သတင်း

ရှမ်း-ကရင်နီနယ်စပ် ဆောင်ကန်းမှာ သင်္ကြန်ရေပတ်ကစားနေတဲ့ စစ်သား (၄)ဦးပစ်သတ်ခံရ

ဖယ်ဒရယ်ဂျာနယ် မြန်မာ

ဧပြီလ (၁၅)ရက်နေ့၊ ၂၀၂၃။

ရှမ်း-ကယား(ကရင်နီ)နယ်စပ် ဆောင်ကန်းကျေးရွာအနီး လမ်းမကြီးဘေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တို့ဟာ ယမန်နေ့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ လမ်းမကြီးပေးမှာ ရေပတ်ဖြန်း ကစားနေစဉ် စစ်သား(၄)ဦး ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်သားများဟာ ဆောင်ကန်းကျေးရွာအနီး လမ်းမကြီးဘေးမှာ တပ်စွဲထားပြီး ခရီးသွားလာ ပြည်သူများကို ကားရပ်တားကာ ရေပတ်ဖြန်း ကစားနေကြတာလို့ ဆိုပါတယ်။

အဲဒီလို ရေပက်ဖျန်းတာနေစဉ် အမည်မသိတဲ့ လက်နက်ကိုင်တစု ကားနဲ့ရောက်လာပြီ ပစ်ခတ်ခဲ့လို့ စစ်သား(၄)ဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ကျေးရွာအနီးက ဒေသခံ တစ်ဦးက ပြောပါတယ်။

“လာပစ်သွားတာက မနက်ပိုင်း (၈)နာရီဝန်းကျင်လောက်ကပေါ့၊ အဲဒီရွာအနီးနားမှာ စစ်ကောင်စီတပ်တွေက တပ်လာစွဲ ထားတာ ကြာပြီးလေ တနှစ်ပြည့်တော့မယ်ထင်တယ်၊ သူတို့လမ်းမကြီးဘေးနားက ရွာတွေ ဆန်စက် ရုံတွေမှာ တပ်စွဲထားတယ်၊ မနေ့ည မနက်ကလောက်က သူတို့ရေစဖြန်းတာ ကားတွေ၊ ဆိုင်ကယ် တွေရပ်တားပြီး ရေလောင်းတာပေါ့၊ မကြာဘူး လက်နက်ကိုင်တဲ့ လူတစုက ကားနဲ့ ရောက်လာပြီး လာပစ်သွားတော့ (၄)ယောက် ပွဲချင်းသေသွားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

အဲဒီလို ပစ်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ မိုးဗြဲနှင့် လွိုင်ကော် အခြေစိုက်တပ်များက ကျေးရွာ အနီးဘက်သို့ မွန်းတည့် မတိုင်ခင် ၁၁ နာရီအထိ လက်နက်ကြီးများနဲ့ ရမ်းတမ်း ပစ်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ဒီကနေ့ ဧပြီ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့မှာလည်း ကယားပြည်နယ် (ကရင်နီ)၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီ ပြည်နယ်အစိုးရရုံး ရေကစားမဏ္ဍပ်မှာလည်း မနက်ပိုင်းမှာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရမှု များရှိခဲ့တယ်လို့ သိရပါတယ်။

ကယား(ကရင်နီ)ပြည်နယ် စစ်ကောင်စီက ဦးဆောင်ကျင်းပနေတဲ့ လွိုင်ကော်မြို့ပေါ် သင်္ကြန်နှစ်သစ်ကူးမှာတော့ လာရောက် ပါဝင်ကစားကြတဲ့သူ နည်းပါးသလို သင်္ကြန်အစီအစဉ်ကို စစ်ကောင်စီက မျှော်မှန်းထားသလောက် မကျင်းပနိုင်ဘူးလို့ သိရပါတယ်။

Related Articles

Back to top button