တိုင်းရင်းသားများသတင်း

မွန်အမျိုးသားကျောင်းများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူဦးရေ ယခင်နှစ်များထက်တိုးလာ

ဓါတ်ပုံ – Mon National High School

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၁၈

မွန်အမျိုးသား ပညာရေးဌာနအောက်ရှိ အထက်တန်းကျောင်းများမှ ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ကျောင်းသားဦးရေ ယခင်နှစ်များထက် တိုးလာကြောင်း သိရသည်။ မွန်ပညာရေးဌာန အောက်တွင် အထက်တန်းကျောင်း ၃ ကျောင်းရှိပြီး ၎င်းအထက်တန်းကျောင်း ၃ကျောင်းမှ ကျောင်းသား စုစုပေါင်း ၁၈၈ ဦး တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ယခု ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၈၈ ဦးအနက် ၆၈ ဦးအောင်မြင် ခဲ့ကြောင်း မွန်အမျိုးသားပညာရေးဌာန MNEC မှ ထုတ်ပြန်ထားသည်။

“ကျမတို့အထက်တန်းကျောင်း ၃ ကျောင်းကနေ အခုလိုအောင်ချက်မြင့်လာတဲ့အပေါ်မှာတော့ ကျမတို့ ဝမ်းသာတယ်။ ကျောင်းတိုင်းကတော့ သူ့ဟာနဲ့သူ ကြိုးစားကြတယ်လေ၊ ကျမတို့ကျောင်းကို လာအပ်တဲ့ ကလေးတွေကို အရည်အချင်းနဲ့ပတ်သက်ပြီး မရွေးချယ်ထားဘူး၊ လာအပ်တဲ့ကျောင်းသား တွေ အကုန်လုံးကို လက်ခံထားတာဖြစ်တယ်” ဟု မွန်အမျိုးသားပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖက်ဒရယ်ဂျာနယ်ကို ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထက်တန်းကျောင်း ၃ကျောင်းဖြစ်သည့် ညီစား အထက်တန်း ကျောင်းမှ ၇၃ ဦးဝင်ရောက်ဖြေဆိုကာ ၃၁ ဦးအောင်မြင်ခဲ့ပြီ အံဒင် အထက်တန်းကျောင်းမှ ၆၁ ဦးအနက် ၁၄ ဦးအောင်မြင်ကာ ဝင်္ကဘာ အထက်တန်းကျောင်းမှ ၅၄ ဦးအနက် ၂၃ ဦးအောင်မြင်ကြောင်း သိရသည်။

အဆိုပါအောင်ချက်သည် ယခင်နှစ်များထက် သာလွန်သည့် အောင်ချက်ရာခိုင်နှုန်းဖြစ်သည်။ ဒါ့အပြင် မွန်ပြည်နယ်ရှိ အစိုးရအခြေခံပညာကျောင်းများတွင် ပညာဆက်လက်သင်ကြားခြင်း မရှိတော့ဘဲ မွန်အမျိုးသားပညာရေးဌာနအောက်ရှိ အထက်တန်းကျောင်းများသို့ ရွှေ့ပြောင်းလာသည့် ကျောင်းသား ဦးရေ ရာနှင့်ချီရှိသည်။

ကျောင်းသားသစ်များနှင့်ပတ်သက်ပြီး “ ကျမတို့ဆီလာတဲ့ ကျောင်းသားတွေမှာ မွန်လူမျိုးမှ မဟုတ်ဘူး၊ တခြားလူမျိုးတွေဆိုရင်လည်း လက်ခံတယ်။ အဲဒီမှာ နေထိုင်၊စားသောက်ရေးအတွက် နေရာထိုင်ခင်း အခက်အခဲဖြစ်လာတယ်။ စားသောက်ရေးအတွက်က မခက်ခဲပေမယ့် စာသင်ဖို့နေရာတွေ ၊ နေဖို့နေရာ တွေ ခက်ခဲတော့ ကျမတို့ ကျောင်းသားလက်ခံတာကို ရပ်လိုက်ရတယ်” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် မွန်အမျိုးသားပညာရေးဌာနာမှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၁၀၀ ကျော်ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၁ ဦးသာအောင်မြင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉ရာခိုင်နှုန်းကျော်သာ အောင်မြင်ခဲ့ပြီး ၊ ၂၀၁၈ ခုနှစ်တွင် ၂၁ ရာခိုင်နှုန်းခန့်သာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်တစ်ပြည်နယ်လုံးတွင် တက္ကသိုလ်ဝင်တန်းအောင်ချက် ၅၇ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် အများဆုံးဖြစ်သည်။ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား အများအပြားရှိသည်။

Related Articles

Back to top button