ဖက်ဒရယ်လစ်ဇင်အကြောင်း

ဖက်ဒရယ်စနစ်နှင့် အမျိုးသားရေး

“ဖက်ဒရယ်စနစ်နှင့် အမျိုးသားရေး”

မင်းမရော့ချိုင်း

ဖက်ဒရယ်ဆိုသည်မှာ “ဒေသဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရန် ဒေသဆိုင်ရာ အစိုးရများနှင့် ဥပဒေပြု အဖွဲ့အစည်းများ ပါဝင်ပြီး တစ်နိုင်ငံလုံးဆိုင်ရာ ကိစ္စများကို ဖြေရှင်းရန် အမျိုးသား အစိုးရတစ်ရပ်နှင့် ဥပဒေပြုအဖွဲ့အစည်း၊ ပါဝင်ပေါင်းစပ်ထားသည့် စနစ်ဖြစ်သည်” ဟု ကနေဒါနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဆာန်ဂျွန်အေမက္ကဒေါ်နယ်က ဖက်ဒရယ်စနစ်ကို ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။ ဖက်ဒရယ်စနစ်ကို မတူညီသော ပုံစံများနှင့် ကျင့်သုံးကြသော်လည်း အဓိကကျသည့် အချက်မှာ “အာဏာ ခွဲဝေမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကျင့်သုံးမှု”တို့ ဖြစ်သည်။

ကိုယ်ပိုင်ပြဌာန်းခွင့်သည် နိုင်ငံတကာဥပဒေများ၏ အခြေခံမူတစ်ခုဖြစ်ပြီး အစိုးရများကြား၊ ယူနစ်အခွဲများ ကြားနှင့် ယင်းတို့တွင် ပါဝင်သည့် ပြည်သူများအကြားရှိ ဆက်ဆံရေးများအပေါ် လွှမ်းမိုး သက်မှုရှိသည်။ ကိုယ်ပိုင်ပြဌာန်းခွင့်သည် ကိုလိုနီစနစ်ဖျက်သိမ်းခြင်းနှင့် သမိုင်းကြောင်းအရ ဆက်စပ်နေသော ကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အမျိုးသားရေးအခွင့်အရေးအတွက် လက်နက်တစ်ခု အဖြစ် အသုံးပြုပြီး ခွဲထွက်ခွင့်ကို တောင်းဆို ခဲ့မှုများရှိခဲ့သည်။

ကိုယ်ပိုင်ပြဌာန်းခွင့်သည် ကိုလိုနီစနစ်ဖျက်သိမ်းခြင်းနှင့် သမိုင်းကြောင်းအရ ဆက်စပ်နေသော ကြောင့် ယင်းကို လူမျိုးတစ်မျိုးချင်းစီ၏ လွတ်လပ်သည့် နိုင်ငံတစ်ခု တည်ထောင်ခွင့်ရှိသည့် အခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း ယူဆကြသည်။ ၎င်းကို “လူမျိုးဆိုင်ရာ အခြေခံသဘောတရား” ဟု ခေါ် ဆိုကြပြီး အက်စတိုးနီးယား၊ ယူဂိုဆလားဗီးယားနှင့် သြစတီးယားနိုင်ငံတို့အပါအဝင် ပထမကမ္ဘာစစ် နောက်ပိုင်း နိုင်ငံသစ် များစွာ တည်ထောင်ခဲ့ရာတွင် အဆိုပါသဘောတရားကို အခြေခံခဲ့သည်။

ဖက်ဒရယ်ဆိုသော ဝေါဟာရကို မြန်မာ့နိုင်ငံရေးတွင် တွင်တွင်ကျယ်ကျယ် ပြောဆိုခဲ့သည်မှာ ၁၉၆၀-၆၁ ဝန်းကျင်လောက်က ဖြစ်မည်ဟု ထင်ပါသည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် အသစ်ရေးဆွဲ ရေးရည်ရွယ်ချက်ဖြင့် ၁၉၆၂ မတ်လ ၁ရက်နေ့ ဒုတိယအကြိမ် ဖက်ဒရယ်မူဆွေးနွေးပွဲ စ တင်ပြီး နောက်နေ့တွင် တပ်မတော်က အာဏာသိမ်းလိုက်သည်။ ထိုအချိန်မှစ၍ ဖက်ဒရယ်မူဆွေးနွေး ပွဲလည်းရပ်ဆိုင်းခဲ့ရပြီး ၁၉၄၇ ဖွဲ့စည်းပုံပါ ချုပ်ငြိမ်းသွားခဲ့လေသည်။

အမျိုးသားရေး(လူမျိုးရေး)ဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ခဲ့သော ထင်ရှားသော တိုင်းပြည် နှစ်ခုမှာ ဆိုဗီယက်ယူနီယံနှင့် ယူဂိုဆလားဗီးယားနိုင်ငံတို့ဖြစ်သည်။ အဆိုပါနှစ်နိုင်ငံလုံးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ခွဲထွက်ခွင့်ကို ပြဌာန်း အသိအမှတ်ပြုထားလေသည်။ ဆိုဗီယက်ယူနီယံ၏ ၁၉၇၇ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခန်း(၈)၊ ပုဒ်မ (၇)တွင်လည်းကောင်း၊ ယူဂိုဆလားဗီးယားနိုင်ငံ၏ ၁၉၇၄ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခြေခံမူ (၁၀) ချက်အနက် ပထမအခြေခံမူတွင် (“ယူဂိုဆလား ဗီးယားဆိုသည်မှာ တန်းတူညီမျှသော လူမျိုးများ၊ တိုင်းရင်းသားများ၏ ဖက်ဒရယ်သမ္မတနိုင်ငံဖြစ်ပြီး၊ ညီ ရင်းအစ်ကိုပမာ ချစ်ကြည်ရေးနှင့် ညီညွတ်ရေးအခြေခံမူအပေါ်တွင် တိတိကျကျရှိသော ဘုံအကျိုးစီးပွား များအတွက်၊ ခွဲထွက်ခွင့် အပေါ် အခြေခံသည့် လူမျိုးတိုင်း၏ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့် လွတ်လပ်စွာ ပေါင်း စည်းညီညွတ်ကြသည်” လည်းကောင်း ခွဲထွက်ခွင့်ကို ဖော်ပြထားသည်။ မြန်မာနိုင်ငံသည်လည်း အမျိုးသား(လူမျိုး)အခြေခံဖြင့် (၄) ပြည်ထောင်စုပေါင်းပြီး ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့သောကြောင့် ပေါ် ပေါက်လာသော အမျိုးသားရေး (လူမျိုးရေး)အခြေခံ ဖက်ဒရယ်ပြည်ထောင်စုဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး လွတ်လပ်ရေးရပြီး ကျင့်သုံး ခဲ့သော ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း အခန်း (၁၀)တွင် ခွဲထွက်ခွင့်အကြောင်းကို ဖော်ပြ ထားသည်။

အမျိုးသားရေး (လူမျိုးရေး) အခြေခံဖြင့် ဖွဲ့စည်းထူထောင်ထားသော တိုင်းပြည်သည် နိုင်ငံ ရေးတွင် ထိလွယ်ရှလွယ်ပြီး နောက်ဆုံးတွင် ကွဲထွက်သွားနိုင်သည်ကို အထက်ပါနှစ်နိုင်ငံ (ဆိုဗီယက် နှင့် ယူဂိုဆယား ဗီးယား) စလုံးတွင် တွေ့နိုင်သည်။ အင်အားကြီး အုပ်စုက နိုင်ငံကို ထိန်းချုပ်လွှမ်းမိုး ထားနိုင်လျှင် မပြိုကွဲ နိုင်သော် လည်း ယင်းအင်အားကြီးအုပ်စုက အင်အားနည်းချိန် အကြပ်အတည်းဆိုက် ချိန်တွင် ပြိုကွဲသွားနိုင်သည်။ ယခင်ယူဂို ဆလပ်ဗီးယားနိုင်ငံတွင် ယခုအခါ ဘော့စ်နီးယားနှင့် ယာဇီဂိုဘီး နာနိုင်ငံ၊ ကရိုးရှားနိုင်ငံ၊ မက်ဆီဒိုး နီးယားနိုင်ငံ၊ မွန်တီနီးဂရိုးနိုင်ငံ၊ ဆလိုဗေးနီးယားနိုင်ငံ၊ ဆားဗီးယား နိုင်ငံနှင့် ကိုဆိုဗိုနိုင်ငံများအဖြစ် (၇) နိုင်ငံ ကွဲထွက်သွား လေသည်။ မြန်မာနိုင်ငံသည်လည်း လူမျိုးအခွင့်  အရေးကို အာမခံထားသော ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေလည်း မရှိ အင်အာကြီး အုပ်စု အာဏာရှင် ကလည်း မထိန်းချုပ်နိုင်လျှင်  (၇) နိုင်ငံနှင့်အထက် ပြိုကွဲနိုင်သော အန္တရာယ် ရှိလာနိုင်သည်။         

ခွဲထွက်ခွင့်များသည် ကိုယ်ပိုင်ပြဌာန်းခွင့်အယူအဆနှင့် တပြိုင်လည်း ပေါ်ထွန်းလာခဲ့သော လီနင်ဝါဒီ များ၏ အတွေးအမြင်ဖြစ်သည်။ ခွဲထွက်ခွင့် ဆိုသည်မှာ နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုသည် အများအားဖြင့် သီးခြားနိုင်ငံသစ်တစ်ခုအဖြစ် ထူထောင်ရန်အတွက် မူလနိုင်ငံတော်ကို စွန့်ခွာခွဲထွက် ခြင်းကို ဆိုလိုသည်။ ခွဲထွက်ခွင့် စဥ်းစားလျှင် နိုင်ငံတကာဥပဒေ၏နောက်ခံအဖြစ်တည်ရှိနေသော စည်း မျဥ်းနှစ်ခုပေါ်တွင် အခြေခံ၍ စဥ်းစားရမည်ဖြစ်သည်။ ပထမတစ်ခုမှာ နိုင်ငံများသည် မိမိနယ်မြေ အစိတ် အပိုင်းများကို ပေါင်းစည်းထား ရှိနိုင်သည်အခွင့်အရေးကို ပိုင်ဆိုင်ပြီး နိုင်ငံအစိတ်အပိုင်းများကို သီးခြားခွဲ ထုတ်ခြင်း မပြုနိုင်ပေ။ ဒုတိယတစ်ခုမှာ နိုင်ငံအတွင်းရှိ လူနည်းစုများအပါအဝင် ပြည်သူများတွင် ကိုယ် ပိုင် ပြဌာန်းခွင့် ရှိသည်ဟူ၍ ဖြစ်သည်။ ဒီနှစ်ချက်အပေါ်အခြေခံပြီး ခွဲထွက်ခွင့်ကို ချဥ်းကပ်ခဲ့ကြသည်။

ခြုံ၍ သုံးသပ်ရလျှင် ဖွဲ့စည်းပုံတွင် ခွဲထွက်ခွင့် ခွင့်ပြုထားမှ ခွဲထွက်နိုင်ခြင်းမဟုတ်သလို ဖွဲ့စည်းပုံတွင် ခွဲထွက်ခွင့် မပေးထားသော်လည်း ခွဲထွက်သွားနိုင်သည်။ တစ်ချို့ကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် မည်သို့မည်ပုံရေးသားထားခြင်းသည် အမှန်တကယ်လက်တွေ့တွင် အရေးပါခြင်း ရှိမရှိ မေး ခွန်းထုတ်ကြသည်။ အဆုံးတွင်မူ နယ်မြေဒေသတစ်ခုသည် နိုင်ငံတော်မှ အမှန်တကယ် ခွဲထွက် လိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လျစ်လျူရှုမည်သာ ဖြစ်သည်။ ဥပမာ ယူဂရိန်းနိုင်ငံတွင် ခွဲထွက်ခွင့်ကို တားမြစ်ထားပေးမဲ့ နောက်ဆုံးတွင် ခရိုင်းမီးယားက ခွဲထွက်ပြီး ရုရှားနဲ့ ပေါင်းလိုက်ကြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေများသည် အပြန်အလှန် သဘောတူညီမှုလုပ်ငန်းစဥ်ကို ပုံစံချသတ်မှတ် ပေးခြင်းအပြင် နိုင်ငံများကို အတူတကွ ပေါင်းစည်းထားရာတွင် ကူညီပံ့ပိုးပေးသည့်အခန်းကဏ္ဍတွင် လည်း အရေးကြီးသည်။ နယ်မြေအရ တစ်စုတစ်စည်းတည်း တည်ရှိနေသာ လူနည်းစုတစ်ခုသည် ကောင်း မွန် သောဆက်ဆံမှုကို ရရှိရန် အာမခံချက်ရှိမှသာ နိုင်ငံတစ်ခုသို့ ပေါင်းစည်းလိုသော ဆန္ဒရှိသည်။ မြန်မာ နိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုတို့သည် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စ သည့် အခြေခံအခွင့်အရေး (၃) သုံးမျိုးဖြင့် ခေတ်အဆက်ဆက် တောင်းဆိုလာကြသည်။ ဒီမိုကရေ စီအရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝပြဌာန်းထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်လာမှသာ ဖက်ဒရယ်နိုင်ငံတွင် အမျိုးသားရေးအခြေခံဖြင့် ခွဲထွက်ခွင့်ကို ထိန်းထားနိုင် မည်ဖြစ်သည်။ အမျိုးသားရေးဖြင့် တည်ထောင်ခဲ့သော ဖက်ဒရယ်သည် အမျိုးသားရေးအခွင့်အရေးနှင့် ထိန်းထားနိုင်မှသာ ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။

Related Articles

Back to top button