တိုင်းရင်းသားများသတင်း

စစ်ကောင်စီနဲ့နယ်ခြားစောင့်အဖွဲ့တွေက လေးကေ့ကော်စစ်ရှောင်များကို နေရပ်ပြန်ကြဖို့ပြော၊ လေးကေ့ကော်စစ်ရှောင်များက နေရပ်ပြန်ဖို့ ကြောက်ရွံ့နေကြတယ်လို့ဆို

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၆

ကရင်ပြည်နယ်၊ ဖလူးကြီးကျေးရွာက ခရစ်ယာန်ဘုရားကျောင်းခန်းမထဲမှာ မြ၀တီဒေသ BGF တပ်က ဗိုလ်မှုးကြီး စောချစ်သူ၊ ဆုံဆည်းမြိုင် DKBA တပ်မှုးကြီး စောစတီးနဲ့ စစ်ကောင်စီတပ် အရာရှိတွေ ဦးစီးပြီး လေးကေ့ကော်စစ်ရှောင်တွေကို ယမန်နေ့ ဇွန် ၅ရက်မနက်ပိုင်းက တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

“စစ်ရှောင်တစ်မိသားစုကို တစ်ယောက်နှုန်းနဲ့ကိုယ်စားပြု အစည်းအဝေးတက်ခိုင်းခဲ့တာဖြစ်ပြီး ဘယ်လို အခက်အခဲကြုံနေရလဲဆိုတဲ့ အကြောင်းအရာတွေကို တင်ပြခိုင်းတယ်၊ အဲဒီတင်ပြချက်အပေါ် ဗိုလ်မှုးကြီး စောချစ်သူကတော့ ပြည်သူတွေရဲ့ အခက်အခဲကိုနားလည်ကိုယ်ချင်းစာကြောင်းနှင့် ပြည်သူများရဲ့ စားဝတ် နေရေးတို့အတွက် တဘက်တလမ်းကနေ ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့” KNU ရဲ့ ပြည်တွင်းရွေ့ပြောင်းသွားလာရေးကော်မတီ တာဝန်ခံ စောခဲလေက ဖက်ဒရယ်ဂျာနယ်သို့ ပြောပြပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ဗိုလ်မှုးကြီး စောချစ်သူက စစ်ရှောင်ပြည်သူတွေကို နေရပ်ပြန် နေထိုင်ဖို့၊ ကျောင်းပြန် တက်ကြဖို့နဲ့ တောင်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေပြန်လုပ်ကြဖို့ အဓိက တိုက်တွန်းပြောခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေကတော့ ပညာရေးကိစ္စ၊ လုံခြုံရေးကိစ္စ၊ ကျေးရွာအတွင်းမြေမြုပ်မိုင်းရှင်းလင်းရေးကိစ္စ အဓိက ထား ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒေသလုံခြုံရေးနှင့်ပတ်သက်ပြီး တိတိကျကျ အာမခံမှု မရရှိတဲ့အတွက် လေးကေ့ကော်စစ်ရှောင်တွေကတော့ နေရပ်ပြန်နေထိုင်ဖို့ ကြောက်ရွံ့ နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သည် လေးကေ့ကော် စစ်ဘေးရှောင်များနဲ့ အခုလိုတွေ့ဆုံဆွေးနွေးပြီး နေရပ်ပြန်ဖို့ ပြောနေသောလည်း ကေအဲန်ယူ တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာများသို့ နေ့စဉ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသောကြောင့် ဒေသခံများ ထောင်နှင့်ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသာ ဖြစ်ပါတယ်။

Related Articles

Back to top button