တိုင်းရင်းသားများသတင်း

စစ်ကောင်စီ၏ ဌာနဆိုင်ရာ ယန္တရားများ လည်ပတ်နိုင်အောင် မပြုလုပ်ဖို့နှင့် စစ်ကောင်စီက ပြန်လည်ဖွင့်လစ်ဖို့ ပြင်ဆင်နေသည့် ကျောင်းပညာရေးနှင့်ပတ်သက်ပြီး တက်ရောက်ခြင်းမပြုလုပ်ဖို့ CJDC တိုက်တွန်း

ဓါတ်ပုံ – စီဂျေ

ဖက်ဒရယ်ဂျာနယ်၊ မေ ၃၀

စစ်ကောင်စီ၏ ဌာနဆိုင်ရာ ယန္တရားများ လည်ပတ်နိုင်အောင် မပြုလုပ်ဖို့နှင့် စစ်ကောင်စီက ပြန်လည်ဖွင့်လစ်ဖို့ ပြင်ဆင်နေသည့် ကျောင်းပညာရေးနှင့်ပတ်သက်ပြီး တက်ရောက်ခြင်း မပြုလုပ်ဖို့ ကျောင်းသားမိဘများအပေါ် Chinland Joint Defense Committee (CJDC) က တိုက်တွန်း ပြောဆိုထားပါတယ်။

“အဓိကတော့ စစ်ကောင်စီက ဒီ ဇွန်လ ထဲမှာ ချင်းပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးမှာ ကျောင်းဖွင့်မယ် ဆိုပြီးတော့ ကြေညာထားတာပေါ့။ သူတို့ရဲ့ ရည်ရွက်ချက်က တကယ်တမ်း ကလေးတွေကို ကျောင်းပညာရေး ပေးချင်တာ မဟုတ်ဘဲ၊ သူတို့ ယန္တရားလည်ပတ်နေတယ်ဆိုတာကို ပြချင်တဲ့ သဘောဖြစ်နေတယ်၊ အကြမ်းဖက်စစ်ကောင်စီ ဘက်ကနေ ကျောင်းဖွင့်နိုင်ရေး ဆောင်ရွက်မှုက သူတို့ရဲ့ ယန္တရား လည်ပတ် နိုင်ဖို့အတွက်နဲ့ လည်ပတ်နေပြီဆိုတာကို နိုင်ငံတကာမှာ ပြသနိုင်ဖို့ရန်အတွက် လုပ်ဆောင် နေခြင်း သက်သက်သာဖြစ်သာကြောင့် ကျနော်တို့ကနေပြီးတော့ ဒီထုတ်ပြန်ချက်ကို ထုန်ပြန်ရခြင်း ဖြစ်ပါတယ်” ဟု (CJDC) ရဲ့ အတွင်းရေးမှူး Timmy က ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။

စစ်ကောင်စီက ဖွင့်လှစ်မည့် ကျောင်းပညာရေးထက် ချင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ဖွင့်လှစ်သည့် ကျောင်းပညာရေးများကို ကလေးများအတွက် သင်ကြားပေးနိုင်ဖို့ Chinland Joint Defense Committee (CJDC) က လိုလားပါတယ်။

“ပညာရေးဆိုတာက အခုစစ်ကောင်စီလက်အောက်ကနေလုပ်နေတဲ့ ကျောင်းတွေကို ကြည့်မယ်ဆိုလို့ရှိရင် စာသင်ကျောင်းထဲမှာ သွားသင်မှ ကျောင်းပညာရေးလို့ထင်ကြတာပေါ့။ အမှန်တော့ နှစ် (၇၀)လုံး ကျနော်တို့ တိုင်းရင်းသားတွေပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့ အော်နေတာက တကယ့်တကယ် ပညာရေးကို နိုင်ငံတကာ (International) နဲ့ ကိုက်ညီတဲ့ ပညာရေးမျိုးကို စစ်ကောင်စီကဘယ်လောက်ပဲဖွင့်ဖွင့် ဘယ်တော့အခါမှရမှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ တရားဝင်မှု (Legitimacy) လို့ ပြောတဲ့အခါမှ ကျနော်တို့ကတော့ ပြည်သူတွေကနေ တရားဝင်မှု (Legitimacy) အပြည့်အဝရထားတဲ့ အဖွဲ့တွေဖြစ်တဲ့ အတွက်ကြောင့် တရားဝင်မှု့ဖြစ်တယ်လို့ ပြောလိုပါတယ်။ စစ်ကောင်စီကနေ ဖွင့်တယ်ဆိုတာက တကယ်တမ်း ပညာရေးကို ရစေသလားဆိုတာလည်း မဟုတ်ပါဘူး။ အတန်းတင် ပညာရေးတာဖြစ်တယ်။ နောက်ပြီးတော့ တဖက်ကနေပြောရမယ်ဆိုရင် စစ်ကောင်စီဖွင့်မဲ့ ကျောင်းမှာတက်မဲ့ သူတွေက တကယ် ပညာရမှာလား သူတို့ရဲ့ လုံခြုံရေးကိုရော အာမခံပေးနိုင်မလားဆိုတာ အများကြီး စဉ်းစားဖို့လိုပါမယ်။ ဒါပေမဲ့ ကျနော်တို့ ဖွင့်တဲ့ ကျောင်းတွေမှာ ချင်းဘာသာ၊ အင်္ဂလိပ်၊ သင်္ချာ၊ မြန်မာစာ စတာတွေကို တင်ပေးမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ချင်းပြည်မှာဖြစ်တဲ့ အတွက်ကြောင့် ချင်းတွေရဲ့ သမိုင်းကြောင်းတွေကို သင်ပေးမှာဖြစ်ပါတယ်။ ပညာရေးကို ပညာရေးလို သွားဖို့ရန်အတွက် ရည်ရွယ်ပြီးတော့ ဖွင့်လှစ်တာဖြစ်တယ်” (CJDC) ရဲ့ အတွင်းရေးမှူး Timmy က ဖက်ဒရယ်ဂျာနယ်သို့ ဆက်ပြောပါတယ်။

တဖန် စစ်ကောင်စီ၏ ဌာနဆိုင်ရာယန္တရားများ လည်ပတ်နိုင်အောင် အသက်သွင်းခြင်း မျိုး မပြုလုပ်ဖို့လည်း Chinland Joint Defense Committee (CJDC) က လိုလားပါတယ်။

“ကျနော်တို့ မြန်မာပြည်မှာ ကျောင်း ဆရာ/မ လေးသိန်းလောက်ရှိတာပေါ့နော။ အဲ့ဒီ လေးသိန်းထဲမှာ CDM လုပ်တဲ့ သူက တစ်သိန်းနှစ်သောင်းလောက်ရှိမယ်။ တချို့ကတော့ CDM လုပ်ရင်းနဲ့ အကြောင်းမျိုးမျိုးကြောင့် Non-CDM ပြန်ဖြစ်တဲ့သူလည်းရှိတယ်။ အများအားဖြင့် ကျနော်တို့ ကြည့်မယ်ဆိုရင်လည်း သူတို့မှာ စီးပွားရေးအရ သော်လည်းကောင်း အခက်အခဲတွေကြောင့် မလုပ်တာလည်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ကျနော်တို့ ထုတ်ပြန်ချက်အပေါ်မှာ ကလန်ကဆန်လုပ်တဲ့သူတွေရှိခဲ့တယ်ဆိုရင် ချင်းပြည်သူတွေရဲ့ ဘုံရန်သူအဖြစ် သတ်မှတ် ပြီးတော့ ကျနော်တို့ အရေးယူ မှာပါ။ စစ်ကောင်စီရဲ့ ယန္တရားကို လည်ပတ်အောင် ကူညီပေးတဲ့ သူတွေကို အရေးယူပါမယ်။ အရေးယူမယ်လို့ပြောတဲ့ဟာမှာ ကျနော်တို့ ပြောလို့တော့ မဖြစ်ဘူး အဆင့်ဆင့်ပြီး တော့ အရေးယူမှုဆောင်ရွက်မယ်လို့ပဲပြောလိုပါတယ်” ဟု CJDC) ရဲ့ အတွင်းရေးမှူး Timmy က ပြောပါတယ်။

ချင်းပြည်နယ် (၉)မြို့နယ်ရှိ ချင်းပြည်သူ့ကာကွယ်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ၎င်းတို့၏ ထိန်းချုပ်နယ်မြေအသီးသီးတွင် ဒေသခံ ပြည်သူများနဲ့ ပူးပေါင်းပြီး စာသင်ကျောင်းများကို ဖွင့်လှစ်ထား နိုင်ပြီလို့လည်း သိရပါတယ်။

ထန်တလန်မြို့နယ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျေးရွာ(၅၁)ရွာ အပါအဝင် ဖလမ်းမြို့နယ် ကျေးရွာများတွင် ကျောင်း(၆၀)လောက် ဖွင့်လှစ်ထားကာ အခြားမြို့နယ်များဖြစ်သည့် ကန်ပက်လက်၊ မင်းတပ်၊ မတူပီ တို့မှာလည်း ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများရဲ့ အကူအညီမပါဘဲ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထား နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

ချင်းပြည်သူ့ကာကွယ်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ၎င်းတို့ မထိန်းချုပ်နိုင်သေးတဲ့ နေရာဒေသများအတွက် အွန်လှိုင်းစနစ်များဖြင့် သင်ကြားပေးနိုင်ဖို့ ပြင်ဆင်ထားကြောင်းလည်း ဆိုပါတယ်။

Related Articles

Back to top button