တိုင်းရင်းသားများသတင်း

မွန်အမျိုးသားကောလိပ် စတင်ဖွင့်လှစ်

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၃

မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားပညာရေးကော်မတီ MNEC မှ မွန်အမျိုးသားကောလိပ်ကို စတင်ဖွင့်လှစ်လိုက်ပြီးဖြစ်သည်။ မွန်အမျိုးသားကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများ နိုင်ငံတကာ တက္ကသိုလ်များတွင် ပညာ ဆက်လက် သင်ယူနိုင်ရန် အတွက် ရည်ရွယ်ပြီး မွန်အမျိုးသားကောလိပ်ကို ဖွင့်လှစ် ခြင်းဖြစ်သည်။

မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီ၏ ထိန်းချုပ်နယ်မြေရှိ မွန်အမျိုးသားပညာရေးဌာန ဗဟို ညီစားစခန်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၀၀ ခန့် လက်ခံကာ သင်ကြား သွားမည် ဖြစ်သည်။

“ကျနော်တို့ အမျိုးသားပညာရေးကို အဆင့်မြှင့်ဖို့အတွက် အစည်းအဝေးထိုင်ပြီးတော့ ကောလိပ်ကျောင်းဖွင့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီကောလိပ်ကနေ အောင်လက်မှတ်ရရင်တော့ နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာဆက်လက် သင်ခွင့်ရမယ်။ ကျနော်တို့ အထက်တန်းကျောင်းကနေ ၁၀ တန်းအောင်ပြီး အစိုးရစာစစ်ဌာနမှာ ဝင်မဖြေထားတဲ့ ကလေးတွေကိုလည်း နိုင်ငံခြားမှာ တက္ကသိုလ်တက်ခွင့်ရအောင် ရည်ရွယ်ပြီးတော့ ဖွင့်လှစ်တာလည်းဖြစ်တယ်” ဟု MNEC အဖွဲ့ဝင် ဆရာမင်းအောင်ဇေက ပြောသည်။

မွန်အမျိုးသားကောလိပ်တွင် ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်မှုနှင့် စီမံခန့်ခွဲမှုဘာသာရပ်၊ ဆရာအတတ်သင် ဘာ သာရပ်၊ သတင်းမီဒီယာဘာသာရပ်၊ မွန်ဘာသာရပ်တို့ကို သင်ကြားသွားမည်ဟု မွန်အမျိုးသားပညာရေးဌာနက ထုတ်ပြန်ထားသည်။ ထို့အပြင် မဖြစ်မနေအနေဖြင့် မွန်ယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ မွန်သမိုင်း၊ ကမ္ဘာ့ လူမှုရေးဘာသာရပ်၊ လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်၊ သုတေသန ပြုဘာသာရပ်နှင့် ယုတ္တိဗေဒဘာသာရပ် တို့ကိုလည်း သင်ယူရမည်ဖြစ်သည်။

ဆက်လက်ပြီး ဆရာမင်းအောင်ဇေက “လက်ရှိမြန်မာနိုင်ငံရဲ့ပညာရေးစနစ်က ကျနော်တို့ မွန်လူမျိုးအတွက် လုံလောက်မှုမရှိလောက်သေးဘူးလို့မြင်တယ်၊ ဒီအတိုင်းနေသွားလို့တော့ မဖြစ်တော့ဘူး၊ ကိုယ့်ပုံစံ နဲ့ကိုယ် ဖြစ်နိုင်မှ အဆင်ပြေပါလိမ့်မယ်လို့ ယူဆကြတယ်။ အခုကျနော်တို့ ဖွင့်လှစ်သွားမယ့် ကောလိပ်ကျောင်း ဟာ ဖက်ဒရယ်နိုင်ငံအတွက် ပြင်ဆင်မှုတရပ်လို့လည်း ဆိုနိုင်ပါတယ် ”ဟု ပြောသည်။

မွန်အမျိုးသားပညာရေးဌာနလက်အောက်တွင် အခြေခံပညာအဆင့်မှ အထက်တန်းအဆင့် အထိ ဖွင့်လှစ်ထားပြီး အထက်တန်းလွန် (Post Ten) အထိသာဖွင့်လှစ်ထားနိုင်သည်။ ယခုအချိန်တွင် မွန်အမျိုးသား ကောလိပ်ကို စတင်ဖွင့်လှစ်နိုင်ပြီးဖြစ်သည်။
မွန်အမျိုးသားကောလိပ်တွင် သုံးနှစ် ပညာသင်ကြားရမည်ဖြစ်ပြီး ကျောင်းပြီးဆုံးပါက ၂ နှစ် ပြန်လည် တာဝန်ထမ်းဆောင်ပေးရမည်ဟု မွန်အမျိုးသားပညာရေး ကော်မတီ MNEC တာဝန်ရှိသူများက ပြောသည်။

မွန်အမျိုးသားပညာရေးဌာနအောက်တွင် မွန်အမျိုးသားကျောင်းပေါင်း ၁၄၀ ကျော်ရှိပြီး အဆိုပါကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူပေါင်း ၂၀,၀၀၀ ကျော်ရှိသည်။

Related Articles

Back to top button