သတင်း

DMG သတင်းထောက် ကိုထက်အောင်နဲ့ ညစောင့်ကို ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ထား

DMG သတင်းထောက် ကိုထက်အောင်နဲ့ ညစောင့်ကို ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ထား

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၊ ၂၀၂၃။

Development Media Group (DMG) သတင်းဌာနရဲ့ သတင်းထောက် ကိုထက်အောင်နဲ့ ညစောင့် ကိုစိုးဝင်းအောင်တို့ကို အောက်တိုဘာ (၃၁) နေ့က စစ်ကောင်စီမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ (ဃ) နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ကိုထက်အောင်ရဲ့ မိခင်က ” ၆၅ (ဃ) နဲ့ အမှုဖွင့်ထားတယ်။ နောက်တစ်ယောက်နဲ့လည်း အမှုအတူတူ ဖွင့်တာလို့ ပြောတယ်။ တွေ့ခွင့်လုံးဝမရဘူး။ သူတို့ကို စစ်တွေအမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ ရမန်ကြီးတစ်ပတ် ယူထားပါတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ DMG သတင်းဌာနရဲ့ သတင်းသမားတွေဟာ ရှောင်တိမ်းနေရပြီး ရုံးသုံးကွန်ပျူတာနဲ့ ကင်မရာတွေကို သိမ်းဆည်းခံရတဲ့အတွက် သတင်းလုပ်‌ငန်းတွေ‌ဟာ နှောင့်နှေး ကြန့်ကြာသွားတယ်လို့ DMG သတင်းဌာနမှ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

” လက်ရှိမှာ ရုံးချိတ်ပိတ်ခံထားရတော့ တစ်ယောက်တစ်နေရာစီ ရှောင်တိမ်းနေရတယ်။ ရုံးသုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းသွားတဲ့အတွက် အလုပ်ကိစ္စတွေက နှောင့်နှေးသွားတယ်” လို့ ဆိုပါတယ်။

အခုလိုမျိုးလုပ်ရပ်ဟာ စစ်ကောင်စီအနေနဲ့ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ သူကဆက်ပြောပါတယ်။

ကို‌ထက်အောင်ဟာ စစ်တွေတက္ကသိုလ် မြန်မာစာ ဒုတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ရခိုင်ပြည် ကျောင်းသားသမဂ္ဂအနေနဲ့လည်း ဝန်းရံပေးဖို့ မိခင်ဖြစ်သူက တောင်းဆိုပါတယ်။

” ကျွန်မသားနဲ့ ကျွန်မတွေ့ချင်တယ်။ ကျွန်မသားက အဝေးသင်ကျောင်းသားပါ။ ညကနေ အနီးကပ်တက်နေရပြီ။ ကျွန်မသားကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုချင်တယ်။ ကျမသားက ကျောင်းသားဖြစ်တဲ့အတွက် ကျောင်းသားသမဂ္ဂအနေနဲ့လည်း ဝန်းရံပေးဖို့ တောင်းဆိုချင်တယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူပြီးနောက် ရခိုင်အပါအဝင် တစ်နိုင်ငံလုံးရှိ သတင်းသမားတွေကို ရန်သူသဖွယ်ဆက်ဆံလာကာ ဖမ်းဆီးမှုတွေရှိလာတဲ့အတွက် သတင်းသမားတွေဟာ ထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။

ရခိုင်ပြည်မှာလည်း သတင်းထောက် ကိုထက်အောင် ဖမ်းဆီးခံရပြီးနောက် ရခိုင်သတင်းသမားတွေဟာ လုံခြုံရေးအရ စိုးရိမ်ကြောင့်ကြမှုတွေ ရှိလာနေကြတယ်လို့ သိရှိရပါတယ်။

DMG သတင်းဌာနရဲ့ သတင်းထောက် ကိုထက်အောင်ဟာ သီတင်းကျွတ်လပြည့်နေ့၌ စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ ဆွမ်းတော်‌ကြီး‌လောင်းလှူပွဲအား ဓာတ်ပုံသွားရိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပါတယ်။

ယင်းနောက် အဲ့ဒီနေ့ နေ့လယ် ၁၂ နာရီကျော်အချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင် စသုံးလုံးအပါအဝင် SB၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သား ၂၀ ဝန်းကျင်ခန့်က ကားသုံးစီနဲ့ DMG ရုံးသို့ ရောက်ရှိလာကာ ညစောင့်ကို ဖမ်းဆီးပြီး ကွန်ပျူတာတွေနဲ့ ကင်မရာတွေကို သိမ်းဆည်းကာ ရုံးကိုလည်း ချိတ်ပိတ်သွားတယ်လို့ သိရှိရပါတယ်။

ဓါတ်ပုံ – CJ (ပုံဟောင်း)

Related Articles

Back to top button