့ရတယ်။ လုံးဝမရှိတာတော့ မဟုတ်ဘူး။ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေ ပေါ်လာတယ်၊ စစ်ကောင်စီကို တိုက်ခိုက်မှုတွေ လုပ်နိုင်လာတယ်၊ စစ်ကောင်စီရဲ့ သတင်းပေး ခြေတံလက်တံတွေကို ဖြတ်တောက်နိုင်လာတယ်။ တခြားရိုက်ခတ်မှုကတော့ စစ်ကောင်စီက အစစ်အဆေး များလာတဲ့ အတွက် နေထိုင် သွားလာရတာတွေ မလွတ်လပ်တော့တာမျိုး ကြုံရပါတယ်။
မေး။ ။ NUG နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေကြား အားရစရာ မရှိဘူးလို့ ပြောကြတယ် အဲဒီအပေါ် ဘယ်လိုအမြင်ရှိလဲ။
ဖြေ။ ။ NUG နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုတော့ အားရပါတယ်။ စစ်ကောင်စီကို သူတို့ကပဲ အဓိကတော်လှန် တိုက်ခိုက်ပေးနေတာ။ ဥပမာ – ကရင်၊ ချင်း၊ ကယား စသဖြင့်ပေါ့လေ။ ဒီလိုတိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို NUG ဘက်က ထောက်ပံ့မှုတွေ လုပ်ပေးဖို့လိုအပ်တယ်။ ကျန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ပူးပေါင်းပါဝင်လာဖို့ ကြိုးစားလုပ်ရမယ်လို့ ပြောချင် ပါတယ်။
မေး။ ။ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု မရှိနိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များ ရှိနေဆိုတာ တွေ့ရတယ်။ ပူးပေါင်း ဆောင်ရွက်မှု မရှိနိုင်သေးသာ ဘာကြောင့်လဲ။ ဒီအပေါ်အမြင်သဘောထား မှတ်ချက် ပြောပေးပါ။
ဖြေ။ ။ နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ မပါဝင်လာသေးတာကို တွေ့ရတယ်။ NCA ကို ကိုင်စွဲထားတုန်းလို့ ပြောကြတာပေါ့။ ဒါကလည်း အပြစ်တင်လို့မရဘူး။ ဘာလို့လဲဆိုတော့ စစ်ပွဲတိုက်ပွဲဆိုတာမျိုးက ငွေအင်အား၊ စစ်အင်အားအများကြီးလိုအပ်တယ်။ အသက်တွေကိုလည်း ရင်းပြီးတိုက်ရတာဖြစ်တယ်။ နောက်တစ်ခုက ပြည်သူတွေရဲ့ အိုးအိမ်နဲ့ လုံခြုံရေးကိစ္စတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတာကိုး။ ဒီတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ယုံကြည်ရလောက်တဲ့ အာမခံမှုရှိတဲ့ သဘောတူညီချက်နဲ့ ကတိကဝတ်တွေ NUG ဘက်က ပေးနိုင်တယ်၊ စည်းရုံးနိုင်တယ်ဆိုရင်တော့ EAO တွေအကုန်လုံး ပါဝင်လာမယ်လို့မြင်ပါတယ်။
မေး။ ။ တိုင်းရင်းသားပါတီ တချို့က စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစား နည်းလှမ်း ရှာကြတယ် စစ်ကောင်စီရဲ့ အခင်းအကျင်းအပေါ် အခြေခံပြီး တိုင်းရင်းပါတီက လက်တွေ့အရ သူတို့ လိုချင်တဲ့ နိုင်ငံရေးအခွင့်အရေး တောင်းဆိုမယ်ဆိုရင် အလုပ်ဖြစ်မယ်လို ထင်ပါသလား။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။တိုင်းရင်းသားပါတီတချို့က စစ်ကောင်စီနဲ့ပူးပေါင်းပြီး သူတို့လိုချင်တဲ့ နိုင်ငံရေးအခွင့်အလမ်းတွေ ရအောင်ဆောင်ရွက်မယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ စစ်ကောင်စီရဲ့ အသုံးချခံ ထားရာနေ စေရာသွားပဲ ဖြစ်မှာပါ။ ရခိုင်ကသက်သေပါပဲ၊ စစ်တပ်နဲ့ပေါင်းကြည့်တယ်၊ သူတို့လိုချင်တာ မရရင် ပြန်နှုတ်ထွက်တယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းရင်လည်း ကိုယ်ကျိုးအတွက်ပဲ ဖြစ်မယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။
မေ။ ။ လူထုတရပ်လုံးကတော့ စစ်အာဏာရှင် ဆန့်ကျင်ပြီး အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး တောင်းဆိုနေကြပြီ ဒီတောင်းဆိုမှု က လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ဖို့ လက်ရှိ ဦးဆောင်နေတဲ့ အဖွဲ့အစည်းများ အနေနဲ့ ဘာတွေ ပြင်ဆင် လုပ်ဆောင်သင့်သလဲ။
ဖြေ။ ။ ပြည်သူနဲ့ တိုင်းရင်းသားအများစုလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရဖို့အတွက်ဆိုရင် စစ်အာဏာရှင်ကို အရင်ဆုံး ဖြုတ်ချရပါမယ်။ စစ်အာဏာ ရှင်ကိုဖြုတ်ချဖို့ ဆိုရင်တော့ လက်နက်ကိုင်တော်လှန်ရေးတစ်ခုတည်းနဲ့ပဲ တိုက်ထုတ်နိုင်မယ်။ ဒီတော့ တော်လှန်ရေးကို အရှိန်မြှင့်ရမယ်။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ရသလို တော်လှန်နေရမယ်။ တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေကိုလည်း ကျွန်တော်တို့ ထောက်ပံ့ကြရမယ်။ အားဖြည့်ရမယ်၊ တော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်လာနိုင်အောင် ကျွန်တော်တို့ စည်းရုံးရမယ်။
ဖြည့်စွက် ပြောပေးပါဦး —-
NUG ရဲ့လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ သွားနေတဲ့ပုံစံ ကတော့ အရမ်းကြီးကောင်း ပြီး အားရနေတာမျိုး လည်း မဟုတ်ဘူး။ ဒါမယ့် အရမ်းကြီး ဆိုးရွားနေတာမျိုးလည်း မဟုတ်ဘူးပေါ့လေ။ NUG ကလည်း သူတို့တတ်နိုင်တဲ့ဘက်က အကောင်းဆုံးလုပ်နေတာပဲပေါ့။ အာဆီယံမှာရော ကုလသမကမှာပါ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ စစ်ကောင်စီထက် ပိုပြီး နေရာရတယ်၊ အောင်မြင်မှုတွေ ရတာတွေ့ ရတယ်။ ဒါကတော့ ပြည်ပဆက်ဆံရေး ပေါ့။
ပြည်တွင်းမှာ တော့ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မှာ အားနည်းနေသေး တယ်လို့ မြင်တယ်။ နောက်တစ်ခုက တော်လှန်ရေး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေနဲ့ အကုန်လုံး ချိတ်ဆက် ဆောင်ရွက် မှုတွေ မလုပ်နိုင်သေးဘူး။ တကယ်တိုက်ပွဲ ဝင်နေတဲ့ အောက်ခြေက PDF ရဲဘော်တွေ နဲ့ ဒီထက်ပိုပြီး ချိတ်ဆက် ဆောင်ရွက်ပြီး ထောက်ပံ့ပေးနိုင်ရင် တော်လှန်ရေးက ပိုအားကောင်း လာမယ်လို့ မြင်ပါတယ်။ စစ်ကောင်စီကတော့ နိုင်ငံတကာ ဆက်ဆံရေးမှာရော ပြည်တွင်းမှာပါ အားပေး ထောက်ခံမှု မရှိဘူး။ နောက်တစ်ချက် က တိုက်ပွဲ တွေ ဆက်တိုက် ဖြစ်လာတဲ့အခါ အကျအရှုံးတွေ များနေတာကို တွေ့ရတယ်။ နိုင်ငံတကာဘဏ် တွေမှာ သိမ်းထား တဲ့ ငွေတွေ ထုတ်လို့မရတာတွေ၊ အာဆီယံ က အသိမှတ်မပြုတာ အစည်းအဝေးတွေ မှာ မဖိတ်တာတွေ က စစ်ကောင်စီ အတွက် ဆုံးရှုံးမှုတွေ ကျရှုံးမှု တွေပေါ့ပဲ။

Related Articles

Back to top button