ဆောင်းပါး

အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်

အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်

နှစ်ဟောင်းမှနှစ်သစ်သို့ကူးပြောင်းသည့် မြန်မာနှစ်သစ်ကူးအချိန်ကာလဖြစ်သည်။ အိမ်စောင့်အစိုးရအဖြစ်ဆောင်ရွက်နေပါ သည်ဟုဆိုသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နှစ်သစ်ကူးမိန့်ခွန်းအဖြစ် ရုပ်မြင်သံကြားမှတိုင်းပြည်သို့ ပြောကြားသွားခဲ့ သည်။ ၎င်း၏မိန့်ခွန်းတွင် နှစ်ဟောင်းများက အားနည်းချက်ကိုပြုပြင်ကာ အားသာချက်များကို ဆင်ခြင်သုံးသပ်မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးအသီးအပွင့်များ၊ ဒီမိုကရေစီအုပ်ချုပ်ရေး၏အနှစ်သာရများ အပြည့်အဝခံစားရရှိစေရန် အားလုံး အစွမ်းကုန်ကြိုးစားကြရအုံးမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏အားသည်ပြည်တွင်းမှာပင်ရှိပြီး ပြည်သူလူထု၏စွမ်းအားဖြင့် အကောင်း ဆုံးဖြစ်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ အောင်မြင်မည်ဟုလည်း အပြည့်အဝယုံကြည်ပါကြောင်း ပြောကြားသွားသည်။

လွန်ခဲ့သောနှစ်ပေါင်း ၆၀ ခန့်၊ ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့၌လည်း မြန်မာသမိုင်းတွင် ပထမဆုံးအိမ်စောင့် အစိုးရအဖြစ်ဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်သူ့လွှတ်တော်တွင် မိန့်ခွန်းချွေခဲ့ဖူးသည်။

ဗိုလ်ချုပ်ကြီးနေဝင်းက “ဥက္ကဠကြီးခင်ဗျား၊ ကျွန်တော်ဝန်ကြီးချုပ်ရဲ့ တာဝန်ဝတ္တရားကို အခုလိုလက်ခံရခြင်းဟာ ကျွန်တော်နှင့် တကွ အမတ်မင်းများအားလုံး အမြတ်တနိုးဦးထိပ်ရွက်ပန်ထားတဲ့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီအစဉ် အလာကို အန္တရာယ်အမျိုးမျိုးက ခြိမ်းခြောက်လာတာတွေ့ရတဲ့အတွက် ဒီအန္တရာယ်ကို ကာကွယ်ဖို့တာဝန်ယူလက်ခံ လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်ဒီလိုတာဝန်ယူခြင်းဟာ ပြည်ထောင်စုသားပုဂ္ဂိုလ်တစ်ယောက်အနေနှင့်လည်းကောင်း၊ စစ်သား တစ်ယောက်အနေနှင့်လည်းကောင်း၊ တာဝန်ရှိတဲ့အတိုင်းတာဝန်ယူလိုက်ခြင်းဘဲဖြစ်ပါတယ်။ ဒါကြောင့်ပါလီမန်ကပေးတဲ့ ဒီတာဝန်ကို ရဲရဲဝံ့ဝံ့လက်ခံလိုက်ခြင်းဘဲဖြစ်ပါတယ်။” လို့ပြောကြာသွားခဲ့သည်။

အိမ်စောင့်အစိုးရ၏ပွဲဦးထွက်ဆောင်ရွက်ချက်များမှာ နိုင်ငံရေးသမားများ အထူးသဖြင့် စစ်အုပ်စုအပေါ် မကြည်ဖြူနိုင်သူ၊ ဆန့်ကျင်သူနိုင်ငံရေးသမားများကို ဖမ်းဆီးထိန်းသိမ်းခြင်းဘဲဖြစ်သည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် ငြိမ်ဝပ်ပိပြားမှုညီလာခံကျင်းပ သည်။ ထိုညီလာခံက တရားဥပဒေစိုးမိုးရေး၊ အမြတ်ကြီးစားများနှိမ်နင်းရေး၊ ကုန်ဈေးနှုန်းချရေး၊ မြို့တော်သန့်ရှင်းရေးလုပ်ငန်းများ လုပ်သွားမည်ဟု ဆုံးဖြတ်သည်။

ဗိုလ်ချုပ်ကြီးနေဝင်းသည် အိမ်စောင့်အစိုးရအား စစ်အစိုးရအဖြစ်တန်းမမြင်ရအောင် အစိုးရအဖွဲ့စာရင်းတွင် စစ်ဗိုလ်ကြီးများ ကို ထည့်သွင်းဖွဲ့စည်းထားခြင်းမရှိသော်လည်း ဝန်ကြီးဌာနနှင့် လုပ်ငန်းဌာနအဖွဲ့အစည်းတိုင်းတွင် စစ်ဗိုလ်ကြီးများအားလုံး တာဝန်ယူ လုပ်ကိုင်ခဲ့သည်။

အိမ်စောင့်အစိုးရသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆူပူသောင်းကျန်းသူများကို တိုက်ဖျက်နှိမ်နင်းရန် လက်နက်ပုံးဖော် ထုတ်ရေး၊ သောင်းကျန်းသူအပြုတ်တိုက်ရေးကို ဆောင်ရွက်ခဲ့သည်။ ၎င်း၏လက်ထက်တွင် ရန်ကုန်နှင့် ၂၆၂ မိုင်ဝေးသော ကိုကိုကျွန်း၌ အကျဉ်းထောင်တစ်ခုဖွင့်လှစ်ခဲ့သည်။ ဖမ်းဆီးထားသည့်နိုင်ငံရေးအကျဉ်းသားအချို့ကို ကိုကိုကျွန်းသို့စတင်ပို့ခဲ့သည်။ ထိုအထဲတွင် နိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းစာဆရာများပါဝင်သည်။ ထင်ရှားသူများမှာ သခင်မြသန်း၊ တိုးတက် ရေးဦးအုန်းမြင့်၊ ဦးအောင်သန်း (ဗိုလ်ချုပ်အကို)၊ လေထီးဦးအုံးမောင်၊ သခင်ဖေဌေးတို့ဖြစ်သည်။

ဗိုလ်ချုပ်နေဝင်း၏အိမ်စောင့်အစိုးရလက်ထက်တွင် တန်ခိုးထွားကြသူများမှာ ပြည်ထဲရေးဌာနကိုကိုင်တွင်ရသော ဗိုလ်မှူးချုပ် မောင်မောင်နှင့် စီးပွားရေးကိုကိုင်တွယ်ရသော ဗိုလ်မှူးချုပ် အောင်ကြီးတို့ဖြစ်ကြသည်။ ၁၉၅၁ ခုနှစ်ကစ၍စတင်ဖွဲ့စည်း ခဲ့သော တပ်မတော်ထောက်ပံ့ရေးအဖွဲ့ (DSI) ၏အောက်၌ BEDC ဆိုသောအဖွဲ့ခွဲအားထပ်မံဖွဲ့စည်းခဲ့ပြီး စီးပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခဲ့သည်။

ဗိုလ်မှူးကြီးထွန်းစိန်အား ရန်ကုန်မြို့တော်ဝန်ခန့်အပ်ခဲ့ပြီး ရန်ကုန်မြို့တွင်းရှိဆင်းရဲသားပေါင်းစုံ၊ ပျံကျပေါင်းစုံနေထိုင်ကြ သော ကွက်သစ်များကိုရှင်းလင်းပြစ်ဖို့၊ မြို့တော်ကြီးကို သန့်ရှင်းလာအောင်လုပ်ဖို့တာဝန်ပေးခဲ့သည်။ ကွက်သစ်နေလူထုအား မြို့သစ်တည်ပေးပြီး စနစ်တကျနေတတ်လာအောင် စိကုတ်ပြီးနတ်ပြည်တင်ပေးတာဟု ဆိုခဲ့သည်။

ကျူးကျော်တဲများဟုဆိုပြီး အိမ်ခြေပေါင်း (၁၆၇၀၀၀) ကျော်ကို အတင်းဖြိုဖျက်ပြီး မြို့သစ်များဆီပို့ဆောင်ခဲ့သည်။ ဥက္ကလာ၊ သာကေတမြို့သစ်များ ပေါ်ပေါက်လာခဲ့သည်။ မြို့သစ်များသို့မောင်းထုတ်လိုက်ပြီးပေါ်လာသော မြို့လည်ခေါင် မြေကွက် လပ်ကြီးများကို စစ်ဗိုလ်ကြီးငယ်များအား နေရာချထားပေးခဲ့သည်။ ချင်းချောင်းခြံကွက်သစ်ကိုဖျက်ပြီး ထိပ်သီးပုဂ္ဂိုလ်များ အတွက် ခွဲဝေပေးခဲ့သည်။

မြို့တော်ကို ချွေးဖြင့်ဆေးမည်ဆိုသောဆောင်ပုဒ်ဖြင့်  ရန်ကုန်မြို့တော်အတွင်းရှိအရပ်သား မြို့သူမြို့သားများအား အတင်းအကြပ် သန့်ရှင်းရေးလုပ်ခိုင်းခဲ့သည်။ အမှိုက်သိမ်း၊ မြောင်းပုပ်ဖော်၊ လမ်းပြင်စသည့် မြူနီစပယ်အလုပ်များကို တနင်္ဂနွေနေ့ တိုင်း မြို့သူမြို့သားများမလုပ်မနေရဟု ခိုင်းစေခဲ့သည်။

ထို့အပြင်တစ်ဖက်၌လည်း သောင်းကျန်းသူအပြုတ်တိုက်ရးနှင့် ကွန်မြူနစ်သူပုန်အပြတ်ဖြိုခွင်းရေးကို အိမ်စောင့်အစိုးရက ဆင်နွှဲခဲ့သည်။ မိုးရာသီမှာရပ်နား၊ ခြောက်သွေ့ရာသီမှ စစ်ဆင်တဲ့စနစ်ကို အသုံးမပြုတော့ဘဲ နွေမိုးဆောင်း ရာသီအားလုံးမနား ထိုးစစ်ဆင်ခဲ့သည်။

၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်သူ့လွှတ်တော် ခေါ်ယူခဲ့သည်။ အကြောင်းရင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၁၆ ကို ပြင်ဆင်ရန်ဖြစ်သည်။ ပုဒ်မ-၁၁၆ အရ ပါလီမန်အမတ်မဟုတ်သူတစ်ယောက်ကို ၆ လထက်ပို၍ ဝန်ကြီး သို့မဟုတ် ဝန်ကြီးချုပ်တာဝန်မပေးဘဲ တားမြစ်ထား၍ဖြစ်သည်။

ပုဒ်မ-၁၁၆ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့၏ တည်မြဲဖဆပလအဖွဲ့ကြီးက ထောက်ခံကြသည်။ ပမညတအမတ် သခင်ချစ်မောင်က “ပုဒ်မ-၁၁၆ ကို ထပ်ပြင်ရရင် မူပျက်တယ်လို့ဖြစ်ပါတယ်။ အဲ့ဒီမူပျက်တယ်ဆိုရင် ပါလီမန်အစိုးရ ကွယ်လွန်ပြီလို့ ပါလီမန်လွှတ်တော်ကို ကြေညာရမှာဖြစ်ပါတယ်” ဟုပြောဆိုကန့်ကွက်ခဲ့သည်။

သခင်ချစ်မောင်၏ဝေဖန်ချက်ကို ဗိုလ်ချုပ်ကြီးနေဝင်းက “ကျွန်တော်နှင့်တကွ တပ်မတော်သားတွေဟာ မူအရလုပ်နေပါ တယ်။ ကျွန်တော်တို့မူတွေက အခြေခံအုပ်ချုပ်ပုံဥပဒေကို လေးစားမယ်၊ ရိုသေမယ်၊ တည်တံ့ခိုင်မြဲအောင်ကိုင်ထားပါမယ်။ ပါလီမန်ဒီမိုကရေစီကို ကျွန်တော်တို့ထောက်ခံပါတယ်။ တည်တံ့အောင်လုပ်ရပါမယ်” ဟုတုန့်ပြန်‌ပြောကြားခဲ့သည်။

သို့သော်လည်း ၁၉၆၂ ခုနှစ်သို့ရောက်သောအခါ လေးစားပါသည်ဆိုသော ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ထောက်ခံပါသည်ဆိုသော ပါလီမန်ဒီမိုကရေစီစနစ်ကို မြေမြုပ်သင်္ဂြိုလ်ခဲ့သည်။

အတိတ်ဆိုသည်မှာ ဖျောက်ဖျက်၍မရနိုင်သော သမိုင်းဖြစ်ပြီး ပစ္စပ္ပန်သည်လည်း နောက်တစ်နေ့တွင်သမိုင်းဖြစ်အုံးမည်ဖြစ် ၏။ အနာဂတ်ဆိုသည်ကား မရေရာမသေချာသောအရာဖြစ်သည်။ သို့သော်အားလုံးကအနာဂတ်သို့မရောက်ရောက်အောင် သွားကြရအုံးမည်ဖြစ်သည်။

မောဂ္ဂလိ ရေးတယ်

ဖက်ဒရယ်ဂျာနယ်

ဧပြီ ၂၀၊ ၂၀၂၂

Related Articles

Back to top button