ဆောင်းပါး

လက်နက်ကိုင်တာ ဘာကြောင့်လဲ

လက်နက်ကိုင်တာ ဘာကြောင့်လဲ

နွေလ ရေးတယ်

လက်နက်တွေ လက်ဝယ်ရသွားပြီးရင် ဘာမှအလုပ်မဖြစ်ရင် နောက်ဆုံးမှာ ဓားပြတွေ ဖြစ်ကုန်မယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလက အထက်ပါအတိုင်း  RCSS ဥက္ကဌ စဝ်ရွတ်ဆစ်ပြောတဲ့အင်တာဗျူးဗီဒီယိုတစ်ခု ပျံ့နှံ့နေတာကို သိခဲ့ရပါတယ်။ ဒီပြောဆိုချက်ဟာ အာဏာသိမ်းစစ်အုပ်စုနဲ့ အကျိုးတူစီးပွားဖက်အနေနဲ့ ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီလိုအမြင်မျိုးနဲ့ ဒါဟာ တော်လှန်ရေးအတွက် အကျိုးမရှိပါဘူး။ သူပြောခဲ့သလို လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့သူတွေကို ဓားပြလို့ သတ်မှတ်နေသရွေ့တော့ တော်လှန်ရေးရဲ့ ရည်မှန်းချက်ကတော့ အောင်မြင်ဖို့ ဝေးနေမှာပဲလို့ တွေးတောမိပါတယ်။

ပြည်တွင်းစစ်ဖြစ်ရတဲ့ အရင်းခံပြဿနာဟာ ဒီမိုကရေစီရေးနှင့် အမျိုးသားတန်းတူရေးတို့ မရှိလို့ ဖြစ်ရတဲ့အချက်ကို အာဏာသိမ်းစစ်အုပ်စုက နားလည်ပုံ မရပါဘူး။ ဒီအချက်ကို မှန်ကန်တဲ့ စိတ်ရင်းသဘာထားနဲ့ လက်ခံထားတာမျိုးလည်း မရှိပါဘူး။ ဖြေရှင်းဖို့လည်း မကြိုးစားခဲ့ပါဘူး။ အကြမ်းဖက်ဖြေရှင်းလာခဲ့တာ ယနေ့တိုင်ဖြစ်ပါတယ်။ စစ်အုပ်စုဟာ စစ်အာဏာရှင်စနစ်တည်တံ့ရေးအတွက်သာ ၂၀၀၈အခြေခံဥပဒေကို ရေးဆွဲပြီး သူတို့ရဲ့ လက်ဝေခံများကိုသာ လက်ဝါးကြီးအုပ်ခွင့် အပြည့်အဝပေးခဲ့ပါတယ်။ ဒါကြောင့် ၂၀၀၈အခြေခံဥပဒေထဲမှာ ပြည်သူတွေ လိုချင်တဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေးနှင့် အမျိုးသားတန်းတူရေးတို့ကို တစ်ခုမှ မတွေ့ရပါဘူး။ စစ်အုပ်စုရဲ့အကျိုးစီးပွားအတွက်သာ စိတ်ကြိုက်ရေးဆွဲထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ NCAစာချုပ်ဆိုတာကလည်း ၂၀၀၈အခြေခံဥပဒေကာကွယ်ရေးနှင့် လက်နက်ချရေးတို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် NCAမှာ ငြိမ်းချမ်းရေးနှင့် ပတ်သက်လျှင် စစ်အုပ်စုရဲ့ ခွင့်ပြုချက်မရရင် ဘာမှမလုပ်ရပါဘူး။ ဒီအခြေအနေအောက်မှာ အင်အားစုအချို့နှင့် လူပဂ္ဂိုဟ်အချို့ အလျော့ပေးသွားပေမဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အပြည့်အဝလိုချင်တဲ့သူတွေကတော့ ဒီပြဿနာရဲ့ အဓိကတရားခံ စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စုကို ဆက်လက်တိုက်ပွဲဝင်နေကြပါတယ်။ ဒါကြောင့် တိုင်းရင်းသားများ၏ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲများဟာ ဆက်လက်ဖြစ်ပွားနေခဲ့တာပါ။

တိုက်ပွဲဝင်နေတဲ့သူတွေဟာ ကိုယ့်အင်အားကို တည်ဆောက်နိုင်အောင် ကြိုးစားနေကြတာဟာ တရားနည်းလမ်းကျပါတယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်တိုက်ပွဲနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းများဟာ အင်အားကောင်းအောင် လက်နက်အင်အားနှင့် လူအင်အား အကူအညီရယူရမှာပဲ ဖြစ်ပါတယ်။ လက်နက်နှင့် အကြမ်းဖက်တဲ့ စစ်အုပ်စုကို လက်နက်ဖြင့် ခုခံတိုက်ခိုက်တာဟာ တရားပါတယ်။ စစ်အုပ်စုဟာလည်း လက်ဝေခံများ၏ ပြည်ပအကူအညီယူပြီး ပြည်တွင်းလက်နက်ကိုင်တိုက်ပွဲဝင်နေသူများကို အပြတ်ချေမှုန်းဖို့ မရရတဲ့နည်းနဲ့ အသည်းအသန် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ပြည်တွင်းမှာ လက်နက်ကိုင်တိုက်ပွဲဝင်လာတဲ့သူတွေဟာ ဝါသနာပါလို့ အလုပ်မရှိလို့ စစ်တိုက်နေတာ မဟုတ်ပါဘူး။ ရသင့်ရထိုက်တဲ့အခွင့်အရေးကို ငြိမ်းချမ်းစွာ တောင်းဆိုလို့ မရပဲ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လွန်းလို့ လက်နက်ကိုင်ခုခံတဲ့နည်းကိုသာ ရွေးချယ်ခဲ့ကြတာပါ။ အာဏာသိမ်းစစ်တပ်ထဲမှာလည်း အလုပ်ရှာမရလို့ တဝမ်းတခါးအတွက် အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ အထက်စစ်အုပ်စုက သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ချင်လို့ သူတို့ကို ဆန့်ကျင်နေတဲ့သူတွေကို သတ်ဖြတ်ရန် အမိန့်ပေးမှုများကို တာဝန်အရသာ လုပ်နေကြသူတွေသာ ဖြစ်ပါတယ်။ တကယ်လို့ တနေ့ကျရင် အောက်ခြေတပ်သားတွေဟာ စစ်အုပ်စုရဲ့ စစ်ဗျူရိုကရက်ယန္တရားလှည်ပတ်ရေးအတွက် အဓိပ်ပါယျမရှိစဈတိုကျပေးနကွေတာကို သဘောပေါက်ပြီး အမိန့်ဖီဆန်လာရင်တော့ စစ်အုပ်စုပြိုကျသွားမှာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ CDM မဝင်တဲ့ သူတွေအများစုဟာ စစ်တပ်နှင့် တစ်တပ်၏ဆွေမျိုးအသိုင်းအဝိုင်းကပဲ ဖြစ်နေတဲ့အတွက်ဖြစ်ပါတယ်။ CDM လုပ်တဲ့ တပ်သားတချို့ရှိနေပေမဲ့ နည်းပါးလွန်းလှပါတယ်။

အာဏာသိမ်းစစ်အုပ်စုနှင့် လက်ဝေခံတွေဟာ သူတို့ လိုချင်သမျှ သူတို့ စိတ်ကြိုက်ပုံသွင်းတဲ့ အခြေအနေအောက်မှာသာ ငြိမ်းချမ်းရေးအတု၊ ဖက်ဒရယ်အတု၊ ဒီမိုကရေစီအတုနှင့် တန်းတူရေးအတုတို့ကို တည်ဆောက်လာခဲ့တာလည်း ယနေ့တိုင်ဖြစ်ပါတယ်။ အခုလို စစ်အုပ်စုရဲ့ ယန္တရားပြိုကျတော့မဲ့အချိန်မှာ စိတ်ခြောက်ခြားပြီး ပြည်သူလူထုနှင့် လက်နက်ကိုင်တိုက်ပွဲဝင်နေသူများအား မရရတဲ့နည်းနဲ့ စေ့စပ်ရေး၊ သွေးခွဲရေးတို့နဲ့ ထောင်ချောက်ဆင်လာကြတော့မှာ ဖြစ်ပါတယ်။  တော်လှန်ရေးအဖွဲ့တွေလည်း များပြားလှတဲ့အတွက် အမြင်တွေလည်း မတူညီကြပါဘူး။ တချို့လူတွေဟာ သစ္စာဖောက်တဲ့လမ်းကို ရွေးချယ်သွားကြပါတယ်။ သူတို့ကို လက်မခံသူတွေကို ရန်သူလို့ သဘောထားပြီး နှိမ်နှင်းတဲ့ စစ်အုပ်စုအတိုင်း တော်လှန်ရေးအဖွဲ့တွေကြားမှာလည်း အမြင်မတူရင်  ရန်သူလို့ သတ်မှတ်နေသရွေ့တော့ ငြိမ်းချမ်းရေး၊ ဖယ်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနှင့် တန်းတူရေးတို့လည်း အလှမ်းဝေးနေမှာပဲ ဖြစ်ပါတယ်။ ပြည်သူလူထုကတော့ စစ်အာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုအောက်မှာ နှစ်ပေါင်းများစွာ နေလာခဲ့ရပြီးပြီ။ ဒါကြောင့် အဓိကအချက်က စစ်အုပ်စုရဲ့ လက်အောက်မှာ ထပ်မနေချင်တော့တဲ့အတွက် သပိတ်တိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲတို့ကို ဆင်နွှဲခဲ့ရတာပါ။ နောက်တစ်ချက်က ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ရေး၊ ဒီမိုကရေစီရေးနှင့် တန်းတူရေးတို့အတွက် ငြိမ်းချမ်းစွာ တောင်းဆိုလို့ မရတော့တဲ့အတွက် လက်နက်စွဲကိုင်တိုက်ပွဲဝင်ရတာပဲ ဖြစ်ပါတယ်။ ပြည်သူလူထုက ဆင်နွှဲနေတဲ့တော်လှန်ရေးမှာ အာဏာသိမ်းစစ်အုပ်စုနဲ့ လက်ဝေခံတို့ရဲ့ ထောင်ချောက်ထဲ ကျမသွားဖို့ လိုအပ်တဲ့အကြောင်းနှင့် အမြင်တူအောင် စုစည်းကြဖို့ လိုအပ်နေတဲ့အကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

Related Articles

Back to top button