အတွေးအမြင်

respect သရဏံ ဂစ္ဆာမိ

Getty Images

respect သရဏံ ဂစ္ဆာမိ
********************
ရဲဘော် Scope (ရှေ့တန်းရောက် PDF ရဲဘော်များ ကြုံနေရသည့်ခံစားချက်)

ဗျို့ ဖက်ဒရယ် အယ်ဒီတာ ခင်ဗျား ကျန်းမာချမ်းမြေ့ပါစ။ မိုးလေမကင်းတော့ ရှေ့ကင်း တစ်နေရာမှာ ဒုက္ခ/သောက ဤနှစ်ဝနဲ့ရင်ဆိုင်ရင်း ပြည်တွင်းထဲက ဖက်ဒရယ်အရေး ကြိုးပမ်းခရီးနှင်နေတဲ့ မိသားစုတစ်စုချင်းစီတိုင်းကို လည်း တွေးမိပူမိပါရဲ့ဗျာ။ နှင်နေဆဲ ခရီးမှာ ဒုက္ခအစုံ ကြုံလာရတော့ နေသားတကျ ရှိသလို ဖြစ်ပေမယ့် သောကအစုံထဲမှာတော့ respect သောကဒဏ် တော့ အတော်ခံရခက်တယ်ဗျ။ မနက်လင်းတာနဲ့ တော်လှန်ရေး သရဏံ ဂစ္ဆာမိ ဆိုတဲ့ ကျွန်တော်မျိုး Scope တောင် အခုတော့

respect သရဏံ ဂစ္ဆာမိလို့ ပြောင်းပြီး အာဂုံဆောင် မိ ရွတ်မိပါရဲ့ဗျာ။အယ်ဒီတာရေ မရွတ်လို့မဖြစ်တဲ့ အခြေနေကလည်း ရှိလာခဲ့ပြီလေ။ဖြစ်စဉ်ကတော့ ဒီလိုပေါ့ဗျာ။

ဒီမိုကရေစီရရှိရေး

ဖက်ဒရယ်စနစ် ပေါ်ပေါက်ရေး

အာဏာရှင် ကျဆုံး ရေး ဦးထိပ်ပန်မူဝါဒနဲ့ချီတက်နေတဲ့ ကျုပ်တို့ စခန်းကို လူကြီး တစ်ယောက် ရောက်လာရက စတာပါပဲဗျို့။ အရင်ကလူကြီးဆိုတော့လည်း နေရာကြီးတာပေါ့။ အဲ တော်လှန်ရေးကာလမှာတော့ ဗိုလ် အလိုလို ဖြစ်သွားတဲ့ ဗိုလ်ပေါ့ဗျာ။ ဘာတဲ့ သူ့အမည်က Scope တဲ့။အယ်ဒီတာရေ ဒီလူ့ကြည့်ရတာလည်း မဟန်ပါဘူးဗျာ။ အစတော့ ကျုပ်တို့လည်း ဘုရားမှတ်လို့ ရှိခိုး ကိုးကွယ်ခဲ့တာပေါ့။တော်လှန်ရေး လုပ်နေကြသည်ကိုး။ အခုတော့ ဖွတ်တွေချည်း ထွက်လာတော့ တောင်ပို့မှန်းသိအောင် တော့ ချမိပြမိပြန်ပေါ့ဗျာ။

ကျုပ်တို့ကတော့ အောက်ခြေကနေ ဟိုး ကျုပ်တို့ ဗိုလ်ကြီး ထိ ညီကို အရင်းခြာကဲ့သို့ စိတ်တွေနဲ့ ရာထူး/ နေရာတွေ မကြည့်ပဲ ပေါင်းသင်းဆက်ဆံနေကြရာ က စခန်းကို ဗိုလ် Scope ရောက်လာတော့လည်း ကျုပ်တို့က ဗိုလ် ရယ် ဘာညာ မဟုတ် ဘူးပေါ့ဗျာ။ ခေါ်ထူးမေး ပြောပေါ့။

များမကြာမီ ရွှေပြည်တော် ဓလေ့ထုံးတမ်း ကြီးက ကျုပ်တို့ တောထဲမှာလည်း ပေါ်ပေါက်လာတယ်ဗျို့။

တစ်နေ့တော့ ကျုပ်တို့ရဲဘော်လေးတွေ ဘားတိုက်မှာ အိပ်နေတုန်း ည ၁၂ နာရီလောက်မှာ ငါတွေနှမတွေ မွှန်နေအောင် ဆဲတဲ့အသံကြီးကြောင့် အကုန်နိုးပေါ့ဗျာ။ဒါမျိုးက ကျုပ်တို့ ကရင်ဗိုလ်ကြီးတောင် မပြုမူတော့ ဘယ်သူများလဲပေါ့ဗျာ စပ်စုကျတာပေါ့။မှောင်ကလည်း မှောင်ပေါ့ဗျာ။ မီးထွန်းလို့မှမရသည်ကိုး။

သူ့အနားနေတဲ့ ရဲဘော်လေးတွေကို သောက်ကြစားကြရင်း သူမအိပ်သေးပဲ အိပ်တယ် respect မရှိဘူးဆိုပြီး ဆဲတာဗျို့။ကျုပ်တို့လည်း ဗိုလ် Scope မှန်းသိတော့ ဘာလုပ်ရမလဲဗျာ ဆက် မအိပ်ရင်respect မရှိလို့ မအိပ်တာလို့ ပြောခံဆဲခံရမှာစိုးလို့ ကျိတ် အိပ်ရတာပဲဗျို့။ဒီလိုနဲ့ တစ်လှိမ့်လှိမ့် လှိမ့်ရင်း တစ်နေ့ ကျုပ်က ဗိုလ် Scopeကို ကိုScope လို့ခေါ် မိရာကိုလည်း သူအခဲမကျေ ပြန်ဘူးဗျ။ တစ်ခါကလည်း ရဲဘော်လေး တစ်ယောက် ဂီတာကို သဲ့သဲ့လေး တီးရုံမျှနဲ့ respect ရှိရှိမတီးလို့ ရပ်ခိုင်းပါလေရောဗျာ။ စခန်းကကျန်းမာရေး ခဏခဏ မကောင်းတဲ့ ရဲဘော်လေး ၁ ယောက်လည်း စခန်းရွှေ့သွားရတယ်ဗျ။ရွှေ့ရတာပေါ့ဗျာ respect မရှိလို့မကောင်းတာဆိုပြီးကြည်မှ မကြည်ပဲ ကိုးဗျ။

ကျုပ်က သာမာန်ရဲဘော်လေးပါ အယ်ဒီတာရေ ကျုပ်မုန်းတာက အာဏာရှင်လူတန်းစားများရဲ့ နောက်လိုက်စစ်ခွေး၊ရဲခွေး၊ ဒလန်ဒီလောက်ပဲ။

အဲ့တော့ဗျာ ဒီကာလမှ နေရာကို အသုံးချတဲ့ လူကို မြင်တော့ ဗိုလ်တပ် မခေါ်ရာက ဒေါက်ထောက်ကြည့်ခံရတာပဲဗျို့။ ဒါကြောင့်လည်း ကျုပ်က မနက်မိုးလင်းမျက်နှာသစ်တာနဲ့respect သရဏံ ဂစ္ဆာမိ ဆိုပြီး ၃ကြိမ်ရွတ်၊ ညအိပ်ရာဝင်လည်း ရှင်တော်ဂေါတမကို ဂစ္ဆာမိဖို့က ဆိုင်းငံ့ပြီးrespect သရဏံ ဂစ္ဆာမိလို့ အရင် ရွတ်ရတယ်ဗျို့။

အယ်ဒီတာရေ ကျုပ်တစ်ယောက်ထဲ ရွတ်ရတယ်ခင်ဗျား မထင်နဲ့ဦး ကျုပ်တို့ အကုန်respect သရဏံ ဂစ္ဆာမိရတဲ့ ဖြစ်ခြင်း ဗျ။အခုတော့ အယ်ဒီတာရေရှေ့ကင်းမှာ မိုးတွေရွာတော့ ရွာက စာဥ လေးကိုလည်း လွမ်းမိတာပေါ့ဗျာ။ နေညိုညိုတိမ်တောက်တဲ့ ရွာလမ်းနံဘေးမှာ ဆိုတဲ့ စာသားကို ကျိတ် ဆိုနေရတယ်။ အသံမထွက်ရဲဘူး လေဗျာ။တော်ကြာ ဗိုလ် Scope ကတဆင့် တဆင့်ကြားရင် respect ရှိရှိ မလွမ်းလို့ ကျုပ်ကို ခြောက် ပေါက်ထဲထည့်မလား မှ မသိပဲ ကို ။ လျှောက်တွေးတော့လည်း ရယ်ချင်တာ အလွန်ပဲဗျာ သို့ပေမယ့် ခပ်တည်တည်ပဲ ရယ်ရတယ်ဗျို့။

အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးမှာ အာဏာ/ရာထူး/ နေရာ ရူးသူများ ကျဆုံးပါစေ ကို respect ရှိရှိ တင်ပြရင်း –

respect သရဏံ ဂစ္ဆာမိ

respect သရဏံ ဂစ္ဆာမိ

respect သရဏံ ဂစ္ဆာမိ။

တော်သေးပြီ။     ။

Related Articles

Back to top button