တိုင်းရင်းသားများသတင်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

                                                                 (No. 41, June 10, 2022)

၁။ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး
10 June, 2022

ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်က ကန်ပက်လက်မြို့နယ်မှာ ဇွန် ၉ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉ ယောက် သေဆုံးခဲ့တယ်လို့ PDF-ဆော (YRPA) ရဲ့ ပြန်ကြားရေးတာန်ခံ ဗိုလ်မင်းက ဒီဗွီဘီကို ပြောပါတယ်။ “မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်မှာက ချင်းလက်မွန်နဲ့ ယောလက်မွန်ဆိုပြီး ၂ ခုရှိတာဗျ။ အခုတိုက်ပွဲဖြစ်တာက ချင်းလက်မွန် (အထက်လက်မွန်) ရွာနားမှာ တိုက်ပွဲ ဖြစ်ခဲ့တာ။ တိုက်ပွဲက ဇွန်လ ၉ ရက်နေ့ မနက် ၁၀ နာရီလောက်ကနေ ၁၁ နာရီလောက်ထိ တကြိမ်၊ ညနေ ၅ နာရီကနေ ၆ နာရီ လောက်ထိ တကြိမ် ဖြစ်ပွားခဲ့တာ။ စစ်ကောင်စီတပ်သား ၉ ယောက်သေဆုံးပြီး ဒဏ်ရာရသူ အရေတွက်ကိုတော့ မသိရ သေးဘူး။” အဲဒီတိုက်ပွဲကို CDF-ကန်ပက်လက်၊ PDF-ဆော တပ်ရင်း(၂) YRPA၊ The Youth Force နဲ့ ညောင်းရမ်း-PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ညီနောင်မဟာမိတ်တပ်တွေဘက်က အထိအခိုက် အကျအဆုံး မရှိခဲ့ကြဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းမှာ အင်အား ၁၈၅ ယောက်ပါပြီး ဇွန် ၇ ရက်ကတည်းက ဟိုဘက်တက်သလို ဒီဘက်တက် သလိုနဲ့ အထက်လက်မွန်ဘက်ကို တက်သွားတယ်လို့ သတင်းကြားတဲ့အတွက် ဒီနေ့မှာ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တာလို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ “ကျနော်တို့ PDF-ဆော အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေမှာ လက်နက်ခဲယမ်း အခက်အခဲတွေ ရှိတယ်ဗျ။ မောင်းပြန်သေနတ်တလက်ကို အရင်က သိန်း ၃၀ ကျော်လောက်သာ ပေါက်စျေးရှိပေမဲ့ အခု သိန်းရာကျော်ထိ စျေးပေါက်ကာ သယ်ယူရတဲ့ လမ်းကြောင်းလည်း မလွယ်ကူသလို မကြာခဏ ဖမ်းဆီးခံရတာတွေလည်း ရှိနေ တယ်။” နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသ လို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ http://burmese.dvb.no/archives/537 776

၂။ စစ်ကောင်စီ တပ်ဆုတ်ခိုင်းသည့် SSPP စခန်း (၃) နေရာကို တပ်ဆုတ်ခွာမည် မဟုတ်
June 8, 2022
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ နယ် နှင့် တန့်ယန်းမြို့နယ်ကြားရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်း (၃) နေရာကို စစ်ကောင်စီက ဇွန်လ (၁၀) ရက် နောက်ဆုံးထားပြီး တပ်ဆုတ်ခွာခိုင်းသော်လည်း SSPP မှ တပ်ဆုတ်သွားမည် မဟုတ်ကြောင်း SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု ထံသိရသည်။ စစ်ကောင်စီမှ တပ်ဆုတ်ခွာ ခိုင်းသော်လည်း SSPP ဘက်မှ တပ်ဆုတ်သွားမည်မဟုတ်ကြောင်း၊ ထို့အပြင် စစ်ကောင်စီ စစ်ဆင်ရေးထိုးလာပါက တိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ “သူတို့ပြောတာတော့ ၁၀ ရက် နောက်ဆုံးထားပြီး ထွက်ခွာခိုင်းတာ။ ဒါပေမယ့် ကျနော်တို့က ထွက်ခွာလို့မရဘူးလေ။ ကျနော်တို့လည်း စစ်ရေးပြင်ဆင်ပြီးတော့ စောင့်ကြည့်နေပါတယ်။ ဒီတပ်နေရာတွေကလည်း ကျနော် တို့ နေလာတာ (၁၀) နှစ်ရှိနေပြီ” ဟု SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုတပ်စခန်း (၃) နေရာသည် မိုင်းရှူးမြို့ နှင့် တန့်ယန်းမြို့ကြားရှိပြီး ကားလမ်းဘေးတွင် တည်ရှိသည့် တပ်စခန်းများ ဖြစ်ကြောင်း သိရသည်။ “ သူတို့ ငြိမ်းချမ်းရေးဆွေနွေးပွဲတက်ဖို့ ဖိတ်ခေါ်ထားတယ်လေ။ သူတို့ ဒီလိုတပ် ဆုတ်ခိုင်းပြီး ပြဿနာရှာနေတာက ကျနော်တို့ တပ်ဖွဲ့ကို မတက်ရောက်စေချင်တဲ့သဘောလို့ ကျနော်တို့ မြင်တယ်။ သူတို့က ပြဿနာမရှိ ပြဿနာရှာပြီးတော့ ကျနော်တို့ကို ဒီကိစ္စလာပြောတယ်လို့ မြင်ပါတယ်။ သူတို့ ရွှေ့တယ် မရွှေ့ရင်တော့ ပစ်ခတ်မှုဖြစ် လာမယ်လေ။ ပစ်ခတ်မှုတွေ ဖြစ်လာရင် ကျနော်တို့ သွားပြီး စကားမပြောနိုင်တော့ဘူး” ဟု ဗိုလ်မှူးကြီး စိုင်းဆုက ထပ်လောင်း ပြောပြသည်။ https://burmese.shannews.org/archives/28553

၃။ မိုင်းနောင် ကျေးရွာအနီး စစ်ကောင်စီ နှင့် KIA တိုက်ပွဲဖြစ်ပွား
10 June 2022
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့ နေလည် ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။ လုံးတုန်ဘက်မှ စစ်ကောင်စီတပ် သား ၈၀ ဝန်းကျင်ခန့် ခြေကျင်ဖြင့် မိုင်းနောင်ကျေးရွာ အနောက်ဘက်ခြမ်း KIA တပ်ရင်း ၂၆ နယ်မြေအတွင်းကို ဝင်ရောက် လာသဖြင့် လမ်းခုလပ်တစ်နေရာတွင် KIA မှ တိုက်ခိုက်ခဲ့သောကြောင့် ၁ နာရီခန့်အကြာ နှစ်ဖက်တပ်တိုက်ပွဲ ပြင်းထန်ခဲ့ သည်ဟု KIA တပ်ရင်း ၂၆ ဘက်မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“အခုတိုက်ပွဲဖြစ်နေတဲ့နေရာက မိုင်းနောင်ရွာအပြင်ဘက် ကျမယ်။ ရွာကနေဆို ၃ မိုင်လောက်ရှိမယ်။ စစ်သားတွေက ဒီတိုင်း လမ်းဖြတ်လာတာ မဟုတ်ဘူး။ ကျနော်တို့ စခန်းရှိတဲ့ဘက်ကို ခြေလျင်နဲ့ ထိုးစစ်ဝင်လာတယ်။ အင်အားက တစ်ရာ မပြည့်ဘူး။ သူတို့ပုံမှန်သွားတဲ့လမ်း မဟုတ်ဘူးလေ။” ဟု ပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ နှစ်ဖက် တပ် နောက်ဆုတ်ခြင်းမရှိသေးဘဲ အပြန်အလှန်စောင့်ကြည့်သော အခြေအနေတွင် ဆက်လက်ရှိနေသည့်အတွက် တိုက်ပွဲဆက် လက်ဖြစ်ပွားနိုင်ခြေရှိနိုင်ကြောင်း သူကဆက်ဆိုထားသည်။ https://burmese.kachinnews.com/2022/06/10/jun10-yl1/

၄။ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) ဒေသကိုစွန့်ခွာတော့မည်ဖြစ်ပြီး စုဖွဲ့မှုအသစ်ဖြင့် ပြန်လာမည်ဟု ဆို
June 10, 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံဒေသတွင် လှုပ်ရှားလျက်ရှိသည့် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အနေဖြင့် ဒေသကိုစွန့်ခွာတော့မည်ဖြစ်ပြီး စုဖွဲ့မှုအသစ်ဖြင့်ပြန်လာမည်ဖြစ်ကြောင်း ဇွန်လ ၉ ရက် ညပိုင်း တွင် ထုတ်ပြန်ထားသည်။ ယခုအချိန်သည် PDF များသာမက ပြည်သူများပါ အစစအရာရာ ခက်ခဲကြပ်တည်းနေသော အချိန်ဖြစ် နေသောကြောင့် အခြေအနေအရ မိမိတို့လုပ်ငန်းစဥ်များကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့် အတွက်ကြောင့် YPDF များအနေဖြင့် ရွာငံဒေသကို စွန့်ခွာတော့မည်ဖြစ်ကြောင်း အသိပေးပြောဆိုထား သည်။ “ သေနတ်ပေးပါ အသက်ပေးပါ့မယ်ဆိုပြီးပြောရင် ကျနော်တို့မှာ အသက်တွေအများကြီး၊ သေနတ်သာ ပေးမယ့်သူမရှိတာ။ မတတ်သာတဲ့အဆုံးတော့ ဒီတိုင်းပဲဆုံးဖြတ်လိုက် ရပါတယ်။ ဒေသမှာဆက်လက် ရပ်တည်ဖို့က ဘယ်လိုမှအဆင်မပြေတော့လို့ပါ။ ဒီလိုမှမဟုတ်ရင် ခွေးတွေစစ်ကြောင်း ထိုးလာ လို့ ပြန်ခံ ပစ်စရာ တူမီးပဲရှိတယ်လေ။ အသက်ရှင်သန်နေသရွေ့တော့ တော်လှန်ရေးအတွက် ဘာမဆိုလုပ်လို့ရတယ်” ဟု ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

စုဖွဲ့မှုအသစ်ဖြင့် ပြန်လာမည်ဖြစ်ပြီး တော်လှန်ရေးအောင်နိုင်ရေးသည် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် တိုက်ရိုက် အချိုးကျနေ၍ ပြည်သူများအနေဖြင့် လုံးဝစိတ်ဓာတ်မကျပဲ မလျော့သောဇွဲဖြင့် ပါဝင်နိုင်သည့် နေရာများတွင် ပူးပေါင်းပါဝင် ပေးကြရန် တိုက်တွန်းထားသည်။ “လျှိ့ဝှက်ချက်နဲ့ လှည့်ဖြားခြင်းဟာ စစ်ရဲ့အသက်ပဲလို့ ကျနော်တို့ သင်တန်းတက်တုန်းက တပ်ရင်းမှူးက ပြောဖူးပါတယ်။ ခြေသံလုံလုံနဲ့သွားမှ ရန်သူ့နောက်ကျောပဲဖြစ်ဖြစ် ရင်ဝပဲဖြစ်ဖြစ် ပိုင်ပိုင်နိုင်နိုင် ချေမှုန်း နိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့က အပြောနဲ့မဟုတ် အလုပ်နဲ့သက်သေပြသွားမယ်”ဟု ပြောသည်။ YPDF အနေဖြင့် တော်လှန်ရေး တွင် ပုံစံအမျိုးမျိုးဖြင့် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး လုံးဝ ဇွဲလျှော့ သွားမည်မဟုတ်ကြောင်း ပြောကြားထား သည်။ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)အနေဖြင့် စတင်တည်ထောင်ချိန်မှစ၍ စစ်ကောင်စီနှင့် စစ်ကောင်စီ၏ ဒေါက်တိုင် သတင်းပေးဒလန်များအား သုတ်သင်ရှင်းလင်းရာတွင် အောင်မြင်မှုများရှိခဲ့ပြီး YPDF မှ ရဲဘော် ငါးဦးနှင့် စခန်းများ၊ လက်နက်များ ဆုံးရှုံးခဲ့သည်။

၅။ စစ်ရှောင်များအတွက် ရိက္ခာသယ်ယူပို့ဆောင်ရေးတွင် သွားလာရေးအခက်အခဲများနှင့်ကြုံတွေ့နေရ
June 9, 2022
ကရင်အမျိုးသားအစည်းအရုံး -KNU ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) နယ်မြေ၊ လေးကေကော် အနီးပတ်ဝန်း ကျင်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာသယ်ဆောင်ရာတွင် သွားရေးလာရေး အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးသူများထံမှ သိရသည်။ စစ်ဘေးရှောင်နေရသည်မှာ ၆ လကျော်ကြာမြင့်လာပြီး ဖြစ်သော သောင်ရင်းမြစ်ကမ်းဘေးတစ်လျှောက်ရှိ စစ်ဘေးရှောင်များအတွက် နယ်စပ်ဖြတ်ကျော် ကူညီပေးသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများလည်း လျော့နည်းလာသလို ပြည်တွင်းအလှူရှင်များ၏ အကူအညီများဖြင့် စားနပ်ရိက္ခာ များ ဝယ်ယူသယ် ဆောင်ရာတွင်လည်း စစ်ကောင်စီ၏တားမြစ်ပိတ်ဆို့ခြင်းနှင့် ရိက္ခာပစ္စည်းသိမ်းဆည်းခံရမှုများရှိနေကြောင်း အမည်မဖော်လိုသည့် အကူအညီပေးနေသူ တစ်ဦးက ယခုလို ပြောသည်။

၎င်းက”ဝေါလေဘက်ကို စျေးတက်ဝယ်လို့မရဘူး။ စျေးတက်ဝယ်ရင်လည်း သူတို့(စကစ)က စစ်တယ်။ ဘယ်ကလဲ၊ ဘာလာလုပ်လဲ ဆိုပြီးမေးတယ်။ ပစ္စည်းတွေဝယ်လာရင်လည်း သူတို့ကို တစ်ဝက်ပေးရတယ်။ တခါတလေကျရင် စစ်ဘေး ရှောင်တွေအတွက် ဆန်အိတ် အိတ်(၂၀)လောက်ဝယ်လာရင် သူတို့က ဆယ်အိတ် လောက်ယူထားလိုက်တယ်။ BGF တို့ DKBA တို့ အဲ့လိုအသိတွေရှိတဲ့လူတွေကျတော့ အေးဆေးပဲ သူတို့သွားကြတာ”ဟု ကေအိုင်စီသို့ ပြောသည်။ ထို့အပြင် ဒေသခံ ပြည်သူများအနေဖြင့် မြဝတီဘက်ခြမ်းနှင့် ဝေါလေဘက်ခြမ်းသို့ စားနပ်ရိက္ခာများ သွားရောက် ဝယ်ယူရာတွင်လည်း နယ်မြေခံ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA နှင့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများသာ အတား အဆီး စစ်ဆေးခြင်းမခံရကြောင်းလည်း ဒေသခံများကဆိုသည်။ လတ်တလောတွင်လည်း မြန်မာနိုင်ငံအတွင်း စစ်ဘေးသင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရန် အာဆီယံ၏ လူသားချင်းစာနာထောက်ထား မှုအကူအညီပေးရေးစင်တာ (ASEAN AHA Centre) နှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေး ညှိနှိုင်းမှုရုံး (UNOCHA) စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး လိုအပ်သည့် လေ့လာစမ်းစစ်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ https://kicnews.org/2022/06/%e1%80%85%e1%80%85%e1% 80%ba%e1%80%9b%e1%80%be%e1%80

၆။ မိုင်းခတ်မြို့ ကလေးငယ်တစ်ဦးကို ရောင်းစားရန် ကြိုးစားသူ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ
June 10, 2022
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ မိုင်းခတ်မြို့မှ ကလေးငယ်တစ်ဦးကို ရောင်းစားရန် ကြိုးစားသည့် တရားခံနှစ်ဦး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရကြောင်း သတင်းသိရသည်။ မိုင်းခတ်မြို့မှ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးကို လွန်ခဲ့ သည့် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ရောင်းစားရန် လိမ်လည်ခေါ်ဆောင်သည့် တရားခံနှစ်ဦးကို ဖမ်းဆီးစစ်ဆေးပြီး ဇွန်လ ၈ ရက်နေ့တွင် ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ကြောင်း ဒေသခံတစ်ဦးထံမှ သတင်းသိရသည်။ “၂၀၂၁ ခုနှစ်ထဲက ဖြစ်သွားတဲ့ အသက် ၇ နှစ် ကလေးကို ရောင်းစားဖို့ ကြိုးစားတဲ့ အမျိုးသား နှစ်ဦးကို ဖမ်းမိထားတာ လေ၊ မိုင်းခတ်ရဲစခန်းမှာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မနဲ့ အမိန့်ချလိုက်တာ နှစ် ၂၀ တဲ့” ဟု ဖြစ်စဥ်များကို သိရသည့် ပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ တရားခံနှစ်ဦးသည် မိုင်းခတ်မြို့ ပင်းကွေ့ကျေးရွာနေ ရှော်လမွန် နှင့် ဂျဝ (တရုတ်နာမည်) ဟူသည့် တရုတ်စပ် အမျိုးသား နှစ်ဦးဖြစ်ပြီး ကလေးငယ်ကို လိမ်လည်ခေါ်ယူနေစဥ်မှာ လူကြီး နှင့် တာဝန်ရှိသူများ သတိထားမိပြီး ဖမ်းဆီး စစ်ဆေးကာ အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ကလေးငယ်သည် ရောင်းစားခြင်းခံရမှုမှ လွှတ်မြောက်ပြီး တရားခံများ လည်း ဖမ်းဆီးရမိသည့်အတွက် မိုင်းခတ် မြို့တွင်း ကလေးငယ် ပျောက်ဆုံးမှုနှင့် အမျိုးသမီး ရောင်းစားခံရမှုထပ်မဖြစ်စေရန် သတိပြုစရာများဖြစ်လာ ကြောင်းလည်းသိရသည်။ https://burmese.shannews.org/archives/28589

၇။ မင်းတပ်တွင် Non-CDM ဝန်ထမ်းတစ်ဦး၏နေအိမ် မီးရှို့ဖျက်ဆီးခံရ
June 9, 2022
မင်းတပ်မြို့ရှိ မြန်မာ့ဆက်သွယ်ရေး ဝန်ထမ်းအိမ်ရာမှ Non CDM ဝန်ထမ်းတစ်ဦး၏ နေအိမ်တစ်လုံး ယမန်နေ့ည ၇ နာရီခန့်က မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ မင်းတပ်မြို့ ဘဝသစ်ရပ်ကွက်ရှိ MPT စီးပွားရေးဌာနမှ ဝန်းထမ်းတစ်ဦး၏ နေအိမ်မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု အိမ်ပိုင်ရှင်ဒေါ်မြင့်မြင့်စိုးက The 74 Media ကိုပြောသည်။ “အိမ်မှာမရှိတဲ့အချိန်ဖြစ်သွား တာ မီးလောင်နေတယ်ထင်တယ်ဆိုပြီး ဖုန်းဝင်လာတယ်။ မီးခိုးတွေ အရမ်းထွက်တယ်လို့ ပြောတယ် ပြန်ရောက်တဲ့အချိန် အုတ်တစ်ကန့်ပဲကျန်တော့တယ်။ လိုင်းခန်းတစ်အိမ်လုံး လောင်သွားတယ်” ဟုသူကပြောသည်။

မည်သူမည်ဝါ မီးရှို့သွားသည်ကို မသိရဘဲ ဝန်ထမ်းအိမ်ရာမီးရှို့ခံရခြင်းသည် CDF-Mindat မှ ခိုင်းစေခြင်းမဟုတ် ကြောင်းနှင့် အသေးစိတ်ကို ဆက်လက် စုံစမ်းသွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ “တပ်ဖွဲ့ကတရားဝင်ခိုင်းတာမဟုတ်ဘဲ ကိုယ့်သဘောနဲ့ ကိုယ်လုပ်တာဖြစ်ဖို့များတယ်။ လုံးဝ မလုပ်သင့်တဲ့ လုပ်ရပ် ပါ။ CDF Mindat အနေနဲ့လုံးဝ(လုံးဝ)လက်မခံပါဘူး ကျွန်တော်တို့လည်း အသေးစိတ်စုံစမ်းနေတယ်” ဟုသူကပြောသည်။

၈။ ကျင်းထဲပြုတ်ကျ သေဆုံးသွားသည့် မိသားစု ၃ ဦး ရုပ်အလောင်း နှင့် ကားရှာမတွေ့သေး
10 June 2022
ဖားကန့်မြို့ လသားအရွယ်ကလေးငယ် ကို ကာကွယ်ဆေးထိုးပေးရန် ဖားကန့်သို့အဆင်း ရှရော်ခ၊ မော်မောင်းလယန် အတက် လမ်းဆုံတွင် ကားဘီးပေါက်ကာ ကျင်းသို့ ပြုတ်ကျသွားသည့် မိသားစုဝင် ၃ ဦး၏ ရုပ်အလောင်းနှင့် ကားကို ယနေ့ထိ ရှာမတွေ့သေးကြောင်း ကယ်ဆယ်ရေးလုပ်နေသူများမှ သိရသည်။ ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ပြီး မှော်မောင်းလျှံကျေးရွာရှိ မှော်မောင်းလျှံအကျိုးတူ ကုမ္ပဏီမှ ဝန်ထမ်းမိသားစု တစ်စုသည် လသားအရွယ်ကလေးငယ်ကို ကာကွယ်ဆေးထိုးပေးရန် ဖားကန့်ဆေးရုံသို့ခေါ်လာစဉ် ၎င်းတို့စီးနင်လာသည့် ကားမှာ အေးမြသာယာ ကျောက်စိမ်းလုပ်ကွက် ဟောင်းတစ်ခုတွင် ဘရိတ်ပေါက်ကွဲအရှိန်လွန် ပြုတ်သွားခဲ့ခြင်းဖြစ်သည်။

“အခြေအနေကတော့ မထူးသေးဘူးဗျ။ ဒီနေ့လည်းရှာနေတုန်းပဲ ကားပြုတ်ကျတဲ့ ကန်က ပေ ၄၀၀ လောက်ရှိတဲ့ ကြိုး ကို ရေပေါ်ကနေ ဖောင်ကနေ ချတာ နှစ်ပေ သုံးပေလောက်ပဲပိုတယ်။ အလောင်းလည်းရှာမတွေ့သေးဘူး ပြုတ်ကျသွားတဲ့ ကားလည်းမတွေ့သေးဘူး” ဟု ကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက ဆိုသည်။ လတ်တလောတွင် ရှာဖွေရေး လုပ်ငန်းများကို မှော်မောင်းလျှံ ကုမ္ပဏီ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းသားမှ ဝန်ထမ်းများနှင့် ပရဟိတ အသင်းများက ရှာဖွေရေး လုပ်နေ ကြောင်း သိရသည်။ ယင်း မိသားစုမှာ မှော်မောင်းလျှံ အကျိုးတူ ကုမ္ပဏီမှ စာရေးမိသားစုဟု သိရပြီး စီးနင်လာသည့်ကားမှာ ပါဂျဲရိုကား အမျိုးအစားဖြစ်ကြောင်း သိရသည်။ https://burmese.kachinnews.com/2022/06/10/jun10-az1/

၉။ မြဝတီမြို့အနီး မယ်ထော်သလေးရွာရှိ စစ်ဘေးရှောင်နေအိမ်အား စစ်ကောင်စီချိပ်ပိတ်
June 9, 2022
စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များနှစ်ဖက် စစ်ရေးတင်း မာနေဆဲဖြစ်သည့် မြဝတီတောင်ဘက် မယ်ထော်သလေးကျေးရွာရှိ စစ်ရှောင်တစ်ဦး၏ စတိုးဆိုင်နှင့် နေအိမ်အား စစ်ကောင်စီ က ချိပ်ပိတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။ ဇွန်လ ၈ ရက်က အာဏာသိမ်းစစ်ကောင်စီ၊ နယ်ခြားစောင့်တပ်-BGF နှင့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအချို့ပါ၀င်သော အဖွဲ့သည် မယ်ထော်သလေး၊ ပဟိကလော်ကျေးရွာလမ်းဆုံရှိ ကျေးရွာဒေသခံ တစ်ဦး၏ စတိုးဆိုင်နှင့်နေအိမ်အား လာရောက် ချိပ်ပိတ်သိမ်းသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။ “မနေ့က စစ်တပ်အဖွဲ့တွေ မယ်ထော်သလေးနဲ့ ပဟိကလော်လမ်းဆုံဘက်ကိုလာတယ်။ စစ်ဘေးရှောင်နေကြတဲ့ KNU မိသားစုအိမ်တွေ၊ ဆိုင်ခန်းတန်းလျားတွေဘက် စစ်မေးတာတွေလုပ်တယ်၊ ပြီးတော့ မယ်ထော်သလေး လမ်းဆုံဘက်အခြမ်းက ဂျူပီတာဆိုတဲ့ ကိုစည်သူရဲ့ အိမ်နဲ့ဖုန်းတွေ၊ ကွန်ပျူတာတွေ ၊ အိမ်သုံးပစ္စည်းတွေ ရောင်းတဲ့ စတိုးဆိုင်အိမ်ကို လာချိပ်ပိတ်သွားတယ်၊ အဲ့ဒီမိသားစုကလည်း မရှိဘူး၊ စစ်ဘေးရှောင်နေကြတယ်”ဟု ၎င်းဒေသခံရွာသားက ပြောသည်။

မယ်ထော်သလေးကျေးရွာ လမ်းဆုံနေရာတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်နှင့် KNLA ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ချိန်တွင် စစ်ကောင်စီဘက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် များ၊ စျေးဆိုင်များ ၊ သီလရှင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ရေသန့်စက်ရုံ ၊ လျှပ်စစ် ထရွမ်စ ဖော်မာများ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံရွာသားများလည်း ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရ သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်လည်း မြဝတီမြို့ ကြံခင်းရပ်ကွက်ရှိ NUG အမျိုးသား ညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ဖြစ်သူ မန်းဝင်းခိုင်သန်း ၏ နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့သလို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ပြည်ခိုင်ဖြိုး လမ်းတွင် ဖွင့်လှစ်ထားသော ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ပိုင်ဆိုင်သည့် ရွှေဆိုင်ကို စစ်ကောင်စီ ရဲတပ်ဖွဲ့က သိမ်းဆည်းချိတ်ပိတ်ခဲ့သေးသည်။ https://kicnews.org/2022/06/%e1%80%99%e1%80%bc%e1%80 %9d%e1%80%90%e1%80%ae%e1%80

၁၀။ စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်
June 10, 2022
တနိုင်းမြို့ ကောင်ရာကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းကို ယနေ့ နံနက် ၇ နာရီခန့်တွင် ကချင်လွတ်မြောက်ရေး တပ် (KIA) ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ နမ့်ဖျက်ကျေးရွာမှ ချီတက်လာသည့် အင်အား ၁၀၀ ခန့်ပါရှိသော စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၈၆ စစ်ကြောင်းသည် ကောင်ရာသင်္ချိုင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ ခြင်းပြီး ပစ်ခတ်သံများကြားသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။ “သင်္ချိုင်းကုန်းမှာလို့ပြောတယ်။ လက်နက်ကြီးသံလည်းကြားတယ်ပြီးတော့ သေနတ်သံလည်းကြားတယ်။ သေနတ်သံက ရမ်းပစ်တာနေမှာ တိုက်ပွဲဖြစ်တဲ့အသံ တော့ မဟုတ်ဘူး။ သင်္ချိုင်းကုန်နဲ့ ရွာနဲ့ဆို ၅ မိနစ်လောက်ပဲ မောင်းရတယ်” ဟုသူက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် တိန်ကောက်ကျေးရွာတွင် ခရီးသွားကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီး ယနေ့ န့နက် ၁၀ နာရီခွဲခန့်က ဖြတ်သန်းသွားလာခွင့်ရကြောင်း အခြားဒေသခံများထံမှ သိရသည်။ ဖားကန့်မြို့နယ် ဝခါးမှော်အနီးတွင် ယမန်နေ့လည်း စစ်ကောင်စီတပ်နှင့်ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်နှင့် နီးစပ်သည့် သတင်းရင်းများထံမှ သိရသည်။

၁၁။ လားရှိုး – ကျောက်မဲလမ်းတွင် စစ်ကောင်စီက တင်းကြပ်စွာစစ်ဆေး၊ ပိုက်ဆံကောက်ယူနေ
June 9, 2022
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ – လားရှိုး လမ်းကြားတွင် စစ်ကောင်စီတပ်သား နှင့် ရဲ တို့သည် ခရီးသည်များ နှင့် ကားသမားများကို တင်းကြပ်စွာ စစ်ဆေးပြီး ပိုက်ဆံ ကောက်ယူနေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇွန် ၅ ရက်နေ့က လားရှိုး – ကျောက်မဲ အသွားလမ်းတွင် စစ်ကောင်စီ နှင့် ရဲတပ်ဖွဲ့တို့က မှတ်ပုံတင် နှင့် လိုင်စင်များကို စစ်ဆေးနေပြီး ငွေတောင်း ယူခြင်း၊ ဆဲဆိုမှုများလည်း ရှိကြောင်း ကြုံတွေ့ရသူများက ပြောသည်။ “ အဲ့နေ့က ကျောက်မဲလမ်းခွဲ မှာ စစ်သားနဲ့ ရဲတွေ စစ်ဆေးနေတယ်။ ကျန်းမာရေးကဒ် နဲ့ မှတ်ပုံတင် ကို စစ်ဆေးနေတာ။ ကားသမားတွေကို လိုင်စင် စစ်ဆေးပြီး ကားငယ်ဆိုရင် သူတို့ ပိုက်ဆံ ၁ သောင်းခွဲ ပေးခိုင်းတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ခရီးသည် တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆေးရာတွင်လည်း စစ်သားများက ဆဲဆိုပြီး ပိုက်ဆံကို အတင်းအဓမ္မတောင်းယူနေကြောင်း သိရသည်။ “ စစ်ဆေးတာကလည်း ကောင်းကောင်းမစစ်ဘူး။ အဆဲပါတယ်။ ရိုင်းစိုင်းတဲ့ စကားတွေဆဲပြီး စစ်ဆေးနေတာ။။ ပိုက်ဆံလည်း အတင်းတောင်းတာ။ ခရီးသည်စစ်ဆေးခံရတဲ့သူက ကျနော်ပါ” ဟု ၎င်းက ဆိုသည်။ ယခင်က စစ်တပ်အာဏာမသိမ်းခင် ကာလတွင် ခရီးသွားလာရာမှာ လွယ်ကူပြီး စိုးရိမ်စိတ်မရှိပဲ သွားလာလို့ရကြောင်း၊ လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်၊ စစ်ကောင်စီ နှင့် လက်နက်ကိုင် အတုယောင်ဆောင်များကိုလည်း ကြောက်နေရကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသား တစ်ဦး က ပြောသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း လမ်းခရီးများတွင် စစ်ကောင်စီက မှတ်ပုံတင် စစ်ဆေးပြီး ငွေတောင်းယူနေလျက်ရှိကြောင်း သိရသည်။ https://burmese.shannews.org/archives/28558

၁၂။ မော်လမြိုင်တွင် WHO ဝန်ထမ်းတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
June 9, 2022
မွန်ပြည်နယ် မော်လမြိုင်မြို့မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်း အမျိုးသားတစ်ဦး ဇွန်လ ၈ ရက်နေ့ ညနေပိုင်းတွင် အမည်မသိအမျိုးသားတစ်ဦးမှ သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း အဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။ သေဆုံးသူမှာ မော်လမြိုင်မြို့မှ ဦးမျိုးမင်းထွဋ်ဖြစ်ပြီး WHO တွင် ငါးနှစ်နီးပါး ကားဒရိုက်ဘာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်ကြောင်း၊ ရုံးဆင်းချိန် နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်စဥ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း WHO ဝန်ထမ်းတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ ရုံးဆင်းတော့ သူပြန်သွားတာ။ နောက်ပြီး ညနေကြတော့ သူ့သတင်း ကြားတော့တာပဲ။ သေနတ်နဲ့အပစ်ခံရ တယ်ဆိုလို့ ကျွန်တော်တို့သွားတာ။ရောက်တော့ အသက်မရှိတော့ဘူး”ဟု ၎င်းက ပြောသည်။

ဦးမျိုးမင်းထွဋ်သည် စစ်တပ်သတင်းပေးလုပ်သည့်အပြင် သက်ငယ်မုဒိမ်းကျူးလွန်ကာ ခြိမ်းခြောက်မှုများရှိနေသည့် အတွက် မော်လမြိုင် PDF က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း ထုတ်ပြန်ချက်ပါအချက်များကို သီးခြား အတည်မပြုနိုင်သေးပေ။ အဆိုပါဖြစ်စဥ်ဖြစ်ပွားပြီးနောက် သံလွင်ဥယာဥ်အနီးတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရသူအချို့ရှိကြောင်း ဒေသခံများက ဆိုသည်။ ဦးမျိုးမင်းထွဋ်သည် မော်လမြိုင်မြို့ တောင်ပေါ်တန်းအဆင်း သံလွင်ဥယျာဥ် အနောက်ဘက် လမ်းကြားတွင် အပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ခြင်း ဖြစ်ပြီး သေဆုံး ခြင်းမှာ မှန်ကန်ကြောင်းနှင့် မိသားစုနှင့်ထပ်တူဝမ်းနည်းရကြောင်း WHO က ထုတ်ပြန်ထားသည်။ https://burmese.m onnews.org/2022/06/09/%e1%80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80

၁၃။ သီပေါတွင် ညမထွက်ရအမိန့်ထုတ်ပြန်၊ ဒေသခံများ အခက်တွေ့
10 June, 2022
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် လူ ၅ ဦးထက်ပို စုဝေး ခြင်းမပြုကြဖို့နဲ့ ည ၈ နာရီမှ မနက် ၄ နာရီထိ ညမထွက်ဖို့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အမိန့် စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ သီပေါမြို့နယ်မှာ လူတချို့ဟာ အများပြည်သူလုံခြုံရေးနဲ့ တရားဥပဒေ ထိခိုက်ပျက်ပြားအောင် ဆောင်ရွက်နေလို့ မြို့နယ်ထဲမှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တမျိုးမျိုး ကိုအသုံးပြုတာ ဖြစ်ဖြစ် လူကိုယ်တိုင်ဖြစ်ဖြစ် စီတန်းလှည့်လည်လှုံ့ဆော် ဆန္ဒပြ တာ၊ ဖျက်ဆီးတာ၊ ရုန်းရင်းဆန်ခတ်တွေ မလုပ်ဖို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဇွန် ၈ ရက် နေ့စွဲနဲ့ အမိန့်ထုတ်ထား တာပါ။ အဆိုပါအမိန့်ဟာ နောက်ထပ်အမိန့်တစုံတရာ မရမချင်း အတည်ဖြစ်တယ်လို့ ဆိုပါတယ်။

သီပေါမြို့ခံတွေကတော့ မြို့ပေါ်မှာ ခုတလော ဆန္ဒပြတာ၊ လုယက်တာတွေမရှိဘဲနဲ့ ခုလို အမိန့်ထုတ်တဲ့အပေါ် အံ့ဩမိကြောင်း၊ သီပေါမှာ ကိုဗစ်-၁၉ ကြောင့် ဈေးမရောင်းရ၊ ဆိုင်မဖွင့်ရလို့ စားဝတ်နေရေးခက်ခဲသူတွေ မကြာခင်က ဆိုင်ပြန် ဖွင့်ရလို့ ပြေလည်ခါစမှာ အခုလို ညမထွက်ရ လူမစုရ အမိန့်ကြောင့် အခက်အခဲပြန်ဖြစ်ရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “လုံခြုံရေးမပေးနိုင်တဲ့အဖွဲ့က စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့ပဲလို့ ပြောလိုက်ချင်တယ်။ ဒုက္ခရောက်သူတွေကို ကယ်တင် လာတဲ့ ပရဟိတကားပါ။ အဲဒါကို ချက်ချင်းရပ်မပေးလို့ ကားမောင်းသမားကို ရိုက်တယ်။ အခက်အခဲရှိတဲ့သူတွေက အချိန်မရွေးဖြစ်နိုင်ပါတယ်။ အခုလို ညမထွက်ရအမိန့်ထုတ်တော့ ကူညီကယ်ဆယ်ရေးကို အချိန်မရွေး သွားကူလို့မရတော့ဘူးပေါ့။ မြို့နယ်ရုံးက သူတို့ဆီမှာ ခွင့်တောင်းပြီးသွားကူလို့ ရတယ်ဆိုပေမဲ့ ဝန်ထမ်းတွေက ညဆို ဖုန်းမှ မကိုင်တော့တာ၊ ခွင့်ပြုချက် အဆင့်ဆင့် တောင်းပြီးတဲ့ချိန်ဆို တချို့လူနာတွေ အသက်မမီတော့ဘူး။” ကျောက်မဲခရိုင်မှာ ကျောက်မဲ၊ သီပေါ၊ နမ္မတူနဲ့ နောင်ချိုမြို့နယ် လေးမြို့နယ် ပါဝင်ပြီး သီပေါမြို့နယ်တခုတည်းမှာသာ ပုဒ်မ ၁၁၄ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ http://bu rmese.dvb. no/archives/537795

၁၄။ ဆွမ်ပရာဘွမ်တွင်ဖြစ်ပွားခဲ့သည့် KIA နှင့်စစ်ကောင်စီတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေ
June 10, 2022
ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က ဆွမ်ပရာဘွမ်မြို့နယ် ဒရူးခကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။ ပူတာအိုမြို့မှ ဆင်းလာသော အင်အား ၂၀၀ ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ် သည်ဟု မြေပြင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ “စစ်ကောင်စီတပ်ရင်းတွေကတော့ အကုန်ရောနေလို့ မသိရဘူး။ သေတဲ့စာရင်းကတော့ မှန်တယ် ဒဏ်ရာပြင်းထန်တဲ့သူတွေ ဘယ်နှယောက်လည်းဆိုတာကတော့ မခန့်မှန်းနိုင်သေးဘူး။ အခုနှစ်နေရာ၊ သုံးနေရာလောက်မှာ အခုထိတိုက်ပွဲဖြစ်နေဆဲမို့လို့” ဟုသူကပြောသည်။

ဆူးယန်ကျေးရွာ ဆနန်ခချောင်းတံတားအနီးတွင်လည်း ယနေ့နံနက် ၅ နာရီခန့်က စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ကြောင်း ဆူယန်ဒေသခံများ ထံကသိရသည်။ ဆွမ်ပရာဘွမ်မြို့နှင့် ဒရူးကျေးရွာကြားတွင်လည်း ဇွန်လ ၈ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

၁၅။ စစ်ရှောင်စခန်းမှာဖွင့်လှစ်ထားတဲ့ ဆယ်သဲကောလိပ်ကျောင်း ဘွဲ့နှင်းသဘင်ပြုလုပ်
June 10, 2022
ထိုင်းမြန်မာနယ်စပ် KNPP ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်းတစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ဆယ်သဲ ကောလိပ်ကျောင်း ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီကနေ့ ဇွန်လ ၁၀ မှာပြုလုပ်ခဲ့ပါတယ်လို့ သိရပါတယ်။ အဲဒီကျောင်းမှာ အဓိက ကရင်နီပြည် ဒေသများက စစ်ဘေးရှောင်လာတဲ့ လူငယ်တွေကို သင်ကြား ပေးနေတယ်လို့ သိရပါတယ်။ တော်လှန်ရေး ကာလထဲက ပညာရေးကို စဉ်ဆက်မပျက် ကရင်နီလူငယ်များ တဘက်တလှမ်းက လေ့လာသင်ယူနိုင်ဖို့ အခွင့်အလှမ်းများကို သက်ဆိုင်ရာ ဒေသအဖွဲ့အစည်းတွေက ဖန်တီး ပေးနေတယ်လို့လည်း နားလည်ရပါတယ်။

အဲဒီ စစ်ရှောင်စခန်းကျောင်းတွေမှာ ကရင်နီ စာပေ ဘာသာ တွေကိုအဓိက သင်ကြားပေးနေသလို၊ နိုငံတကာသုံး အထူးပြု အင်္ဂလိပ်စာနှင့် အခြားလက်မှုနဲ့လူမှုဖွံ့ဖြိုးရေး ဆိုင်ရာများကို သင်ကြားပေးတဲ့ ကျောင်းလို့ သိရပါတယ်။ ယနေ့ အခမ်းအနားမှာ ကျောင်းသား၊သူပေါင်း ၃၁ ဦး သင်တန်းကျောင်း ပြီးဆုံးသွားခဲ့ပြီး ဘွဲ့နှင်းသဘင် အခမ်းအနားကို KNPP ဥက္ကဌ သစ် ခူဦးရယ်နှင့် ဗဟိုကော်မတီခေါင်းဆောင်များကလည်း တက်ရောက် ဂုဏ်ပြုပေးခဲ့သာကိုလည်း တွေ့ရပါတယ်။

၁၆။ ဖားအံအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ ညှင်းပမ်းနှိပ်စက်ခံရပြီး ဆေးကုသခွင့်မရ
June 9, 2022
ကရင်ပြည်နယ်၊ ဖားအံ အကျဉ်းထောင်အတွင်း ထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများကို အခန်းတံခါးပိတ် ကာ ညှင်းပမ်းနှိပ်စက်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာမှု များစွာရှိသလို ထိုရက်အတွင်း ထောင်ဝင်စာပိတ်ထားပြီး ဆေးကု သခွင့် မရကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။ အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက “သိရသလောက်က နိုင်ကျဉ်းအားလုံးကို အခန်းထဲပိတ်ပြီး လေးခွနဲ့ ပစ်တယ်။ ဒဏ်ရာတွေရကြတယ်။ ကွဲပြဲတဲ့လူတွေလည်း အများကြီးတဲ့။ ပြီးတော့ ကြားရတာက သူတို့ကို ထမင်းလည်း မကျွေး ဘူးတဲ့။”ဟု ကေအိုင်စီသို့ ပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၄ရက်၊ စနေနေ့က နိုင်ငံရေးအကျဉ်းသား များထားရှိရာ ကြိုးကြာဆောင်မှ အကျဉ်းသားနှစ်ဦး ထောင်ဝင်းအပြင်သို့ ကြိုးနှင့်ဆင်းကာ ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီး နောက်ပိုင်း နိုင်ကျဉ်းများကို အဆောင်ပြောင်းရန် ကြိုး စားရာမှ လက်မခံသည့်အပေါ် ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခြင်းဖြစ် သည်ဟုလည်း ၎င်းနီးစပ်သူက ဆက်ပြောသည်။

ဖားအံအကျဉ်းထောင်တွင် ပုံမှန်အားဖြင့် ထောင်ဝင်စာ တွေ့ခွင့်ကို တစ်ပတ်လျှင် တနင်္ဂနွေနေ့ တစ်ရက်တည်းသာ ပိတ် လေ့ရှိသော်လည်း အဆိုပါဖြစ်စဉ်ကြောင့် ဇွန်လ ၆ ရက်၊ တနင်္လာနေ့မှစ၍ ထောင်ဝင်စာကို ပိတ်ထားခဲ့ပြီး ဇွန်လ ၈ရက်၊ ယမန်နေ့က ပြန်ဖွင့်ပေးကြောင်းလည်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်တစ်ဦးက ယခုလို ပြောသည်။ “ပြဿနာဖြစ်တော့ မိသားစုတွေ ထောင်မှာ ပစ္စည်းပို့လို့ မရဘူး။ ပစ္စည်းပို့တဲ့ ထောင်ဝင်စာ နှစ်ရက် ပိတ်ခံရတယ်။ အကျဉ်းသားတွေဆီ ပစ္စည်းတွေ၊ စားစရာတွေ ဘာမှပို့မရဘူး။ ငွေပို့ရင် မရောက်တာများတယ်။ ရောက်ရင်လည်း အပြည့်မရောက်ဘူး။”ဟု ဆိုသည်။ မေလ ၈ရက်နေ့တွင် အဆိုပါထောင်မှ နိုင်ငံရေးအကျဉ်းသား ၆၆ဦးကို မွန်ပြည်နယ်ဘက်သို့ ထောင်ပြောင်းရွှေ့ခဲ့စဉ်က ထောင်တွင်း၌ ဆန္ဒထုတ်ဖော်သူများကို ထောင်တာဝန်ရှိသူများက ရိုက်နှက်ခဲ့ပြီး ၁၇ဦးကို ခြေထောက်သံခြေကျင်းများ ခတ်ကာ တိုက်ပိတ် ထားခဲ့သည်။ ထိုသို့ သံခြေကျင်းခတ်ထားသည့်အတွက် ၎င်းတို့၏ခြေထောက်တွင် ပွန်းပဲ့ဒဏ်ရာ များခံစားရကြောင်း အကျဉ်း ထောင်နှင့် ဆက်စပ်သည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။ https://kicnews.org/2022/06/%e1%80%96% e1%80%ac%e1%80%b8%e1%80%a1%e1%80%b6%e1%80

၁၇။ မိုးဗြဲမြို့အနီး စစ်ကောင်စီ နှင့် PDF စစ်ရေးတင်းမာ ပြည်သူများတိုက်ပွဲထပ်ဖြစ်မှာ စိုးရိမ်
June 9, 2022
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ယနေ့ချိန်ထိ စစ်ရေး တင်းမာမှုရှိနေသဖြင့် ပြည်သူများ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီတို့သည် ကြိုတင်အကြောင်းကြားမှု မရှိပဲ ကျေးရွာအတွင်းသို့ စစ်ကြောင်းဖြင့် ဝင်ရောက်ရှိလာသဖြင့် ပြည်သူများပြင်ဆင် ရှောင်တိမ်းချိန် မရကြောင်း အဆိုပါ တိုက်ပွဲ အတွင်းမှ ရှောင်တိမ်းမှု မပြုလုပ်နိုင်ခဲ့သည့် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မသိလို့ မရှောင်ဖြစ် လိုက်ရဘူး၊ စစ်ကောင်စီ စစ်ကြောင်းကို အုပ်လိုက်ကြီး ထွက်ကြည့်ကြတဲ့သူရှိတယ်၊ ဒါပေမယ့် ရွာကို လွန်သွားပြီး ခနကြာမှာ တိုက်ပွဲစဖြစ် တယ်၊ အဲ့ကနေ လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ကြတာပဲ၊ အဲ့ခါ ကျမှ အိုးအိမ်တွေ မပျက်စီးအောင်၊ အသက်ဘေး လွတ်အောင် ဆုတောင်းရုံမှ တပါး ဘာမှ မလုပ်နိုင်ခဲ့ဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

“ဇွန်၇ ရက် တိုက်ပွဲမှာ စစ်ကောင်စီတွေ စနက်ပါထိပြီး အနည်းဆုံး ၁၀ ဦးသေတယ်။ ကျနော်တို့ ရဲဘော်တစ်ဦး ခြေထောက်မှာ ဒဏ်ရာရပါတယ်၊ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက ပြည်သူ့အကျိုးကိုကြည့်ပြီး တိုက်ပွဲအရှိန်ကို လျှော့ခဲ့ပါ တယ်” ဟု အထက်ပါ PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီ တပ်ဖွဲ့တို့သည် ကုန်းသာတောင်ပေါ်ဘုရားမှ ဆင်းလာခြင်းဖြစ်ပြီး ဆောင်ကန်းကျေးရွာမှ စတင်ကာ မိုးဗြဲမြို့ ညောင်ဝိုင်းဘက် အထိ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ https://burmese.shann ews.org/archives/28555

၁၈။ လေးကေကော်ဒေသ စစ်ရှောင်စခန်းအတွင်း ပိတ်မိနေသည့် ပြည်မမှ ရွှေ့ပြောင်းလုပ်သားအချို့နေရပ်ပြန်
June 10, 2022
မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီး စစ်ရှောင်စခန်းများတွင် နေရပ်မပြန်နိုင်သေးဘဲ ပိတ်မိနေသည့် မြန်မာ ပြည်မခြမ်းမှ ရွှေ့ပြောင်းအလုပ်သမားအချို့သည် ယခုရက်ပိုင်း အတွင်းနေရပ်သို့ ပြန်နေကြကြောင်း စစ်ဘေးရှောင်း အသိုင်း အဝိုင်းများထံမှ သိရသည်။ မြန်မာနိုင်ငံပြည်မဘက်ခြမ်း ပဲခူး၊ ရန်ကုန်၊ မန္တလေး နှင့် မွန်ပြည်နယ်ဘက်မှ ကရင်ပြည်နယ်၊ နယ်စပ်ဘက်ခြမ်းသို့ လက်လုပ်လက်စား လာရောက် လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်း အလုပ်သမားများသည် ယခင်နှစ် ဒီဇင်ဘာလက ဖြစ်ပွားသော လေးကေကော်ဒေသ တိုက်ပွဲများအတွင်း ပိတ်မိနေပြီး ဒေသခံဒုက္ခသည်များနည်းတူ စစ်ပြေးရှောင် နေကြရကာ လက်ရှိတွင် မိမိနေရပ်သို့ ပြန်နေကြကြောင်း ရွှေ့ပြောင်း အလုပ်သမားတစ်ဦးက ယခုလိုပြောသည်။

” ကျမတို့ က ဒီစခန်းမှာ ပိတ်မိနေတာ ကြာပြီး။ မိသားစုဝင်ကခြောက်ယောက်လောက်ရှိတာ။ ပဲခူးကိုပြန်ချင်တာ။ အဲ့ဒါ လမ်းစရိတ်က ခုထိမရှိသေးဘူး။ နှစ်သိန်းနီးပါးလောက်ကုန်မှာ လမ်းစရိတ်က။ အခုလိုစစ်ဖြစ်နေတော့ ဘယ်နေရာမှာမှ ပြောင်းဖူးတို့၊ ဘာတို့မစိုက်တော့ ကျမတို့အလုပ်မရှိဘူးလေ။ အဲ့ဒါကြောင့် ကိုယ့်နေရာ ကိုယ်ပြန်ပြီးတော့မှပဲ မိသားစုနဲ့ကြုံရာ အလုပ်ပြန်လုပ်တေ့ာမယ်။” ဟု ကေအိုင်စီသို့ ပြောသည်။ ထိုသို့ နေရပ်ပြန်လိုသူများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များနှင့် နယ်မြေအတွင်းသွားလာခွင့်ကို ညှိနိူင်းဆောင်ရွက်ထားသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော ဒီမိုကရေစီအကျိုးပြုကရင်တပ် မတော်-DKBA အဖွဲ့ဝင်ပိုင်ကားများကို ငှားရမ်းပြီး နေရပ်ကို ပြန်နေကြခြင်းဖြစ်သည်ဟု နေရပ်ပြန်သွားသည့် ရွှေ့ပြောင်းအလုပ်သမားများက ဆိုသည်။ KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆) နယ်မြေ၊ ဒူးပလာယာခရိုင်နယ်မြေတွင်းရှိ လေးကေကော် ဒေသမှကျောက်ခက်၊ လေးဒေး၊ ဝေါလေ၊ ကနဲလေး၊ တာအူ့ထာ့၊ တနော့ထာ့၊ သေ့ဘောဘိုး၊ ကလော့ ထောနှင့် စုကလိနေရာဘက်အထိ အစုအဖွဲ့အလိုက် စစ်ဘေးရှောင်နေကြရသူ ၁၅,၀၀၀ကျော်မှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း စစ်ရှောင်များကို ကူညီလုပ်ဆောင်နေသူများက ပြောသည်။ https://kicnews .org/2022/06/%e1%80%9c%e1%80%b1%e1%80%b8%e1% 80%80%e1%80%b1%e1%80

၁၉။ ထင်းစည်းချိုး သားအဖ သုံးယောက်ရုပ်တုကို KSCM အဖွဲ့မှ မီးရှို့ဖျက်ဆီး
9 June 2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံ နယ်မြေရှိ ‘အဖိုးအိုနှင့် သားသုံးယောက်’ ထင်းစည်းချိုး ရုပ်ထုကို KSCM က မီးရှို့ဖျက်ဆီးကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ ဇွန်လ ၈ ရက်ည ၈ နာရီဝန်းကျင်တွင် မီးရှို့ခဲ့ခြင်း ဖြစ်ပြီး စည်းလုံးမူကိုဖော်ဆောင်သည့် အဆိုပါရုပ်ထုသည် စစ်တပ်၏ အတုအယောင် ဝါဒဖြန့်ရာတွင်သုံးသည့် အရာဖြစ်သည့် အတွက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း KSCM မှ တာဝန်ရှိသူကပြောသည်။ “ဒီနေရာကို ဘာလို့လုပ်တာလဲဆိုရင် လက်တွေ့မှာ စစ်တပ်ရဲ့ ဝါဒဖြန့်တဲ့နေရာမှာအသုံးပြုနေတဲ့‌ နေရာတွေမှာသုံးနေ‌တဲ့ အတုအယောင်ဖြစ်တယ်။ ဂျင်းထည့်ခံနေရ တဲ့သမိုင်းတွေကိုမြင်ဖို့ စည်းလုံးမူမရှိတာကို ပြချင်တဲ့အတွက် ဒီနေရာကို လုပ်ခဲ့တာဖြစ်တယ်။ Kachin State Civilian Movement သပိတ်ကော်မတီမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းသည် ယနေ့ကျရောက်သည့် ကချင်ဒေသတစ်ကျော့ပြန်စစ်ပွဲ ၁၁ နှစ်ပြည့် သည့်နေ့တွင် စစ်ရှောင်အရေးကို ပိုမိုအလေးပေးကြဖို့နှင့် စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန်ကြဖို့အတွက်ရည်ရွယ်ကြောင်း လည်း ၎င်းကဆက်ပြောသည်။

“အဓိကတော့ စည်းလုံးညီ ညွတ်မှုအားနည်းလာလို့ စည်းလုံးညီညွတ်မှုရှိလာစေဖို့သတိပေးလုပ်ဆောင်တဲ့သဘောပဲ။ ပြီးတော့ဒီရုပ်တုက တိုင်းရင်းသားတွေကို စည်းလုံးညီညွတ်ရေးဆိုတဲ့ အယောင်ကိုနှစ်ပေါင်းများစွာအယုံသွင်းခဲ့တယ်။ စည်းလုံး ညီညွတ်မှု ဆိုတဲ့သင်ခန်းစာဆို နိုင်ငံရေးအတွက်အသုံးချခဲ့တဲ့ ရုပ်ထုကိုအလိုမရှိလို့ မီးရှို့ဆန္ဒထုတ်ဖော်ကြတာပေါ့”ဟု မြစ်ကြီးနား မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း ပြောသည်။ ထင်းစည်းချိုး ရုပ်တုသည် မြန်မာနိုင်ငံအနှံ့မြို့ကြီးများ နှင့် ကချင်ပြည်နယ်တွင်လည်း မြစ်ကြီးနားမြို့၊ ဝိုင်းမော်၊ တနိုင်းမြို့၊ ပူတာအို၊ ချီဖွေမြို့နှင့် အခြားမြို့များတွင် စိုက်ထူထားပြီး မီးရှို့ဖျက်ဆီးခံရမှုမှာ ယခု ပထမဆုံးအကြိမ် ဖြစ်သည်။ https://burmese.kachinnews.com/2022/06/09/jun9-az2/

၂၀။ မိုင်းပျဉ်းမြို့ တပိုင်တနိုင် ဓာတ်ဆီဆိုင်များကို စစ်ကောင်စီက ပိတ်ခိုင်း
June 10, 2022
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့အတွင်းရှိ တပိုင်တနိုင် ဖွင့်ထားသည့် ဓာတ်ဆီဆိုင်များ အားလုံးကို ပိတ်ထားခိုင်း ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇွန် ၉ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ စည်ပင် နှင့် ရဲတို့က အိမ်နှင့် မြို့ပြင်တွင် တပိုင်တနိုင်ဖွင့်လှစ်ထားသည့် ဓာတ်ဆီဆိုင်ရှင်များအားလုံးကိုခေါ်ယူပြီး လက်ရှိဖွင့်ထားသည့်ဆိုင်များ အားလုံး ပြန်လည်ပိတ်ခိုင်းကြောင်း တပိုင်တနိုင် ဓာတ်ဆီရောင်းသည့် အမျိုးသားတစ်ဦးက ပြောသည်။ ထို တပိုင်တနိုင် ဖွင့်လှစ်ရောင်းချသည့် ဓာတ်ဆီဆိုင်များသည် နှစ်ပေါင်း ၃၀ ကျော် ကြာလာခဲ့ပြီဖြစ်ပြီး တကြိမ်တခါမျှ ပိတ်ခိုင်းခြင်းမရှိခဲ့ပေ။

“ သူတို့ရုံးကိုလာခေါ်သွားတာ။ အိမ်မှာရောင်းနေတဲ့ဆီဆိုင်ဖြစ်ဖြစ်၊ လမ်းဘေးမှာ ရောင်းနေတဲ့ ဆီဆိုင်တွေပဲ ဖြစ်ဖြစ် မရောင်းရတော့ဘူးတဲ့။ အကုန်လုံးပိတ်ထားရမယ်တဲ့။ ဆီတွေမရောင်းရတော့ဘူးပေါ့။ ပန့်နဲ့ ရောင်းတဲ့ ဆီဆိုင်တွေတော့ ဖွင့်ထားသေးတယ်။ မပိတ်ရဘူး။ ဘာကြောင့် ပိတ်ခိုင်းလဲတော့ ကျနော်တို့လည်း မသိရဘူး” ဟု မိုင်းပျဉ်းမြို့ရှိ အိမ်ဆိုင် တစ်ဆိုင်မှာ ဆီဆိုင်ဖွင့်ထားသည့် အမျိုးသားတစ်ဦးက ပြောသည်။ ထို့အပြင် အိမ်တွင်းရောင်းနေသည့် ဆီဆိုင်များကို စစ်ကောင်စီက ပိတ်ထားခိုင်းပြီး၊ မိုင်းပျဉ်းမြို့တွင်ဖွင့်လှစ်ထားသည့် ပန့်ဆီဆိုင် (၃) ခုကိုသာ ဖွင့်ခွင့်ရကြောင်းသိရသည်။ “ အခု မိုင်းပျဉ်းမှာက ဆီဆိုင် (၃) ခုပဲ ဖွင့်ခွင့်ရတာ။ အဲ့တာတွေက ပန့်ဆီဆိုင်ကြီးတွေဖြစ်တယ်။ ဒီမှာလည်း ပန့်ဆီဆိုင်က ၃ ခုပဲရှိ တာ။ သူတို့တွေကလိုင်စင်ရှိထားတယ်။ အဲ့ကြောင့် ဖွင့်ခွင့်ရတာတဲ့” ဟု မိုင်းပျဉ်းမြို့ ဒေသခံတစ်ဦးက ပြောသည်။ https://bur mese.shannews.org/archives/28585

၂၁။ တနင်္သာရီတိုင်းက စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေး ခက်ခဲနေ
June 10, 2022
အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းထဲက ထားဝယ်၊ ပုလော၊ သရက်ချောင်း၊ ရေဖြူနဲ့ တနင်္သာရီမြို့နယ်တွေမှာ တိုက်ပွဲတွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ဒေသခံ တစ်သောင်းကျော်ဟာ အိုးအိမ်စွန့်ခွာခဲ့ရပြီး စစ်ဘေးဒုက္ခသည် ဖြစ်လာ ခဲ့ပါတယ်။ ဒေါန တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ စာရင်းတွေအရ ထားဝယ်မြို့နယ်နဲ့ ပုလောမြို့နယ်မှာ စစ်ဘေးဒုက္ခသည် ၁၂၀၀ ကျော်၊ သရက်ချောင်း မြို့နယ်မှာ ၁၀၀၀ ကျော်၊ တနင်္သာရီမြို့နယ်မှာ ၈၀၀၀ ကျော်၊ ရေဖြူမြို့ နယ်မှာ ၂၀၀ ကျော် ရှိနေတာပါ။ “ကလေးတွေ၊ သက်ကြီးရွယ်အိုတွေလည်းပါတဲ့အခါကျတော့ လမ်းမှာ တော်တော်ဒုက္ခဖြစ်တယ်” ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့မှာ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုနဲ့ သရဘွင်အရှေ့ကမ်း ကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ် ခဲ့ပါတယ်။ အဲဒီတိုက်ပွဲကြောင့် ညနက်သန်း ခေါင်မှာ စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ သရဘွင်အရှေ့ကမ်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေတွေရှိရာ ရွာတွေဆီ သွားရောက်နေ ထိုင်ရတာရှိသလို စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရတာလည်းရှိတယ်လို့ သူက ပြောပါတယ်။ လက်ရှိမှာ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည် တစ်သောင်းကျော် အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအခက်အခဲတွေရှိနေတယ်လို့ တကူကျေးရွာက စစ်ဘေး ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက် အခဲရှိပေမယ့် စစ်ဘေးဒုက္ခသည်တွေကို လှူဒါန်းထောက်ပံ့ပေးနေသလို ဆေးဘက်ဆိုင်ရာ သင်တန်းတွေ လည်း ပို့ချပေးနေ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေါန တနင်္သာရီ စစ်ဘေး ရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။ တနင်္သာရီတိုင်းထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တွေအကြား ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လကစပြီး ထိတွေ့ တိုက်ပွဲတွေ ဖြစ်လာခဲ့တာပါ။ https://www. rfa.org/burmese/program_2/tanintharyi-refugees-06102022061222.html

၂၂။ ဖားကန့်တွင် သူခိုးဟု ယူဆသည့် လူငယ် ၇ ဦးကို လက်နက်အဖွဲ့ တစ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွား
10 June 2022
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် လူငယ် ၇ ဦးကို သူခိုးဟု ဆိုကာ လက်နက်ကိုင်ထားသည့် အဖွဲ့တစ်ဖွဲ့ မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့တွင်လည်း နောက်ထပ်တစ်ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်း သိရသည်။ ပထမဆုံး လူငယ် ၆ ဦးမှာ ဇွန်လ ၉ ရက်နေ့ ည ၉နာရီခွဲ အချိန်ခန့် လုံးခင်းကျေးရွာ ရပ်ကွက်(၁) နေအိမ်တစ်အိမ်တွင် ရှိနေစဉ် ဖမ်းခံလိုက်ရခြင်းဖြစ်ပြီး ယနေ့ ဇွန်၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင်လည်း တစ်ဦးထပ်မံ ဖမ်းဆီးခံရကြောင်း လုံးခင်း မှ အမျိုးသားတစ်ဦး က KNG သို့ ပြောသည်။ “သူတို့ဖမ်းခံတာရဟုတ်တယ် ဒါပေမယ့်သူတို့က သူခိုးတွေတဲ့ ဆေးသမားတွေတဲ့။ ဘယ်ဘက်က ဖမ်းတယ်ဆိုတာ မသိရသေးဘူး လိုက်နေတုန်း ဒီနေ့လည်း အေးမြသာယာထဲက တစ်ယောက်ပြန်ပါသွားတယ်။ မနေ့က ဖမ်းခံရတဲ့ကောင်တွေ ဖော်ကောင်လုပ်လို့နေမှာ”ဟု လုံးခင်းကျေးရွာ အမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းခံရသည့် လူငယ်များမှာ အသက် ၂၀ – ၃၀ ဝန်းကျင်ဟု သိရပြီး ဖားကန့် မြို့မ ရပ်ကွက်မှ (၂) ဦး၊ လုံးခင်းရပ်ကွက် (၁) မှ သုံးဦး၊ လယ်ပြင် ကျေးရွာမှ တစ်ဦး ယနေ့ အေးမြသာယာရပ်ကွက်မှ တစ်ဦး တို့ဖြစ်ကြောင်း သိရသည်။

ဖားကန့်တွင် ယခင်ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ဒေသတွင်း သူခိုးများကို အစုလိုက်ဖမ်းဆီးမှု ဖြစ်စဉ် မကြာမကြာရှိခဲ့ဖူးကြောင်း အခြားဒေသခံတစ်ဦးက KNG သို့ ပြောသည်။ “အဲ့လိုမျိုးဖြစ်စဥ်ကတော့ မကြာမကြာ ရှိတယ်။ အခုချိန်က တော်လှန်ရေးကာလဆိုတော့ နိုင်ငံရေးနဲ့ဆက်စပ်တယ် ထင်ပြီးမှ ပတ်ဝန်းကျင်စကား အထင်မှားတာတွေ လည်းရှိမှာပေါ့။ ဒီမှာကတော့ပေါ်တင် အဲ့လိုဖိုးသမားတွေဆိုတော့လေ အရင်ကလည်း အဲ့လိုအစုလိုက် ဖမ်းတာရှိတယ်။ ဆက်နွယ်နဲ့လူအကုန်လုံး ဖမ်းတယ်။ တစ်ခါတစ်လေတော့ သူတို့အားလုံး တစ်ဝိုင်းထဲ စားတာသောက်တာရှိတဲ့ချိန် ဖမ်းခံရတာ ရှိတယ်။ တချို့တော့အပြစ်ပေးပြီးပြန်လွတ်တယ် တချို့အပြစ်ကြီးရင် ပြန်မလွတ်တာလည်းရှိတယ်” ဟု အခြားဒေသခံ တစ်ဦးက ပြောသည်။ သို့သော် လူငယ်များဖမ်းခံမှုသည် မည်သည့်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ကို အသေးစိတ် မသိရသေးပါ။ https://burmese.kachinnews.com/2022/06/10/jun10-az2/

၂၃။ အကူအညီပေးရေးတွေကို စစ်ကောင်စီ မထိန်းချုပ်နိုင်အောင် ဖိအားပေးကြဖို့ KHRG တိုက်တွန်း
June 8, 2022
စစ်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့ ကရင်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်က၊ ဒေသ ခံ ဒုက္ခသည်တွေကို နိုင်ငံ တကာ နယ်စပ်တွေဆီ ထွက်ပြေး ခိုလှုံခွင့်မပြုဘဲ တားဆီးထား သလို၊ အသက်အန္တရာယ် ကာကွယ်ရေး အကူအညီ တွေကို လည်း ပိတ်ပင်ထားကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးကတည်းက လူသားချင်း စာနာ ကူညီရေးဆိုင်ရာ ပြဿနာတွေ နက်ရှိုင်းလာခဲ့တာဖြစ်ပြီး၊ အရပ်ဘက် ပြည်သူတွေအတွက် လုံခြုံရေးနဲ့ အသက်အန္တရာယ် အကာအကွယ်ပေးရေး လုပ်ငန်းတွေကို၊ အာဏာသိမ်းစစ် တပ်က ခြိမ်းခြောက်ဟန့်တားခဲ့ပါတယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ၊ ရိက္ခာနဲ့ ဆေးဝါးမလုံလောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး ရပ်ဆိုင်းမှုတွေဟာ၊ ဒေသခံတွေအပေါ် အာဏာသိမ်း စစ် ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတွေ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒေသခံတွေရဲ့ ကျွမ်းကျင်မှု၊ လူမျိုးစုဆိုင်ရာ ဝန်ဆောင်မှု၊ ရပ်ရွာအသိုင်းအဝိုင်းဆိုင်ရာ အခြေပြု အဖွဲ့အစည်းတွေဟာ၊ ကျေးရွာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေ ကြပြီး၊ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာ ရေးဝန်ဆောင်မှု အပါအဝင် နေရာရွှေ့ပြောင်းရမှု အခက်အခဲတွေကိုပါ ကူညီပေးနေကြောင်းလည်း ဖော်ပြပါတယ်။ ဒါပေမဲ့ သူတို့ဟာ အဓိက ရန်ပုံငွေ ထောက်ပံ့ရေးအဖွဲ့အစည်းတွေထဲမှာ မပါဝင်သေးဘဲ ရှိနေပါတယ်။ အာဏာသိမ်းစစ်တပ် ရှိနေသေး သမျှ၊ အဲဒီလို ဆောင်ရွက်ချက်တွေ တစ်စိတ်တစ်ပိုင်း ဆက်လက်ရှိနေမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။ ကရင်ပြည်နယ်မှာ နေရာရွှေ့ပြောင်းရသူ နှစ်သိန်းနီးပါးရှိပြီး၊ အာဏာသိမ်းစစ်တပ်က ဒုက္ခသည်တွေအတွက် အကူအညီပေးရေး တွေကိုရည်ရွယ်ချက်ရှိရှိပိတ်ဆို့ထားကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ညွှန်ကြားရေးမှူ နော်ထူးထူးက ပြောပါ တယ်။

၂၄။ ရခိုင်ပြည်နယ်သို့ တခြားဒေသမှ ဟင်းသီးဟင်းရွက်များ တင်သွင်းနေရ
10 June, 2022
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အကျိုးဆက်အဖြစ် စိုက်ပျိုးမှုကျဆင်းသွားပြီး ကွမ်းရွက်အပါအဝင် ဟင်းသီး ဟင်းရွက်တွေ တခြားဒေသတွေကနေ တင်သွင်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ်တွေမှာ ဆောင်းသီးနှံကို အဓိကစိုက် ပျိုးကြပြီး ခရမ်း၊ အာလူး၊ ငရုတ်၊ သခွါး၊ မြေပဲ၊ မုံညင်း၊ ဖရဲ၊ ဂေါ်ဖီ၊ မတ်ပဲ စတာတွေကို အဓိကထား စိုက်ပျိုးနိုင်ခဲ့ပေမဲ့ အေအေ နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွါးပြီးနောက်ပိုင်း စိုက်ပျိုးမှုကျဆင်းသွားခဲ့လို့ လက်ရှိမှာ ပြည်မကနေ တင်သွင်းလာတဲ့ ဟင်းသီး ဟင်းရွက်တွေကိုသာ ရခိုင်ပြည်သူတွေ မှီခိုနေကြရတာလည်း ဖြစ်ပါတယ်။

မြောက်ဦးဒေသခံတဦးက “အရင်ကဆိုရင် ကျနော်တို့ ရခိုင်ဒေသကထွက်တဲ့ စားပင်သီးနှံတွေ စိုက်ပျိုးကြတဲ့ တောင်သူ အများစုက စစ်ဘေးရှောင်နေကြရတော့ လက်ရှိမှာ ပြည်မကတင်သွင်းလာတဲ့ သီးနှံတွေကိုသာ ဝယ်စားနေကြရ တယ်” လို့ ပြောပါတယ်။ မောင်တောဒေသမှာ ၂၀၁၇ အကြမ်းဖက်ဖြစ်စဥ်ကြောင့် ဒေသခံမွတ်ဆလင် ၆ သိန်းနီးပါး ထွက်ပြေးကြပြီး နောက်မှာ ဟင်းသီးဟင်းရွက်အများစုနဲ့ ကွမ်းရွက်ကိုပါ ပြည်မကနေ တင်သွင်းနေကြရတယ်လို့ မောင်တောဒေသခံ စျေးသည် တဦးက ပြောပါတယ်။ “အရင်ကဆို ကျနော်တို့ မောင်တောဒေသကထွက်တဲ့ ကွမ်းရွက်တွေက စျေးကလည်း သက်သာတယ်။ ၂၀၁၇ အကြမ်းဖက်မှုဖြစ်ပြီး ဒေသခံမွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတော့ ကွမ်းရွက်စိုက်ပျိုးမှု ကျဆင်း သွားတယ်။ အခုက ပြည်မကနေ တင်သွင်းလာတဲ့ ကွမ်းရွက်တွေကို စျေးကြီးပေးပြီး ဝယ်နေကြရတယ်။” ရခိုင်ပြည်နယ် အတွင်းက ကျေးလက်နေပြည်သူ ၇၅ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး စိုက်ပျိုးရေးကို အခြေခံတဲ့ ပြည်နယ် တခုအဖြစ် ထင်ရှားခဲ့ပါတယ်။ http://burmese.dvb.no/archives/537832

၂၅။ ဟိုပန်မြို့နယ် ပြည်သူ စိုက်ပျိုးမြေ သိမ်းပြီး “ဝ” တိုင်းရုံး စိုက်ရန်ကြိုးစားနေ
June 10, 2022
သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့နယ်ရှိ ပြည်သူပိုင် စိုက်ပျိုးမြေ နေရာများကို “ဝ” တိုင်းရုံးစိုက်ရန်အတွက် သစ်တော ဌာနမှ သိမ်းယူရန် ကြိုးစားနေမှုကို ဒေသခံပြည်သူများက ဝိုင်းဝန်းဆန့်ကျင် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၈ ရက်တွင် ဟိုပန်မြို့ မိန်းပန်းသျှမ်းရပ်ကွက် မှ ပြည်သူပိုင် စိုက်ပျိုးမြေနေရာများကို သစ်တောဦးစီးဌာန မှ လာရောက် တိုင်းတာ ရန် ပြင်ဆင်နေစဥ် ပြည်သူများက ဝိုင်းဝန်းကန့်ကွက် ဆန့်ကျင် ဆန္ဒပြခဲ့ကြောင်း ဒေသခံ သျှမ်းပြည်သူတစ်ဦးက သျှမ်းသံတော် ဆင့် ကိုပြောသည်။ “သစ်တောဌာနက လူတွေ ကျနော်တို့ ဘိုးဘွားအစဥ်အဆက် စိုက်ပျိုးခဲ့တဲ့ မြေနေရာဧက (၃၀) ကျော်ကို မတရားသိမ်းယူလို့ ဘယ်ဖြစ်မလဲ၊ ကျနော်တို့ ပြည်သူတွေက လက်မခံနိုင်ပါဘူး၊ သူတို့က “ဝ “ တိုင်းရုံးအတွက်လို့ ပြောပါ တယ်၊ ကျနော်တို့က လုပ်ကိုင်စားသောက်ဖို့ စိုက်ပျိုးရမှာမို့ ကန့်ကွက်ပါတယ်” ဟု အထက်ပါ ဟိုပန် ဒေသခံ သျှမ်းအမျိုးသား က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သစ်တောဌာနမှ သိမ်းယူရန် ကြိုးစားနေသည့် မြေနေရာများသည် စုစုပေါင်း ၃၀ ဧကခန့် ရှိနေပြီး ဟိုပန်မြို့ အခြေစိုက် “ဝ “ တိုင်းရုံး အသစ်ဆောက်လုပ်ရန်အတွက် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ လက်ရှိ မြေသိမ်းယူရန် ကြိုးစားနေသည့် သစ်တောဌာနမှ တာဝန်ရှိသူများသည် သစ်ပင်စိုက်ပျိုးရန် မြေသိမ်းခြင်း မဟုတ်သည့် အတွက် ဆန့်ကျင် ကွန့်ကွက်မှုများ မပြုလုပ်နိုင်ပါက တခြားနေရာများမှ မြေနေရာများလည်း ထပ်မံသိမ်း ခံနိုင်ကြောင်း ဒေသခံများက ပြောသည်။ “ကျနော်တို့ ပြည်သူပိုင်တဲ့ မြေနေရာတွေ ဖြစ်နေလို့ သူတို့အခုလို လာရှုပ်တာ လာသိမ်းတာတွေကို လက်ခံနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ကျနော်တို့ ဆန့်ကျင်ကန့်ကွက်တာ ၊ အခုချိန်မှာ ဆန့်ကျင်ကန့်ကွက်တာ မလုပ်နိုင်လို့ တခါသိမ်းနိုင်ခဲ့ရင် နောက်ထပ်လည်း မသိမ်းတော့ဘူးလို့ မပြောနိုင်ဘူး” ဟု ဟိုပန် ဒေသခံတစ်ဦးက ဆိုသည်။ ယင်းကိစ္စဖြစ်စဥ်များ နှင့် ပတ်သက်ပြီး UWSA မှ ပြောရေးဆိုခွင့်ရှိသူ နှင့် ဆက်သွယ်မေးမြန်းရာ ဟိုပန်မြို့နယ်သည် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေ မဟုတ်သည့်အတွက် မသိရှိရ ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ https://burmese.shannews.org/archives/28578

၂၆။ လောင်းလုံးမြို့ မောင်းမကန်ကျေးရွာက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
June 10, 2022
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရ သည်။ အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ယမန်နေ့ ဇွန်လ ၉ ရက်နေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မောင်းမကန်ကျေးရွာရှိ မောင်းမကန်ကမ်းခြေ၌ Dawei Guerrilla Revolutionary Force – DGRF အဖွဲ့မှ သွားရောက် ပစ်ခတ် ရှင်းလင်းခဲ့သည်ဟု ယင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

မောင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံတင် သည် စစ်ကောင်စီတပ်ဖွဲ့ကို သတင်းပေးဒလန် လုပ်နေခြင်းကြောင့် ပစ်ခတ် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း DGRF အဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်း ပတ်ခတ် ရှင်းလင်းမှုသည် Dawei Guerrilla Revolutionary Force – DGRF အဖွဲ့နှင့် သက်ဆိုင်ပြီး ဒေသခံ ပြည်သူများနှင့် လုံး၀ သက်ဆိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ထား သည်။

၂၇။ ခြောက်လအတွင်း နိုင်ငံတစ်ဝန်း မွတ်စလင် ၆၀၀ ကျော် ဖမ်းဆီးခံရ
June 10, 2022
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစလို့ ယခုနှစ် ဇွန်လဆန်းအထိ မွတ်စလင် ၆၀၀ ကျော်အထိ ဖမ်းဆီးခံထားရပါတယ်။ ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပြည်တွင်းသတင်းဌာန တွေရဲ့ ဖော်ပြချက်တွေကို အခြေခံပြီး RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မွတ်စလင် ၂၇၀ ဦး၊ ဇန်နဝါရီလမှာ ၂၄ ဦး၊ ဖေဖော်ဝါရီလမှာ ၁၃၅ ဦး၊ မတ်လမှာ ၁၄ ဦး၊ ဧပြီလမှာ ၃၅ ဦး၊ မေလမှာ ၁၂၄ ဦး စုစုပေါင်း ၆၀၂ ဦး ဖမ်းဆီးခံခဲ့ ရတာပါ။ မွတ်စလင်တွေဟာ မလေးရှားနိုင်ငံကို ရေလမ်း၊ ကုန်းလမ်းတွေကနေ တရားမဝင် သွားရောက်ဖို့ ကြိုးစားရင်း ရခိုင်ပင်လယ်ပြင်၊ အမ်းမြို့နယ်စစ်ဆေးရေးဂိတ်၊ ရန်ကုန်၊ ဧရာဝတီတိုင်း စတဲ့နေရာတွေမှာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

သမီးဖြစ်သူကို မလေးရှားနိုင်ငံကို ပို့ဖို့ ပိုင်ဆိုင်သမျှ ရောင်းချပြီးကြိုးစားခဲ့ပေမယ့် လမ်းမှာ ဖမ်းဆီးခံလိုက်ရတာကြောင့် ဘဝပျက်လုမတတ် ဖြစ်နေတယ်လို့ မောင်တောမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မွတ်စလင်တစ်ဦးက ပြောပါ တယ်။ “ကျနော်တို့မိသားစုက ငွေကြေးမတတ်နိုင်လို့ မလေးရှားနိုင်ငံကိုရောက်နေတဲ့ ယောက်ျားလေးနဲ့ အိမ်ထောင် ချပေးမယ် ဆိုပြီး သဘောတူထားတာ။ ကျနော့်သမီးကို ယူမလား။ ယူမယ်။ မင်း လမ်းစရိတ် တစ်ဝက်ခံမလား။ ခံမယ်။ အဲဒါဆို ပို့လိုက် မယ်။ ကျနော့်မှာ သိန်းငါးဆယ်မရှိဘူး။ လယ်ကိုရောင်းတယ်။ အိမ်ကိုရောင်းတယ်။ ရှိတာတွေကို ရောင်းပြီး လွှတ်ပေးလိုက် တာ။ အခုတော့ ပစ္စည်းကုန်သွားပြီး အဖမ်းလည်းခံရတယ်။ ဆုံးသွားပြီလေ။ ဘဝပျက်တဲ့ လမ်းကိုရောက်သွားပြီ” သူ့သမီး ဖြစ်သူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က စစ်တွေမြို့နဲ့အနီး မေယုကျွန်းရဲ့ အနောက်မြောက် ၁၇ မိုင်အကွာ ပင်လယ်ပြင် မှာ လူပေါင်း ၂၂၈ ဦးနဲ့အတူ စက်လှေတစ်စင်း ပေါ်မှာ အစုလိုက်၊ အပြုံလိုက် ဖမ်းဆီးခံလိုက်ရတာပါ။ မွတ်စလင်တွေအတွက် ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်ရှားပါးသလို လွတ်လွတ်လပ်လပ် သွားလာခွင့်လည်း မရတာကြောင့် အခုလို စွန့်စားပြီး သွားလာနေကြတာလို့ ကျောက်ဖြူ မြို့နယ်က အမည်မဖော်လိုတဲ့ မွတ်စလင် တစ်ဦးက ပြောပါတယ်။ https://www.rfa.org /burmese/program_2/arrested-over-600-muslims-within-six-months-06102022061818.html

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **

Related Articles

Back to top button