ဖက်ဒရယ်လစ်ဇင်အကြောင်း

ကိုယ်ပိုင်ပြဌာန်းခွင့်၏အဓိပ္ပာယ်နှင့် သမိုင်းကြောင်း

ကိုယ်ပိုင်ပြဌာန်းခွင့်၏အဓိပ္ပာယ်နှင့် သမိုင်းကြောင်း

 

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ရေရှည်တည်တံ့မည့်ငြိမ်းချမ်းရေးရရှိရန် အားလုံးကကြိုးစားအားထုတ် နေကြသလို ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ပြောဆိုနေကြသည့် အချိန်အခါ လည်း ဖြစ်ပါသည်။ ယခုအခါ ဖက်ဒရယ်စနစ်ကို ဆွေးနွေးကြရင်းဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ခွဲထွက်ခွင့် ဆိုသည် တို့ကို ဆွေးနွေးနေသည့်ကာလသို့ ရောက်ရှိနေပါပြီ။ သို့ဖြစ်၍ ကိုယ်ပိုင်ပြဌာန်းခွင့် self-determination နှင့် ပတ်သက်ပြီး လက်လှမ်းရာတက်နိုင်သမျှ လေ့လာတင်ပြသွားလိုပါသည်။

ကိုယ်ပိုင်ပြဌာန်းခွင့် (သို့မဟုတ်) နယ်ချဲ့စနစ်ကို တုံ့ပြန်သည့်လက်နက်

 

Self-determination ကို မြန်မာ့နိုင်ငံရေးသမားများက ကိုယ်ပိုင်ပြဌာန်းခွင့် (သို့) ကိုယ်ကြမ္မာကိုယ် ဖန်တီးခွင့်ဟု ဘာသာပြန်ဆိုလေ့ရှိကြသည်။ မေရီယန်ဝက်ဘ်စတာ အွန်လိုင်းအဘိဓာန်က “Free choice of one’s own acts or states without eternal compulsion” “ ပြင်ပ ပယောဂ ကင်းရှင်းစွာဖြင့် တစုံတစ် ယောက်၏ လွတ်လပ်စွာရွေးချယ်သည့်လုပ်ဆောင်ချက်များ (သို့) အခြေနေများ” ဟု၎င်း “Determination by the people of a territorial unit of their own future political status” “နယ်မြေဒေသယူနစ်တစ်ခု၏ ပြည်သူများက ၎င်းတို့အနာဂါတ်နိုင်ငံရေးအဆင့်နေရာကို ဆုံးဖြတ်ခြင်း” ဟု၎င်း အဓိပ္ပာယ်ဖွင့်ဆိုထားလေသည်။

စက်မှုတော်လှန်ရေး အတွင်းနှင့် နောက်ပိုင်းကာလများတွင် ပြည်သူအစုအဖွဲ့အများအပြားသည် ၎င်းတို့ မျှဝေ ပိုင်ဆိုင်ကြသည့် သမိုင်းကြောင်း၊ ပထဝီအနေအထား၊ ဘာသာစကားနှင့် ဓလေ့ထုံးစံများကို သိမှတ်ပြုလာ ကြသည်။

အင်ပိုင်ယာများ တိုးချဲ့လာခြင်းဖြင့် အရင်းရှင်စနစ် ဖွံ့ဖြိုးလာသည်နှင့်အတူ နိုင်ငံရေးအရ အချုပ်အခြာ အာဏာပိုင်မှု အယူအဆသည်လည်း ဝက်ဖားလီးယားစာချုပ် နောက်ပိုင်းတွင် ဖြစ်ပေါ်တိုးတက်လာသည်။ ထို့အ တူ ကိုယ်ပိုင်ပြဌာန်းခွင့်အယူအဆသည်လည်း ခေတ်သစ်ကမ္ဘာတွင် ပေါ်ထွက်လာသည်။

အပြိုင်ဖြစ်နေသော အင်အားစုများအကြားသာမက၊ လက်အောက်ခံအဖြစ်ခံစားနေရသော အုပ်စုများ သို့အဟုတ် နိုင်ငံကြီးတခုအတွင်း အခွင့်အရေးတန်းတူမရ ငြင်းပယ်ခံထားရသူများအတွင်း အမျိုးသားရေး ဝါဒသည် စုစည်းညီညွတ်သော သဘောတရားတရပ်အဖြစ် ထွက်ပေါ်လာခဲ့သည်။ ထိုသို့သော အခြေအနေ အောက်တွင် ကိုယ်ပိုင်ပြဌာန်းခွင့်သည် နယ်ချဲ့စနစ်ကို တုံ့ပြန်သည့် လက်နက်ကောင်းတစ်ခု ဖြစ်လာသည်။ ထိုသို့သောပြည်သူ လူထုအုပ်စုများသည် နယ်မြေအပေါ် အချုပ်အခြာအာဏာပိုင်စိုးမှုနှင့် လွတ်လပ်ရေးရရှိစေရန် ကြိုးပမ်း လေ့ရှိကြသည်။ သို့သော်လည်း တခါတရံ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုသည့် အခြားအသွင်သဏ္ဍန်တမျိုးကို ရရှိတက်သည်။

အင်ပိုင်ယာများနှင့် ကိုလိုနီအရှင်သခင်များ

 

ကမ္ဘာ့သမိုင်းတွင် အမျိုးမျိုးသောအင်ပိုင်များပေါ်ပေါက်ခဲ့သည်။ အော့တိုမန်၊ ရက်ရှန်း၊ ဩစတြီးယန်း-ဟပ်ဘာ့နှင့် ချင်း (Qing Empire) စသဖြင့် ပထဝီဒေသအလိုက်၊ သမိုင်းကြောင်းဆိုင်ရာ အခြေအနေအလိုက် မတူကွဲပြားစွာပေါပေါက်ခဲ့ကြသည်။ ခေတ်သစ်ကာလတွင် ဥရောပ၌ ဖြစ်ထွန်းခဲ့သော ပြိုင်ဆိုင်မှုကို အင်အား ချိန်ခွင်လျှာထိန်းညှိရေးတိုက်ပွဲအဖြစ် နိုင်ငံရေးသိပ္ပံပညာရှင်များက အကဲဖြတ်လေ့ရှိသည်။  အဆိုပါပြိုင်ဆိုင်မှု တွင် စပိန်နှင့် ပေါ်တူဂီတို့က စတင်ခဲ့ပြီး နောက်ပြိင်းတွင် ဗြိတိသျ၊ ပြင်သစ်၊ ဒါတ်ချ် နှင့် ဂျာမန်တို့ ပါဝင်လာ သည်။ ၁၉ ရာစုအစောပိုင်းကာလ ဥရောပရှိပြိင်ဆိုင်မှုသည် စစ်ပွဲများကို ‌ဖြစ်ပေါ်စေခဲ့သည်။ အထူးထင်ရှားသည့် စစ်ပွဲများမှာ နပိုလီယံစစ်ပွဲများဖြစ်ကြသည်။ ဤလက်နက်ကိုင်ပဋိပက္ခနောက်ပိုင်းတွင် ဗြိတိသျှအင်ပါယာသည် လွှမ်းမိုးသည့်နေရာသို့ ရောက်လာပြီး နယ်ချဲ့ရာစုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ တပြိုင်နက်ထဲတွင် အမျိုး သားရေးဝါဒသည်လည်း အင်အားကြီးမားသည့် နိုင်ငံရေးအိုင်ဒီယိုလိုဂျီတခုအဖြစ် ဉရောပတွင် မွေးဖွားလာ လေခဲ့သည်။

၁၈၇၀ ခုနှစ် ပြင်သစ်-ပရပ်ရှားစစ်ပွဲနောက်ပိုင်းတွင် ပြင်သစ်နှင့် ဂျာမနီတို့လည်း အာရှ၊ အာဖရိက နှင့် ပစိဖိတ်တခွင် ကိုလိုနီများ ချဲ့ထွင်ခဲ့ကြလေသည်။ ဂျပန်သည်လည်း အင်အားသစ်တရပ်အဖြစ်ပေါ်ထွက်လာပြီး ကမ္ဘာတဝှမ်းဘက်ပေါင်းစုံ အပြိုင်ကြဲသည့် ပြိုင်ပွဲကြီးပေါ်လာလေတော့သည်။

ပုန်ကန်ထကြွမှုများနှင့် အတူနိုးကြားလာသည့် အမျိုးသားရေးဝါဒ

 

၁၇၇၀ ခုနှစ်များအလယ်လောက်ဆီက ဗြိတိသျှကိုလိုနီ မြောက်အမေရိက ကမ္ဘာသစ်၏ စတင်ပုန်ကန်မှု သည် အမျိုးသားအခွင့်အရးနှင့် ဒီမိုကရက်တစ် ကိုယ်ပိုင်ပြဌာန်းခွင်အတွက် ပထမးဆုံးသော တပ်လှန့်သံဖြစ်ပေ လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တိကျရှင်းလင်းသော ဖွင့်ဆိုချက်ဖြစ်သည့် သဘာဝဓမ္မ၊ လူသား၏မွေးရာပါရ ပိုင်ခွင့်၊ အုပ်ချုပ်ခံပြည်သူလူထု၏ အချုပ်အခြာအာဏာပိုင်စိုးမှုစသည်တို့မှာ၊ အဓိကအားဖြင့် ပြီးခဲ့သည့်ရာစုနှစ် အတွင်း ဂျွန်လောက့်၏ ညဏ်အလင်းဖွင့်ရေးသားချက်များကြောင့် လူတို့၏စဉ်းစားတွေးခေါ်မှုများကို နိုးကြား လာစေသောကြောင့်ဖြစ်သည်။ သောမတ်ဂျက်ဖာဆန်ကလည်း ၁၉ ရာစုတလျှောက်လုံး ဥရောပတိုက်သား များကို နှိုးဆွခဲ့သည့် “အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးကြေငြာစာတမ်း” ကိုရေးသားဖြင်းဖြင့် ပြည်သူ လူထု၏ဆန္ဒသဘောထားသည်သာ အခရာဖြစ်သည် ဆိုသောအယူအဆကို ပိုမိုတိုးတက်ဖွံ့ဖြိုးစေခဲ့သည်။ ပြင်သစ်တော်လှန်ရေးသည်လည်း ကမ္ဘာဟောင်းကို အလားတူနှိုးဆွခဲ့ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည့် အတွေးအခေါ်ကို တရားဝင်ဖြစ်စေခဲ့သည်။

၁၉ ရာစုအစောပိုင်းက ကမ္ဘာသစ်တွင် စပိန်ကိုလိုနီအများစုသည် စပိန်လက်အောက်မှ လွတ်လပ်ရေးရခဲ့ ကြသည်။ အမေရိကန်ပြည်ထောင်စုသည် မွန်ရိုးကြေညာချက်ဖြင့် အဆိုပါလွပ်လပ်ရေးများကို ထောက်ခံအား ပေးခဲ့သည်။ အမေရိကန်ပြည်သူလူထုနှင့် လွှတ်တော်ဆုံးဖြတ်ချက်များက ထိုကဲ့သို့သောလှုပ်ရှားမှုများ ကို ထောက်ခံခဲ့ကြရာ၊ အထူးသဖြင့် ဂရိလွတ်လပ်ရေးစစ်ပွဲများ (၁၈၂၁-၁၈၂၉) နှင့် ၁၈၄၈ ခုနှစ် ဟန်ဂေရီ တော်လှန်ရေးသမားများ၏ တောင်းဆိုချက်များ ကဲ့သို့သော လှုပ်ရှားမှုများကို အားပေးထောက်ခံခဲ့သည်။ သို့သော်လည်း ထိုအားပေးထောက်ခံမှုများမှာ  တခြားသောအမျိုးသားအကျိုးစီးပွားနှင့် ထိန်းညှိနေရသည့် အတွက် အစိုးရ၏တရားဝင် ပေါ်လစီတစ်ခု ဘယ်သောအခါမှ ဖြစ်မလာခဲ့ချေ။

အမေရိကန်ပြည်တွင် စစ်ပြီးဆုံးသွားသောအခါ တိုင်းပြည်အင်အားတောင့်တင်းလာသည့်အတွက် အာလာစကားဒေသဝယ်ယူရေးကာလနှင့် အနောက်အိန္ဒိယကျွန်းများဖြစ်သည့် စိန့်သောမတ်စ်နှင့် စိန့်ဂျွန်တို့ကို ၁၈၆၀ ခုနှစ်များအတွင်း ဝယ်ယူဖို့ကြိုးစားကြသောအခါ အမေရိကန်ပြည်ထောင်စုသည် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသဘောတရားအဖြစ် လက်ခံကျင့်သုံးခြင်း မပြုခဲ့ပေ။ ထို့နည်းတူ ဟာဝေယန်ကျွန်းများပေါ်တွင် အမေရိ ကန်ပြည်ထောင်စု၏ ဩဇာကြီးထွားလာပြီး ၁၈၉၈ ခုနှစ်အတွင်း သိမ်းသွင်းလိုက်မှုတွင်လည်း ထို့နည်း၎င်းပင်။ ၁၈၉၉ ခုနှစ်ကဖြစ်ပွားသော စပိန်-အမေရိကန်စစ်ပွဲအောင်နိုင်သောအခါ ကမ္ဘာတွင်၎င်း၏ ဩဇာနှင့် အဆင့် နေရာမြင့်မားလာသည့်အတွက် စပိန်၏ ကိုလိုနီများဖြစ်ခဲ့ကြသော ဂူအမ်၊ ပြူတိုရီကို နှင့် ဖိလစ်ပိုင်တို့ကို ထိုနိုင်ငံ သားများ၏ သဘောဆန္ဒမပါဘဲ သိမ်းပိုက်ခြင်းကို ထောက်ခံခဲ့သည်။ ထို့ပြင် ကျူးဘားနိုင်ငံကို ရုပ်သေးနိုင်ငံ အဖြစ် ဆက်လတ်ထိန်းသိမ်းထားခဲ့သည်။

ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ခွဲထွက်ခွင့်

 
တဖက်တွင် အစဉ်အလာအင်ပါယာများအတွင်း အမျိုးသားရေးစိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်လာ နေကြသည်။ ဥရောပကိုယ်၌သည်ပင် ၎င်းအတွင်း အမျိူးသားရေးဝါဒများ ထကြွလာကြပြီး ဂရိ၊ ဟန်ဂေရီ၊ ပိုလန် နှင့် ဘူလ်ဂေးရီးယား စည်တို့မှာ ၎င်းတို့၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းတိုက်ခိုက်လာကြလေသည်။ ကွန်မြူနစ်ဝါဒကို စတင်ဖော်ထုတ်၊ ဖြန့်ဖြူးသူ ကားလ်မာက်စ်က ထိုသို့သော အမျိုးသားရေးလှုပ်ရှားမှုများကို ထောက်ခံအားပေးခဲ့ပြီး လူမှုပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံတကာမဟာမိတ်ဖွဲ့မှုများအတွက် လိုအပ်သော အခင်း အကျင်းတရပ်အဖြစ် ယုံကြည်ယူဆခဲ့လေသည်။ ဆိုဗီယက်ယူနီယံကို စတင်တည်ထောင်သူ ဗလာဒီမာ လီနင်က “ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်မှာ  တစ်စုံတစ်ရာဟု အဓိပ္ပာယ်ဖွင့်ဆိုခြင်းမှာ မှားယွင်းပြီး၊ သီးခြားနိုင်ငံ ထူထောင်တည်ရှိခွင့် ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုမှသာ မှန်ကန်သည်” ဟု ၁၉၁၄ ခုနှစ်တွင် ရေးသားခဲ့သည်။

၁၉၁၇ ခုနှစ် နိုဝင်ဘာလတွင် ရုရှား၌ ဘော်ရှီဘစ်တို့ အာဏာရလာသောအခါ ချက်ခြင်းဆိုသလိုပင် ပထမကမ္ဘာစစ်မဟာမိတ်အဖွဲ့မှ နှုတ်ထွက်လိုက်ကြသည်။ ကိုလိုနီများအပါအဝင် နိုင်ငံများအားလုံး၏ ကိုယ်ပိုင် ပြဌာန်းခွင့်ကိုလည်း ထောက်ခံအားပေးလေသည်။ ၁၉၁၈ ခုနှစ် “ဆိုဗိယက်ယူနီယံ ဖွဲ့စည်းပုံအခြေခံဥပဒေ” ၌ ၎င်းတွင် ပါဝင်ဖွဲ့စည်းထားသည့်(ရီပတ်ဘလစ်) သမ္မတနိုင်ငံများအား ခွဲထွက်ခွင့်ကိုပါ အသိမှတ်ပြုလေသည်။

ဤသည်မှာ ဝီလဆင်၏ အကန့်သတ်ရှိသော တောင်းဆိုချက်များကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ၁၉၁၈ ခုနှစ် ဇန်နဝါရီလတွင် ဝီလဆင်က အချက် (၁၄) ချက်ပါကြေညာချက်ကို ထုတ်ပြန်လိုက်သည်။ အဆိုပါကြေညာ ချက်က ကိုလိုနီအရှင် သခင်များ၏ အကျိုးစီးပွားသည်လည်း ပြည်သူလူထုဆန္ဒသဘောထားကဲ့သို့ တန်းတူညီစွာ အလေးထားရမည့်အရာ ဖြစ်ကြောင်းဖြင့် ကိုလိုနီဆိုင်ရာ ရပိုင်ခွင့်သဘောထားကို ပြန်လည်ထိန်းညှိပေးခဲ့သည်။

ဤအချိန်လောက်မှစ၍ ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်တွင် လစ်ဘရယ်ဒီမိုကရက်များနှင့် ကွန်မြူနစ်များ အကြား သဘောထားခြားနားသွားလေသည်။

၁၉၁၈ ခုနှစ်မတ်လက ချုပ်ဆိုသော ဘရက်စ်-လစ်တော့ဗ်စ်က်စာချုပ်က ရုရှားကို စစ်ပွဲမှ ထွက်သွားစေ သည့်ပြင် အာမေးနီးယား၊ ဖင်လန်၊ အက်စ်တိုနီးယား၊ လတ်ဗီးယား၊ ယူကရိန်း၊ လစ်သူနီးယား၊ ဂျော်ဂျီယာနှင့် ပို လန်တို့ကို လွတ်လပ်ရေး ရစေခဲ့သည်။ စစ်ပွဲ၏ နောက်ဆုံးရလဒ်က အောစ့်တြို-ဟန်ဂေရီအင်ပိုင်ယာပြိုကွဲ သွားစေပြီး၊ ချက်ကိုစလိုဗက်ကီးယား၊ ဆလိုဗင်း-ကရုတ်-ဆာဗ့်နိုင်ငံနှင့် ဆာ့ဗီးယားဘုရင့်နိုင်ငံစသည့် နိုင်ငံသစ် များ ပေါ်ထွန်းလာသည်။

မည်သို့ပင် ဆိုစေကာမူ တချို့သောလူမျိုးများ (အထူးသဖြင့် ပိုလ်းများ၊ ချက်များ၊ ဆာဗ့်များ နှင့် ရိုမေးနီးယန်းများ) ကို သူတို့ကို မယုံကြည်မနှစ်သက်သော လူမျိုးများအပေါ်  အုပ်ချုပ်ခွင့်အာဏာ ပေးအပ်လိုက် ခြင်းက ဒုတိယကမ္ဘာစစ် ဖြစ်စေရန် မျိုးစေ့ချပေးလိုက်သလို ဖြစ်စေလေသည်။ ထို့အတူ ဂျာမနီသည် ပထမ ကမ္ဘာစစ်ပွဲတွင် နယ်မြေအချို့ ဆုံးရှုံးရသည်။ မြောက်ပိုင်း ဆလက်စ်ဗစ် (Slesvig) နယ်မြေက ဒီန်းမတ်နှင့် ပူးပေါင်းလိုကြောင်း လူထုဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးကြသည်။ စစ်ရှုံးသွားသော အော်တိုမန်အင်ပိုင်ယာက တူရကီသမ္မတနိုင်ငံ နှင့် နိုင်ငံငယ်အများအပြားအဖြစ် ကွဲထွက်သွားသည်။

၎င်းတို့မှာ ယီမင်၊ ဆီးရီးယား နှင့် လက်ဘနွန် (နောက်ပိုင်းတွင် ဆီးရီးယား၊ လတ်ဘနွန် နှင့် ဟာဌေးနိုင်ငံ) ပါလက်စတိုင်း (နောက်ပိုင်းတွင် ထရန်ဂျော်ဒန် နှင့် အစ္စရေး)၊ မက်ဆိုပိုတေးမီးယား (နောက်ပိုင်းတွင် အီရတ်) တို့ ဖြစ်ကြသည်။ နိုင်ငံပေါင်းချုပ်အသင်းကြီးဖွဲ့စည်းခြင်း ငြိမ်းချမ်းရေးသို့ သွားရောက်ရာလမ်းအဖြစ် ဤနိုင်ငံသစ်များကို စုစည်းရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ကိုယ်ပိုင်ပြဌာန်းခွင့် စကားလုံးလှလှသုံးထားသည့် ဖက်ဆစ်အမျိုးသားရေးဝါဒ

 

၁၉၂၀ နှင့် ၁၉၃၀ ခုနှစ်များအတွင်း ကိုလိုနီစနစ်ဖျက်သိမ်းရေး လုပ်ငန်းစဉ်များစတင်ချိန် ကိုယ်ပိုင်ပြ ဌာန်းခွင့်အတွက် အောင်မြင်သော လှုပ်ရှားမှုတစ်ချို့ရှိခဲ့သည်။ ဝက်စ်မင်စတာ ဥပဒေအရ အင်္ဂလန်သည် ကနေဒါ၊ နယူးဇီလန်၊ နယူးဖောင်လန်၊ အိုင်းရစ်ဖရီးစတိစ်၊ ဩစတြေးလျ နှင့် တောင်အာဖရိက တို့အပေါ် ၎င်းတို့ ၏ဆန္ဒမပါဘဲ ဥပဒေပြဌာန်းခြင်း မပြုနိုင်ဟု ကြေငြာကာ လွတ်လပ်ရေးပေးလိုက်လေသည်။ အီဂျစ်၊ အာဖဂန်နစ္စ တန် နှင့် အီရတ်တို့သည် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေး ရခဲ့ကြပြီး လက်ဘနွန်သည် ပြင်သစ်လက် အောက်မှ လွတ်လပ်ခဲ့သည်။ အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှု ကဲ့သို့ ကြိုးပမ်းမှုများကတော့ မအောင်မြင်ခဲ့ကြ သေးပေ။ အီတလီ၊ ဂျပန် နှင့် ဂျာမနီတို့က ဒေသနယ်မြေတစ်ချို့ကို သူတို့၏ ချုပ်ကိုင်မှုအောက်ရောက်စေရန် ကြိုးစားကြခြင်းဖြင့် ဒုတိယကမ္ဘာစစ်ပွဲသို့ ဦးတည်နေတော့သည်။

အထူးသဖြင့် အဒေါ့ဖ်ဟစ်တလာက ၁၉၂၀ ခုနှစ် ဖေဖဝါရီလ ၂၄ ရက်နေ့တွင် အချက် (၂၅) ချက်ပါ အမျိုးသားဆိုရှယ်လစ်လမ်းစဉ်ဆိုသည်ကို ထုန်ပြန်၍ ဂျာမန်လူမျိုးရေးဝါဒရည်မှန်းချက်ကို လူသိရှင်ကြား ကြေငြာခဲ့လေရာ ကြေငြာချက်၏ ပထမဆုံးအပိုဒ်တွင် “ပြည်သူလူထု၏ ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံမူဖြင့် ဂျာမန်အားလုံး မဟာဂျာမနီနိုင်ငံတွင် စုစည်းညီညွတ်ရန် ကျွန်ုပ်တို့ တောင်းဆိုလိုက်သည်”  ဟု ဖော်ပြ ထားလေသည်။

အာရှတိုက်တွင် ဂျပန်နိုင်ငံသည် ရုရှား-ဂျပန် စစ်ပွဲနိုင်လိုက်ပြီးနောက် အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာလေရာ အနောက်တိုင်းအင်းအားကြီး နိုင်ငံတို့၏ ပိုမိုလေးစားမှုကို ရရှိလာသည်။ ၁၉၃၀ ခုနှစ် များတွင် မန်ချူးရီယားကို ကျူးကျော်တိုက်ခိုက်ပြီးနောက် မန်ချူးရီယားနှင့် အတွင်းမွန်ဂိုလီးယားအရှေ့ပိုင်းတို့တွင် မန်ချူးကိုးရုပ်သေးနိုင်ငံ ထူထောင်ပေးခဲ့သည်။ ဂျပန်သည် အခြားသော အာရှနိုင်ငံများကိုလည်း ကျူးကျော်သိမ်း ပိုက်ပြီး ထိုပုံစံအတိုင်းလုပ်ဆောင်ကာ မဟာအရှေ့အာရှ သာတူညီမျှချမ်းသာကြွယ်ဝရေး အဖွဲ့ကြီးကို တည် ထောင်လေသည်။

ကုလသမဂ္ဂ ပဋိညာဉ်

 
၁၉၄၁ ခုနှစ်က ဒုတိယကမ္ဘာစစ်မဟာမိတ်များက အတ္တလန်တစ်ကြေညာချက်ကို ထုတ်ပြန်ကြေညာပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံမူများကို လက်ခံအတည်ပြုကြသည်။ ၁၉၄၂ ခုနှစ်တွင် ၂၆ နိုင်ငံတို့က အဆိုပါအခြေခံ မူများပါဝင်သည့် ကုလသမဂ္ဂကြေညာစာတမ်းကို လက်မှတ်ရေးထိုးကြလေသည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် ၁၉၄၅ ခုနှစ်တွင် ကုလသမဂ္ဂပဋိညာဉ်စတန်းကို အတည်ပြုသည့်အခါ ကိုယ်ပိုင်ပြဌာန်းခွင့်ကို နိုင်ငံတကာတရား ဥပဒေနှင့် သံတမန်ရေးဆိုင်ရာမူဘောင်အဖြစ် ထည့်သွင်းခဲ့သည်။

သို့သော်လည်း ပဋိညာဉ်နှင့် တခြားသောဆုံးဖြတ်ချက်များက ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိစေရေးအတွက် လုံးဝလွတ်လပ်ရေးသည် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ခိုင်မာစွာထောက်ခံခြင်းမပြုခဲ့သလို အားပေးခြင်း လည်း မပြုခဲ့ချေ။ မည်သို့ပင်ဆိုစေ ၁၉၄၆ ခုနှစ်မှ ၁၉၆၀ ခုနှစ်အတွင်း အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း တို့တွင် ၃၇ နိုင်ငံသည် ကိုလိုနီအရှင်သခင်များထံမှ လွတ်လပ်ရေးရခဲ့ကြလေသည်။

 
(နောက်အပတ်ဆက်လက် ဖော်ပြပါမည်) ရဲထွန်း (သီပေါ)

Related Articles

Back to top button