ဖက်ဒရယ်လစ်ဇင်အကြောင်း

အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်

အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်

၁၇၈၇ ခုနှစ် အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်အတည်ပြုလက်ခံ ကျင့်သုံးပြီးကတည်းက ဖက်ဒရယ်စနစ်မှာ နိုင်ငံအုပ်ချုပ်ရေးလောကတွင် လူကြိုက်များလာသောပုံစံတခု ဖြစ်လာလေသည်။ မျက်မှောက်ကာလတွင် ဖက်ဒရယ်စနစ်မှာ နိုင်ငံရေးသိပ္ပံပညာရပ်တခုအဖြစ်လေ့လာစရာ ဘာသာရပ်တခုဖြစ်သလို လက်တွေ့အသုံးချမှုတွင်လည်း သိသာထင်ရှားသည့် အောင်မြင်မှုများရှိ လာပါ သည်။ ထင်ရှားသော ဖက်ဒရယ်ပညာရှင် ဒင်နီယယ် အီလေဇာ (Daniel Elazar) က “ဖက်ဒရယ် အခြေခံမူနဲ့ အစီအစဉ် များဟာ ခေတ်သစ်နိုင်ငံရေးလေထုနဲ့ ကိုက်ညီမှုရှိတဲ့အပြင်၊ ဖက်ဒရယ်စနစ်ဆိုတာ ကိုယ်ပိုင်အုပ် ချုပ်ခြင်းနဲ့ မျှဝေအုပ်ချုပ်ခြင်းကို ပိုပိုပြီးကျယ်ကျယ်ပြန့်ပြန့် လက်ခံလာနေပါတယ်”ဟု ပြောကြားခဲ့သည်။ ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ်ကျင့်သုံးသည့် နိုင်ငံပေါင်းမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ ၂၇ နိုင်ငံရှိလေပြီ။

အိန္ဒိယ ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးကာလကို ပြန်လည်ခြေရာ ကောက်ကြည့်ရပေလိမ့်မည်။ အင်္ဂလိပ်တို့၏ တပြည်ထေင်အုပ်ျုပ်ရေးစနစ်က အိန္ဒိယတွင် အောင်မြင်မှုမရခဲ့ သည့်အတွက် သူတို့အုပ်စိုးခဲ့သည့် နောက်ပိုင်းကာလ နှစ်ပေါင်း ၈၀ အတွင်း ဖက်ဒရယ်စနစ်ဖြင့် အုပ်ချုပ်ရန် စတင်ကြိုးစားခဲ့ကြသည်။ အမှန်တကယ်အားဖြင့် အိန္ဒိယအစိုးရ အက်ဥပဒေ ၁၉၃၅ (Government of India Act, 1935) ကို ပြန်ဌာန်းလိုက်ခြင်းသည် မလွှဲမရှောင်သာ ဖက်ဒရယ်စနစ်ဖြင့် အုပ်ချုပ်မှရတော့မည်ဆိုသည့် ယုံကြည်ချက်ကို သက်သေပြလိုက်ခြင်းဖြစ်လေသည်။ ယခင်က အိန္ဒိယအစိုးရ အက်ဥပဒေမှန်သမျှမှာ တပြည်ထောင်စုစနစ်ဖြစ်ပြီး ၁၉၃၅ ခုနှစ် အက်ဥပဒေတွင် စီရင်စုများနှင့် အိန္ဒိယ ပြည်နယ်နယ်များကို ယူနစ်များအဖြစ် သတ်မှတ်ပြီး ဖက်ဒရယ်စနစ်ကို ရေးဆွဲပြဌာန်းခဲ့သည်။ အဆိုပါ ၁၉၃၅ အက်ဥပဒေက အိန္ဒိယအစိုးရ၏ ဖက်ဒရယ်ပုံစံ အခြေခံကို ချမှတ်ပေးခဲ့သည်။ အက်ဥပဒေက ပြည်ထောင်စုအစိုးရနှင့် စီရင်စု များ (ပြည်နယ်များ) အကြား ဥပဒေပြုရေးအာဏာများကို ခွဲဝေပေးထားသည်။ ဥပဒေပြဌာန်းချက်များတွင် ပြည်နယ်များအကြား လိုက်လျောညီထွေဖြစ်စေရေးနှင့် မတူကွဲပြားမှုများကို ခွဲဝေပေးထားသည်။ အက်ဥပဒေ က ပြည်နယ်များအကြား ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးတည်ဆောက်ရန်အတွက်ပါ ရည်ရွယ်ထား သည်။ သို့ဖြစ်၍ ပြည်နယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေး တည်ဆောက်ရန် လိုအပ်သည်ဆိုသော အမြင်မှာ အိန္ဒိယ လွတ်လပ်ရေးမရမီကပင် တည်ရှိခဲ့သည်ဟု ဆိုရပေမည်။ လွတ်လပ်ရေး ရပြီးနောက် အိန္ဒိယအခြေခံဥပဒေမှာ အမှန်တကယ်အားဖြင့် ၁၉၃၅ ခုနှစ် အက်ဥပဒေပြဌာန်းချက်ပါ အခြေခံမူ များကို အသေးစိတ်ကျသောပုံစံဖြင့် ပေါင်းစပ်ရေးဆွဲထားခြင်း ဖြစ်ပေသည်။

လက်ရှိ အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေမှာ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီးနောက် ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ၁၉၅၀ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင်၊ အိန္ဒိယအစိုးရအက်ဥပဒေ ၁၉၃၅ ကို အစားထိုးခြင်းဖြင့် စတင်အသက်ဝင်သည်။ ၁၉၅၀ ခုနှစ် အိန္ဒိယအခြေခံဥပဒေမှာ ကမ္ဘာပေါ်တွင် အရှည်ဆုံးသော အခြေခံဥပဒေဟု ဆိုလေ့ရှိသည်။ လက်ရှိ အခြေခံဥပဒေတွင် နိဒါန်းနှင့် အခန်း ၂၅ ခန်း၊ ပုဒ်မပေါင်း ၄၄၈ ခု၊ ဇယား ၁၂ ခု၊ ရည်ညွှန်းချက် ၅ ခု၊ ပြင်ဆင်ချက်ပေါင်း ၁၀၀ ပါရှိသည်။ အခြေခံဥပဒေ၏ နောက်ဆုံး ပြင်ဆင်ချက်မှာ ၂၀၁၅ ခုနှစ် ဩဂုတ်လ (၁)ရက်နေ့က အာဏာသက်ဝင်သည်။ (မြန်မာနိုင်ငံ ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေမှာ အခန်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၅၇ ခု၊ ဇယား ၅ ခုပါဝင်သဖြင့် ပါဝင်သည့် ပုဒ်မအရေးအတွက်အရဆိုလျှင် အိန္ဒိယ အခြေခံဥပဒေထက် ပိုမိုရှည်လျားသည်ဟုဆိုရပေမည်။ စကားချပ်။)

အခြေခံဥပဒေအရ အိန္ဒိယနိုင်ငံတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများဟူ၍ အစိုးရနှစ်ရပ် တည်ရှိသည်။ အစိုးရနှစ်ရပ်သည် တခုကိုတခုလွှမ်းမိုးခြင်းမရှိဘဲ လွတ်လပ်စွာဖြင့် မတူကွဲပြားသောတာဝန် များကို ထမ်းဆောင်ရင်း အတူပူးပေါင်းဆောင်ရွက်သည်။ အခြေခံဥပဒေ၏ ဇယား(၇)တွင် ဥပဒေပြုစာရင်း (၃)ခုပါဝင်သည်။ ပြည်ထောင်စု ဥပဒေပြု စာရင်း၊ ပြည်နယ် ဥပဒေပြစာရင်းနှင့် အပြိုင် ဥပဒေပြုစာရင်း (Concurrent list)တို့ဖြစ်ကြသည်။ အစိုးရများသည် ပိုင်းခြားထားသော အုပ်ချုပ်ရေးအာဏာများနှင့် တာဝန်များရှိကြသည်။

လွှတ်တော်နှစ်ရပ်စနစ်ဖြစ်ပြီး ပြည်နယ်များကို ကိုယ်စားပြုသောအထက်လွှတ်တော် (Rajya sabha) နှင့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ကိုယ်စားပြုသော အောက်လွှတ်တော် (Lok sabha) တို့ဖြစ်ကြသည်။

ပြည်ထောင်စုအစိုးရသည် ပြည်နယ်အစိုရထက် ပိုမိုသောလုပ်ပိုင်ခွင့်အာဏာများယူထားပြီး ပိုမိုအားကောင်းသည်။ ပြည်ထောင်စု ဥပဒေပြုစာရင်းသည် ပြည်နယ်ဥပဒေပြုစာရင်းထက်ပိုမိုများပြားပြီး ကြွင်းကျန် ဥပဒေပြုအာဏာ (Residual Power)ကိုလည်း ပြည်ထောင်စုကရယူထားသည်။

အိန္ဒိယအခြေခံဥပဒေကို အိန္ဒိယပါလီမန်က လွယ်ကူစွာပြင်ဆင်နိုင်သည်။ ကဏ္ဍအတော်များများ ပြင်ဆင်ရေးတွင် ပါလီမန်သည် ပြည်နယ်များ၏ အတည်ပြုချက်ရယူရန်လိုပေ။ ပြည်နယ်များတွင်လည်း ဂျမူးနှင့် ကက်ရှမီးယားမှလွဲ၍ သီးခြားအခြေခံဥပဒေမရှိပေ။ ပြည်နယ်များသည် ပြည်ထေင်စုကပြဌာန်း ထားသည့် ဥပဒေကိုလေးစားလိုက်နာရမည်ဖြစ်ပြီး ကဏ္ဍတခုခုနှင့်ပတ်သက်၍ ပြည်ထောင်စုက ဥပဒေတရပ် ပြဌာန်းထားရှိပြီးဖြစ်လျှင် ပြည်နယ်က ဥပဒေသစ်ပြဌာန်း၍ မရပေ။ ပြည်နယ်များကို ကိုယ်စားပြုသော အထက်လွှတ်တော် (Rajya sabha) တွင် ပြည်နယ်တိုင်းကညီမျှသော ကိုယ်စားပြုမှုပိုမိုရရှိသည်။

ပြည်နယ်များ၏ နယ်နိမိတ်သည် အပြောင်းအလဲရှိနိုင်သည်။ ဘဏ္ဍာရေးဆိုင်ရာကိစ္စများတွင် ဗဟို အစိုးရသည် ပြည်နယ်အစိုးရများထက်လုပ်ပိုင်ခွင့်အာဏာပိုများသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) များသည် ပြည်ထောင်စုအစိုးရ၏ ကိုယ်စားလှယ်ဖြစ်သည်။

ပြည်ထောင်စု ဥပဒေပြုစာရင်း

ပြည်ထောင်စု ဥပဒေပြုစာရင်းဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်ကသာ ဥပဒေပြုခွင့်ရှိသည့် ကဏ္ဍ များဖြစ်ပြီး ပြည်ထောင်စုက လုပ်ပိုင်အာဏာသက်ရောက်သည့် အဝန်းအဝိုင်းများဖြစ်သည်။ ပြည်ထောင်စု ဥပဒေပြုစာရင်းတွင် အမျိုးအစားပေါင်း ၁၀၀ (ယခင် ၉၇ မျိုး) ပါဝင်သည်။ ၎င်းတို့မှာ ကာကွယ်ရေး၊ လက်နက် နှင့် ခဲယမ်းမီးကျောက်များ၊ အနုမြူစွမ်းအင်၊ နိုင်ငံခြားရေး၊ စစ်ပွဲနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံသားဖြစ်မှု၊ ပစ်မှု ကျူးလွန်သူများလွှဲပြောင်းခြင်း၊ မီးရထား၊ သင်္ဘောနှင့် ရေကြောင်း၊ လေကြောင်း၊ စာတိုက်နှင့် ကြေးနန်း၊ တယ်လီဖုန်းဆက်သွယ်ရေး၊ ကြိုးမဲကြေးနန်းနှင့် အသံလွှင့်လုပ်ငန်း၊ ငွေကြေးလည်ပတ်မှု၊ နိုင်ငံခြား ကုန်သွယ်ရေး၊ ပြည်နယ်အချင်းချင်းကြား ကုန်သွယ်ရေးနှင့် စီးပွားရေး၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ စက်မှုလုပငန်းများ၊ ဓါတ်သတ္ထုတူးဖော်ရေး၊ သဘာဝသယံဇာတနှင့် ရေနံ၊ ရွေးကောက်ပွဲ၊ အစိုးရ ငွေစာရင်း စစ်ဆေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဗဟိုတရားရုံးများနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ကော်မရှင်၊ ဝင်ငွေခွန်၊ သွင်းကုန်-ပို့ကုန် အခွန်ငွေ၊ ပြည်တွင်းခွန်၊ ကော်ပိုရေးရှင်း အခွန်၊ ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံခွန်၊ ပိုင်ဆိုင်မှုအခွန် စသည်တို့ပါဝင်သည်။

ပြည်နယ် ဥပဒေပြုစာရင်း

ပြည်နယ်ဥပဒေစာရင်းဆိုသည်မှာ ပြည်နယ်လွှတ်တော်များက ဥပဒေပြုသော ကဏ္ဍများဖြစ်သည်။ ပြည်နယ်လွှတ်တော်များက ဥပဒေပြုခွင့်ရှိသဖြင့် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာ အဝန်းအဝိုင်း အတွင်း တည်ရှိသည်။ ၎င်းတို့မှာ ယခင်က ၆၆ မျုးရှိခဲ့သော်လည်း ယခုအခါ (၆၁)မျိုးသာ ရှိတော့သည်။ ၎င်းတို့မှာ တရား ဥပဒေစိုးမိုးရေး၊ ရဲတပ်ဖွဲ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ မြေယာပေါ် လစီ၊ ပြည်နယ်များ အတွင်း လျှပ်စစ်ဓါတ်အား၊ ကျေးလက်ဒေသအုပ်ချုပ်ရေး စသည်တို့ဖြစ်သည်။ ပြည်နယ်လွှတ်တော် များက အထက်ဖော်ပြပါ ကဏ္ဍများတွင် ဥပဒေပြုရန် အထူးအာဏာရှိသည်။ သို့သော် တချို့သော အခြေအနေ များအောက်တွင် ပြည်ထောင်စုလွှတ်တော်ကလည်း အထက်တွင်ဖော်ပြထားသည့် ပြည်နယ်စာရင်းပါ ကဏ္ဍများတွင် ဥပဒေပြုနိုင်သည်။ သို့သော် ထိုသို့သောဖြစ်ရပ်တွင် ပါလီမန်က ထောက်ခံမဲ ၃ ပုံ ၂ ပုံရရှိရန် လိုအပ်သည်။ ထို့ပြင် အခြေခံဥပဒေ ပုဒ်မ ၂၄၆၊ ၂၅၀၊ ၂၅၂ နှင့် ၂၅၃ တို့ပါ ပြည်နယ်များနှင့်သက်ဆိုင်သော ကိစ္စများကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရက ဥပဒေပြုခွင့်ရှိသည်။

အပြိုင် ဥပဒေပြုစာရင်း (concurrent list)

အပြိုင် ဥပဒေပြုစာရင်းဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်ကရော၊ ပြည်နယ်လွှတ်တော်ကပါ ဥပဒေ ပြုနိုင်သည့် ကဏ္ဍများဖြစ်သည်။ ၎င်းစာရင်းတွင် ယခင်က (၄၇)မျိုးသာရှိသော်လည်း ယခုအခါ (၅၂)မျိုး ရှိသည်။ ၎င်းတို့မှာ လက်ထပ်ခြင်းနှင့် ကွာရှင်းခြင်း၊ စိုက်ပျိုးမြေမှအပဖြစ်သော ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း၊ ပညာရေး၊ ကန်ထရိုက်စာချုပ်စာတမ်း၊ အကြွေးမဆပ်နိုင်ခြင်းနှင့် ဒေဝါလီခံခြင်း၊ ယုံကြည်လွှဲအပ်ခြင်း ဆိုင်ရာ ကိစ္စ၊ မြို့ပြဆိုင်ရာလုပ်ငန်းများ၊ တရားရုံးမထေမဲ့မြင်ပြုမှု၊ စားသောက်ကုန်ပစ္စည်း တုပခြင်း၊ မူးယစ်ဆေးဝါးနှင့် အဆိပ်၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စီမံကိန်း၊ အလုပ်သမားသမဂ္ဂ၊ အလုပ်သမား သက်သာချောင်ချိရေး၊ လျှပ်စစ်၊ သတင်းစာ၊ စာအုပ်နှင့် ပုံနှိပ်ထုတ်ဝေခြင်း၊ တံဆိပ်ခေါင်းခွန် စသည်တို့ပါဝင်သည်။

ကြွင်းကျန်သော ကဏ္ဍ (Residual subjects)

အထက်ပါဥပဒေပြုစာရင်း (၃)ခုတွင် ဖော်ပြထားသော ကဏ္ဍများကို ကြွင်းကျန် ကဏ္ဍ (Residual subjects) ဟု ခေါ်သည်။ အခြေခံဥပဒေတွင် ပြဌာန်းထားချက်အရဆိုလျှင် အဆိုပါ ကြွင်းကျန်ကဏ္ဍများနှင့် ပတ်သက်သောကိစ္စများကို ဥပဒေပြုရေးမှာ ပါလီမန်၏လုပ်ပိုင်ခွင့်အာဏာဖြစ်နိုင်သလို ပြည်နယ်ဥပဒေပြု လွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာလည်းဖြစ်နိုင်ပြီး ပြဿနာအလိုက် မည်သို့ခွဲခြားရမည်ဆိုသည်ကို ပုဒ်မ ၂၄၅ တွင် ပြဌာန်းထားသည်။ ဥပဒေပြုစာရင်း (၃)ခုတွင်ပါရှိသော ကဏ္ဍများ ချဲ့ထွင်တိုးဖြည့်ခြင်း၊ ပြင်ဆင်ခြင်း များနှင့် ပတ်သက်၍ ပုဒ်မ ၃၆၈ တွင် ပေးထားသည့် အခြေခံဥပဒေပြင်ဆင်နိုင်ခွင့်အာဏာ (Constituent Power) ဖြင့် အခြေခံဥပဒေကို ပြောင်းပြန်လှန်ပစ်ရန် သို့မဟုတ် ဖျက်ဆီးပစ်ရန်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားရေးဆိုင်ရာ စီရင်သုံးသပ်မှု (Judicial review) မပါဘဲ မဖြစ်နိုင်ပေ။

အုပ်ချုပ်မှုရေး အာဏာ

ပြည်ထောင်စုနှင့် ပြည်နယ်များသည် သီးခြားလွတ်လပ်သော အုပ်ချုပ်ရေးယန္တယားများရှိကြသည်။ ဥပဒေပြုကိစ္စများတွင်ကဲ့သို့ပင် အုပ်ချုပ်ရေးကိစ္စများတွင်လည်း ဗဟိုအစိုးရသည် ပြည်နယ်အစိုးရ၏ အခြေခံ ဥပဒေဆိုင်ရာအခွင့်အရေး/ လုပ်ပိုင်ခွင့်အာဏာများကို (ပြည်နယ်တခုအတွင်း နိုင်ငံတော် သမ္မတ၏ ဥပဒေကဲ့ သို့အာဏာတည်သည့် အမိန့်ထုတ်ပြန်ခြင်းမှလွဲ၍) ချေဖျက်ခွင့်မရှိချေ။ အခြေခံဥပဒေပုဒ်မ ၃၅၅ တွင် ပြဌာန်းထားချက်များအတိုင်း ပြည်နယ်အစိုးရတိုင်းကလိုက်နာဆောင်ရွက်ရန် ပြည်ထောင်စုတွင် တာဝန်ရှိ သည်။ အခြေခံဥပဒေပုဒ်မ ၂၅၆ က ပြည်နယ်ျအစိုးရများသည် ဗဟိုကချမှတ်ထားသည့် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေများကို ဆန့်ကျင်ဆောင်ရွက်ခြင်းမပြုရဟုတားမြစ်ထားသည်။ အကယ်၍ ပြည်နယ်တခုသည် အခြေခံ ဥပဒေအတိုင်းလိုက်နာဆောင်ရွက်ခြင်းမရှိပါက ပုဒ်မ ၃၅၆ အရ သမ္မတသည် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ထုတ်ပြန်ပြီး အဆိုပါပြည်နယ်၏ အုပ်ချုပ်ရေးအာဏာအရပ်ရပ်ကို ပါလီမန်၏ သဘောတူချက်ဖြင့် အုပ်ချုပ်သွားရမည်ဟု ပုဒ်မ ၃၅၇ ကဆိုလေသည်။

ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ

အခြေခံဥပဒေပုဒ်မ ၂၈၂ အရ ပြညနယ်လူထုအတွက် ပြညနယ်တွင်းရရှိနိုင်သည့် ဘဏ္ဍာရေး အရင်းအမြစ်များနှင့် သုံးစွဲမှုတို့ကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ပုဒ်မ ၂၉၃ အရ ပြည်နယ်များသည် အိန္ဒိယ နိုင်ငံ၏ နယ်နိမိတ်အတွင်း ကန့်သတ်ချက်မရှိ လွတ်လပ်စွာချေးယူခွင့်ရှိသည်။ သို့သော်လည်း ပြည်နယ် တခုသည် အိန္ဒိယဗဟိုအစိုးရရန်ပုံငွေမှဖြစ်စေ၊ ဗဟိုအစိုးရ အာမခံချက်ဖြင့်ဖြစ်စေ ထူးခြားသောချေးငွေများ ချေးယူခဲ့လျင် ဗဟိုအစိုးရသည် သူ၏ချေးငွေကာလကိုလျှော့ပေါ့လိုက်နာရန် တိုက်တွန်းနိုင်သည်။ နိုင်ငံတော် သမ္မတအနေဖြင့် ငါးနှစ်လျှင်တကြိမ် ဘဏ္ဍာရေးကော်မရှင်တရပ်ဖွဲ့စည်းပြီး အခြေခံဥပဒေ ပုဒ်မ ၃၆၀ အရ၊ နိုင်ငံတော်သည် နိုင်ငံတော် သို့မဟုတ် နိုင်ငံတော်၏ အစိတ်အပိုင်းတရပ်ရပ်တွင် ဘဏ္ဍာရေး အခြေအနေ တည်ငြိမ်မှုကို ခြိမ်းခြောက်ခံလာရပါက ဘဏ္ဍာရေးအပေါ်အခြေအနေ (Financial emergency) ကြေငြာ နိုင်သည်။ သို့သော်လည်း ယနေ့ထက်တိုင် ဘဏ္ဍာရေးအရေးပေါ် အခြေအနေဆိုသည်နှင့်ပတ်သက်၍ ဘဏ္ဍာရေးကော်မရှင်ကသော်၎င်း၊ ဗဟိုအစိုးရကသော်၎င်း ရှင်းလင်းစွာအဓိပ္ပါယ်ဖွင့်ဆိုထားသည့် လမ်းညွှန်ချက်မရှိသေးချေ။ ထိုသို့သော အရေးပေါ်အခြေအနေကို ပါလီမန်ကသာမန်အများစုမဲဆန္ဒဖြင့် နှစ်လ အတွင်းအတည်ပြုရမည်ဖြစ်ပြီး ဘဏ္ဍာရေးအရေးပေါ်အခြေအနေပြီးဆုံးကြောင်း သမ္မတကမကြေငြာသ၍ သက်ရောက်နေမည်ဖြစ်သည်။ နိုင်ငံတော်သမ္မတသည် ဘဏ္ဍာရေးအရေးပေါ်အခြေအနေတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ဗဟိုတရားရုံးများ၏ တရားသူကြီးများအပါအဝင် အစိုးရဝန်ထမ်းအားလုံး၏ လစာ များကိုလျှော့ချနိုင်ခွင့်ရှိသည်။ ပြည်နယ်ဥပဒေပြုလွှတ်တော်သို့ တင်သွင်းမည့်ငွေကြေးဆိုင်ရာ ဥပဒေကြမ်း မှန်သမျှ သမ္မတ၏ အတည်ပြုချက်ရယူရန်လိုအပ်သည်။ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် အခြေခံစည်းမျဉ်းများကို လိုက်နာရန်လည်း သမ္မတက ပြည်နယ်သို့ ညွှန်ကြားနိုင်သည်။

အငြင်းပွါးမှုများကို ဖြေရှင်းခြင်း

ပြည်နယ်များသည် သက်ဆိုင်ရာပြည်နယ်များ၏ ဥပဒေများကိုကိုချိုးဖောက်မှုမဖြစ်စေဘဲ အချင်းချင်း အကြား သဘောတူညီချက်များပြုလုပ်နိုင်သည်။ ပြည်နယ်တခုသည် အခြားပြည်နယ်တခုနှင့်ဖြစ်စေ၊ အခြား ပြည်နယ်များနှင့်ဖြစ်စေ၊ အခြားပြည်ထောင်စုနယ်မြေတခုနှင့်ဖြစ်စေ၊ ဗဟိုအစိုးရနှင့်ဖြစ်စေ အငြင်းပွါးမှု ဖြစ်ပွားပါက အခြေခံဥပဒေပုဒ်မ ၁၄၁ အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ်ကိုခံယူရမည်။ သို့သော်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ပိုင်ခွင့်တွင် ပြည်နယ်များအကြား မြစ်ရေကို ထိန်းချုပ်ခွဲဝေသုံးစွဲခြင်းနှင့်ပတ်သက်သည့် အငြင်းပွါးမှုကို ပုဒ်မ ၂၆၂ အရ ဖယ်ထုတ်ထားသည်။ အကြောင်းမှာ အဆိုပါ အငြင်းပွါးမှုမျိုးနှင့်ပတ်သက်၍ ဖြေရှင်းရန် ပြဌာန်းထားသော Interstate River Water Disputes Act, 1956 ဥပဒေရှိပြီးဖြစ်သောကြောင့်ဖြစ်သည်။

အခြေခံဥပဒေ ပုဒ်မ ၂၆၃ အရ သမ္မတသည် ပြည်နယ်အချင်းချင်းအကြားဖြစ်စေ၊ ပြည်ထောင်စုနှင့် ဖြစ်စေ ဖြစ်ပွါးသည့် အငြင်းပွါးမှုများကို ဖြေရှင်းရန်နှင့် ပေါ်လစီမူဝါဒါများကို ပိုမိုကောင်းမွန်စွာ ကျင့်သုံး နိုင်စေရန် ပြည်နယ်များညှိနှိုင်းရေးကောင်စီကို ဖွဲ့စည်းနိုင်သည်။

နိဂုံးချုပ်အားဖြင့်ပြောရလျှင် အိန္ဒိယအခြေခံဥပဒေသည် အားကောင်းသော ဗဟိုအစိုးရရှိသည့် ဖက်ဒရယ်စနစ်တခုဖြစ်ပါသည်။ ထို့ပြင် လူမျိုးကိုအခြေပြု ဖွဲ့စည်းထားသည့် (Ethno federalism) မဟုတ်ဘဲ၊ လူမျိုးနှင့် ဒေသဖွဲ့စည်းမှုကို ပေါင်းစပ်ထားသော မျိုးစပ် Hybrid federalism (သို့မဟုတ်) Territorial-ethnic federalism တခုဖြစ်ပါသည်။

မတူကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုးအများအပြားအကြားတွင် စည်းလုံးညီညွတ်မှုနှင့် တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းထားနိုင်ရန်မှာ အင်အားကောင်းသော ဗဟိုတရပ်ရှိဘို့လိုအပ်သည်ဟု ယူဆ သောကြောင့်ဖြစ်ပေသည်။ ဧရာမလူဦးရေရှိသည့် နိုင်ငံတခု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အင်အား ကောင်းသော ဗဟိုတရပ်ရှိဖို့လိုပါသည်။ အခြေခဥပဒေကိုစတင်ရေးဆွဲခဲ့သူများက ပြည်နယ်များအနေဖြင့် လည်း ခွဲဝေပေးအပ်ထားသည့် ကဏ္ဍများတွင် လွတ်လပ်စွာဖြင့် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရင်း၊ အစိုးရများအချင်းချင်းအတိုက်အခံဖြစ်သည်ထက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ဆန္ဒရှိခဲ့ကြပါသည်။

လက်ရှိ အန္ဒိယ ဝန်ကြီးချုပ် မိုဒီက “States are King” ပြည်နယ်တွေက ဘုရင်ပါဘဲ။ ဒါကသိပ်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုး တိုးတက်ရေးအပေါ်တည်မှီနေပြီး ဒါက ကျနော်တို့နိုင်ငံရဲ့ ဖက်ဒရယ်တည်ဆောက်ပုံကို ပိုမိုအားကောင်းစေပါ လိမ့်မယ်”ဟု ပြောလိုက်ခြင်းဖြင့် ပြည်နယ်များတွင် လုပ်ပိုင်ခွင့်အာဏာများ ပိုမိုရရှိလာလိမ့်မည်ဟု မျှော်လင့်ရ ပေသည်။

ရဲထွန်း (သီပေါ)

စာကိုး : Wikipedia မှ Federalism in India ကို အဓိက မှီငြမ်းကိုးကားသည်။

Related Articles

Back to top button