ဖက်ဒရယ်လစ်ဇင်အကြောင်း

ဆိုဗီယက်ယူနီယံ၏ ဆိုရှယ်လစ်ဖက်ဒရယ်စနစ်

ဆိုဗီယက်ယူနီယံ၏ ဆိုရှယ်လစ်ဖက်ဒရယ်စနစ်

            ၁၉၁၇ ခုနှစ်တွင် မဟာအောက်တိုဘာတော်လှန်ရေးဖြင့် ဇာဘုရင်ကိုဖြုတ်ချခဲ့သော ဆိုဗီယက်ကို မြူနစ်ပါတီသည် ၁၉၂၂ ခုနှစ်တွင် ဆိုဗီယက်ယူနီယံကိုတည်ထောင်လိုက်သည်။ ဆိုဗီယက်ယူ နီယံ ဇာဘုရင်၏ ပဒေသရာဇ်အင်ပါယာကို ဆက်ခံပြီး၊ စတုရန်းမိုင် ၈.၆ သန်း (စတုရန်းကီလိုမီတာ ၂၂.၄ သန်း) ကျယ်ဝန်းသည့် ကမ္ဘာ့အကြီးမားဆုံးသော တိုင်းပြည်ဖြစ်ခဲ့သည်။

            ဆိုဗီယက်ယူနီယံကို သမ္မတနိုင်ငံ (၁၅) ခုဖြင့် ဖွဲ့စည်းထားပြီး၊ ပါဝင်ဖွဲ့စည်းထားသောနိုင်ငံများသည် တန်းတူညီမျှမှုရှိသည်။ ဆိုရှယ်လစ်ဖက်ဒရယ်စနစ်အခြေခံမူအရ လွတ်လပ်သောကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် လူမျိုးပေါင်းစုံ ပါဝင်ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ ဖက်ဒရယ်စနစ်ကျင့်သုံးသည့် ဆိုဗီယက်ဆိုရှယ် လစ်သမ္မတနိုင်ငံများ၏ ပြည်ထောင်စုနိုင်ငံဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားလေသည်။  စတင်ဖွဲ့စည်းသည့် စာချုပ် (The treaty of the creation of USSR 1922) ပုဒ်မ (၂၆) တွင် ခွဲထွက်ခွင့်ရှိသည်ဟု အတိအလင်းဖော်ပြထားသည်။ တဖန် ၁၉၇၇ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သော အခြေခံဥပဒေအခန်း (၈)၊ ပုဒ်မ (၇၂) တွင်လည်း ခွဲထွက်ခွင့်ကို အသိအမှတ်ပြုထားလေသည်။

            တည်ထောင်ပြီးသည်မှ ၁၉၈၅ ခုနှစ်များအထိ၊ ပါတီစုံဒီမိုကရေစီစနစ်နှင့် လွပ်လပ်သည့် ရွေးကောက်ပွဲများကို ခွင့်ပြုခဲ့ခြင်းမရှိသဖြင့် အမျိုးသားရေးလှုပ်ရှားမှုများ နှင့် ခွဲထွက်ရေးလှုပ်ရှားမှုများ ကြီးကြီးမားမားမပေါ်ခဲ့ချေ။

            သို့သော်လည်း ၁၉၈၅ ခုနှစ် မီခေးဂိုဘာချောဗ့် အာဏာရလာပြီးနောက်၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး အစီအစဉ် ပဲရယ်စတြွိုက်ကာ နှင့် ပွင့်လင်းမြင်သာရေးပေါ်လစီ ဂလပ်စ်နော့တို့ ကျင့်သုံးခဲ့ သည်။ ၁၉၉၀ ခုနှစ် ဖေဖဝါရီလ (၇) ရက်နေ့တွင် ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးက နိုင်ငံရေးအာဏာကို ကွန်မြူနစ်ပါတီကလက်ဝါးကြီးအုပ်ထားမှုကို စွန့်လွှတ်ခဲ့ပြီး လွတ်လပ် သော ရွေးကောက်ပွဲများကို ခွင့်ပြုခဲ့သည်။ ထိုနှစ်ထဲတွင်ပင် ဆိုဗီယက်ယူနီယံတစ်ဝှမ်းလုံးရှိ သမ္မတနိုင်ငံ (၁၅) ခုတွင် လွတ်လပ်သောရွေးကောက်ပွဲများ ကျင်းပခဲ့ရာ        လစ်သူရေးနီးယား၊ အက်စ်စတိုနီးယား နှင့် လစ်ဗီးယားတို့အပါအဝင်     သမ္မတနိုင်ငံ (၆) ခုတွင် ကွန်မြူနစ်ပါတီက ရှုံးနိမ့်ခဲ့သည်။

            ရွေးကောက်ပွဲအနိုင်ရလာသည့် လစ်သူရေးနီးယန်းပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုအဖွဲ့ (ဆာယူဒစ် – Sajudis) ၏ ခေါင်းဆောင် ဗီတောတပ်စ်လင်န်ဗားဂျစ်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက် လိုက်ကြပြီးနောက် လွှတ်တော်က ၁၉၉၇ ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် လွတ်လပ်ရေးကြေညာလေသည်။ သူ့နောက်တွင် အခြားသော ဆိုရှယ်လစ်သမ္မတနိုင်ငံများဖြစ်သည့် အက်စ်တိုးနီးယားက မတ်လ (၃၀) ရက်နေ့တွင်လည်းကောင်း၊ လစ်ဗီးယားက မေလ (၄) ရက်နေ့တွင်လည်းကောင်း အသီးသီးလွတ်လပ်ရေး ကြေညာခဲ့ကြသည်။ အဆိုပါ (၃) နိုင်ငံမှာ ဆိုဗီယက်ယူနီယံစတင်ဖွဲ့စည်းစ ၁၉၂၂ ခုနှစ်က ပါဝင်ခဲ့ကြသော နိုင်ငံများမဟုတ်ကြဘဲ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ်က ဆိုဗီယက်ယူနီယံက တိုက်ခိုက် သိမ်းပိုက်ခဲ့သော နိုင်ငံများဖြစ်ကြသောကြောင့် ခွဲထွက်သည်ဟုမကြေညာဘဲ လွတ်လပ်ပြီဟု ကြေညာခဲ့ခြင်း ဖြစ်လေသည်။

            ၁၉၉၁ ခုနှစ် ဇွန်လ (၁၂) ရက်နေ့တွင် ရုရှားဖက်ဒရယ်ရေးရှင်း၏ သမ္မတအဖြစ် ရွေးကောက်တင် မြောက်ခံရသော ဘောရစ်ယဲ့ဆင်က အချုပ်အခြာပိုင်အာဏာပိုင်နိုင်ငံဖြစ်ကြောင်း ကြေညာခဲ့လေသည်။

ပြိုကွဲမှုကို မတားဆီးနိုင်ကြပြီ

            ၁၉၉၁ ခုနှစ် ဩဂုတ်လအတွင်း ဂိုဘာချော့ဗ်၏ပေါ်လစီများကြောင့် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲ သွားမည်ကို မလိုလားသောဆိုဗီယက်ယူနီယံပြည်ထောင်စု၏ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးနှင့် KGB ထောက်လှမ်းရေးအကြီးအကဲတို့ ခေါင်းဆောင်ကာ ဂိုဘာချောဗ့်ထံမှ အာဏာသိမ်း ယူရန် ကြိုးစားကြသော်လည်း ပြည်သူလူထုနှင့် တပ်နီတော်က မထောက်ခံသဖြင့် မအောင်မြင်ဘဲ ရှုံးနှိမ့်သွား လေသည်။ ၁၉၉၁ ခုနှစ်ဩဂုတ်လနှင့် ဒီဇင်ဘာလအတွင်း       ဆိုဗီယက်သမ္မတနိုင်ငံ (၁၀) နိုင်ငံက ခွဲထွက် ကြောင်း ကြေညာခဲ့ကြပြီး ဒီဇင်ဘာလ (၁) ရက်နေ့တွင် နောက်ဆုံးကျန်ရစ်နေသော ယူကရိန်းက ပြည်သူ့ ဆန္ဒခံယူပွဲကျင်းပခဲ့ရာ မဲပေးသူ ၉၀ ရာခိုင်နှုန်းက ဆိုဗီယက်ယူနီယံမှ ခွဲထွက်ရန်မဲပေးခဲ့ကြလေသည်။     

            ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ရုရှားဖက်ဒရယ်ရှင်းလွှတ်တော်က ၁၉၂၂ ခုနှစ် ပြည်ထောင်စုစာချုပ် ပျက်ပြယ်ကြောင်း ကြေညာလိုက်ပြီး ဆိုဗီယက်ပြည်ထောင်စုလွှတ်တော်သို့ ရောက်ရှိနေသော ရုရှား ဖက်ဒရေးရှင်း၏ လွှတ်တော်ကိုယ်စားလှယ်အားလုံးကိုလည်း တာဝန်မှ ပြန်လည်ရုတ်သိမ်း လိုက်လေသည်။

            သမ္မတနိုင်ငံပေါင်း (၁၅) နိုင်ငံစုပေါင်း၍ ပြည်ထောင်စုအဖြစ် ဖွဲ့စည်းတည်ထားသည့်နိုင်ငံတစ်ခုတွင် အကြီးဆုံးသော ရုရှားဆိုဗီယက်ဆိုရှယ်လစ်ဖက်ဒရေးရှင်းက ခွဲထွက်လိုက်သည့်အချိန်ကတည်းက ပြိုကွဲ တော့မည်ဟု ဆိုသည်ကို ခန့်မှန်းနိုင်ပါပြီ။ ပြည်ထောင်စု၏သမ္မတကြီးဖြစ်သော ဂိုဘာချော့ဇ်၏ အာဏာမှာ မော်စကိုမြို့တော်၏ အပြင်ဘက်နားသို့ပင် သက်ရောက်မှုမရှိတော့ချေ။

            သို့ဖြစ်၍ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ဆိုဗီယက်သမ္မတဂိုဘာချော့ဗ်သည် သမ္မတရာထူးကို စွန့်လွှတ်လိုက်ပြီး အာဏာအားလုံးကို ရုရှားဖက်ဒရေးရှင်းသမ္မတဘောရစ်ယဲ့ဆင်အား လွှဲအပ်လိုက်ကြောင်း ကြေညာခဲ့လေသည်။

ဘာကြောင့်ပြိုကွဲ

            ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးနောက် စီးပွားရေးအဆက်အသွယ်များ ပြတ်တောက်သွားကြပြီး ပြင်းထန်ဆိုးရွားသော စီးပွားရေးအကြပ်အတည်းဆိုက်ခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်း နိုင်ငံများသာမက အရှေ့ဥရောပဆိုရှယ်လစ်နိုင်ငံဟောင်းများတွင်ပါ လူနေမှုအဆင့်အတန်းနိမ့်ကျလျက် ကြီးမားသော ကပ်ဘေးသင့်ခဲ့ကြသည်။ ဆင်းရဲကြပ်တည်းခြင်းမှာ ၁၉၃၀ ခုနှစ်များကဖြစ်ပွားသော မဟာ စီးပွားပျက်ကပ်ကြီးထက် ပိုပိုဆိုးရွားသည်။ ဆင်းရဲခြင်း၊ စီးပွားရေးအရ မညီမမျှဖြစ်ခြင်းတို့မှာ ၁၉၈၈-၈၉ မှ ၁၉၉၃-၉၅ တို့အကြားတွင် ပိုမိုပြင်းထန်သည်။ ၁၉၈၈ ခုနှစ် ရုရှားစီးပွားရေး ကပ်ဘေးမကျမီ ကပင်လျှင် ရုရှား၏ ဂျီဒီပီမှာ ၁၉၉၁ ခုနှစ် ပြည်ထောင်စုမပြိုကွဲမှီအရင်နှစ်များ၏ ထက်ဝက်သာ ရှိတော့သည်။

            ၂၀၁၄ ခုနှစ်ကပြုလုပ်ခဲ့သော လူထုစစ်တမ်းကောက်ယူမှုတစ်ခုတွင်            ရုရှားနိုင်ငံသား ၅၇% က ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားမှုကို ဝမ်းနဲကြောင်းဖော်ပြခဲ့ကြပြီး ၃၀% က ဝမ်းနဲမှုမရှိကြောင်း ဖော်ပြခဲ့သည်။ ရုရှားသက်ကြီးရွယ်အိုများက လူငယ်များထက်ပို၍ တမ်းတကြသည်။ ၂၀၀၅ ခုနှစ်၊ ဖေဖဝါရီလက ယူကရိန်းတွင်ပြုလုပ်သော လူထုစစ်တမ်းကောက်ယူမှုတစ်ခုတွင် ၅၀% က ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမှုကို ဝမ်းနည်းသည်ဟု တုံ့ပြန်ကြသည်။

            ဆိုဗီယက်ယူနီယံပြိုကွဲသွားမှုတွင် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အားပြိုင်မှုစသည့် အကြောင်းအချက်ပေါင်းများစွာရှိသော်လည်း ရုရှားဖက်ဒရေးရှင်း၏ လက်ရှိ သမ္မတပူတင်၏ မှတ်ချက်စကားမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။

            ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့က ရုရှားသမ္မတဗလာဒီမာပူတင်က ပြောဆိုရာတွင် ဆိုဗီယက် ပြည်ထောင်စုပြိုကွဲမှုမှာ လီနင်၏ သမ္မတနိုင်ငံများ ခွဲထွက်ခွင့်ရှိသည်ဆိုသည့် သဘောထားကြောင့် ဖြစ်ကြောင်း ပြစ်တင်ပြောကြားလေသည်။ 

            ဆိုဗီယက်ယူနီယံကိုစတင်တည်ထောင်သူ ဗလာဒီမာလီနင်ကပြောဆိုရာတွင် “ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုသည်မှာ တစ်စုံတစ်ရာဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုခြင်းမှားယွင်းပြီး သီးခြားနိုင်ငံထူထောင်တည်ရှိခွင့် ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုမှသာ မှန်ကန်သည်ဟု” ၁၉၁၄ ခုနှစ်တွင် ရေးသားခဲ့သည်။ ၁၉၈၈ ခုနှစ် “ဆိုဗီယက်ယူနီယံဖွဲ့စည်းပုံအခြေခံဥပဒေ” ၌ ၎င်းတွင်ပါဝင်ဖွဲ့စည်းထားသည့် (ရီပါဘလစ်) သမ္မတနိုင်ငံများ အား ခွဲထွက်ခွင့်ကိုပါ အသိမှတ်ပြုလေသည်။

            ၁၉၂၂ ခုနှစ်က ချုပ်ဆိုခဲ့သည့် (The treaty of the creation of USSR) ဆိုဗီယက်ပြည်ထောင်စု ဖွဲ့စည်းခြင်းစာချုပ်နောက်ဆုံးပုဒ်မ (၂၆) တွင် သမ္မတနိုင်ငံများသည် ပြည်ထောင်စုမှ ခွဲထွက်ခွင့် ရှိသည် ဆိုထားပြီး နောက်ပိုင်းရေးသားပြဌာန်းသည့် ၁၉၂၄ ခုနှစ်၊ ၁၉၃၆ ခုနှစ် နှင့် ၁၉၇၇ ခုနှစ် ဆိုဗီယက်ယူနီယံ အခြေခံဥပဒေများတွင်လည်း ခွဲထွက်ခွင့်ကိုဆက်လက်ထည့်သွင်း ပြဌာန်းခဲ့ကြသည်ကို တွေ့ရလေသည်။

            သမ္မပူတင်၏ နိဂုံးချုပ်စကားကို ဖက်လိုက်ရသောအခါ စာရေးသူတွင် မေးခွန်းမေးစရာ တစ်ခုရှိလာသည်။ “လီနင်ခောတ်နှောင်းပိုင်းလူများက အဘယ်ကြောင့် အဆိုပါခွဲထွက်ခွင့်ပြဌာန်းချက်ကို စောစောစီးစီးမပြင်ဆင်ခဲ့ကြသနည်း” ဟူ၍။          

ရဲထွန်း (သီပေါ)

ကိုးကား: Wikipedia                 

             : Wiki source                                                                                                          

Related Articles

Back to top button