အင်တာဗျူး

ရွေးကောက်ပွဲက စစ်ကောင်စီရဲ့နိုင်ငံရေးထွက်ပေါက်လား

SNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်နဲ့ တွေ့ဆုံခြင်း

ရွေးကောက်ပွဲက စစ်ကောင်စီရဲ့နိုင်ငံရေးထွက်ပေါက်လား

SNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်နဲ့ တွေ့ဆုံခြင်း

အယ်ဒီတာအဖွဲ့၊ ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

(၁)ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတစ်နိုင်ငံအတွက် ရွေးကောက်ပွဲဆိုတာ ဘယ်လောက်ထိအရေးကြီး သလဲ။ လွတ်လပ်ပြီးမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့ ဘယ်လိုအခင်းအကျင်းမျိုးရှိဖို့ လိုအပ်သလဲ။

ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီသွားရာလမ်းမှာ မဖြစ်မနေဖြတ်သန်းရမယ့် ဘူတာတစ်ခုလို့ ဆိုရ ပါမယ်။ ဒီမိုကရေစီဆိုတာ ပြည်သူ့အကျိုးအတွက် ပြည်သူ့ကိုယ်စားလှယ်တွေပါဝင်တဲ့ ပြည်သူ့အစိုး ရကအုပ်ချုပ်ခြင်းပဲ၊ ပြည်သူက ပြည်သူကိုအုပ်စိုးတာပေါ့။ စစ်မှန်တဲ့ဒီမိုကရေစီဆိုတာ စည်းကမ်းရှိရ တယ်၊ တရားမျှတမှု ရှိရတယ်၊ ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းရတယ်၊ ညီညီညွတ်ညွတ် စုပေါင်း ဆောင်ရွက်ရတယ်၊ နိုင်ငံကြီးသား ပီသရတယ်လို့ ဆိုပါတယ်။

ပြည်သူက ပြည်သူကိုအုပ်ချုပ်ခွင့်ရဖို့ရာ နိုင်ငံသားပြည်သူတွေဟာ နိုင်ငံရေးမှာပါဝင်ဆောင်ရွက်ခွင့် ရှိရပါမယ်၊ ရွေးကောက်ပွဲမှာပါဝင်ဆောင်ရွက်ပြီးတော့ အောက်ခြေကနေ နိုင်ငံ့ ခေါင်းဆောင်ရွေးချယ် တင်မြှောက်တဲ့အထိ ပါဝင်ခွင့်ရှိရမယ်။ တပြိုင်တည်းမှာ ရွေးကောက်ခံသူအဖြစ် ပါဝင်ခွင့်ရှိရပါမယ်။ ဆိုလိုတာက မဲပေးနိုင်ဖို့၊ အရွေးချယ်ခံနိုင်ဖို့၊ အဲ့ဒီကတစ်ဆင့် ဥပဒေပြုရေးမှာပါဝင်ဖို့အတွက် ရွေးကောက်ပွဲကို ဖြတ်ကိုဖြတ်သန်းရမယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ရွေးကောက်ပွဲမတိုင်ခင် ကာလမှာရော၊ ရွေးကောက်ပွဲ ကျင်းပနေဆဲကာလမှာပါ လွတ်လပ်မှုရှိရပါမယ်။ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရမယ့် အပြင် ခြိမ်းခြောက်တာ အကျပ်ကိုင်တာ လုံးဝမရှိရဘူး။ ပြီးရင် ရွေးကောက်ပွဲအလွန်ကာလ နိုင်ငံရေး အာမခံချက်တွေ ရှိရပါမယ်။ အဓိပ္ပာယ်ကတော့ ရွေးကောက်ပွဲရလဒ်အတိုင်း အကောင်အထည်ဖော်ဖို့ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရပါမယ်။ မဲဆန္ဒရှင်ပြည်သူလူထုကို မျက်ကွယ်ပြုပြီး အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ ရွေးကောက်ပွဲမျိုး၊ အာဏာရှင်အလို မကျမချင်း ကြုံသလိုထလုပ်တဲ့ ရွေးကောက်ပွဲမျိုးကတော့ ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့အပြင် လူထုအတွက်လည်း အကျိုးမရှိ ပါဘူး။

(၂)မြန်မာပြည်ရဲ့လက်ရှိပြည်တွင်းအခြေအနေက ရွေးကောက်ပွဲတစ်ခုကျင်းပနိုင်ဖို့ လုံလောက်တဲ့ အခင်းအကျင်းမျိုး ရှိနေပြီလား၊ ဘယ်လိုမြင်ပါသလဲ။

လက်ရှိပြည်တွင်းရေးအခြေအနေက လယ်ပြင်မှာဆင်သွားသလို ထင်ထင်ရှားရှားကြီး ဆိုးရွား နေတာ ငြင်းကွယ်လို့မရပါဘူး။ တပြည်လုံးအနှံ့ တိုက်ပွဲတွေဖြစ်နေတယ်၊ တရားဥပဒေစိုးမိုးမှု လုံးဝ မရှိဘူး။ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေ ပျောက်ဆုံးနေတယ်၊ လူမှုတရားမျှတမှုတွေ ပျောက်ဆုံးနေတယ်။ ရွေးကောက်ပွဲကျင်းပတယ်ဆိုတာ တရားဥပဒေစိုးမိုးမှုရှိဖို့လိုအပ်သလို ဥပဒေ ကိုယ်တိုင်က တရားမျှတမှု ရှိဖို့လိုအပ်ပါတယ်။ အနည်းဆုံးအားဖြင့် အခုပြောတဲ့ အချက်အလက် တွေကို အာမခံနိုင်ရပါမယ်။ ဒါမှမဟုတ်ရင်တော့ ရွေးကောက်ပွဲကျင်းပဖို့ လုံလောက်တဲ့ အခင်း အကျင်းလို့ ယူဆလို့မရပါဘူး။

(၃)စစ်ဘောင်အင်မတန်မှ ကျယ်နေတဲ့ကာလမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို ဘာကြောင့် အပူတပြင်း ဖော်ဆောင်ကျင်းပချင်နေတယ်လို့ ယူဆပါသလဲ။

လွတ်လပ်ရေးရပြီးနောက်ပိုင်း အခုလက်ရှိကာလဟာ စစ်ဘောင်အကျယ်ဆုံးအချိန်အပိုင်းအခြားလို့ ပြောနိုင်ပါတယ်၊ ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲကိုအပူတပြင်းဖော်ဆောင်ချင်တယ်ဆိုတာ အကြောင်းအချက် သုံးလေးမျိုးလောက်တော့ ရှိပါလိမ့်မယ်။ ပထမတစ်ချက်က ပြည်သူရဲ့တခဲနက် တောင်းဆိုမှုကို တုန့်ပြန်ဖို့ပါ။ ၂၀၂၁ ခုနှစ်နောက်ပိုင်း ခက်ခဲကြမ်းတမ်းလွန်းတဲ့နိုင်ငံ့အခြေအနေကို ပြန်လည်တည့်မတ်ဖို့ရာ တစ်ခုတည်းသောနည်းလမ်းဟာ တိုင်းပြည်ပုံစံအသစ်၊ အုပ်ချုပ်မှုသူအသစ်နဲ့ သွားရမယ်။ ဖက်ဒရယ်ဒီမိုကရေစီနည်းနာနဲ့ သွားမှရမယ်လို့ အညာအကြေ၊ တောင်ပေါ်မြေပြန့် တညီတညွတ်တည်းတောင်းဆိုနေကြတယ်။ အရပ်သား အုပ်ချုပ်ရေးစစ်စစ်ကို လိုလားနေကြတယ်။ ဒါကို ရွေးကောက်ပွဲနည်းလမ်းနဲ့ ဖြေရှင်းချင်တာ တစ်ချက်ပေါ့။

ဒုတိယတစ်ချက်က အိမ်နီးချင်းတရုတ်ပြည်နဲ့ နိုင်ငံတကာရဲ့ဖိအားကြောင့်လို့ ယူဆတယ်။ ဒီစစ်အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပိုများလာရုံမက၊ ဒေသအနှံ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေ ပေါ်ပေါက်လာတယ်။ တကယ်လည်းတိုက်ခိုက်တော်လှန်တယ်။ လူတန်းစား ပေါင်းစုံ နေရာမလပ်ဆိုသလို တိုက်ပွဲတွေ ဆင်နွှဲနေကြတယ်။ မြို့သိမ်း၊စခန်းသိမ်းရုံမက ရမခပါ အရ ယူထားလိုက်နိုင်တယ်။ နမခတောင် တည်းတည်းလေးပဲကျန်တော့တာ။ မေမြို့၊ မန္တလေး ခြိမ်းခြောက်ခံနေရပြီ၊ ဖားကန့်ကျခါနီးနေပြီ။ ပြည်နယ်ဒေသအားလုံးလိုလိုကို လက်လွှတ်လိုက်ရ တော့ စစ်ကောင်စီကို ကျားကန်ပေးထားတဲ့ အိမ်နီးချင်းနိုင်ငံတွေက ဗဟိုအစိုးရပြိုကျလို့ မဖြစ်ဘူး ဆိုပြီး ကယ်တင်ဖို့ကြိုးစားတယ်။ ရွေးကောက်ပွဲမြန်မြန်လုပ်၊ အစိုးရအသစ် မြန်မြန်ဖွဲ့ပေါ့။ အနူ့လက် မီးကင်တာလောက်ပဲဆိုတာ သိသိချည်းနဲ့ ဖမ်းမိဖမ်းရာကောက်ရိုးလေးတစ်မျှင်အဖြစ် အားကိုးလုပ် တာပေါ့ဗျာ။

တတိယတစ်ချက်ကတော့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စံလွဲစိတ်ခံချက်ကြောင့်လို့ ဆိုကြတာပဲ။ ဘာမဆို ဘောင်ထဲကလုပ်တယ်၊ ဥပဒေအတိုင်းလုပ်တယ်၊ အကျိုးရှိခြင်းမရှိခြင်းက အဓိက မဟုတ်ဘူးဆိုတဲ့ တလွဲခံယူချက်ဟာ အစဉ်အလာလိုပဲ သူတို့အထဲမှာ စွဲကပ်နေတယ်။ ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာလည်း နိုင်ငံရေးလမ်းပြမြေပုံ ၅ချက်အရလုပ်တယ်၊ ဘောင်ထဲက လုပ်တယ်ဆိုတာမျိုး မဖြစ်ဖြစ်အောင် ကြံဆောင်တာတစ်ခုပါပဲ။ ရသေ့စိတ်ဖြေပေါ့ဗျာ။ တခြား အကြောင်းအချက်တွေလည်း ရှိနိုင်ပါတယ်။

(၄)စစ်ကောင်စီခန့် UECက လက်ရှိ ရွေးကောက်ပွဲစနစ်ဖြစ်သည့် နိုင်သူအကုန်ယူ စနစ် (FPTP) နေရာမှာ အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation) PRဖြင့် အစားထိုးနိုင်ရေး ရှေ့တိုးလုပ်ဆောင် လျက်ရှိနေပါတယ်။ PR စနစ်ကကော အမှန်တကယ်အာမခံချက်ရှိတဲ့ နိုင်ငံရေး အခင်းအကျင်း တစ်ခု ဖြစ်လာနိုင်သလား။

 FPTP စနစ်ရော၊ PR စနစ်ပါ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိပါတယ်။ ကိုယ့်တိုင်းပြည် အခြေအနေနဲ့ အများဆုံးကိုက်ညီတာ ရွေးသုံးရတာပါပဲ။ ယေဘုယျအားဖြင့်တော့ မတူကွဲပြားမှု များတဲ့ ကျနော်တို့ရဲ့ပြည်ထောင်စုမှာတော့ PR စနစ်က ပိုသင့်တော်မယ်လို့ ဆိုနိုင်ပါတယ်။ သို့သော် ဒါကနောက်ပိုင်းကိစ္စပဲ ဖြစ်မယ်။ လောလောလတ်လတ်အရေးကြီးနေတာက ပြည်ထောင်စုရဲ့ စုဖွဲ့မှု ပုံသဏ္ဌာန်ပါ၊ အများစုသဘောကြိုက် ညီတဲ့ အနေအထားရောက်ဖို့ ခုခံတော်လှန်နေဆဲပဲ။

စုဖွဲ့မှု ပုံသဏ္ဌာန်အကြမ်းထည်ရပြီးရင် ပဏာမပုံချောဖြစ်ဖို့ အသွင်ကူးပြောင်းရေးကာလတစ်ခုမှာ ပြင်ဆင် မှုတွေ အသေးစိတ်လုပ်ရအုံးမယ်။ ဖြတ်ပြောရရင်တော့ ရွေးကောက်ပွဲစနစ်ဆိုတာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်က အစိတ်အပိုင်းတစ်ခုပဲဖြစ်တယ်။ ပြည်သူလူထု အများစုရဲ့ဆန္ဒနဲ့အနီးစပ်ဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ဖို့ လုံ့လမစိုက်ဘဲ ရွေးကောက်ပွဲစနစ်ကိုပဲ ရှေ့တန်းတင်တယ် ဆိုတာ အနာတခြားဆေးတခြား ဖြစ်နေတာပေါ့။

ခုနက ဆက်စပ်မေးထားတဲ့ဟာ PR စနစ်မှ မဟုတ်ဘူး၊ တခြား ဘယ်ရွေးကောက်ပွဲစနစ်ပဲဖြစ်ဖြစ် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အာမခံနိုင်ဖို့ရာ အခြေကျတဲ့နိုင်ငံရေးစနစ် အရင်ဖြစ်ရှိဖို့ လိုပါ တယ်။ ဆိုပါစို့ ဖက်ဒရယ်စနစ်နဲ့ တိုင်းပြည်တည်ဆောက်မယ်၊ ဒီမိုကရေစီကျင့်စဉ်အတိုင်း ညှိနှိုင်း ချီတက်ကြမယ်၊ ဒီအခါမှာ အထက်ကပြောခဲဲ့တဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ တရားဥပဒေ စိုးမိုးမှုနဲ့ တန်းတူညီမျှမှု စတာတွေရှိဖို့ လွတ်လပ်ပွင့်လင်းစွာဆွေးနွေးညှိနှိုင်းနိုင်တဲ့ အခင်းအကျင်းလိုလာပြီ။ အရပ်သားစစ်စစ် အုပ်ချုပ်ရေးစနစ် ထူထောင်နိုင်ဖို့ အစီအမံတွေ ရေးဆွဲ ချမှတ်ရတော့မယ်။ ဒါတွေကိုလုပ်နိုင်ဖို့ တိုက်ပွဲတွေ ရပ်ရမယ်၊ အရပ်သားပြည်သူတွေကို ပစ်ခတ် တိုက်ခိုက်နေတာကို ရပ်ရမယ်။ သက်ဆိုင်သူအားလုံး ပါဝင်ညှိနှိုင်းနိုင်ဖို့ လိုအပ်တယ်။

ဒီလိုမျိုး ပြည်ထောင်စုတည်ရှိရေးကို အာမခံနိုင်တဲ့ အခင်းအကျင်း မဖော်ဆောင်ဘဲ အပရိကကိစ္စတွေနဲ့ အချိန် ကုန်နေသရွေ့တော့ အချိန်ကြာလေ မိုးကြီးချုပ်လေပဲ။ အဓိကအကျဆုံးက အာဏာရှင်စနစ်ကို ချက်ချင်း ဖျက်သိမ်းပြီး၊ နိုင်ငံပြုစိတ်အပြည့်နဲ့ ပြည်သူကပြည်သူကို အုပ်ချုပ်နိုင်အောင် လမ်းရှင်း ပေးဖို့၊ ပြည်ထောင်စုသားစိတ်ဓာတ်နဲ့ နိုင်ငံပြန်တည်ဆောက်ဖို့၊ ငါ့ဖို့တွေဖျောက်ပြီး လူကိုလူလိုမြင်ဖို့ mindset တွေ change ရပါမယ်။ ပင်စည်မခုတ်၊ အမြစ်မလှန်ဘဲ ကိုင်းဖျားကိုင်းနားချိုင်ပစ်ရုံနဲ့ အလင်းမရပါဘူး။

(၅) စစ်ကောင်စီပြောတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ရင် ပြည်တွင်းအခြေအနေနဲ့ တော်လှန်ရေး ရပ်ဝန်း တစ်ခုလုံးအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိလာနိုင်မလဲ။

အမည်ခံအစိုးရကွက်ကွက်ကလေးနဲ့ တော်လှန်အင်အားစု ပတ်ပတ်လည်ဝိုင်းနေတဲ့ ပေါက်ကွဲလုလု မီးတောင်လို ဖြစ်သွားမှာပေါ့။ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ အာဆီယံနိုင်ငံတချို့က အသိမှတ်ပြုကောင်း ပြုပါလိမ့်မယ်။ သို့သော် တိုင်းရင်းသားပြည်သူလူထုလိုချင်တာက ဆေးမြီးတိုမဟုတ်ဘူး၊ တဒင်္ဂ အေးချမ်းရေး မဟုတ်ဘူး။ စစ်တပ်ဝင်မပါတဲ့ အရပ်သားအစိုးရ ပေါ်ပေါက်ရေးဖြစ်တယ်။ ဒါကို လျစ် လျူရှုပြီး သူတို့တိုင်းပြည်ရဲ့ ကိုယ်ကျိုးစီးပွါးသက်သက်ကိုအခြေပြုပြီး တရားမျှတမှုအတွက် ခုခံ တွန်းလှန်သူတွေကို ချနင်းကြလေမလား၊ ဒါဆို နိုင်ငံတကာကရော အသာတကြည် လက်ပိုက် ကြည့်နေပါ့မလား။ ယူကရိန်း-ရုရှားအရေးလောက်၊ အစ္စရေး- ဟားမတ်စ်အရေးလောက်၊ တောင် တရုတ်ပင်လယ်အရေးလောက် ရှေ့တန်းမရောက်ခဲ့တဲ့ မြန်မာ့ဖက်ဒရယ်တော်လှန်ရေးဟာ အဲ့ဒီအခါ ကျမှ ကမ္ဘာ့နိုင်ငံများအတွက် ဦးစားပေးပြဿနာကြီး ဖြစ်လာနိုင်ပါတယ်။

(၆)စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝန်းက ဘယ်လိုသဘောထား ရှိသင့်သလဲ။ (တဖက်ကအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေက စစ်ကောင်စီ ကျင်းပချင်တဲ့ ရွေးကောက်ပွဲအပေါ် ထောက်ခံနေတဲ့သဘောထားရှိနေတာ တွေ့ရပါတယ်)

တရုတ်၊ အိန္ဒိယ၊ ထိုင်းအပြင် အနောက်အုပ်စုအကုန်လုံး စိုးရိမ်နေတာက ဗဟိုအုပ်ချုပ်ရေးစနစ် အသစ် မထူထောင်နိုင်ခင် တိုင်းပြည်တစ်စစီ ပြိုကွဲမှာကိုပါပဲ။ ကိုယ်တွေပျက်တာက အရေး မဟုတ်ဘူး။ သူတို့ဆီ စစ်မီးပွါးကျရောက်မှာ၊ ပြဿနာမျိုးစုံဒုက္ခမျိုးစုံ ကူးစက်မှာကို သူတို့အထူး စိုးရိမ်တယ်။ သူတို့ရဲ့ ကမ္ဘာချီ စီးပွါးရေးစီမံကိန်းကြီးတွေ မြန်မာ့အရေးကြောင့် ရပ်တန့်နေရတာ၊ လောလောဆယ် ပေါပေါပဲပဲရနေတဲ့ သယံဇာတနဲ့ လူ့အရင်းအမြစ်တွေ လက်လွှတ်မခံချင်တာ၊ အနာဂတ်ပထဝီနိုင်ငံရေးရိုက်ခတ်မှုဒဏ် မခံချင်တာ စတာတွေကြောင့် မြန်မြန်ပြေလည်ရင်ပြီးရော ဆိုပြီး ရွေးကောက်ပွဲကို တွန်းအားပေးနေကြတယ်။

ဒါဟာ ရေရှည်ပြဿနာကို မဖြေရှင်းနိုင်မှန်း သူတို့နားမလည်ဘူး၊ နားလည်ဖို့လည်း သူတို့မလုပ်ချင်ကြဘူး။ သူတို့နားလည်ဖို့လုပ်ရမှာက ကိုယ် တွေရဲ့တာဝန်၊ ကိုယ့်အရေးကို ဘယ်လိုတော့ရှုမြင်သင့်တယ် သွားပြီးမျှော်မှန်းတာက အဓိပ္ပာယ် မရှိပါဘူး၊ ပြဿနာအရင်းအမြစ်ကဘာလဲ ဆိုတာရှင်းပြပြီး သူတို့အမှန်မြင်အောင် ကြိုးစားတာကပဲ အဖြေရဖို့လမ်းစဖြစ်တယ်လို့ ယူဆပါတယ်ခင်ဗျား။

Related Articles

Back to top button