သတင်း

နေ့စဉ်သတင်းအကျဉ်း

                                                                              ဇွန်လ – ၁ – ၂၀၂၂ ခုနှစ်

  • မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးမှ ယနေ့ ဇွန်လ (၁)ရက်နေ့ သတင်းအချက်အလက်များကို ဖက်ဒရယ်ဂျာနယ်မှ စုစည်းဖော်ပြသည်။

 

  • စစ်တပ် အာဏာသိမ်းပြီး ၁ နှစ်နှင့် ၄ လတာ ကာလအတွင်း ကယားပြည်နယ်၌ နေအိမ် ၁ ထောင်ကျော် ဖျက် ဆီးခံခဲ့ရကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင် အားစု (PKPF) က ယနေ့ ဇွန်လ ၁ ရက်က ထုတ် ပြန်သည်။ အဆိုပါ ဖျက်ဆီးခံခဲ့ရသည့် နေအိမ် ၁၀၉၃ လုံးတွင် ဒီးမော့ဆိုမြို့နယ်မှ အများဆုံးဖြစ်ပြီး အရေအတွက်အား ဖြင့် ၅၀၀ ကျော် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကယားပြည်နယ်ရှိ ဘာသာရေး အဆောက်အအုံ ၂၀ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ပြင် သတ်ဖြတ်ခံခဲ့ရ သည့် အရပ်သားပြည်သူ ၂၃၉ ဦး၊ စစ်ရှောင်ရင်း သေဆုံးသူ၂၆ ဦး၊ ဖမ်းဆီးခံရသည့် အရပ်သား ပြည်သူ ၂၃၅ ဦးရှိခဲ့ပြီး စစ်ကောင်စီက လေ ကြောင်း တိုက်ခိုက်မှု ၁၂၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း စာရင်းတွင် ဖော်ပြ ထားသည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် လက်ပြန်ကြိုးတုတ်ကာ အသတ်ခံထားရသည့် လူငယ်လေးဦး၏ အလောင်းကို ယမန်နေ့ည ၆ နာရီခွဲခန့်က ဖားကန့် ဆိပ်မူအုပ်စု ဆွတ်အောင်ရွာအနီးတွင် တွေ့ရှိခဲ့ ကြောင်း သိရသည်။ ဆွတ်အောင်ရွာ သုဿန်အနီးရှိ တံတားအောက် အမှိုက်ပုံတွင် လူငယ်လေးဦး ဦးခေါင်းတွင် ပစ်သတ်ခံထားရခြင်း ဖြစ်ပြီး မည်သူမည်ဝါဖြစ်သည် မသိရှိရသေးဟု ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောထားကြောင်း ဒေသအခြေစိုက် The 74 Media တွင်ဖော်ပြထားသည်။ “သတ်ခံရတဲ့ သူတွေကဘယ်ကမှန်းလည်မသိရသေးကြောင်း သူတို့မိသားစုနဲ့လည်း အဆက်သွယ်မရသေးသလို သတ်ခံရသည့် လူငယ်လေးဦးအား မည်သည့်အဖွဲ့အစည်းက ပစ်သတ်သွားသည်ကို မသိရှိရသေးကြောင်း နှင့် အလောင်းလာရောက်ကောက်ယူရန် လူမှုကူညီရေးအသင်းများကို အကူအညီတောင်းထား ကြောင်း သူကပြောသည်။

 

  • CDM လှုပ်ရှားမှုတွင် ပါဝင်သည့် တာချီလိတ်မြို့မှ အလယ်တန်းကျောင်းဆရာတစ်ဦး အာဏာသိမ်း စစ်ကောင်စီ၏ ဖမ်းဆီးမှုမှ ထွက်ပြေးတိမ်းရှောင်ရင်း ငှက်ဖျားရောဂါဖြင့် ယနေ့၌ ကွယ်လွန်သွားကြောင်း နီးစပ်သူများထံမှ သိရသည်။ တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)မှ အလယ်တန်းပြကျောင်းဆရာ ဦးကျော်ကျော်ဦး သည် ထွက်ပြေးတိမ်းရှောင်နေစဉ် မန္တလေးတိုင်း တစ်နေ ရာတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ အာဏာ ဖီဆန် လှုပ်ရှားမှု (CDM) ၌ ပါဝင်ခဲ့သည့် ဦးကျော်ကျော်ဦးသည် စစ်ကောင်စီ၏ ခြိမ်းခြောက်မှု၊ လိုက်လံ ဖမ်းဆီး မှုအပြင် စားဝတ်နေရေး အခက်အခဲများစွာကြုံတွေ့ခဲ့ရသော်လည်း အားတင်းကာ ကွယ်လွန်သည့် အချိန်ထိ CDM ၌ ပါဝင်ခဲ့ကြောင်း ၎င်းက ပြောသည်။

 

  • ကျောင်းအပ်နှံရာ၌ ငွေကြေးလုံးဝ‌ မကောက်ဟု အာဏာသိမ်းစစ်ကောင်စီ ကြွေးကြော်ထားသော်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနှင့် ဆီဆိုင်မြို့နယ်၌ ကျောင်းအပ်ရာတွင် ငွေကြေးတောင်းခံမှုရှိနေ ကြောင်း ကျောင်းသားမိဘများထံမှ ယနေ့သိရသည်။ တောင်ကြီးနှင့် ဆီဆိုင်မြို့နယ်၏ ကျေးလက်တော ရွာ များအားလုံးလိုလို ကျောင်းအပ်နှံရာ၌ ကျပ် ၃၀၀၀ မှ ၇၀၀၀ ကျပ်အကြား ပေးသွင်းနေရသလို ‌မြို့ပေါ် ရပ်ကွက်များရှိ ကျောင်းအချို့၌လည်း ငွေကြေးကောက်ခံမှုများ ရှိနေသည်ဟု ဆီဆိုင်မြို့နယ်မှ ကျောင်း သားမိဘတစ်ဦးက ပြောသည်။ “ဆိုက်ခေါင်ကျောင်းမှာသွားအပ်တာ ၇၀၀၀ ကျမယ်လို့ ဆရာမတွေက ပြောတယ်။ ရွာထဲက ကျောင်းသားမိဘတွေလည်း အကုန်ပေးရတာပဲ။ ပိုက်ဆံပေးရတာက အတန်းအ လိုက်ကွာသွားတာပေါ့။ ကျောင်းအဝင်မှာကြတော့ ကျောင်းအပ်လျှင် ငွေကြေးကောက်ခံမှုမရှိပါ။ အခမဲ့ပညာ‌သင်ကြားစနစ်ပါဆိုပြီး ဆိုင်းဘုတ်ထောင်ထားတာပဲ။ အထဲရောက်မှ ပေးရတာပေါ့” ဟု ၎င်းကပြောသည်။

 

  • အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန လက်အောက်မှ ဖွင့်လှစ်သည့် Kaung For You Federal Private School တွင် ယနေ့ (ဇွန် ၁ ရက်) စတင်ပြီး အွန်လိုင်းမှတဆင့် ကျောင်းအပ် လက်ခံခဲ့ရာ နာရီပိုင်းအတွင်း ကျောင်းသား ၁ သိန်းကျော်ထိ လာရောက်အပ်နှံခဲ့ကြောင်း ထုတ်ပြန်ချက် အရသိရသည်။ Kaung For You Education သည် ကျောင်းအပ်လက်ခံခြင်းကို ဇွန် ၁ ရက်နှင့် ၂ ရက်သာ လက်ခံကြောင်း ကြေညာခဲ့ပြီး၊ အပ်နှံသူများသည် နာရီပိုင်းအတွင်း ကျောင်းသားဦးရေ ၁ သိန်းကျော်ခဲ့ ကြောင်း သိရသည်။ Kaung For You Education အပ်နှံမည့်သူများ အနေဖြင့် ကျောင်း၏ Message Box မှတဆင့် Google Form ဖြင့်  ဖြည့်ရကြောင်းသိရသည်။  “ကျောင်းသား ၁ သိန်း ကျော်သွားပါပြီ။ ကျောင်းသား ၁ သောင်းကို အတော်စစ်ထုတ်ရမှာပါ။ ကျနော် ရင်မောနေရပါတယ် မိဘတို့ရယ်” ဟု Kaung For You Education တည်ထောင်သူ ဆရာကာင်း က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ထားသည်။

 

  • ရခိုင်ပြည်နယ်တွင် စစ်ရေးတင်းမာနေသည့်အချိန်တွင် ကျောက်ဖြူမြို့ နယ်ရှိ သံဇစ်မြစ်အတွင်း ရေငုတ် သင်္ဘောကို လူထုအကြား ပေါ်ပေါ်ထင် မြင်သာအောင် ပြသလာခြင်းမှာ စစ်ကောင်စီအနေဖြင့် စစ်ရေး အရ ဖိအားပေးရန် ရည်ရွယ်ပုံရသည်ဟု ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။ “သူတို့က ရေငုတ်သင်္ဘော ရပ်ဖို့နေရာ တွေ အရင်ကတည်းက ကြိုတင်လို့ လုပ်နေတာတွေတော့ ရှိတယ်လို့ ကြားမိတယ်။ ဒီအချိန်မှာတော့ သူတို့ အနေနဲ့တစ်စီးတည်းသော ရေငုတ်သင်္ဘောကတော့ တစ်ဖက်မှာ ရေနက်ဆိပ်ကမ်းလည်း ဖြစ်တဲ့ အခါ ရခိုင်ပြည်မှာလည်း စစ်အင်အားကို ရေတပ်ကအစ၊ ကြည်းတပ်ကအစ၊ အင်အားမြင့်တင်တဲ့ ကာလ မျိုးလည်း ဖြစ်တဲ့အခါ ဒီဟာကသူတို့အနေနဲ့ ရခိုင်ပြည်ရဲ့တိုက်ပွဲ ဖြစ်လာနိုင်ဖို့ အခြေအနေ မှာ ဖိအားပေး တဲ့ အနေနဲ့လည်း ခုလို ပေါ်ပေါ်ထင်ထင် ပြတာမျိုး ဖြစ်နိုင်တာပေါ့။ ပြီးတော့အင်အားပြတဲ့ပုံစံမျိုးလည်း ဖြစ်တယ်”ဟု ဆိုသည်။

 

  • မွန်ပြည်နယ် ကျိုက်ထုံမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငွေကြေးထောက်ပံ့ပေးနေ သည့် လုပ်ငန်းရှင် ၄ ဦးကို ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့ဝင်များက ပထမအကြိမ် သိပေး လိုက်သည်။ မေလ ၃၁ ရက်နေ့တွင် KRF တပ်ဖွဲ့က သတိပေးလိုက်သောလုပ်ငန်းရှင် ၄ ဦးမှာ ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ်လုပ်ငန်းရှင် ၂ ဦးနှင့် စားသောက်ဆိုင်လုပ်ငန်းရှင် ၂ ဦးတို့ ဖြစ်သည်။ ထိုလုပ်ငန်းရှင် ၄ ဦးသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငွေကြေးထောက်ပံ့မှုများအပါအဝင် ဒလန်သတင်းပေး လုပ်ဆောင်မှုများလည်း လုပ်ဆောင်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။ “သူတို့က စကစနဲ့တစ်ဖွဲ့ထဲလို့လည်း ပြောလို့ရတယ်။ စကစ လိုအပ်တာမှန်သမျှဖြည့်ဆည်း ပေးနေတယ်။ ဒလန်လည်းဟုတ်တယ်။ အခုလိုကျွန်တော်တို့ ထုတ်ပြန်ချက်ထုတ်ထားတာ သူတို့ကို ပြောတယ်ဆိုတာ သူတို့ကို သူတို့သိပါတယ်”ဟု KRF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

  • ပြည်သူ့အာဏာသိမ်းထားသည့် စစ်ကောင်စီနှင့်ဆွေးနွေးညှိနှိုင်းမှုများသည် တရားမဝင်ကြောင်း၊ အသိအမှတ်ပြုမည်မဟုတ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) က ယနေ့ထုတ်ပြန် အသိပေး သည်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ( NCA ) သည် ပြည်ထောင်စု အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုထားသည့် စာချုပ်သာဖြစ်ပြီး စစ်ကောင်စီသည် ပြည်ထောင်စု အစိုးရအသွင် ဆွေးနွေးညှိနှိုင်းမှုများ လုပ်နိုင်ခွင့်မရှိဟု NUG က ဆိုသည်။ NUG သည် စစ်ကောင်စီအဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ၂၀၂၁ ခုနှစ်၊ ဇွန် ၇ တွင် ကြေညာခဲ့ပြီးဖြစ်သည်။ အချုပ်အခြာအာဏာသည် ပြည်သူလူထုက တရားဝင်အာဏာအပ်နှင်းထားသည့် NUG အစိုးရတွင်သာ ရှိသည်ဟုလည်း ဆိုသည်။

 

  • လောင်းလုံးမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်း ၇ ကျောင်းတွင် လောင်းလုံးမြို့နယ် လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂမှ ဦးဆောင်ကာ သမဂ္ဂ အလံတော် လွှင့်ထူပြီး စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ဆန္ဒပြခဲ့သည်ဟု သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက် အစောပိုင်းတွင် စစ်ကျွန် ပညာရေး အလိုမရှိကြောင်း လမ်းမပေါ်တွင် ချီတက် ဆန္ဒပြကြသည်။

 

  • ရန်ကုန်တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်ကာ “မင်းတို့ရှို့တဲ့မီး မင်းတို့ ပြန်လောင်စေ” ပြည်သူ့ကျိန်စာ စာတန်းအား ဇွန်လ ၁ ရက်နေ့တွင် ဝေဒ ပညာရှင်များ ညွှန်ကြားစီရင် ပေးသည့် အင်းပြားများထည့်ချုပ်ကာ ချိတ်ဆွဲ ခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် စစ်ကျွန်ပညာဆန့် ကျင်ရေး ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လွတ်လပ်ရေးလမ်းပေါ်တွင် ယနေ့ ဇွန်လ ၁ ရက် ညနေပိုင်း၌ တော်လှန်လူငယ် များက ကြွေးကြော်ဆန္ဒပြကြသည်။ စစ်ကောင်စီလက်အောက် စာသင်ကျောင်းများမှ စစ်ကျွန်ပညာရေး သာ ရရှိမည်ဖြစ်ကြောင်းနှင့် အဆိုပါ ကျောင်းများတွင် ကျောင်းအပ်နှံခြင်းများ မပြုလုပ်ကြရန် Owl Community နှင့် Youths Revolution တို့က လှုံ့ဆော် ဆန္ဒပြကြသည်။

 

  • ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်းရှိ တန်းလျားလေးကျေးရွာ ထခွဲကျောင်း၊ ခလုပ်ကျေးရွာ အလယ်တန်းကျောင်းနှင့် အလယ်စုကျေးရွာ အလယ်တန်းကျောင်းတို့တွင် ဇွန်လ ၁ ရက်နေ့ နံနက် အစောပိုင်း၌ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း လှုပ်ရှားမှု တစ်ခုကို Twantay Royal Defence Force တပ်ဖွဲ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်က ယနေ့ ဇွန် ၁ ရက်နေ့တွင် “ပြည်သူကို ဒုက္ခရောက် အောင် PDF မလုပ်၊ လုပ်ရင် PDF မဟုတ် (သံဃသမဂ္ဂ)”ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကျောင်းသားလူငယ်များက “မုံရွာမြို့ကိုလုံးဝအုပ်ချုပ်ခွင့်မရ” ဟူသော ပိုစတာကို မုံရွာမြို့၏ ယာဉ်ထိန်းရဲကင်းတွင် ယနေ့ နံနက်ပိုင်း ချိတ်ဆွဲ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြသည်။

 

  • မုံရွာ-အမြင့်လမ်း ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေးနှင့် အကြမ်းဖက် စစ်တပ်​အား ဆန့်ကျင် တော်လှန်ရင်း ကျဆုံးခဲ့သည် ရဲဘော် ၂ ဦး တစ်နှစ်ပြည့်နေ့အဖြစ် ပြည်သူလူထု၊သပိတ်ကော်မတီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ရဲဘော် ၂ ဦး ဂူဗိမ္မာန်သို့ ချီတက်ကာ စစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု အင်အားကောင်းကောင်းဖြင့် ၄၄၇ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင် ချီတက်မှု ဇွန် ၁ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • ဒီပဲယင်းမြို့နယ်တွင် အခြေခံ ပညာ ကျောင်းသားကျောင်းသူများ ဦးဆောင်ကာ မေလ ၃၁ ရက်နေ့က စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတွင် ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန် ၁ ရက်နေ့ တွင်’သံပူခိုက် နာနာရိုက်ကြစို့’ စာသားဖြင့် စာတန်းကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီက ကျေးလက်လူထုကို လှုံ့ဆော်ဆန္ဒပြကြောင်း သတင်းရ ရှိသည်။

 

  • ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို ဇွန် ၁ ရက်နေ့ နံနက်ပိုင်းတွင် ချီတက်ခဲ့ကြသည်။

 

  • ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ပညာရေးမှူးရုံး မနေ့ နေ့လယ် ၂ နာရီခန့်မှာ ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားပြီးနောက် ညပိုင်းမှာ မြို့ခံအမျိုးသား ၂ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ရပ်ကွက်နေ ပြည်သူ တွေက ပြောပါတယ်။ မနေ့ည ၁၀ နာရီခွဲခန့်မှာ ရပ်ကွက် ၅ နယ်မြေ ၂ ဘူတာရပ်က အသက် (၄၈)နှစ် အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၅၀ ကျော်အမျိုးသားအပြင် အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ တညအတွင်း မြို့ခံအယောက် ၄၀နီးပါး ဖမ်းခံထားရတယ်လို့လည်း ဆိုပါတယ်။ ဖမ်းဆီးခံထားရသူတွေနဲ့ နီးစပ်သူတစ်ဦးက “၁၀ ခွဲလောက်မှာ ရဲမေတွေနဲ့ စစ်သားတွေက ရောက်လာပြီးတော့ အကုန်လာမွှေသွား တယ်။ ပြီးတော့ သူတို့ကို လက်ထိပ်ခတ်ပြီး ဖမ်းသွားတယ်ပေါ့။ နောက်တစ်ယောက် ပိုက်ဆံသိန်း (၃၀၀) လည်း ပါသွားတယ်ပြောတယ်။ စုံစမ်းကြည့်ရသလောက် သူတို့ မနေ့ညတစ်ညတည်း ဖမ်းသွားတာ အယောက် ၄၀ လောက် ရှိတယ်တဲ့။ အကုန်လုံး စစ်တပ်ထဲမှာ ထိန်းချုပ်ထားတယ်” လို့ ပြောပါတယ်။

 

  • မြစ်ကြီးနား ဖက်ဒရယ်ကျောင်းရဲ့ နေအိမ်အခြေပြုသင်ကြားရေးအစီစဉ် စတင်နေပြီဖြစ်ပြီး အပ်နှံထားတဲ့ အခြေခံပညာ ကျောင်းသူ/သားအရေအတွက် (၁၀၀၀) ကျော်ရှိတယ်လို့ မြစ်ကြီးနားမြို့နယ် ပညာရေး ဘုတ်အဖွဲ့ဆီကနေ သိရပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေနေအရ ကျောင်းသူ/သားတွေရဲ့ ပညာသင် ယူခွင့် အခွင့်အလမ်းဆုံးရှုံးနေတာကို ပြန်လည်ကုစားပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်တဲ့  အမျိုးသား ညီညွတ်ရေးအစိုးရ ၊ ပညာရေးဝန်ကြီးဌာနရဲ့  ကြားကာလပညာရေးအစီစဉ်တစ်ခုဖြစ်တဲ့ အခြေခံပညာ ရေး အွန်လိုင်းကျောင်းကို ဒီကနေ့ ဇွန်လ (၁)ရက်နေ့ ကနေ စတင်နေပြီ ဖြစ်ပြီး ကျောင်းအပ်ကာလကို တော့ ဇွန်လ (၁၂) ရက်နေ့အထိ သတ်မှတ်ထားတယ်လို့ မြစ်ကြီးနားမြို့နယ် ပညာရေးဘုတ်အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောသည်ဟုဆိုသည်။  “ကျွန်တော်တို့ဆီမှာ လျောက်ထား တဲ့ကလေးတွေကိုတော့ ဝင်ခွင့်ရကြောင်း အသိပေးထားပြီးပြီ ။ အဲဒီကလေးတွေကတော့ (၆) လပိုင်းတစ်ရက်နေ့စမယ်။ နောက်ဆက်သွယ်လာတဲ့ ကလေးမှန်သမျှကိုလည်း သူတို့အတန်းပိုင်တွေ ကနေတစ်ဆင့် ဆက်သွယ်ခိုင်းထားပါတယ်။”လို့ ဆိုပါတယ်။

 

  • ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲ ဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား (၅)ဦး၏အမှုကို ယနေ့(ဇွန်လ ၁ ရက်)နေ့တွင် စစ်တွေခရိုင်တရားရုံးကမှ အမိန့်ချရန် အဆင်သင့်မဖြစ်သေးဟု အကြောင်းပြချက်ဖြင့် ထပ်မံရက်ရွှေ့ဆိုင်းလိုက်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။ “ဒီနေ့အမိန့်ချဖို့အတွက် တရားရုံးက အဆင့်သင့် မဖြစ်သေးတာကြောင့် ဇွန်လ ၁၅ ရက်နေ့ကို ထပ်ချိန်းလိုက်ပါတယ်။ တရားရုံးက အမိန့်ချဖို့ အဆင်သင့် မဖြစ်သေးဘူး။ အမှုတွေကို လေ့လာနေတယ်လို့ပြောတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင် က DMG သို့ပြောဆိုထားကြောင်းသိရသည်။ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၅၀)တပ်ရင်းမှ ဗိုလ်ကြီး တင့်နိုင်ထွန်းက တရားလိုလုပ်ပြီး အကြမ်းဖျက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ နတ်မြောင်းရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသ ကာကွယ်ရေးတပ်များမေလ(၃၁)ရက်နေ့က တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က နတ်မြောင်းရွာကို မီးဝင်ရှို့နေကြောင်း ကလေး PDF က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်များသည် နေ့လယ်ပိုင်း တွင် နတ်မြောင်းရွာ၊ နတ်ချောင်းရွာအတွင်းသို့ ဝင်ရောက်လာသဖြင့် နတ်ချောင်းရွာအတွင်း ဒေသ ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီ တပ်သား(၁)ဦးသေကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးကျည်မှာ နတ်မြောင်းဘုန်းကြီးကျောင်း အတွင်း ကျရောက်ခဲ့ပြီး(၅)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် စစ်ရှောင်(၄)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

Related Articles

Back to top button