တိုင်းရင်းသားများသတင်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 42, June 14, 2022)

၁။ မင်းတပ်တွင် CDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲတွင် စစ်ကောင်စီဝင် ၃ ဦးထက် မနည်းသေဆုံးပြီး စစ်သားအများ အပြား ထိခိုက် ဒဏ်ရာရ
June 14, 2022
ချင်းပြည်နယ်၊မင်းတပ်မြို့တွင် ယနေ့ ဇွန်လ ၁၄ ရက်‌နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် မင်းတပ်မြို့အဝင်ဂိတ်ကို တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို CDF- Mindat က သွားရောက်ပစ်ခတ်ခဲ့ကာ သေဆုံးမှုများ ရှိနိုင်ပြီး ဒဏ် ရာရရှိသူများကြောင်း၊ ထို့ပြင် ဂိတ်ကို စစ်ကူရန် လာကြသည့် စစ်ကောင် စီဝင်များကို နံနက် ၈ နာရီ ၄၅ အချိန်ခန့်တွင် လဝက ရုံးနားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၃ ဦးသေဆုံးကာ ၅ ဦးထက် မနည်း ဒဏ်ရာရရှိနိုင်ကြောင်း CDF – Mindat မှ တာဝန်ရှိသူ ဆလိုင်းဟာအွမ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။ “ဗျူဟာမှူးက လှမ်းဆက်တာ အရ မနက် ၇ နာရီ လောက်မှာ မြို့ဝင်ဂိတ်ကို သွားပစ်တာပေါ့။ တပ်ရင်းမှူးက ဖုန်းဆက်လာတာတော့ အကျအဆုံးတော့ မပြောနိုင်ဘူး။ ဒဏ်ရာ အများအပြားရတယ် သေလည်း သေနိုင်တယ်လို့ ပြောတယ်။ ပစ်ပြီး ပြန်ဆုတ်လာတဲ့ အချိန်မှာ ဒီဘက်က စစ်ကူလာတဲ့ဟာကို လဝက ရုံးအနားမှာ ပစ်တာ ၃ ဦးက သေတာ သေချာတယ်။ လူ ၅ ယောက်ထက် မနည်း ဒဏ်ရာရတယ်” ဟု CDF- Mindat သတင်းနှင့် ပြန်ကြားရေးဌာနမှ ဆလိုင်းဟာအွမ်က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ပစ်ခတ်မှုအတွင်း CDF-Mindat မှ အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စိတ်ချရသည့် နေရာတစ်ခုသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း CDF-Mindat ထံမှ သိရှိရသည်။ CDF မင်းတပ်မှ ကိုယောမန်ကမူ ယနေ့ တိုက်ခိုက်မှုကို CDF-MINDAT ၏ မြို့သိမ်းပွဲ ရီဟာဇယ် လေ့ကျင့်ခန်းဆင်းခြင်းဟု ခေါင်းစဉ်တပ်၍ လူမှုကွန်ရက်တွင် ရေးသားလိုက်သည်။ “မနက် ၈ နာရီ လောက်ကနေ စပြီး မင်းတပ်မြို့တွင်းမှာ CDF နဲ့ စကစ နေရာ (၃) ခုမှာ တိုက်ပွဲဖြစ်တယ်။ မနက် ၁၁ နာရီဝန်းကျင်အထိ အပြန် အလှန် လက်နက်ကြီး၊ လက်နက်ငယ်‌တွေ ချနေတုန်း။ ဒီတစ်ခေါက် မြို့ပေါ်တက်ပစ်တဲ့ CDF ကလည်း အရင်အကြိမ် တွေထက်စာရင် အင်အားများတယ်။ စကစတွေလည်း တော်တော်အထိနာတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ က သတင်း ဆက်ထုတ်ပြန်ပါလိမ့်မယ်” ဟု ကိုယောမန်က ပြောဆိုသည်။

၂။ စစ်ကောင်စီ တပ်သားရာချီ ထွက်ပြေးလာဟု အေအေ ပြောရေးဆိုခွင့်ရှိသူပြော
14 June, 2022
ရက္ခိုင့်တပ်တော်(အေအေ)ဘက်ကို စစ်ကောင်စီ တပ်သား ရာချီထွက်ပြေးခိုလှုံလာတယ်လို့ ဇွန် ၁၄ ရက် ဒီနေ့မနက် အွန်လိုင်းကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။ ထွက်ပြေးလာတဲ့ စစ်သားတွေကို အတတ်နိုင်ဆုံး လူသားချင်းစာနာထောက်ထားမှုနဲ့ ကူညီပေးထားတယ်လို့ သတင်းထောက်တစ်ယောက်ရဲ့ မေးမြန်းမှုကို အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ဆီကို အေအေဘက်ကိုထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ရာနဲ့ချီပြီး ရှိပါတယ်။ အဲ့ဒီလူတွေကို ကျနော်တို့ တတ်နိုင်သမျှ လူသားချင်စာနာထောက်ထားမှု အပြည့်နဲ့ ကူညီပေးနေတာတွေရှိပါတယ်။ လူအရေအတွက် အတိ အကျကိုတော့ပြောသွားဖို့မရှိဘူး။ ဒါပေမဲ့ အဲဒီလိုထွက်ပြေးလာတဲ့လူတွေကို ကျနော်တို့ဆီကိုရောက်လာပြီဆိုရင် ကျနော်တို့ ဘက်က အတတ်နိုင်ဆုံး အကောင်းဆုံး ကူညီတာတွေ နေရာချထားပေးတာတွေ လုပ်ဆောင်နေတယ်။” ၂၀၂၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တွေ အကြားတိုက်ပွဲ ထိတွေ့မှု လေးကြိမ်အထိ ရှိခဲ့ပါတယ်။ http://burmese.dvb.no/archives/538389

၃။ စစ်တပ်နှင့် ရဲအထိုင်ချ ဝေါလေရဲစခန်းအား KNLA /KNDO ပူးပေါင်းတပ်များ ၀င်ရောက်သိမ်းပိုက်
June 13, 2022

မြ၀တီမြို့ တောင်ဘက် ဝေါလေမြိုင် မြို့နယ်ခွဲ စစ်ကောင်စီတပ်နှင့် ရဲစခန်းပူးတွဲ စစ်စခန်းအား ယနေ့ ဇွန်လ ၁၃ ရက် နံနက် အစောပိုင်းတွင် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လူ၊ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရရှိသည်။ KNDO သတင်းအရင်းအမြစ်တစ်ခုက ” ဒီမနက် ၄ နာရီ ၀န်းကျင်လောက်မှာ စစ်တပ်နဲ့ရဲအထိုင်ချထားတဲ့ ဝေါလေ ရဲစခန်း ကုန်းပေါ့ ၊ အဲ့ဒီမှာက ရဲနဲ့ စစ်တပ်တွဲပြီး မြို့အ၀င် တပ်စွဲထားတဲ့ ရဲစခန်း၀င်းပေါ့၊ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ၊ လက်နက် အချို့နဲ့ အရှင်မိ ၃ ယောက် လို့တော့ ကနဦး သိထားရတယ်”ဟု ပြောသည်။ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ပြီးစီးသွားပါက စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး တရားဝင်ထုတ်ပြန်သွားမည်ဟုလည်း ၎င်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။

အဆိုပါ ရဲစခန်းသိမ်းတိုက်ပွဲတွင် စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးအား အရှင်ဖမ်းဆီးရမိထားသလို အချုပ်ခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည့် CDM ရဲ ၃ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့များဘက်က ပြောသည်။ https://kicnews.org/2022/06/%e1%80%85%e1%80%85%e1%80%ba%e1%80%90%e1%80%95%e1%80%ba%e1

၄။ ကန်ပက်လက်တိုက်ပွဲတွင် CDF ရဲဘော် ၁ ဦး ဒဏ်ရာရ
14 June, 2022
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ဇွန် ၁၃ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော်တယောက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ကန်ပက်လက် တပ်မဟာမှူးက ပြောပါတယ်။ “ကန်ပက်လက်မြို့နယ် အံပုံရွာမှာ ညအိမ်စခန်းချတဲ့ စစ်(…)တွေဟာ ပြည်သူတွေရဲ့နေအိမ်က ပစ္စည်းနဲ့ ငွေကြေးတွေကို ဖောက်ထွင်းခိုးယူပြီး ရှေ့ကို ဆက်မတက်ဘဲ နောက်ကြောင်းပြန်လှည့်တာဗျ။ CDF ရဲဘော်တွေစောင့်နေတဲ့ ရှေ့ဘက်ကို ဆက်မတက်ဘဲ နောက်ကျော ဘက်က နေရာယူထားတဲ့ ရဲဘော်တွေဘက်ကို ရုတ်တရက် ပြန်လှည့်လိုက်တော့ မထင်မှတ်ဘဲ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်” လို့ CDF-ကန်ပက်လက်ရဲ့တပ်မဟာမှူး ကိုရှိန်းထန်းက ဒီဗွီဘီကိုပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ မကွေးတိုင်းဘက်က အောက်လက်မွန်ရွာနဲ့ ကျောက်စစ်ကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြတယ်လို့ ပြောပါတယ်။ http://burmese.dvb.no/archives/538360

၅။ စစ်ကောင်စီက ရခိုင်တွင် ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီး ယခုထက်ရန်လိုပါက ပိုးဆိုးသည့်ဆက်ဆံရေး ဖြစ်လာမည်ဟု AA သတိပေး
June 14, 2022
အာဏာသိမ်းစစ်ကောင်စီက ရခိုင်ပြည်နယ်သို့ စစ်ဆင် ရေးလုပ်ဆောင်ရန် ပြင်ဆင်နေပြီး ယခုထိရန်လိုသည့် အပြု အမူများ လုပ်ဆောင်လာပါက ပိုးဆိုးသည့်ဆက်ဆံရေး ဖြစ်လာမည်ဟု ရက္ခိုင့်တပ်တော်(AA) ပြောရေးဆို ခွင့်ရှိသူ ဦးခိုင်သုခက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ AA နှင့် စစ်ကောင်စီတပ်သည် ၂၀၂၀ နိုဝင်ဘာတွင် အလွတ် သဘော အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ထားခြင်းဖြစ်သည်။ လက်ရှိ အခြေအနေသည် ရခိုင်ပြည်ရှိ စစ်ရေးနိုင်ငံရေး အခြေအနေသည် သေချာခိုင်မာပြီး စိတ်ချ၍ရသည့် အခြေအနေမဟုတ်သေးဘဲ စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု အပေါ်မူတည် ပြီး တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်သည့် အနေအထားရှိကြောင်း ဦးခိုင်သုခက ပြောသည်။

အလွတ်သဘော အပစ်အခတ်ရပ်စဲထားချိန်တွင် စစ်ကောင်စီက ရခိုင်ပြည်သူများကို ငြိမ်းချမ်းရေးအသီးအပွင့် ခံစားခွင့်မပြုဘဲ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာ ကုန်သွယ်ကူးသန်းခွင့်ကို ပိတ်ပင်တားဆီးခြင်းများ လုပ်ဆောင်လျက်ရှိ သည်ဟု ဆိုသည်။ ထို့ပြင် ULA ဦးဆောင်သည့် ရခိုင်ပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ဆောင်ချက်များ အပေါ် နည်းမျိုးစုံဖြင့် နှောက်ယှက်နေကြောင်း ဖော်ပြထားသည်။ “စကစ အစိုးရဘက်က ငြိမ်းချမ်းနေတဲ့ ရခိုင်ပြည်ကို နောက်ထက် စစ်ဆင်ရေး တစ်ခုကို ကြိုတင်ပြင်ဆင်နေတာကို တွေ့မြင်နေရတယ်”ဟု ဦးခိုင်သုခက ရခိုင်ဘာသာစကားဖြင့် ပြောကြားသည်။ အတိုင်းအထက်အလွန် ရန်လိုပြုမူမှုတိုးလာပါက ယခုထက် ပိုဆိုးသည့် ဆက်ဆံရေးအခြေအနေ တစ်ခုကို ရောက်လာနိုင်ကြောင်း ဦးခိုင်သုခက ပြောသည်။ ရခိုင်ပြည်နယ်၌ စစ်ပွဲဖြစ်လာနိုင်လားဆိုသည့် မေးမြန်းမှုအပေါ် ဦးခိုင်သုခက ဖြေကြားရာတွင် လက်ရှိ အခြေ အနေကို နှစ်ဖက်ညှိနှိုင်းပြီး ပြေလည်အောင်ဖြေရှင်းနိုင်ရင် တိုက်ပွဲမဖြစ်နိုင်ဘဲပို၍ ဖိနှိပ်ပါက ၊ စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာပါက ယခုထက်ဆိုးဝါးသည့် အခြေအနေရောက်လာနိုင်သည်ဟု ဖြေကြားသည်။

၆။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ALP ပြော
June 13, 2022
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇွန်လ ၁၃ ရက် ဒီနေ့ နေပြည်တော် မှာ တွေ့ဆုံချိန် ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်မှု ရှိလာအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်စိုးမြက RFA ကို ပြောပါတယ်။ “ပြည်နယ်အရေးမှာတော့ ပြည်နယ်ဖွံ့ဖြိုးတိုး တက်ဖို့အတွက် အဓိက ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်။ ကျနော်တို့ဟာ ရခိုင်ပြည်နယ်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အရေးဟာ ကျနော်တို့အတွက် အရေးကြီးပါတယ်လို့။ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဒီထက်မက လုပ်ပေးဖို့ အဲဒီဟာကို တောင်းဆို ခဲ့တယ်” စစ်ကောင်စီဘက်ကလည်း အဲဒီတောင်းဆိုမှုကို လက်ခံခဲ့ပြီး လက်ရှိမှာ လည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသလို နောက်ပိုင်းမှာလည်း ဒီထက် ပိုပြီးတော့ အာရုံစိုက်မယ်လို့ တုံ့ပြန်ခဲ့ကြောင်း သူက ဆိုပါတယ်။

ပြည်နယ်အရေးနဲ့ ပြည်ထောင်စု အရေးဆိုပြီး နှစ်ခု တင်ပြခဲ့ပြီး ပြည်ထောင်စုအရေး မှာတော့ ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ တောင်းဆိုခဲ့တယ်လို့ ALP က ပြောပါတယ်။ ALP ပါတီက ရခိုင်ပြည်နယ်ကို ကိုယ်စားပြု သွားရောက်တာလို့ ပြောဆိုပေမယ့် ရခိုင် အရပ်ဘက်အဖွဲ့အစည်း ၂၉ ဖွဲ့က “အရက္ခ ပြည်သူ လူထု၏ သဘောထား ထုတ်ပြန်ချက်” ဆိုပြီး စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံမယ့် ALP ရဲ့ လုပ်ဆောင်ချက်ကို ကန့်ကွက် ကြောင်း ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ကန့်ကွက်ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီနဲ့ ALP တို့ရဲ့ တွေ့ဆုံပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ခဲ့ကြပါတယ်။ ALP ပါတီဘက်ကတော့ ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ ဗဟိုအလုပ်အမှု ဆောင်တွေဖြစ်တဲ့ ခိုင်စိုးမြနဲ့ ခိုင်ပေါ်လင်းတို့ တက်ရောက်ခဲ့ကြပါတယ်။ https://www.rfa.org/burmese/news/minaunghla ing-meets-with-alp-06132022084053.html

၇။ ကလေး ၄ ဦးအပါအဝင် ဖမ်းဆီးခံရသည့် မက်လင်ဂျောင်‌ကျေးရွာမှ ပြည်သူ ၂၃ ဦး ပြန်လွှတ်လာခြင်းမရှိသေး
June 13,2022
ဖားကန့်မြို့နယ် မက်လင်ဂျောင်ကျေးရွာမှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံသွားရသည့် ကလေး ၄ ဦးအပါအဝင် ပြည်သူ ၂၃ ဦး ယနေ့ချိန်ထိ လွှတ်မြောက်လာခြင်းမရှိသေးသည့်အပြင် မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မရသေး ကြောင်းသိရသည်။ ဇွန်လ ၁၁ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ မက်လင်ဂျောင်ကျေးရွာမှ နေအိမ်အချို့ ဝင်ရောက်ဖမ်းဆီးမူပြုလုပ်ခဲ့ရာ အသက် ၄ နှစ်အရွယ် ကလေး ၂ ဦး ၈ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် ပြည်သူ စုစုပေါင်း၂၃ ဦး တို့အား ယနေ့ချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိ‌သေးကြောင်း သိရသည်။ “မနက် ၂ နာရီလောက်မှာ အဲက ပြည်သူ ၂ ယောက်ကို PDF ထောက်ပံ့တယ်ဆိုပြီး ဝင်ဖမ်းတာ သူတို့လာဖမ်းတဲ့ ၂ ယောက်က ထွက်ပြေးလွှတ်မြောက်သွားတော့ မိသားစုဝင်တွေ ရယ် ပြီးတော့ စစ်ဘေးလာရှောင်နေတဲ့သူ‌၊ ပြီးတော့ ဘေးအိမ်က ဆိုင်ကယ်ဝပ်ရှော့က ၄ ယောက် စုစုပေါင်း ၂၃ ယောက်ဖမ်း သွားတယ်လို့ သိရတယ်။ ခုထိတော့ အဆက်အသွယ်လည်း မရသလို လွှတ်မြောက်လာတာလည်း မရှိသေးဘူး ” လို့ ဒေသခံနှင့် နီးစပ်သူကပြောသည်။

ဖမ်းဆီးခံရသူများမှာ မောင်ကံလင်းအောင် ၄ နှစ်၊ မမေသင်းရနံ့ဇော် ၃ နှစ်၊ မသွန်းစုရတီဝေ ၈နှစ်၊ မောင်သုတဇော် နှစ်၊ ဦးဝင်း ၇၅ နှစ်၊ ဦးသိန်းဌေး ၇၃ နှစ်၊မသင်းသင်းမာ ၄၀ နှစ်၊ မရီနွယ်ထွန်း ၂၉ နှစ်၊မမြသွေးနွယ် ၄၂ နှစ်၊မောင်ဇော်ဇင်ဦး ၁၈ နှစ်၊ဦးကျော် ၃၀ နှစ်၊ ဦးမိုးညို ၃၀ နှစ်၊မောင်နန်းမင်းထွန်း ၃၀နှစ်၊ မောင်ရဲမိုးဟိန်း ၃၀ ဝန်းကျင်၊မောင်ကျော်ထူး ၃၀နှစ်၊ မောင်သောင်းဇော်ဝင်း ၃၀ နှစ်၊မောင်ထိန်လင်းအောင် ၃၀နှစ်၊ ဦးမိုးကျော် ၃၀ ဝန်းကျင်၊ ဦးကျော်သူဝင်း ၃၀နှစ်အပါအဝင် အမည်မသိ ဆိုင်ကယ်ဝပ်ရှောပ့်ဆိုင်မှ ၄ ဦး စုစုပေါင်း ၂၃ ဦးဖြစ်သည်။ အဆိုပါ ၂၃ ဦးတွင် အခြားရွာမှ စစ်ဘေးရှောင် လာသည့်ပြည်သူ ၁၂ ဦး၊ မိသားစုဝင် ၇ ဦးပါဝင်ပြီး ဖမ်းခံထိသည့်နေအိမ်မှ PDF ထောက်ပို့ယာဉ်ဟုဆိုကာ ပါကျဲရိုးကား အဖြူ တစ်စီးလည်း စစ်ကောင်စီတပ်မှ သိမ်းသွားကြောင်း သိရသည်။ ဖမ်းဆီးခံသွားရသည့် ပြည်သူ ၂၃ ဦးအား လက်ရှိဗျူဟာကုန်း တွင် ဖမ်းဆီးထားကြောင်း သိရသည်။

၈။ ဖရူဆိုမြို့နယ်ထဲက တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က (၁၀)ဦး သေ၊ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိ
June 14, 2022
ကရင်နီပြည် ဖရူဆိုမြို့နယ် တိုက်ပွဲအတွင်း စစ်တပ်ဖက်က (၁၀)ဦး သေဆုံးခဲ့ပြီး ကရင်နီ ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ဒီနေ့မနက် ၁၀ နာရီကျော်မှာ ထုတ်ပြန် ထားပါတယ်။ ဖရူဆိုကနေ ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်ဘက်သို့ တပ်ချိန်းပြောင်းဖို့အတွက် ပြည်ထောင်စု လမ်းမကြီး အတိုင်း စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်ကို ကရင်နီတပ်မတော် (KA), KNDF၊ လွိုင်ကော်၊ ဒီးမော့ဆို PDF တို့က ဖရူဆိုမြို့နယ် ဒေါးညေခူနဲ့ ထီးပေါ့ဆိုကျေးရွာမှာ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေါးညေခူနဲ့ ထီးပေါ့ဆိုရွာမှာ ဇွန်လ ၁၀ ရက်ကနေ ဒီနေ့အထိ တိုက်ပွဲ ပြင်းထန်ခဲ့ရာ ဇွန်လ ၁၂ ရက်မှာ ကရင်နီ ပူးပေါင်းတပ်ဖွဲ့က စစ်တပ် တပ်စွဲထားတဲ့နေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးခဲ့ပြီး လက်နက်ငယ် ၈ လက်နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ စစ်ကောင်စီတပ်က ၎င်းတို့ တပ်စွဲထားတဲ့ ဒေါညေခူနဲ့ ထီးပေါ့ဆိုရွာ အတွင်းရှိ နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးပြီး ခရစ္စယာန်ဘုရားကျောင်းတစ်ကျောင်းကိုလည်း လက်နက်ကြီးနဲ့ တိုက်ခိုက် ဖျက်ဆီးတယ်လို့ ဖော်ပြထားပါတယ်။

၉။ မိုင်းပွန်မြို့ အထိ PNO/PNA မှ စစ်သားနှင့် ငွေသားကောက်ယူမှုများ ပြုလုပ်နေ
June 13, 2022
သျှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့နယ်တွင် ပအိုဝ်းအမျိုးသားတပ်မတော်နှင့် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO/PNA) တို့မှ တပ်သားကောက်ယူခြင်းနှင့် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ မိုင်းပွန်မြို့တွင် PNO/PNA မှ စစ်သင်တန်းတက်ရောက်ရန်အတွက် ဒေသခံအမျိုးသား/အမျိုးသမီးများ၏ လူဦးရေနာမည်စာရင်း ကို ကောက်ယူတောင်းခံမှုများ ရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မိုင်းပွန်မြို့က ရွာတွေဘက်ကို လာကောက်နေကြတာပါ၊ မြို့ပေါ်ရပ်ကွက်ဆို ရပ်ကွက် ၂ ဘက် သတင်းစကြားရတယ်၊ အခုမိုင်းပွန်မြို့မှာဆို သျှမ်းနဲ့ ပအိုဝ်း တွေအပြင် တခြားတိုင်းရင်းသားတွေလည်း နေထိုင်ကြတယ်၊ ဒါပေမဲ့ တစ်အိမ်ထောင်တစ်ယောက် အသက် ၄၅ နှစ် အောက် အကုန်လုံးက သူတို့(PNO/PNA) စစ်သင်တန်းတက်ဖို့ လာပြောတာ” ဟု အမည်မဖော်လိုသူ မိုင်းပွန်ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် PNO/PNA စစ်သားများသည် မိုင်းပွန်မြို့ပေါ်ရှိ ပအိုဝ်းအိမ်ထောင်စုများကို အပြင် သျှမ်းအိမ်ထောင်စုနှင့် တခြားလူမျိုးများထံမှလည်း စစ်သင်တန်းအတွက် တစ်အိမ်ထောင်လျှင် ငွေကြေး ၃၅၀၀၀ ကျပ် ပေးဆောင်ရန် လည်း ရပ်ကွက် နှင့် ကျေးရွာလူကြီးများထံမှ တစ်ဆင့် ညွှန်ကြားတောင်းခံမှုများ ရှိနေကြောင်းလည်း သိရသည်။ လက်ရှိ စစ်သင်တန်းတက်ရန် အတွက် နာမည်စာရင်းတောင်းခံမှုသာရှိနေပြီး စစ်သင်တန်းမတက်ရသေးသော်လည်း ငွေကြေးများက ထည့်ဆောင်လိုက်ရ ကြောင်း ဒေသခံများက ပြောသည်။ “ပိုက်ဆံတွေတော့ ရွာလူကြီးဆီသွားပေးလိုက်ရပြီ၊ တချို့ကလည်း အိမ်ထိလာတောင်းလို့ ပေးရတာ၊ မရှိလည်း ချေးငှားပြီး ပေးလိုက်ရတာပဲ၊ တချို့ရွာကျတော့ PNO/PNA တွေကိုယ်တိုင်က ရွာထဲထိဆင်းပြီး ကောက် တာရှိတယ်” ဟု အမည်မဖော်လိုသူ ဒေသခံသျှမ်းလူငယ်တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ တပ်သားသစ်စုဆောင်းခြင်း ငွေကြေးတောင်းခံခြင်း စသည့်လုပ်ဆောင်ချက်များသည် မိုင်းပွန်မြို့နယ် အတွင်းပထမဆုံးအကြိမ်ဖြစ်ပြီး သျှမ်းနှင့်ကရင်နီ ပြည်နယ်စပ် ဖြစ်ပွားသည့်တိုက်ပွဲတွင် ပအိုဝ်းတပ်ဖွဲ့များက စစ်ကောင်စီဘက် ပါဝင်တိုက်ခိုက်သည် ဆိုသည့် သတင်းများထွက် ပေါ်ပြီးနောက် PNO/PNA တို့မှလည်း ၎င်းတို့ သွားလာလှုပ်ရှားသည့် နယ်မြေအတွင်း ယခုလို လုပ်ဆောင်လာခြင်းဖြစ် ကြောင်းသိရသည်။ https://burmese.shannews.org/archives/28610

၁၀။ မြေပုံမြို့နယ်တွင် စစ်ဘေးရှောင် ၂ ဦး မိုင်းနင်းမိ၊ ၁ ဦးသေ ၁ ဦးဒဏ်ရာရ
June 14, 2022
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် စညှင်းကျေးရွာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် နှစ်ဦး မျှစ်သွားချိုးစဉ် မိုင်းနင်းမိ၍ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရှိခဲ့သည်ဟု စစ်ဘေးရှောင်အရေးကူညီပေးနေ့သည့် ဆရာတော်ဦးအာစာရကမိန့်သည်။ မိုင်းနင်းမိသူ နှစ်ဦးမှာ စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် ဦးမောင်တင်သန်းနှင့် အသက် ၂၉ နှစ်အရွယ် ကိုမောင်ကြည်ဝင်းတို့ဖြစ်ကြပြီး ဦးမောင်တင်သန်းမှာ ခြေနှစ်ဖက်လုံးပြတ်ပြီး အသက်ပါသေဆုံးသွားခဲ့ရသည် ဆရာတော်ကမိန့်သည်။ “မိုင်ထိတာက နှစ်ယောက်လုံးထိတာ ဦးမောင်တင်သန်းမှာက ခြေ ၂ဖက်လုံးပြတ်သွားပြီး သေသွား တယ်။ ကိုမောင်ကြည်ဝင်းမှာက လက်မောင်းနဲ့ ဝမ်းဗိုက်တွေမှာ မိုင်းစတွေထိသွားတယ်။ ဦးမောင်တင်သန်းက မိုင်းစထိချင်း တော့ မသေသေးဘူး။ ကိုမောင်ကြည်ဝင်းက အစတော့ သူကို ထမ်းပြီးယူလာသေးတယ်လို့ ပြောတယ်။ သူ့မှာလည်း ဒဏ်ရာနဲ့ ဆိုတော့ ဆက်မသယ်နိုင်တော့ဘဲ စခန်းက လူတွေကို လာခေါ်ပြီးသွားကြတော့ ဦးမောင်တင်သန်းက သေနေပြီးဖြစ်တယ်။ အဓိကတော့ သွေးထွက်လွန်ပြီး သေတာဖြစ်နိုင်တယ်။ ကိုမောင်ကြည်ဝင်းကိုတော့ ကမ်းထောင့်ကြီးမြို့ ဆေးရုံကို ပို့ဆောင် ထားတယ်” ဟုဆရာတော် ဦးအာစာရကမိန့်သည်။

ယခု မိုင်းထိသည့် တောင်တန်းမှာ စစ်ဘေးရှောင်စခန်းနဲ့ ၇ မိုင်ခန့် အကွာအဝေးရှိပြီး အဆိုပါတောင်တန်းတွင် စစ်တပ်က တပ်စွဲထားသည်ဟု ဒေသခံများကပြောကြသည်။ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူအများအစုမှာ တောတောင်၊ လယ်ယာမြေများကို အမှီပြုလုပ်ကိုင်စားသောက်နေကြရပြီး တစ်ဖက်တွင်လည်း နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးဒုက္ခသည် များနှင့် ဒေသခံများက မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးရန် အကြိမ်ပေါင်းများစွာတောင်းဆိုနေကြသည်။

၁၁။ ပုံးအင်းဒေသတွင်း PDF ၀င်လာမည်ကို စိုးရိမ်သဖြင့် စစ်ရှောင်များကို တင်းကြပ်စစ်ဆေးနေ
June 14, 2022
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသအတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF များ၀င်ရောက်လာ မည်ကို စိုးရိမ်သဖြင့် စစ်ဘေးရှောင်လာမည့်သူများကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့မှ ချမှတ်ထားသည့် အချက် (၉) ချက်ကို စစ်ဆေးခံရမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ကရင်နီပြည်နယ်ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတစ်ချို့ ဆီဆိုင်မြို့နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း၊ ထိုထွက်ပြေးလာ သူများထဲတွင် PDF များပါဝင်မည်ကို စိုးရိမ်သဖြင့် PNO ကအချက်(၉)ချက်ဖြင့် စစ်ဆေးပြီးမှနေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပုံးအင်းဒေသ ဆိုင်လဲကျေးရွာ မှ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တကယ် လို့ စစ်ဘေးရှောင်တွေရောက်လာရင်လည်း သူတို့က မှတ်ပုံတင်၊ ကိုဗစ် ကာကွယ်ဆေးထိုးထားတာရှိမရှိ၊ အိမ်ထောင်စုတွေ စတဲ့ အချက် ၉ ချက်ကို စစ်ဆေးပြီးတော့ လက်ခံခိုင်းထားပါတယ်။ ဘယ်နေရာကလာလဲ၊ ဘယ်သူတွေလဲ ဆိုတာ စစ်ဆေးပြီးမှ လက်ခံခိုင်းထားတာပါ။ သူတို့ကို ဆန့်ကျင်တဲ့ PDF တပ်ဖွဲ့တွေဝင်လာရှုပ်မှာကို ကြောက်တာ”ဟု ၎င်းက ပြောသည်။

ထိုအပြင် ကျေးရွာအတွင်းရှိ ဒေသခံများကို တစ်ရွာ ၁၅ ယောက် ဖွဲ့စည်းခိုင်းထားပြီး ရွာလုံခြုံရေးကို ယူထားခိုင်း ကြောင်းသိရသည်။ “အခုက ပအိုဝ်းအုပ်ချုပ်ခွင့်ရဒေသမှာက ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ကို ဖွဲ့စည်းထားတယ်လေ။ သူတို့က ရပခ လက်အောက်ခံဖြစ်တယ်လေ။ ပြီးတော့ ရွာမှာလည်း လုံခြုံရေးစောင့်ဖို့ဆိုပြီး တစ်ရွာကို ၁၅ ယောက်လောက်ဖွဲ့ ထားခိုင်းတယ်” ဟု ဒေသခံက အမျိုးသားက ပြောသည်။ https://burmese.shannews.org/archives/28620

၁၂။ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း နေအိမ် နှစ်သောင်းနီးပါး မီးရှို့ဖျက်ဆီးခံရ
June 13, 2022
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ မေလကုန်အထိ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့ ဖျက်ဆီးတာကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ လူနေအိမ်ပေါင်း ၁၈,၈၈၆ လုံးထိ ရှိနေပြီလို့ Data For Myanmar အဖွဲ့က ဇွန်လ ၇ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ခုခံစစ်တွေ ပြင်းထန် နေတဲ့ စစ်ကိုင်းတိုင်းက ရွာတွေဟာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှု ကို အများဆုံးခံခဲ့ရပြီး စစ်ကိုင်းတိုင်းတစ်ခုတည်းမှာတင် နေအိမ်ပေါင်း ၁၃,၈၄၀ လုံးထိ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းပြီးရင် မကွေးတိုင်းနဲ့ ချင်းပြည်နယ်က ဒုတိယနဲ့ တတိယအများဆုံး ဒေသတွေ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ရွာတွေကို စစ်ကြောင်းထိုးတာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ တွေဟာ စစ်ရာဇဝတ်မှု မြောက်ပြီး နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်တဲ့အထိ ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အပြစ်ပေးအရေး ယူနိုင်ဖို့ လိုတယ်လို့ လူ့အခွင့်အရေးရှေ့နေ တစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးက ပြောပါတယ်။ “ပြောမယ်ဆိုရင်တော့ စစ်ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ်ကို စစ်ကောင်စီက ကျူးလွန် နေတယ်လို့ ကျနော်တို့က မြင်ပါတယ်။ ဒီစစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အရေး ယူနိုင်ဖို့ အတွက်ကတော့ အဓိကအားဖြင့် အချက်အလက်တွေ အခိုင်အမာရရှိဖို့လိုတယ်။ နောက်ပြီးတော့ ကျူးလွန်တဲ့ သူတွေ ဘယ်သူတွေဖြစ်တယ်၊ အမိန့်ပေးစနစ် ဘယ်လို စနစ်အောက်မှာ သွားတယ်ဆိုတာတွေကို အချက်အလက်စုဆောင်းတဲ့ သူတွေအနေနဲ့ စုဆောင်းနေတဲ့ အခြေအနေဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်” အာဆီယံအပါအဝင် နိုင်ငံတကာကတော့ နည်းမျိုးစုံ ဖိအားတွေပေးနေပေမယ့် စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေဆဲပဲလို့ သူက ဆိုပါတယ်။ မီးရှို့ဖျက်ဆီးခံရမှု သက်သေအထောက်အထားတွေကို စုဆောင်းနေပြီး ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ https://www.rfa.org/burmese/program_2/nearly-20000-houses-were-burnt-within-over-one-year-061

၁၃။ ကော်သူးလေပြည်ရည်မှန်းပြီး ကရင်လူငယ်များအနေဖြင့် ပိုမိုကြိုးစားပြင်ဆင်ကြရန် KNU တိုက်တွန်း
June 14, 2022
ကော်သူးလေပြည်ကို ရည်မှန်းပြီး ကရင်လူငယ်များအနေဖြင့် ပိုမိုကြိုးစားပြင်ဆင်ကြရန် ယနေ့ ဇွန်လ ၁၄ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက် ကော်သူးလေနေ့ အထိမ်းအမှတ်ပွဲတွင် ကရင်အမျိုး သားအစည်းအရုံး-KNU ၏ တွဲဘက် အထွေထွေအတွင်းရေးမှူး(၁) ပဒို စောဆဲပွယ်က တိုက်တွန်းပြောဆိုလိုက်သည်။ ကရင်လူမျိုးများတွင် တိုင်းပြည်မရှိ၊ အုပ်ချုပ်မှု မရှိသေးသည့်ကာလတွင် ကရင်လူငယ်များအနေဖြင့် ယခင်ထက် အုပ်ချုပ်ရေး၊ ပညာရေးစသည့် အတတ်ပညာများကို ယခင် ထက် ပိုမိုကြိုးစားပြင်ဆင်ကြ ရန် ယနေ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ဌာနချုပ်တွင် ပြုလုပ်ကျင်း ပသည့် ကော်သူးလေနေ့ အခမ်းအနား၌ ပဒိုစောဆဲပွယ်က ယခုလို တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ၎င်းက “လူငယ်တွေ အနေနဲ့ ကိုယ်က တိုင်းပြည်လည်းမရှိသေးဘူး၊ ကိုယ့်ရဲ့ အုပ်ချုပ်မှုလည်း မရှိသေးဘူး၊ သူများထက် နှစ်ဆသုံးဆ ကြိုးစားဖို့ လိုအပ်ပါတယ်။ သူများရဲ့ အခြေအနေကို ကြည့်ပြီးတော့ မျှော်နေမယ်ဆိုရင်တော့ မဖြစ်ဘူး။ ဒီခေတ်မှာ သူများပြောသလို စာဖတ်တယ်၊ ရေဒီယို နားထောင်တယ်။ အခုက ဝက်ဘ်ဆိုက်က ကျနော်တို့အတွက် အင်မတန်အရေးကြီးတဲ့ အခွင့်အရေး တစ်ခုရှိနေပါတယ်။ အဲ့ကနေ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးစသဖြင့် အကြောင်းအရာ အားလုံးကို လေ့လာဖို့ ကျနော် တိုက်တွန်းလိုပါတယ်။” ဟု ပြောဆိုသည်။

ယနေ့ ပြုလုပ်သည့် ကော်သူးလေနေ့ အခမ်းအနားကို KNU ဒုတိယ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး(၁) ပဒို စောဆဲပွယ်၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းနှင့် ဗဟိုကော်မတီခေါင်းဆောင် များအပြင် KNLA စစ်ဦးစီးပထမတန်း (G1)ဖြစ်သူ ဗိုလ်မှူးချုပ် စောတာမလာသော၊ KNU တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒိုအပါအဝင် တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များနှင့် တပ်မှူးတပ်သားများ၊ ကရင်လူငယ်များနှင့် မဟာမိတ် ခေါင်းဆောင်တချို့အပါအဝင် စုစုပေါင်း လူဦးရေ (၃၀၀) နီးပါး ပါဝင်တက်ရောက်ခဲ့ကြသည်။ ထို့အပြင် အခမ်းအနားတွင် ကော်သူးလေနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ သက်ဆိုင်ရာ ခေါင်း ဆောင်များ တိုက်တွန်းပြောစကားများ၊ ကေအဲန်ယူ ဥက္ကဌ သဝဏ်လွှာအပါအဝင် ကော်သူးလေနေ့ အတွက် ပေးပို့လာသည့် သဝဏ်လွှာများကို အသီးသီး ဖတ်ကြားခဲ့ကြသည်။ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဖဆပလ အစိုးရနှင့် ကေအဲန်ယူ လက်အောက်ခံတပ်ဖွဲ့ဝင်များအကြား ရန်ကုန်တိုင်း အင်းစိန်၌ (၁၁၁)ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဇွန်လ ၁၄ ရက်နေ့၊ ကော်သူး လေမြို့တော်အဖြစ် ထားရှိသည့်တောင်ငူမြို့တွင် ကော်သူးလေ အစိုးရကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ https://kicnews.org/2022/06/%e1%80%80%e1%80%b1%e1%80% ac%e1%80%b a%e1%80%9e%e1%80%b0%e1

၁၄။ စစ်ရှောင်တွေခိုလှုံတဲ့ ကျေးရွာမှာ လက်နက်ကြီးကျပြီး အရပ်သား သုံးဦးဒဏ်ရာရ
June 14, 2022
ကရင်နီပြည် ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းရှိ စစ်ရှောင်တွေခိုလှုံနေတဲ့ ကျေးရွာတစ်ရွာမှာ ဒီကနေ့ ( ဇွန်လ ၁၄ ရက်နေ့ ) နေ့လည် ၂နာရီဝန်းကျင်အချိန် လက်နက်ကြီးသုံးလုံး ကျရောက်ခဲ့ပြီး အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူမှာ အသက် ၆၀ အရွယ် အဘွားတစ်ဦး၊ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးနဲ့ ၃ နှစ်အရွယ် ကလေး ငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “ ထိတာကတော့ သုံးယောက်ထိတယ်။ ဒါပေမယ့် အဘွားတစ်ယောက်က သူ့ခြေထောက်ထိတယ်။ ဒါပေမယ့် ကျိုးသွားလား။ ဘာဖြစ်သွားလဲ ကျနော်လည်း မသိရသေးဘူး။ ကျောက်ပတ်တီးနဲ့ ပတ်ပေးလိုက်တယ်။ ယောက်ကျားလေးတစ်ယောက်က သူ့လက်တံတောင်ဆစ်မှာ နည်းနည်းလေး ထိသွား တယ်။ ကလေးတစ်ယောက်ကတော့ သူ့ ဦးခေါင်းမျက်နှာနားမှာ နည်းနည်းထိသွားတယ်။“လို့ ဒေသခံ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

နေအိမ်ထဲမှာ ရှိနေကြစဉ် လက်နက်ကြီး ကျလာတာဖြစ်ပြီး ဆိုင်ကယ်တစ်စီးလည်း ပျက်စီးသွားတယ်လို့ ၎င်းက ဆက် ပြောပါတယ်။ လက်နက်ကြီးဟာ နေအိမ်ပေါ်တစ်လုံး၊ စပါးကျီပေါ်တစ်လုံး၊ အိမ်နဲ့ နွားခြံကြားမှာ တစ်လုံးကျရောက်ခဲ့ တယ်လို့ သိရပါတယ်။ လက်နက်ကြီး ကျရောက်ခဲ့တဲ့ နေရာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို ဒေသခံနဲ့ စစ်ဘေးရှောင်တွေ လာရောက် ခိုလှုံနေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။

၁၅။ NUG တွင် PDF တပ်ရင်း ၂၅၇ ခုနှင့် ချိတ်ဆက်နေသော တော်လှန်ရေးအဖွဲ့ ၅၀၀ ရှိလာပြီဖြစ်၍ စစ်ရေး ပြင်ဆင်ရန် သမ္မတ ညွှန်ကြား
June 14, 2022
အမျိုးသားညီညွတ်ရေးအစိုးရNUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် PDF တပ်ရင်းပေါင်း ၂၅၇ ခုရှိလာပြီ ဖြစ်ပြီး ချိတ်ဆက်နေသော တော်လှန်ရေးအဖွဲ့ ၅၀၀ ခန့်ရှိလာပြီဖြစ်၍ ရန်သူစစ်ကောင်စီကို ချေမှုန်း သိမ်းပိုက်ရေး ပြင်ဆင် ကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက ညွှန်ကြားလိုက်သည်။ ယနေ့ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်းပြောဆို ညွှန်ကြား လိုက်ခြင်းဖြစ်သည်။ ‘မနှစ်တုန်းကတော့ Formation ကိုတော်တော်လုပ်ဆောင်ခဲ့ပြီး ဖြစ်တဲ့အတွက် ၂၀၂၂ ကိုတော့ ကျနော်တို့ စစ်ရေးနဲ့ ကျန်တဲ့ကိစ္စရပ်များမှာ အခြေခိုင်အောင်တည် ဆောက်တဲ့ ကာလဖြစ်တဲ့အားလျော်စွာ PDFများလည်း တပ်ရင်းပေါင်း ၂၅၇ ရင်းခန့်ရှိလာပြီ ဖြစ်ကြောင်းသိရပါတယ်။ ဒါအပြင် MOD နဲ့ချိတ် ဆက်ပြီးတော့ပါဝင်နေတဲ့ Local PDF လည်း ၅၀၀ခန့် ရှိလာပြီဖြစ်ကြောင်းသိရပါတယ်။ ဒီ့ထက်ပိုပြီးလည်း Chain of Command တွေကောင်းကောင်း ရ အောင် ဒါ့အပြင် တစ်ဆင့်တက်ပြီး ရန်သူကိုချေမှုန်းသိမ်းပိုက်နိုင်ဖို့ ပြင်ဆင်ကြ ရမှာဖြစ်ပါတယ်’ ဟု သမ္မတက ပြောဆိုသည်။

ထို့ပြင်မင်းအောင်လှိုင်က လိမ်ညာရန် ပြင်ထားသည့် ရွေးကောက်ပွဲကို ချေဖက်နိုင်ရေး နိုင်ငံရေး၊ စစ်ရေး နည်းလမ်း၂ ခုလုံးဖြင့် ဆောင်ရွက်ရမည်ဟု သမ္မတက ပြောဆိုသည်။ ‘၂၀၂၃ တွင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီမှ လိမ်ညာပြီး ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝချေဖျက်နိုင်အောင် နိုင်ငံရေး စစ်ရေး ၂ခုစလုံးဖြင့် လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်ဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ဒါဟာသက် ဆိုင် ရာ ဌာနအားလုံး ကတာဝန်ရှိတာဖြစ် ပါတယ်။ မိမိတို့အနေနှင့် MOD မဟုတ်တဲ့ အတွက် မလိုအပ်ဟုမတွေးဘဲ အစိုးရ တစ်ခုလုံးက မင်းအောင်လှိုင်နှင့် စစ်အုပ်စုအားချေမှုန်းဖို့ အဓိကဖြစ်သည့်အတွက် ဌာနအားလုံး စည်းရုံးပေးရမယ်၊ လူထုကိုအသိ ပေးရမယ်၊ အားပေးရမှာဖြစ်တယ်’ ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

၁၆။ ကွတ်ခိုင်မြို့ပေါ် လောင်းကစားလာဆော့သူများကို လက်နက်ကိုင်တပ်ဖွဲ့များမှ ဖမ်းသွား
June 14, 2022
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှ လောင်းကစားဝိုင်းသို့ လာရောက်ဆော့သည့် သူများကို လက်နက်ကိုင် တပ်ဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ကွတ်ခိုင်မြို့ပေါ်ရှိ အိမ်ခန်းများ ဆိုင်ခန်းများနှင့်တွဲလျှက်ဖွင့်လှစ် ထားသည့် ဂိမ်းဆိုင်များ လောင်းကစားဝိုင်းများတွင် သွားရောက်ဆော့ကစားနေသည့် ဒေသခံ အမျိုးသား လူငယ် အများစုတို့ကို လက်နက်ကိုင်တပ်ဖွဲ့တို့မှ လာရောက်ဖမ်းဆီးမှုများရှိနေကြောင်း သတင်းသိရသည်။ “ဂိမ်းဆိုင်တွေက ရပ်ကွက်တိုင်းလိုလို ရှိနေပါတယ်၊ ဂိမ်းဆိုင်ရှိတဲ့နေရာ လောင်းကစားဝိုင်းတွေ ရှိတဲ့နေရာပဲ၊ ယောက်ျေားလေးတွေလူငယ်လေးတွေ စုစည်းနေတဲ့ နေရာပေါ့နော်၊ ဆိုင်ရာဆိုင်ရာအလိုက် TNLA ရော၊ MNDAA ရော၊ KIA ရော လာဖမ်းကြတာ” ဟု ကွတ်ခိုင်မြို့နေ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့မှ လောင်းကစားဝိုင်းများ၊ ဂိမ်းဆိုင်များ အများစုသည် စစ်ကောင်စီနှင့် ဒေသတွင်း ပြည်သူ့စစ်များ၊ ၎င်း တို့နှင့် ဆက်စပ်ပတ်သက်နေသူများက ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြို့ပေါ်ရှိ စုစုပေါင်း ရပ်ကွက် ၈ ခု တွင် လောင်းကစား ဝိုင်းများရှိနေကြောင်း သတင်းသိရသည်။ ယင်းကဲ့သို့ လောင်းကစားဝိုင်းများ ဂိမ်းဆိုင်များ ရှိနေခြင်းကြောင့် ဒေသခံပြည်သူ များမှ စိုးရိမ်စိတ် မြင့်တက်နေကြောင်း နှင့် လုံခြုံမှုကင်းမဲ့နေကြောင်းလည်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်လက်ပြောဆိုထားသည်။ “ကျမတို့ကွတ်ခိုင်မြို့ထဲမှာတော့ ဥပဒေက ဘယ်မှာလဲလို့ မေးရမလိုဘဲ၊ အခုအခြေအနေ ယောကျာ်းလေး နှစ်ယောက် အပြင်ထွက်ရင်တောင် ဆိုင်ကယ်လုခံရတာ၊ ဓားပြတိုက်ခံရတာတို့က ရှိနေတဲ့ခါ မိန်းကလေးချည်းချည်း အပြင်ထွက်ရင်တော့ ပိုပြီးတော့ မလုံခြုံတာပေါ့” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ အဆိုပါကိစ္စ နှင့် ပတ်သက်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA )မှ ဗိုလ်မှူးကြီး နော်ဘူက “ကျနော်မသိဘူး။ အဲ့ဒါရှေ့တန်းမြေပြင်မှာ လုပ်ဆောင် နေတဲ့ အဖွဲ့နဲ့ပဲဆိုင်တယ်။ ကျနော်တို့ လှုပ်ရှားတဲ့နေရာမှာ နှစ်စဥ်နှစ်တိုင်း တပ်သားသစ်ကောက်တယ်။ဒါက ကျနော်တို့ ပေါ်လစီပဲ။ ထူးခြားတဲ့ စစ်ဆင်ရေး နဲ့ တပ်သားသစ် ကို တိုးချဲ့တာ မဟုတ်ပါဘူး” ဟု ပြောသည်။ https://burmese.shan news.org/archives/28634

၁၇။ ဖယ်ခုံမြို့နယ် ဒေသခံလူငယ် (၇) ဦးကို စစ်ကောာင်စီဖမ်းဆီးသွား
June 14, 2022
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ မြို့ကုန်းညောင်ပင်သာရပ်ကွက် အတွင်းရှိ လူငယ် (၇) ဦးကို ယနေ့ (ဇွန် ၁၄ ရက်) နေ့လည် ၂ နာရီခွဲတွင် စစ်ကောင်စီ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လူငယ် (၇) ဦးကို အကြောင်းမဲ့ ဖမ်းဆီး သွားပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ကို မသိရှိရသေးပေ။ “ ခုနလေးတင်ဖမ်းသွားတာ။ ဘာကြောင့် ဖမ်းလည်း တော့ မသိဘူး။ စိတ်ထင်ရာလုပ်နေကြတာ။ ဖမ်းသွားတဲ့ကလေးတွေက မြို့ကုန်းရပ်ကွက်နဲ့ ညောင်ပင်သာရပ်ကွက်ထဲက လူတွေ ဖြစ်တယ်” ဟု ဖယ်ခုံမြို့ ဒေသခံ အမျိုးသား က ပြောသည်။ လက်ရှိမှာ စစ်ကောင်စီက စက်လှေဆိပ်ဘက်မှာ စစ်ဆေးမှု ကြမ်းနေပြီး၊ သေနတ်များဖြင့်လည်း ရမ်းသတ်ပစ်ခတ်နေလျက်ရှိကြောင်းသိရသည်။ https://burmese.shannews.org/arch ives/28638

၁၈။ မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ကူးစက်မှု မြင့်တက်
June 13, 2022
မွန်ပြည်နယ်အတွင်း ဇွန်လ ၄ ရက်နေ့အထိ သွေးလွန်တုပ်ကွေးကူးစက်ခံရသူ ၅၀၀ ကျော်ထိရှိလာပြီး ကူးစက်မှုနှုန်း မြင့်တက်လာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဌာနထံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးကူစက်ခံရသူ ၅၀၀ကျော်အထိ ရှိလာကြောင်း၊ ရေးမြို့နယ်မှ ကလေးငယ် တစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။ “ကလေးတွေက ဖျားနာပြီး၊ အဖျားကျလာမယ်။ ခြေဖျား၊ လက်ဖျားတွေအေးပြီးတော့ မှိန်းနေမယ်။ တအားဂျီတိုက်မယ်။ အစာစားလို့မဝင်ဘူး။ အန်မယ်။ နောက်အစာအိမ်မှာ သွေးယိုတဲ့ လက္ခဏာဖြစ်တဲ့ အန်ဖတ် တွေမှာ ကော်ဖီရောင်တွေပါမယ်။ ဝမ်းသွားရင်း ကတ္တရာစေးလို အမဲရောင်တွေပါမယ်။ အနီစက်တွေထွက်မယ်။ အဲ့ဒီလို လက္ခဏာတွေဖြစ်မယ်ဆိုရင် နီးစပ်ရာဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးရပါမယ်။ ဒါမှလည်း သွေးလွန်တုတ်ကွေး ရောဂါ ကြောင့် ကလေးတွေ မလိုလားအပ်ပဲသေဆုံးခြင်းကနေ ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
သွေးလွန်တုပ်ကွေး ကူးစက်ခံရမှု အများဆုံးမှာ အသက် ၅ နှစ် မှ ၉ နှစ်အရွယ် ကလေးများ ဖြစ်ကြောင်း ပြည်နယ် အတွင်း သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအနေဖြင့် လုပ်ငန်းစဉ် ၃ ခုကို လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြော သည်။ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ နှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ ပညာပေး‌ခြင်း၊ အဘိတ် ဆေးများကို ရပ်ကွက်၊ ကျေးရွာများအထိ ဖြန့်ဝေကာ ဆေးခတ်ပေးခြင်း နှင့် သွေးလွန်တုပ်ကွေးဖြစ်ပွားနေသော နေအိမ်၊ ပတ်ဝန်းကျင်ကို ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ မော်လမြိုင်မြို့နယ်မှ လူမှုကယ် ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “အခုတော့ ကျနော်တို့က ကျောင်းဖွင့်နေပြီဆိုတော့ ကျောင်းတွေနဲ့ ကျောင်းပတ်ဝန်းကျင် တွေကို အဓိကထားပြီး ခြေဖျန်းတာတွေ လုပ်ပေးနေတယ်”ဟု ပြောသည်။ ထို့ပြင် ကူးစက်ခံရသူများ၏ နေအိမ်နှင့် နေအိမ်ပတ်ဝန်းကျင်ကို ခြင်ဆေးမှုတ်ခြင်းများလည်း ဆောင်ရွက်ပေးနေကြောင်း ဆက်ပြောသည်။ https://burmese.mon news.org/2022/06/13/%e1%80%99%e1%80%bd%e1%80 %94%e1%80%ba%e1%80%95%e1

၁၉။ ဖလူးရွာ ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်ရန် ရပ်မိရပ်ဖများ စီစဉ်လုပ်ဆောင်နေ
June 13, 2022
မြဝတီမြို့တောင်ဘက် ၊ လေးကေကော်ဒေသ ဧရိယာအတွင်းရှိ ဖလူးကြီးကျေးရွာ ဒေသခံရပ်မိရပ်ဖများ စုပေါင်း ညှိနှိုင်း၍ ကျေးရွာဘုရားရှိခိုးကျောင်းတွင် ယခုရက်ပိုင်းအတွင်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဖွင့်လှစ် သင်ကြားရန် စီစဉ် လုပ်ဆောင်နေသည်ဟု ဒေသခံကျောင်းသားမိဘများက ပြောသည်။ ” ရပ်မိရပ်ဖတွေ တိုင်ပင်ပြီး ပညာရေး ကော်မတီဖွဲ့ ထား တယ်၊ ရွာကလေးတွေအတွက် ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်မယ်။ ဟိုရက်က စစ်တပ်နဲ့ BGF ဗိုလ်ချစ်သူတို့ လာသွားတုန်းက ကျောင်းတွေ ပြန်ဖွင့်ကြ ၊ ရွာဆရာမ တွေကို သူတို့ BGF က ၅ သိန်းထောက်ပံ့မယ် ပြောသွားတယ်၊ ရွာကလူတွေကတော့ အဲ့လို ဟာတွေ မျှော်မနေဘူး ၊ ကိုယ့်ကလေး ကိုယ့်ရွာ ဆရာနဲ့ပဲ ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်မယ်၊ ကလေးတွေ စာမသင်ရတာ ၂ နှစ်ရှိ ပြီလေ ၊ စစ်ကောင်စီ ပညာရေးကျောင်းတွေ မဖွင့်ဘူး။ အခုက BGF က ရွာသားတွေ ရွာမှာ ပြန်လာနေလို့သာ ပြောတယ်။ သူတို့က ရွာထဲတပ်စွဲနေတာ ပြန်မထွက်သေးဘူး ။ “ဟု ဖလူးကျေးရွာ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့တွင် နယ်ခြားစောင့်တပ်-BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ နှင့်အဖွဲ့၊ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးအဖွဲ့နှင့် စစ်ကောင်စီ၏ စစ်ကြောင်းအဖွဲ့ စုစုပေါင်းအင်အား ၃၀၀ ကျော်သည် စစ်ရှောင်ဒေသခံပြည်သူများအား ဖလူးကြီးကျေးရွာဘုရားကျောင်း၌ လာရောက်တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။ ၎င်းတွေ့ဆုံမှုတွင် ဖလူးကြီး၊ မယ်ထော်သလေး ကျေးရွာများမှ ဒေသခံ စစ်ဘေးရှောင်များအား နေရပ်ပြန်လည်နေထိုင်ရန်၊ စာသင်ကျောင်းများ ပြန်ဖွင့်ရန်၊ ကျောင်းအပ်ကျောင်းတက်ကြရန်၊ တောင်ယာ ပြန်လည်စိုက်ပျိုးလုပ်ကိုင်ရန်တို့ကို အဓိက လာရောက်ပြောဆိုသွား ခဲ့သည်ဟု သိရသည်။ https://kicnews.org/2022/06/%e1%80%96%e1%80%9c%e1%80%b0%e1%80%b8%e1%%e1

၂၀။ မူဆယ် ကျင်စန်းကျော့ ကားကြီးကွင်းမှာ အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံး
June 14, 2022
ရှမ်းမြောက် မူဆယ်မြို့နယ် ကျင်စန်းကျော့ကားကြီးကွင်းမှာ အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးသွားတယ်လို့ သိရ ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် ည ၁၁ နာရီဝန်းကျင်မှာ ကိုအောင်မျိုး (၃၃ နှစ်)ဟာ ဓာတ်လိုက်ခံရပြီးတော့ ပွဲချင်းပြီး သေဆုံး သွားတယ်လို့ သွားရောက်ကူညီပေးတဲ့ သဒ္ဓါဖြူစင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ဟုတ်တယ်။ ၁၃ ရက် မနက် ၆ နာရီရောက်တော့ ဖုန်းဆက်အကူအညီ တောင်းလာတာနဲ့ သွားကူညီပေးတာ။ ဘာကြောင့် ဓာတ်လိုက်ပြီး သေဆုံးလဲတော့ မသိဘူး။ သွားရောက်ကူညီတဲ့အချိန်မှာဆိုရင် တစ်ကိုယ်လုံးကို စောင်နဲ့ခြုံထားပြီး ဒီအတိုင်း တင်ထားတာပဲ တွေ့တယ်။ သူတို့ကို မေးကြည့်တော့ ဓာတ်လိုက်ခံရပြီး ဆေးရုံ ပို့သေးတယ်။ သူ့အသက်ကို မမှီလိုက်ဘူး။ ပြန်ယူလာပြီး ဒီအတိုင်း တင်ထားတယ်လို့ပြောတယ်” ဓာတ်လိုက် သေဆုံးသွားတဲ့ ကိုအောင်မျိုးဟာ မန္တလေးတိုင်း မြစ်သားမြို့နယ် ရစ်ကန် ကျေးရွာကဖြစ်ပြီး ရုပ်အလောင်းကို သဒ္ဓါဖြူစင် လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

၂၁။ တိုက်ပွဲပြင်းထန်နေသည့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီမှ ကျောင်းဖွင့်ရန် ပြင်ဆင်
June 14, 2022
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသော်လည်း အာဏာသိမ်းစစ်ကောင်စီတို့မှ စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းသိရသည်။ ဖယ်ခုံမြို့ နန်းဟူးရပ်ကွက်အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်ရန်အတွက် ကျောင်းဝန်းအတွင်း စစ်သားအင်အားချမှတ်ထားခြင်းနှင့် ရပ်ကွက် သူများ ကျောင်းအပ်ရန် ခြိမ်းခြောက် ပြောဆိုမှုများ ရှိနေကြောင်း သတင်းသိရသည်။ “နန်းဟူး အလက စာသင်ကျောင်း ကို စကစပြန်ဖွင့်ဖို့ လုပ်နေတယ်၊ အဲ့ဒါကို အင်အားပြတဲ့အနေနဲ့ သူတို့က စစ်အင်အား လာချတာတွေရှိနေတယ်၊ ပြီးတော့ရပ်ကွက် ထဲက ပြည်သူတွေ ကျောင်းအပ်ဖို့ပြောတာလည်း ရှိတယ်” ဟု နန်းဟူးရပ်ကွက်မှ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတို့မှဖွင့်လှစ်ထားသည့် စာသင်ကျောင်းများအနက် (၄၂၁)တပ်မှ တပ်ကျောင်း တစ် ကျောင်းသာ ဖွင့်လှစ်နေလျက်ရှိပြီး ယခုတွင် နန်းဟူးကျောင်းကိုပါ ဖွင့်လှစ်ရန် ပြင်ဆင်လာကြောင်း ဒေသခံများက ပြောသည်။ ကျောင်းပြန်ဖွင့်လှစ်ရန် စစ်ကောင်စီတို့ ပြင်ဆင်လာခြင်းနှင့် ပတ်သက်ပြီး ကလေးများကို ကျောင်းအပ် ရန်အတွက် စိတ်လုံခြုံမှု မရှိကြောင်း ဒေသအတွင်းမှ ကလေးမိဘတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကလေးတွေ ကျောင်းမ တက်ရတာ ကလေးအတွက် နစ်နာတာဟုတ်ပေမယ့် စစ်ကောင်စီတွေ ဖွင့်တဲ့ ကျောင်းကို အပ်ဖို့အတွက်ကျတော့ ကျမတို့မိဘ တွေက စိတ်မလုံခြုံဘူး၊ အခုစစ်ကောင်စီတွေ ဖျက်စီးလိုက်တဲ့ အိမ်တွေ ဘာသာရေးအဆောက်အအုံတွေ နည်းတာမှ မဟုတ်တာ၊အဲ့ကြောင့် အပ်ဖို့ မဖြစ်နိုင်သေးဘူး” ဟု ဖယ်ခုံမြို့မှ ကျောင်းသားမိဘတစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။ https://burmese.shannews.org/archives/28623

၂၂။ ကျောင်းတက်ဖို့ဖိအားပေး ခြိမ်းခြောက်တဲ့ ဆရာ/ဆရာမ ၄ ဦးကို လောင်းလုံး PDF က သတိပေးစာပေးပို့
June 14, 2022
လောင်းလုံးမြို့နယ်မှာ CDM ပြုလုပ်ထားတဲ့ ဆရာ/ဆရာမတွေနဲ့ ကျောင်းသားမိဘတွေကို ကျောင်းတက်ဖို့ ဖိအားပေး ခြိမ်းခြောက်နေတဲ့ ဆရာ/ဆရာမ ၄ဦးကို လောင်းလုံးPDFက သတိပေးစာ ပေးပို့ခဲ့ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေး ကာလ မှာ စစ်ကောင်စီတပ်သားကလွဲပြီး တခြားသူတွေကို စစ်ရေးစစ်ရာမပြုချင်ပေမယ့် CDM သူရဲကောင်းတွေနဲ့ ပြည်သူတွေကို ပြင်းထန်တဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာကြောင့် အခုလိုသတိပေးစာ ပေးပို့ရတာလို့လည်း ရေးထားပါတယ်။ ဒါ့အပြင် အွန်လိုင်းကဖယ်ဒရယ်ကျောင်းတွေမှာ ကျောင်းတက်နေသူတွေ၊ စာသင်ကြားပေးနေသူတွေနဲ့ တာဝန်ထမ်းဆောင် နေသူတွေကို စုံစမ်းသတင်းပေးနေတဲ့ Non CDM တွေကိုလည်း နှောက်ယှက်ဖျက်ဆီးတာတွေရပ်ဖို့ ဒီနေ့ထုတ်ပြန်ချက်မှာ ထပ်ဆင့်သတိပေးထားပါတယ်။

ဇွန်လ ၁၂ ရက်နေ့က လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာက မြန်မာစာဌာန ကထိက ဦးဝင်းဗိုလ်ဆိုသူ အသတ် ခံခဲ့ရပါတယ်။ ဦးဝင်ဗိုလ်ဟာ အလားတူဖိအားပေးခြိမ်းခြောက်တာတွေပြုလုပ်နေသူဖြစ်ပြီး သတိပေးစာတွေပေးပို့ ခဲ့ပေမယ့် ဂရုမစိုက်ဘဲ ဆက်လက်ပြုလုပ်နေတာကြောင့် ပစ်ခတ်ရှင်းလင်းရတာလို့လောင်းလုံး PDFနဲ့ DGRF အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

၂၃။ ဖားကန့်မြို့ပေါ် ရေဘေးသင့်နေသည့် ရပ်ကွက် ၄ ခု အစားအသောက်ခက်ခဲနေ
Jun 13.2022
ဖားကန့်မြို့တွင် ဥရုချောင်းရေ မြင့်တက်မှုကြောင့် ယမန်နေ့မှ စတင်ကာ မြေနိမ့်ပိုင်း ရပ်ကွက်ပြည်သူများ ရေဘေးသင့် နေသဖြင့် စားရေးသောက်ရေး အခက်အခဲအထိ ရှိလာနေသည်ဟု သိရသည်။ ဥရုချောင်းအထက် ကံစည်းကျေးရွာဘက်တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ဇွန်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းမှ စတင်ကာ ဥတုချောင်းရေ မြင့်တက်လာခဲ့ပြီး ချောင်း နှင့်နီးသည့် အေးမြသာယာ၊ မရှီကထောင်၊ မြို့မ နှင့် ငှက်ပျောတောရပ်ကွက်များရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်ခဲ့ သည်ဟု အေးမြသာယာရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ “ကားလမ်းနဲ့ နီးတဲ့လူ ထွက်လို့ရတဲ့လူကတော့ အစား အသောက်ထွက်ဝယ်လို့ရတယ်။ ငှက်ပျောတောတို့ ကားလမ်းမနဲ့ ဝေးနေတဲ့အိမ်တွေကျတော့ ထွက်မယ်ဆိုရင်လည်း ရေထဲမှာ အမှိုက်တွေ ပုလင်းကွဲတွေနဲ့ ထွက်လို့ အဆင်မပြေတဲ့ အခါကျတော့ မထွက်ကြဘူး။ အိမ်ထဲမှာပဲ အဲ့မှာပဲရှိတာလေးချက်စားနေ ကြတော့ အဆင်မပြေဘူး” ဟု ဆိုသည်။

“ရေက အခုက ခါးလောက်တော့ရှိအူးမယ်ဗျ မနေ့ကထက် နည်းနည်းပဲရေကျတယ်။ ဆိုင်ကယ်ကတော့မောင်းလို့ မရ ဘူး။ ကားကတော့မောင်းလို့ရတယ်။ မနေ့ကဆိုရင်ဘယ်လိုကားမျိုးမှဖြတ်မောင်းလို့မရအောင် ကြီးသွားတာရေက ဒီနေ့မှ နည်းနည်း လေးရေကျတော့ ဆိုင်ကယ်တော့ရတယ်”ဟု ဒေသခံတစ်ဦးက ယနေ့ နံနက် KNG ကို ပြောသည်။ ငှက်ပျောတော ရပ်ကွက်မှာ တစ်ရပ်ကွက်လုံးနီးပါးခန့် ရေမြုပ်နေပြီး မြို့မ၊ အေးမြသာယာနှင့် မရှီကထောင်ရပ်ကွက်တို့မှာ မြေနိမ့်ပိုင်းသာ ရေမြုပ်နေကြောင်း သိရသည်။ ရေဝင်ရောက်နေသည့် ရပ်ကွက်များမှ ပြည်သူများမှာ နှစ်ထပ်အိမ် ဆောက်ထားသည့်သူများ ထံတွင် ခိုလှုံနေကြပြီး နေဝင်သွားသည့် နေအိမ်ပိုင်ရှင်များမှာ နီးစပ်ရာ ဆွေမျိုးသားချင်နေအိမ်များသို့ ပြောင်းရွေ့နေထိုင် ကြောင်း သိရသည်။ နောက်ထပ် တစ်ရက်နှစ်ရက်အထိ လက်ရှိအခြေအနေတိုင်း ရေဆက်လက်မြုပ်နေမည်ဆိုပါက အစား အသောက် ထောက်ပံ့ကူညီပေးရန် လိုအပ်မည်ဖြစ်ကြောင်း ဒေသခံများ ပြောဆိုနေကြပါသည်။ https://burmese.kachinne ws.com/2022/06/13/jun13-az2/

၂၄။ စစ်ကောင်စီတပ်နှင့် ပုလော PDF တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ ၁၀ ယောက်သေဟု PDF ပြော
June 14, 2022
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာသို့ စစ်ကြောင်းထိုးသည့် စစ်ကော်စီတပ်နှင့် ပုလော PDF တို့ ဇွန် ၁၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦးခန့်သေဆုံးသည်ဟု PDF ဘက်က ယနေ့ထုတ်ပြန်သည်။ ယင်းတိုက်ပွဲ သည် နံနက် ၆ နာရီခန့်မှ နေ့လယ် ၁၂ နာရီခန့်အထိ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ဖြစ်ပွား ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။ ပုလောမြို့နယ် အခြေစိုက်စစ်ကောင်စီ ခြေလျင်တပ်ရင်း ၂၈၅ မှ လက်နက်ကြီးပစ်ကူစဉ် ချို့ယွင်း ပြီး ပစ်ခတ်သည့် ၁၀ ယောက်ခန့် ထပ်မံသေဆုံးကြောင်း ပုလော PDF ကပြောသည်။ “သူတို့ပစ်တဲ့ လက်နက်ကြီးက ကျည်ထည့် လိုက်တာနဲ့ လက်နက်ကြီးအတွင်း ပေါက်ထွက်သွားတာ” ဟု ပုလော PDF ပြန်ကြားရေးတာဝန်ခံက မဲခေါင်သတင်း ဌာန ဆက်သွယ်မေးမြန်းမှုအား ပြန်လည်ရှင်းပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ၈ ဦး၊ လက်နက်ကြီး ချို့ယွင်းမှုကြောင့် သေဆုံးသူ ၁၀၊ စုစုပေါင်း ၁၈ ဦး ဇွန် ၁၃ ရက် တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်သည်။ ပုလော PDF ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာများရ ရှိခဲ့ သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည် ကျောင်းနိမ့်ကျေးရွာမှ နေအိမ် ၇ လုံးနှင့် ဆိုင်ကယ် ၄ စီးတို့အား မီးရှို့သွားခဲ့သည်။ ပုလောမြို့နယ်အတွင်းရှိ ရှမ်းဒွတ်၊ ကျောက်လိပ်၊ အမ်းမဝ၊ မင်းဝင်းနှင့် ကျောင်းနိမ့်ကျေးရွာများတွင် စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်နှင့် ပုလော PDF တို့ ဇွန် ၁၀ ရက်မှစပြီး တိုက်ပွဲများဆက်တိုက်ဖြစ်နေသည်။ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၂၈၅ အခြေစိုက်ပြီး KNU တပ်မဟာ၄ လှုပ်ရှားနယ်မြေများ လည်းရှိသည်။

၂၅။ မောင်တောတွင် ကျပ်သိန်း ၁၃၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
14 June, 2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားစစ်ဆေးရေးဂိတ်မှာ ဇွန်လ ၁၃ ရက် မနက် ၁၀ နာရီက အငူမှော်ကျေးသား ၂ ဦးနဲ့အတူ ကျပ်သိန်း ၁၃၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၇ သောင်းလောက် ဖမ်းဆီးရမိတယ်လို့ ရွှေဇားနယ်ခြားစောင့် စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။ “ဟုတ်တယ်။ ဒီနေ့ မနက် ၁၀ နာရီကျော်မှာ ယာဥ်အသွားအလာတွေကို စစ်နေတာ။ မောင်တောဘက်က ရွှေဇားကိုလာတဲ့ ဘောက်ဆီကားကို စစ်ဆေးရာမှာ မူးယစ်ဆေးတွေ ကားထိုင်ခုံအောက်မှာ ရှာဖွေတွေ့ရှိ တာ” လို့ စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိတဦးက ပြောပါတယ်။ ကာလတန်ဖိုး ၁၃၆၅၀၀,၀၀၀ ကျပ်ဖိုးရှိ WY စိတ်ကြွဆေး ပြား မူးယစ်ဆေးဝါး ၆၈၂၅၀ ပြားနဲ့အတူ ဖမ်းဆီးမိခဲ့တဲ့ အငူမှော်ကျေးရွာက ကားဒရိုင်ဘာ ဂျေမောင်မောင်(ခ) မောင်မောင်မောင်နဲ့ အောင်ဆန်းဦးတို့ကို မူးယစ်ဆေး ဥပဒေပုဒ်မနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။

ဇွန် ၈ ရက် မနက် ၁၁ နာရီခွဲကလည်း မောင်တောမြို့ သီဟိုဠ်ခြံစစ်ဆေးရေးဂိတ်မှာ WY မူးယစ်ဆေးပြားပေါင်း ၂၄,၀၀၀ နဲ့အတူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး ဖမ်းမိခဲ့ပါသေးတယ်။ ဖမ်းဆီးခံရသူ ၉ ဦးမှာ မောင်တောမြို့နယ် သရီကုန်း ဘောင်ရွာမှ ကိုစိုးအောင်သိန်း၊ ရသေ့တောင်မြို့နယ် နှင်းဆီကုန်းကျေးရွာမှ ဒေါ်စိုးစိုးအေး(ခ)မိုးမိုးအေး(ခ)စိုးစိုး၊ မောင်တောမြို့ ကညင်တန်းရပ်ကွက်မှ ဦးဝင်းချေ၊ မောင်တောမြို့ တမန်းသားကျေးရွာမှ ဦးအောင်နီလာ၊ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ဦးစိန်လှထွန်းနဲ့ ကိုအောင်မျိုးဝင်း(၃၁ နှစ်)၊ ပုဏ္ဏားကျွန်းမြို့နယ် မြသောက်ကျေးရွာမှ ဦးအောင်ချမ်းအေး၊ မောင်တောမြို့ ခရေမြိုင်ကျေးရွာမှ ကိုခိုင်မျိုးလင်း၊ မောင်တောမြို့ မြို့မအနောက်ရပ်ကွက်မှ ဦးဇော်မီတို့ဖြစ်ကြတယ်လို့ သိရပါတယ်။ http://burmese.dvb.no/archives/538353

၂၆။ သမီးရည်းစားစကားများရာမှ ကောင်လေးက ချစ်သူကောင်မလေးဖြစ်သူကို ဓါးထိုးသတ်
Jun 13,2022
ကချင်ပြည်နယ် ဖားကန့် မြို့မရပ်ကွက်တွင် သမီးရည်းစားချင်းစကားများရာမှ ကောင်လေးဖြစ်သူက ချစ်သူကောင် မလေးကို ဓားဖြင့်အကြိမ်ကြိမ် ထိုးသတ်မှုပြုလုပ်ခဲ့ပြီးနောက် ကောင်းလေးကိုယ်တိုင်လည်း မိမိကိုယ်မိမိ ဓါးဖြင့် ပြန်လည် ထိုးနက်မှုပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၂ ရက်နေ့ ည ၅ နာရီအချိန်ခန့်တွင် အသက် ၂၅ နှစ်အရွယ် ကိုရှမ်းလေးခေါ်သူသည် အသက် ၂၆ နှစ်အရွယ်ရှိ သူ၏ ချစ်သူကောင်မလေး မမေသူ ရှိနေသည့် “မေ”အပ်ချုပ် ဆိုင်အတွင်းသို့ ရောက်လာပြီး သမီးရည်းစားနှစ်ဦး စကားများကြရာမှ ချစ်သူကောင်မလေးကို ဓားဖြင့် လည်ပင်း၊ ဝမ်းဗိုက်နှင့် ရင်ဘတ် စသော ၃ နေရာခန့်တွင် အကြိမ်ကြိမ်ထိုးနက်ခဲ့သောကြောင့် ကောင်မလေးဖြစ်သူသေဆုံးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသား တစ်ဦး က KNG သို့ပြောသည်။

“ကောင်လေးအခြေအနေကတော့ မနေ့ကတည်းက သူ့ကိုယ်သူဓါးနဲ့ ပြန်ထိုးတာတွေလုပ်ခဲ့တယ်။ မသေတော့ ဆေးရုံ မှာ ဆေးကုသမှုခံယူနေတယ်။ ကောင်လေးနဲ့ကောင်မလေးက သမီးရည်းစားဖြစ်တာ ငါးနှစ် ခြောက်နှစ်လောက်တောင် ကြာပြီ တဲ့။ ပြသနာအနည်းငယ်ရှိပုံရတယ်။ ကောင်လေးက ငါဘာတွေအမှားလုပ်မိလို့လဲဘာညာပြော ပြီးမှ ဆိုင်ထဲကိုဝင်လာတာနဲ့ ဓားဖြင့် ထိုးလိုက်တာ။ ဓားနဲ့ထိုးပြီးတာနဲ့ သူက ဆိုင်ရှေ့မှာထိုင်နေတာ အဲ့ချိန်ဘေးကလူတစ်ယောက်က နင့်ကောင်မလေး သေပြီလို့ပြောလိုက်တော့ သူ့ ကိုယ်သူ ငိုင်ပြီးမှ ဓားနဲ့ပဲပြန်ထိုးတာ” ဟု ပြောဆိုသည်။ အဆိုပါ သမီးရည်းစားစုံတွဲနှစ်ဦးစလုံးမှာ မိုးညှင်းမြို့မှ ဖားကန့်မြို့သို့ပြောင်းရွေ့လာကာ အလုပ်လာလုပ် နေသည့်အတွဲဖြစ်ပြီး ကောင်မလေးဖြစ်သူမှာ “မေ”အပ်ချုပ်ဆိုင် တွင် သင်တန်းဆရာမလုပ်နေသူဖြစ်ကြောင်း သိရသည်။ https://burmese.kachinnews.com/2022/06/13/jun13-az3/

၂၇။ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြဝတီမြို့တွင် ဖောက်ထွင်းခိုးယူမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ
June 13, 2022
ကရင်ပြည်နယ် မြဝတီမြို့တွင် ယခုဇွန်လဆန်းပိုင်းလောက်စပြီး ရပ်ကွက် ၃ ခုခန့်တွင် နေ့ရောညပါ အိမ်တွင်း ပစ္စည်း များ ဖောက်ထွင်းခိုးယူခံရမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်းမြို့ခံများထံမှ သိရသည်။ မြဝတီမြို့ရှိ စကားဝါလမ်းရှိ အမှတ်(၁) ရပ်ကွက်၊ မနော်ဟာရီလမ်းရှိ အမှတ်(၂) ရပ်ကွက်နှင့် ကြံခင်းလမ်းရှိ အမှတ် (၃)ရပ်ကွက်တို့တွင် ယခင်ဖောက်ထွင်းခိုးယူမှုကို ကျူးလွန်ဖူးသည့် ဝါရင့်ဖောက်ထွင်းသူများနှင့် စားဝတ်နေရေးအခက်အခဲကြောင့် ဖောက်ထွင်းခိုးယူသူများသည် ရပ်ကွက်တစ်ခု စီတိုင်းတွင် အုပ်စုဖွဲ့၍ ညစဉ် အကြိမ်ရေ ၁၀ ကြိမ်ထက်မနည်း ဖောက်ထွင်းမှုများ ပြုလုပ်နေကြောင်း မြဝတီမြို့ခံ တစ်ဦးက ယခုလို ပြောသည်။ ၎င်းက ”မြဝတီက လူပေါင်းစုံရောက်လာကြတာ။ သူခိုးတွေကဘယ်လောက်ဖမ်းဖမ်းမကုန်တော့ဘူး။ ညစဉ် တစ်မြို့လုံးအကြိမ် ၂၀ လောက်အခိုးခဲ့နေရတာ။ သူခိုးတွေက ရပ်ကွက်တိုင်းလိုလိုမှာ အဖွဲ့လိုက်ရှိတယ်။ အခုနောက်ပိုင်းကားနဲ့ တင်ခိုးနေတာ။ အခုသူခိုးတွေက နောက်တိုးသူခိုးတွေ (ရပ်ကွက်) ၁ တို့ ၃ တို့ ၄တို့က အများဆုံးဖြစ်များတယ်။ ထောင်ကျပြီး သား သူခိုးတွေက ထပ်ခိုးတာနည်းတယ်။ ခေတ်ကာလ အခြေအနေအရ ခိုးစားလုစားနေကြတာများနေတာ့ အခုကတစ်ချို့ သူခိုးတွေကမရှိလို့ ခိုးစားလုစားတာ တစ်ချို့ သူခိုးတွေက နောက်ခံရှိတဲ့လူပဲ” ဟုကေအိုင်စီသို့ ပြောသည်။

မြဝတီမြို့ပေါ်တွင် ဒေသတွင်း လုံခြုံရေး ရယူနေသည့် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ရဲနှင့် နယ်ခြား စောင့်တပ်(BGF) အမြောက်အများရှိနေသော်လည်း ထိုသို့ ခိုးယူဖောက်ထွင်းမှုများအပေါ် အရေးတယူ တာဝန်ယူ လိုက်လံ ဖမ်းဆီးမှုများ အားနည်းနေသောကြောင့် ယခုလို ဖောက်ထွင်းမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ် ကြောင်း မြို့ခံလူထုများက ဆိုသည်။ လတ်တလောတွင်လည်း မြို့ပေါ်ဒေသများတွင်လည်း ဖောက်ထွင်းခိုးယူမှုများအပြင် လုယက်မှု၊ အနုကြမ်းစီးမှု နှင့် ဓါးပြတိုက်မှုများလည်း တိုင်းပြည်နှင့်အဝှမ်းဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်။ https://kicnews.org/2022/06/%e1%8 0%85%e1%80%85%e1%80%ba%e1%80%a1%e1%80%ac%e1%80%8f%e1%

၂၈။ ချေးငွေထုတ်ချေးပေးရန် နောက်ကျခြင်းကြောင့် မိုးစပါးတောင်သူများ ငွေကြေးအခက်အခဲဖြစ်
June 13, 2022
လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးမည့် ချေးငွေနောက်ကျသည့်အတွက် မိုးစပါးစိုက်တောင်သူများ ငွေကြေး အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ ကောက်စိုက်ကာလအထိ ချေးငွေမရသေးသည့်အတွက် မိုးစပါးစိုက်ပျိုး တောင်သူများ လယ်သမားအချင်းချင်း ငွေချေးနေရသည့် အခြေအနေအထိဖြစ်နေကြောင်း ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ မှ နိုင်ခင်မောင်ရီက ပြောသည်။ “ဒီနှစ်ချေးငွေကိုတော့ ဘာမှမပြောဘူး၊ ခေါ်လည်းမပေးဘူး။ ကျနော်တို့ လယ်သမားတွေ အချင်းချင်းဆီမှာပဲ ချေးရတာ အဲဒီလိုရှိတယ်။ ကိုယ့်လယ်ပြီးဖို့အတွက် ချေးရတဲ့နေရာမှာချေးမယ်။ အဲဒီလိုမလုပ်လို့မှမရတာဆို တော့လေ”ဟု ၎င်းက ပြောသည်။ ယင်းအပြင် မြေသြဇာနှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်းကြောင့် လယ်လုပ်ငန်း အတွက် အရင်းအနှီး ပိုမိုထုတ်နေရကြောင်းလည်း တောင်သူများက ပြောဆိုကြသည်။

လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခုနှစ်မိုးစပါးရာသီအတွက် တစ်ဧကကို ကျပ် ၁ သိန်းခွဲ ၊ အတိုး ၅ ရာခိုင်နှုန်းဖြင့် ထုတ် ချေးပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ မိုးစပါးစိုက်ပျိုးတောင်သူများအတွက် ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ချေးငွေ ထုတ်ချေးပေးရန် စီစဉ်ထားသော်လည်း ရန်ပုံငွေမကျသေးသည့်အတွက် ချေးငွေကို နောက်ကျမှထုတ်ချေးပေးမည် ဖြစ်ကြောင်း ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ဒီနှစ်က ရွာတိုင်းထုတ်ပေးဖို့ပဲလေ ရန်ပုံငွေမကျ သေးလို့ သူတို့ဆီက စာချုပ်အတွဲတွေလည်းမတက်လာသေးဘူး အဲဒါလည်းပါတယ်။ အမှုတွဲတက်လာရင်တော့ စစ်ရအုံးမယ်။ စစ်ပြီးရင် ရန်ပုံငွေကျမှ ထုတ်လို့ရမယ်” ဟု ၎င်းက ပြောသည်။ မွန်ပြည်နယ်တွင် ချေးငွေပြန်ဆပ်ရန် သက်တမ်း ၆ လကျော် လွန်နေသည့် တောင်သူ ၂ ဦးနှင့် သက်တမ်း ၃ လကျော်လွန်သည့် တောင်သူ ၁ ဦး ကျန်ရှိနေကြောင်း ပြည်နယ် လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ https://burmese.monnews.org/2022/06/13/%E1%80%81%E1%80%BB%E1%80%B1% E1%80%B8%E1%80%84%

၂၉။ စစ်ကောင်စီတပ်က အရာခံဗိုလ် ၁ ဦး လွိုင်ကော် PDF ထံ ခိုလှုံ အလင်းဝင်
14 June, 2022
ရခိုင်ပြည်နယ်၊ အမ်းမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်က အရာခံဗိုလ်တယောက်ဟာ လွိုင်ကော် PDF ဆီ မကြာသေးခင်က ဆက်သွယ်လာပြီး ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်ခဲ့ပါတယ်။ အဆိုပါ အရာခံဗိုလ်ဟာ အမှတ် ၉၄၆ ဆောက် လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ)၊ အမ်းမြို့ (ရခိုင်ပြည်)ကဖြစ်ကာ ပြီးခဲ့တဲ့လကဆက်သွယ်ကာ CDM ပြုလုပ်ပြီး ဝင်ရောက် လာခဲ့ တာလို့ လွိုင်ကော် PDF ကပြောပါတယ်။ လတ်တလောမှာတော့ လွိုင်ကော် PDF အနေနဲ့ အဆိုပါ အရာခံဗိုလ်ရဲ့ စားဝတ်နေ ရေး ကိစ္စအားလုံး တာဝန်ယူထားပြီး ပြည်ပထွက်ခွာ ဘဝအသစ်စတင်နိုင်ဖို့လည်း စီစဉ်ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး အာဏာရှင် ယန္တရား ကို ဖြိုချဖျက်ဆီးရင်း ပြည်သူချစ်တဲ့ သမာသမတ်ကျတဲ့ ဖက်ဒရယ်တပ်မတော်တစ်ခု ပေါ်ပေါက်လာဖို့အတွက် အမြန်ဆုံးနည်းလမ်းဟာ CDM သာ ဖြစ်တာကြောင့် စစ်ကောင်စီ တပ်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်သားတွေ၊ အရာရှိ တွေအနေနဲ့ အမြန်ဆုံး CDM ပြုလုပ်ရင်း ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့လည်း လွိုင်ကော် PDF က တိုက်တွန်းထားပါတယ်။ http://burmese.dvb.no/archives /538408

၃၀။ အကြမ်းဖက်မှုတွေရပ်တန့်ပြီး လူသားချင်းစာနာမှုအကူအညီပေးခွင့်ပြုရန် မြန်မာစစ်တပ်ကို ယူကေ တောင်းဆို
14 June, 2022
မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ တားဆီးပိတ်ဆို့မှု မလုပ်ဖို့၊ လူ့အခွင့်အရေးလေးစားလိုက်နာဖို့နဲ့ ရေရှည်တည်မြဲမယ့် နိုင်ငံရေးအဖြေဖော်ဆောင်နိုင်ဖို့အတွက် အားလုံးပါဝင်တဲ့ ဆွေးနွေးမှု တွေဆောင်ရွက်သွားဖို့ ယူကေနိုင်ငံရဲ့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဘာဘရာဝုဒ်ဝါ့က ထပ်မံ တိုက်တွန်း လိုက်ပါတယ်။ ဇွန် ၁၃ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘော အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းခဲ့တဲ့ အကျိုးဆက်တွေကို မြန်မာနိုင်ငံတွင်းမှာ နေထိုင်သူအားလုံး ခံစားနေကြရပြီး နိုင်ငံအနှံ့က လူမှုရေးအဖွဲ့အစည်းတွေပါမကျန် စစ်တပ်ရဲ့ ဖြိုခွင်းမှုကို ခံခဲ့ရတယ်။ ရွာတွေကို မီးရှို့၊ ဗုံးကြဲပြီး စစ်တပ်က အရပ်သားတွေကို တိုက်ခိုက်ခဲ့တယ်။ မြန်မာစစ်တပ်က လူအမြောက်အမြား ကို သတ်ဖြတ်၊ နှိပ်စက်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာတွေနဲ့ ပတ်သက်ပြီးခိုင်မာတဲ့ အထောက်အထားတွေလည်း ရရှိထားပြီးဖြစ်တယ်လို့ ယူကေအသံအမတ်ကြီးက ပြောပါတယ်။

စစ်တပ်ရဲ့ အခုလုပ်ရပ်တွေဟာ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ဒေသမှာ ကျူးလွန်ခဲ့တဲ့ သူတို့ရဲ့ ထိတ်လန့်ဖွယ်ရာ ရက်စက် ကြမ်းကြုတ်မှုတွေအတွက် သက်သေခံချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်သူအမြောက်အမြားကို ယူကေကနေ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆောင်ရွက်ခဲ့ပြီး တခြားနိုင်ငံတွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ ဝိုင်ဝန်း ဒဏ်ခတ် ဖိအားပေးကြဖို့ တိုက်တွန်းပါတယ်။ အာဏာမသိမ်းခင်က လူသားချင်းစာနာမှုအကူအညီလိုအပ်နေသူ လူဦးရေ ၁၃ သန်းရှိခဲ့ပြီး အခုချိန်မှာ ၁၄ သန်းဖြစ်လာခဲ့ပါပြီ။ ကုလသမဂ္ဂအပါအဝင် တခြားနိုင်ငံတွေရဲ့ ကူညီထောက်ပံ့မှုတွေဟာ အကူအညီလိုအပ် နေသူတွေဆီကို ရောက်အောင် ဆက်သွယ်နိုင်ခြင်း မရှိတာကြောင့် ရပ်တန့်နေခဲ့ရသလို အကူအညီတွေမရောက်ရှိနိုင်အောင် လည်း စစ်တပ်က နိုင်ငံရေးကို အကြောင်းပြပြီး ပိတ်ဆို့တားဆီးနေတယ်လို့ဆိုပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို သေဒဏ်ပေးကွပ်မျက်မယ့် စစ်ကောင်စီရဲ့ အစီအစဉ်ကို ယူကေက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်းကိုလည်း ထပ်မံ ပြောကြားလိုပါတယ်။ ဒီလုပ်ရပ်ဟာ ပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းမယ့် အာဆီယံရဲ့ ကြိုးစားအားထုတ်မှုတွေကို အပေါ် မှာလည်း စိတ်ပျက်ဖွယ်ရာအကျိုးဆက်တွေ ဖြစ်ပေါ်စေလိမ့်မယ် ရေးသားထားတဲ့ ဝန်ကြီးချုပ်ဟွန်ဆန် ပေးပို့လိုက်တဲ့ စာကိုလည်း ဖတ်ရှုူမှတ်သားလိုက်ရတယ်လို့ ယူကေ အသံအမတ်က ပြောပါတယ်။ http://burmese.dvb.no/archives/cate gory/news

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **

Related Articles

Back to top button