ဆောင်းပါး

မြန်မာစစ်တပ်အပေါ် အမေရိကန် မူဝါဒ

မြန်မာစစ်တပ်အပေါ် အမေရိကန် မူဝါဒ

သမ္မတဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုပြီး ၁၀ ရက်အကြာမှာပဲ ၎င်း၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အဖွဲ့အနေဖြင့် အရှေ့တောင်အာရှနှင့်ပတ်သက်ပြီး အကျပ်အတည်း ရင်ဆိုင်ခဲ့ရသည်။ “မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို အမေရိကန်က ဘယ်လို တုံ့ပြန်သင့်သနည်း? ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အစိုးရကို ဖြုတ်ချခဲ့သည်။

အာဏာမသိမ်းခင် နှစ်လအစောပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်တပ်ကျောထောက်နောက်ခံပြုထားသော ပါတီကို အမျိုးသား ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ၎င်းရွေးကောက်ပွဲက မြန်မာစစ်တပ်ကို အကြီးအကျယ်အရှက်ရစေခဲ့သော တတိယအကြိမ်မြောက် ရွေးကောက်ပွဲလည်းဖြစ်သည်။ မြန်မာစစ်တပ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲ မသမာမှုများ ကျူးလွန်ခဲ့သည်ဟု အခြေအမြစ်မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်များစွာဖြင့် စွပ်စွဲဖမ်းဆီးခဲ့သည်။ အခြားပါတီခေါင်းဆောင်များလည်း ထိုအချိန်မှစပြီး ဖမ်းဆီးခံထားရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုကြီး ပေါ် ပေါက်လာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များဖြိုခွင်းမှုများကြားကပင် သူ့အလိုလို ရပ်တည်လာနိုင်ခဲ့သည်။ စစ်တပ်က လူပေါင်း ၁,၇၀၀ကျော်ကိုသတ်ဖြတ်ထားပြီး ဖမ်းဆီးခံရသူပေါင်း ၁၃,၀၀၀ကျော် ရှိလာခဲ့သည်။ မြန်မာစစ်တပ်၏ ချုပ်နှောင်မှုခံနေရစဥ်အတွင်း လူပေါင်း ၁၃၀ကျော်ကို သေဆုံးသည်အထိ နှိပ်စက်ခံခဲ့ရကြောင်း အစီရင်ခံစာများတွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် ဧပြီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့သည်။

ဘိုင်ဒန်အစိုးရသစ်သည် သူတို့ကိုယ်သူတို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟု အမည်ပေးထားသော မြန်မာစစ် တပ်ကို ပိတ်ဆို့အရေးယူမှုများ လျင်မြန်စွာ ဆောင်ရွက်ခဲ့ပြီး ဒေါ်လာ ၁ ဘီလီယံကိုလည်း သိမ်းဆည်းခဲ့သည်။ သို့သော်လည်း ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးတွင် အိမ်ဖြူတော်က နှုတ်ဖြင့်ဆောင်ရွက်ပေးနေရုံမှတစ်ပါး အခြားအနည်းငယ်လောက်ကိုသာ လုပ်ဆောင်ခဲ့ပြီး အာဆီယံကိုပိုမိုလုပ်ဆောင်ရန်သာ တောင်းဆိုခဲ့သည်။

နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒါးရက်ချိုလက် ခေါင်းဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပြီးခဲ့သောနှစ်က စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခြင်းမပြုရန် ဆုံးဖြတ်ချက်တစ်ခုအပေါ်အခြေခံပြီး ယုံကြည်မှု တည်ဆောက်ခဲ့ကြသည်။

ယင်းနောက်မှာလည်း အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များ အောက်တိုဘာ ၂၅ ရက်တွင် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ အလားတူ ထိပ်သီး ဆွေးနွေးပွဲကို ဘိုင်ဒန်နှင့် အာဆီယံခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး မြန်မာစစ်တပ် ပိုမိုအထီးကျန်ဖြစ်စေရန် တောင်းဆိုခဲ့သည်။

အာဖဂန်အစိုးရ ပြိုလဲခြင်း၊ ထိုင်ဝမ်တင်းမာမှုနှင့် ရုရှားဆိုက်ဘာ တိုက်ခိုက်မှုများကဲ့သို့သော ခေါင်းစဥ်ကြီးများကို မဖမ်းဆုပ်နိုင်ခဲ့သော်လည်း မြန်မာစစ်အာဏာသိမ်းမှုနှင့် ဆက်လက် ဖြစ်ပွားနေသော အသေအပျောက်များနေသည့်ပြည်တွင်းပဋိပက္ခများက ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒ အစီအစဥ်များတွင် အရေးကြီးသော အစိတ်အပိုင်းများကိုလွှမ်းမိုးထားသည်။ အထူးသဖြင့် ပြည်ပဒီမိုကရေစီ မြှင့်တင်ရေး သမ္မတကတိကဝတ်များအတွက် ဆုတ်ယုတ်မှုကို ကိုယ်စားပြုသည်။ မြန်မာစစ်တပ်က တရုတ်၊ ရုရှားတို့နှင့် ကျယ်ပြန့်သောဆက်ဆံရေးရှိပြီး ၎င်းတို့အပေါ် လောင်းကြေးထပ်ထားသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်အကျိုးစီးပွားက နှစ်ပိုင်းဖြစ်သည်။ ၎င်းတို့မှာ အရပ်သားအုပ်ချုပ်ရေးပြန်လည်ထူထောင်ရေးနှင့် တရုတ်လက်အောက်သို့ မြန်မာနိုင်ငံ ကျရောက်မသွားစေရေးဖြစ်သည်။ ပြောင်း လဲလာသော မြန်မာနိုင်ငံ စီးပွားရေး ၊ သံတမန်ရေးနှင့် လုံခြုံရေးအခြေအနေများကြားတွင် အမေရိကန်အကျိုးစီးပွား တိုးမြှင့်လာစေရန်အတွက် ဘိုင်ဒန်အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုသင့်ပြီး မြန်မာစစ်တပ်၏ စီးပွားရေးအားနည်းချက်များကို အခွင့်အရေးယူကာ လက်ရှိပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ရန်၊ NUG နှင့် အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများမှတဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးခြင်းတို့ ဆောင်ရွက်ပေးသင့်သည်။ ထို့အပြင် မြန်မာစစ်တပ်ကို တော်လှန်နေကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအသီးသီးများနှင့် အဆက်အသွယ် မပြုရေးဆိုသည့် ကာလရှည်ကြာခဲ့ပြီဖြစ်သော မူဝါဒကိုပြောင်းလဲရန် စဥ်းစားသင့်သည်။

ကျရှုံးနိုင်ငံအခြေအနေသို့ ဆက်လက်ဦးတည်နေခြင်း

မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံဆီသို့ဦးတည်နေသည်။ မြန်မာစစ်အာဏာရှင်သစ်က စီးပွားရေးပြိုလဲမှုနှင့် အခြေခံ အုပ်ချုပ်ရေးလုပ်ငန်းများ ပျက်ပြားအောင် ဆောင်ရွက်ခဲ့သည်။ ငွေကြေးဖောင်းပွမှု မြှင့်တက်လာပြီး ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းများ ကြုံနေရသည်။ ကျပ်ငွေတန်ဖိုး ၆၀ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ စက်တင်ဘာလမှ အောက်တိုဘာလအထိ ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို ကာကွယ်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း၁၁၀ သုံးစွဲခဲ့သည်။ ကုန်သွယ်မှု ခမ်းခြောက်လာပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများ အရမ်းခက်ခဲလာသောကြောင့် ကားတင်သွင်းခွင့်ကို မြန်မာစစ်တပ်ကတားမြစ်လိုက်သည်။

ကမ္ဘာ့ဘဏ်က ၂၀၂၁ ခုနှစ်တွင် ပြည်တွင်းအသားတင်ထုတ် ကုန်တန်ဖိုး ၁၈ဒဿမ ၄ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းထားချိန်မှာပဲ ၂၀၂၂ ခုနှစ်တွင် လူဦးရေထက်ဝက်က ဆင်းရဲမွဲတေမှုမျဥ်းအောက်တွင် နေထိုင်ရမည်ဟု ကုလသမဂ္ဂက ခန့်မှန်းလိုက်သည်။ ပြည်ပရင်းနှီးမြှပ်နှံမှု ကျဆင်းသွားခြင်းက ပြည်တွင်းစီးပွားရေး အခြေအနေကို ကျဆင်းစေသည်။ နိုင်ငံခြားငွေကိုင်ဆောင်မှု (ဒေါ်လာ ၆ ဘီလီယံ)ကလည်း ယခင်ခန့်မှန်းထားသည်ထက် နိမ့်ကျနေသောကြောင့် မြန်မာစစ်တပ်၏ ကျပ်ငွေကျဆင်းမှု ကာကွယ်ရန် သို့မဟုတ် နောက်ထပ် စီးပွားရေးကျဆင်းမှုကိုခံနိုင်ရည် ရှိမည်မဟုတ်ပေ။ အချို့သောစီးပွားရေး ကျဆင်းမှုများက ကာလရှည်ကြာ အာဏာဖီဆန်ရေး လှုပ်ရှားမှုများ၏ရလဒ်များ ဖြစ်သော်လည်း စီးပွားရေးတည်ငြိမ်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု အာဏာသိမ်းခေါင်းဆောင် မျှော်လင့်ထားသမျှ ပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။

ပြောင်းလဲနေသော နိုင်ငံတကာရှုခင်း

ကမ္ဘာလုံးဆိုင်ရာ အခြားအကျပ်အတည်းများမှ မြန်မာစစ်တပ်ပြန်လည်ရရှိသော အကျိုးအမြတ်က နိုင်ငံတကာ၏ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူပိတ်ဆို့မှုထက် ကျော်လွန်ပြီး နိုင်ငံတကာ ဖိအားများဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာတော့ မြန်မာစစ်တပ်ကို ရုရှားနှင့် တရုတ်တို့က ကျောထောက်နောက်ခံ ပေးခဲ့သောကြောင့် အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းခဲ့သည်။ ရုရှားအတွက်တော့ မြန်မာနိုင်ငံသည် အရန်ဒေသတွင်ဩဇာလွှမ်းမိုးရန်အတွက် စရိတ်သက်သာသော နည်းလမ်းဖြစ်ပြီး မြန်မာစစ်တပ်အား ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူမှုနှင့် လက်နက်ရောင်းချမှု ပိတ်ဆို့ခြင်းမှလည်း ကာကွယ်ပေးခဲ့သည်။ သို့သော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွက် အဓိက သက်သာရာရစေသောအကြောင်းအရင်းဇစ်မြစ်က အာဆီယံ၏ တင်းကျပ်သောမူဝါဒဖြစ်သည့် “အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေး” ဖြစ်သည်။

မြန်မာနိုင်ငံအခြေအနေများ ယိုယွင်းလာသောကြောင့် မြန်မာစစ်တပ်သည် နိုင်ငံတကာတွင် အထီးကျန်ဆန်လာ သည်။ မြန်မာနိုင်ငံအပေါ် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ သဘောထားများက သိသိသာသာ ကောင်းမွန်နေသေးသော်လည်း ပြီးခဲ့သော အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုရန် မလေးရှား၊ အင်ဒိုနီးရှား နှင့် စင်ကာပူတို့က အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။ ခေါင်းဆောင်တစ်ယောက်ကို ထုတ်ပယ်ရန် အာဆီယံမှပထမဆုံးအကြိမ် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းက စစ်အုပ်စုအပေါ် စာနာမှုအလွန်နည်းပါးနေကြောင်း ဖော်ပြနေသည်။ တကယ်တမ်းမှာတော့ အာဆီယံက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအပေါ် မကြုံစဖူးသောဘာသာစကားများ အသုံးပြုဝေဖန်ခြင်းဖြင့် မိမိတာဝန်ကို ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများကို စေလွှတ်ခြင်းမပြုဖို့ ဆုံးဖြတ် ရွေးချယ်ခဲ့သည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက “ယခုအချိန်သည် အာစီယံ၏ ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး မူကျင့်သုံးနေခြင်းအပေါ် အလေးအနက်ထားပြီး အဖြေရှာရမည့်အချိန်ဖြစ်ပြီး အခြားဒေသများ၏ အခြားအတွေ့အကြုံများကို လေ့လာဖို့အချိန်ရောက်ပြီ” ဟု အကြံပြုပြောကြားခဲ့သည်။ ၎င်းအကြံပြုချက်က ဆွဲဆောင်မှုရနိုင်ဖွယ် မရှိသော်ငြား ပြီးခဲ့သော ဧပြီလက သဘောတူညီမှု ရရှိထားသည့် သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် မြန်မာစစ်တပ်က ငြင်းဆိုခဲ့သောကြောင့် အာဆီယံကို အရှက်တကွဲအကျိုးနည်း ဖြစ်စေခဲ့သည်က ရှင်းလင်းသိသာနေပါသည်။

အချိန်တွေမကြာသင့်ဘဲ ကြာသွားပြီးမှခန့်အပ်ခံရသော မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ ဆုံရန် မြန်မာစစ်အုပ်စုက ပထမအကြိမ် ငြင်းဆန်ခဲ့ပြီး နောက်ထပ် တွေ့ဆုံမှုများကလည်း အောင်မြင်မှု မရခဲ့သဖြင့် အာဆီယံအတွင်း စိတ်ပျက်မှုများ မြှင့်တက်လာသည်ကတော့ သေချာသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေးများမှ ချန်လှပ်ထားခဲ့သောကြောင့် အာဆီယံအထူးသံတမန်များ၏ တာဝန်များကို တားဆီးရန် ပိုမိုလုပ်ဆောင်သွားနိုင်သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အသစ်ကလည်း မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် အနည်းငယ်သာ ရှိနိုင်သည်။

စစ်အုပ်စုအတွက် နောက်ထပ် စိုးရိမ်မှုက တရုတ်၏ မကျေနပ်မှု ကြီးထွားလာခြင်းဖြစ်သည်။ အာဏာသိမ်းမှုကို ဘေဂျင်းက လျင်မြန်စွာ ရှုတ်ချခဲ့ပြီး အာဏာသိမ်းမှုကို “ကက်ဘိနက်အပြောင်းအလဲ” အဖြစ် ရည်ညွှန်းသော်လည်း ကူးစက်ရောဂါ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းနှင့် စီးပွားရေးကြောင့် နယ်စပ်ကုန်သွယ်ရေး ဖြတ်တောက်ကာ Belt and Road Initiative ပရောဂျက်များကို အဟန့်အတား ဖြစ်စေသည့် စစ်အုပ်ချုပ်ရေးကို စိတ်ပျက်လာခဲ့သည်။ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးများအကြား ပိုမိုကျယ်ပြန့်လာသောပဋိပက္ခများက တရုတ်နိုင်ငံ၏ ဒေါ်လာ ၂ ဘီလီလံတန် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို နိုင်ငံအနှံ့ ခြိမ်းခြောက်လျက်ရှိနေသည်။ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခွင့် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုဖျက်သိမ်းရန် စစ်အုပ်စုက ခြိမ်းခြောက်လာသောအခါ တရုတ်ကွန်မြူနစ်ပါတီက ပါတီချင်းဆက်ဆံရေးကို ဂုဏ်ပြုသောအားဖြင့် သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပြီး ဗိုလ်ချုပ်ကြီးများကို ကျောခိုင်းမည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား သတိပေးခဲ့သည်။ တိုက်ပွဲများကြောင့် အမြောက်ကျည်နှင့် ကျည်ဆံများ တရုတ်နိုင်ငံ၏ မြို့တစ်မြို့ကိုထိမှန်ခဲ့ပြီး လိုအပ်သော တုံ့ပြန်မှုများပြုလုပ်သွားမည်ဟု တရုတ်အစိုးရက ပြီးခဲ့သော ဩဂုတ်လတွင် သတိပေးခဲ့သေးသည်။ မြန်မာစစ်တပ်ကို တိုက်ခိုက်နေကြသော နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ကိုဗစ်ကာကွယ်ဆေးများ တရုတ်အစိုးရက ထောက်ပံ့ပေးခဲ့သည်။ ကုလသမဂ္ဂတွင် တာဝန်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးအား ဆက်လက်ထားရှိရန် တရုတ်နှင့် အမေရိကန် ပြည်ထောင်စုတို့ နောက်ကွယ်တွင်သဘောတူညီချက်တစ်ရပ် ရရှိခဲ့သည်ကလည်း မြန်မာစစ်အုပ်စုအတွက် အလွန် ရှက်စရာကောင်းသည်။ တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ မှီခိုနေရသော လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများကလည်း ဘေဂျင်း၏ နောက်ကွယ်က ထောက်ခံမှုမရှိဘဲ အာဆီယံအစည်းအဝေးများသို့ မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားဖို့ စိတ်ကူးနိုင်မည် မဟုတ်ပေ။ တရုတ်နိုင်ငံက ကာကွယ်ပေးထားသည်ကတော့ သေချာနေသည်။

ပြောင်းလဲသွားခဲ့သော လုံခြုံရေးဆိုင်ရာ ရှုခင်း

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးများ သိသိသာသာ ဆိုးရွားလာခဲ့သည်။ ပိုမိုဆိုးရွားသည်က စစ်အုပ်ချုပ်ရေးရှုထောင့်မှကြည့်လျှင် ပြည်တွင်းလုံခြုံရေးအခြေအနေက အလွန်အမင်း ဆုတ်ယုတ်နေခြင်းဖြစ်သည်။ တရားဝင်အစိုးရတစ်ရပ်ကို ဖြုတ်ချပြီးချိန်ကစပြီး တစ်နိုင်ငံလုံး အာဏာဖီဆန်ရေးလှုပ်ရှားမှုများဖြင့် စစ်အုပ်စုကိုဆန့်ကျင်ခဲ့ကြသည်။ စစ်တပ်၏ အကြပ်ကိုင်မှုနှင့် ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းမှုများကြားမှ ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားနေပြီး အရပ်သား ၁,၇၀၀ကျော် သေဆုံးခဲ့ရသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်း ဒါဇင်များစွာရှိနေပြီး အစိုးရ လိုလားသောပြိုင်ဘက်များနှင့်အတူ လုံခြုံရေးဆိုင်ရာ အခင်းအကျင်းက အမြဲလိုရှုပ်ထွေးလျက် ရှိနေခဲ့သည်။ အစဥ်အလာအရ မြန်မာစစ်တပ်ကို ခွဲဝေအုပ်ချုပ်ခွင့် ပေးခဲ့သော်လည်း အတူလက်တွဲလုပ်ဆောင်ခဲ့ခြင်း မရှိပါ။ ယခုတစ်ကြိမ်ကတော့ တူညီတော့မည်မဟုတ်ပေ။

အာဏာသိမ်းမှု အခြေအနေကလည်း ရှင်းလင်းခြင်း မရှိပါ။ KIA နှင့် KNU အပါအဝင် အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က NUG ကို ပံ့ပိုးကူညီရန် ကတိပြုခဲ့ကြပြီး ၎င်းတို့၏ တိုက်ခိုက်ရေးသမားများကို လက်နက်တပ်ဆင် လေ့ကျင့်ပေးခဲ့သည်။ အတိုက်အခံအစိုးရအနေဖြင့် တိုင်းရင်းသားလူနည်းစုများထံမှ ထောက်ခံမှု ပိုမိုရရှိရန် ဖက်ဒရယ်သမ္မတနိုင်ငံ ထူထောင်ရန်ကတိပြုထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ နှစ်ရပ်စလုံးတွင် ဗမာအများစု ပါဝင်နေသည့်အတွက်ကြောင့် တိုင်းရင်းသားများက အယုံအကြည် ကင်းမဲ့နေဆဲဖြစ်သည်။ UWSA သည် အမြတ်အစွန်းများသော တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင် ဆက်လက် ပါဝင်နေဆဲဖြစ်သဖြင့် အခြားရှုထောင့်မှကြည့်လျှင် စစ်တပ်နှင့်အတူ ပူးပေါင်းရန်ဆန္ဒပိုမိုရှိနေသည်ဟု ဆိုနိုင်သည်။ ရက္ခိုင့်တပ်တော် AAသည် အာဏာသိမ်းခါနီးတွင် မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော်လည်း ၎င်းတို့ နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ရေးကို တည်ထောင်နိုင်ရန် မြန်မာစစ်တပ်၏ စစ်မျက်နှာစာ အများအပြား ကျယ်ပြန့်နေမှုကို အခွင့်အရေး ယူနိုင်ခဲ့သည်။ နိုင်ငံအနောက်မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး အစဥ်အလာအရ တိုက်ပွဲကြီးကြီးမားမား ဖြစ်ခဲ့ဖူးခြင်းမရှိသောချင်းပြည်နယ်သည်လည်း ကြီးမားသော ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ပိုမိုကျယ်ပြန့် လာသည်။

မြန်မာစစ်တပ်ကို ဆန့်ကျင်နေကြသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မဟာမိတ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများက မြန်မာစစ်တပ်ကို ပါးပါးနပ်နပ်ဖြင့် တိုက်ခိုက်နေကြသည်။ PDF သည် NUG ၏ လက်နက် ကိုင်အဖွဲ့အစည်းဖြစ်သည်။ သို့သော် PDF များသည် လျင်မြန်စွာ ကျယ်ပြန့်လာခဲ့ပြီး NUG ကွပ်ကဲမှု ကွင်းဆက် တစ်စိတ်တစ်ပိုင်းအောက်တွင် ရှိနေသည်ဟုယူဆရကာ ဖြေရှင်းရန် လုပ်ဆောင်နေသောအရာလည်းဖြစ်သည်။

PDF များကို မြန်မာစစ်တပ်က အချိန်တိုအတွင်းမှာပင် ရက်ရက်စက်စက်ချေမှုန်းနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း မြန်မာစစ်တပ်သည် အရင်ကဲ့သို့ စည်းကမ်းမရှိ ဖြစ်လာသည့်အပြင် လက်နက်မဲ့ အရပ်သားများကိုသာ မကြာခဏ တိုက်ခိုက်နေတတ်သည်။ ထို့ကြောင့်လည်း “ရွပ်ရွပ်ချွံချွံ ရင်ဆိုင်တိုက်ပွဲ” ဆိုသောဂုဏ်ပုဒ်က ချောင်ထိုးခံထားရသည်။ ပြည်သူအတွက် တိုက်ခိုက်နေသူများကတော့ မျှော်မှန်းထားသည်ထက် များစွာသာလွန်ကောင်းမွန်နေပြီး မြန်မာစစ်တပ်ကို စိတ်ခြောက်ခြားစေသည်ကလည်း ထင်ရှားပါသည်။

စက်တင်ဘာ ၇ ရက်တွင် စစ်တပ်ကို NUG က စစ်ကြေညာပြီးနောက်ပိုင်း မြန်မာစစ်တပ်မှ စစ်သားပေါင်း ၁,၆၀၀နီးပါး သေဆုံးခဲ့ရသည်ဟု ပြီးခဲ့သော နိုဝင်ဘာလက ဖော်ပြထားသောစာရင်းများအရ သိရသည်။ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ စစ်တပ်က ဆက်လက်ငြင်းဆန်လျက် ရှိနေသောကြောင့် အသေအပျောက်စာရင်းက တိုးလာနေသည်မှာ သေချာသည်။ အသေအပျောက် များလာသည်နှင့်အမျှ မြန်မာစစ်တပ်မှ အကောင်းဆုံး တိုက်ခိုက်ရေးတပ်များ ဒေသတစ်ခုမှတစ်ခုသို့ အဆက်မပြတ် ဖြတ်သန်းသွားလာလျက်ရှိသည်။ အောက်တိုဘာ ၈ ရက်တာ ကာလအတွင်း ဖောက်ခွဲရေးပစ္စည်းသုံးမျိုးကို အသုံးပြု၍ မြန်မာစစ်တပ်၏ ခံတပ်မြို့တော်ကဲ့သို့သောမြို့ကို တိုက်ခိုက်ခဲ့ပြီး စစ်တပ်နှင့်ရဲစခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ မကြာသေးခင်ကပင် စစ်တပ်အမာခံနယ်မြေရှိ စစ်အုပ်ချုပ်ရေးလိုလားသော လူထုစုဝေးပွဲ၌ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရဲ ၃ ဦး နှင့် စစ်သား ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ နေပြည်တော် အုပ်ချုပ်ရေးမှူး ၁ ဦးအပါအဝင် ဒေသအဆင့်အုပ်ချုပ်ရေးမှူး ၁၀၀ကျော် လုပ်ကြံသတ်ဖြတ်ခံရ ကြောင်း NUG က ပြောကြားထားသည်။ ၎င်းတို့အပေါ် လုပ်ကြံသတ်ဖြတ်မှုများနှင့် ခြိမ်းခြောက်မှုများတိုးလာနေသောကြောင့် ရာနှင့်ချီသောအုပ်ချုပ်ရေးမှူးများ ပြီးခဲ့သောဩဂုတ်လနှင့် စက်တင်ဘာလအတွင်းနှုတ်ထွက်ခဲ့ကြသည်။ နောက်ထပ်နှုတ်ထွက်ကြရန်ကိုလည်း ဒေသဆိုင်ရာတပ်ဖွဲ့များက ရက်အသီးသီး သတ်မှတ်ပေးခဲ့သည်။ မြန်မာစစ်တပ်ပိုင် ဆက်သွယ်ရေး လုပ်ငန်းကြီး၏ ဘဏ္ဍာရေးအရာရှိချုပ်ကို ရန်ကုန်မြို့တွင်း၌ နေ့ခင်းကြောင်တောင်ကြီးမှာပင် သေနတ်ဖြင့် ပစ်သတ်လုပ်ကြံသတ်ဖြတ်ခဲ့သည့်အတွက် စစ်တပ်နှင့်ဆက်နွယ်ပတ်သက်နေသော အမှုဆောင်အရာရှိများ လွန်စွာထိတ်လန့်သွားဖွယ်ရာရှိသည်။

မြန်မာစစ်တပ်ကတော့ ၎င်းတို့ နည်းလမ်းဖြစ်သော ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ သောင်း ကျန်းသူ နှိမ်နင်းရေး အယူအဆတစ်ခုဖြစ်သော “ဖြတ်လေးဖြတ်စစ်ဆင်ရေး” ကိုလည်း အကြမ်းဖက်မှုများ ဆောင် ရွက်ရန်အတွက် ဒီဇိုင်းထုတ်ပြီးဖြစ်သည်။ ဖြတ်လေးဖြတ် စစ်ဆင်ရေးတွင် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် တိုက်ခိုက်ခြင်း၊ ရွာများဖျက်ဆီးခြင်း၊ ပေါ်တာဆွဲခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ပါဝင်သည်။ ရက်စက်ကြမ်းကြုတ်သော စိတ်ဓာတ်ကို အခြေခံပြီး လူထုဗဟိုပြု သောင်းကျန်းမှု နှိမ်နင်းရေးအယူဝါဒဆိုသည်က ကမ္ဘာမှာတစ်ခါမှ မရှိခဲ့ဘူးပါ။ ထို့ကြောင့်လည်း စစ်ရာဇဝတ်မှုများ ပိုပြီးများပြားလာသည်။ မကြာသေးမီကပင် လူသားဒိုင်းများကိုမြန်မာစစ်တပ်က စတင်အသုံးပြုခဲ့သည်။ ၎င်းတွင် သံသယရှိသူများကို သေသည်အထိ ညှင်းပန်းနှိပ်စက်လေ့ရှိပြီး ရက်စက်မှုကို တိုးမြှင့်ရန်အတွက် နောက်ထပ် ကိရိယာတန်ဆာပလာများ တရားဝင် အသုံးပြုခွင့်ပေးထားသည်။ ချင်းပြည်နယ်တစ်မြို့တည်းတွင် အိမ်ခြေပေါင်း ၂၀၀ကျော်ကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ၂၀၂၂ ခြောက်သွေ့ရာသီတွင် စစ်ဆင်ရေးများ အရှိန်မြှင့်ဆောင်ရွက်လာမည် ဖြစ်သောကြောင့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂက သတိပေးထားသည်။

NUG, PDF များနှင့် ညီညွတ်သောတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက မြန်မာစစ်တပ်ကို စစ်ရေးအရအနိုင်ယူနိုင်လိမ့်မည်တော့ မဟုတ်ပေ။ ၎င်းတို့ လုပ်နိုင်သည်ကတော့ မြန်မာစစ်တပ်အရာရှိကြီးများအတွင်း ဂိုဏ်းဂဏစွဲဝါဒ ကြီးမားလာစေရန် အခြေအနေများ ဖန်တီးပေးခြင်းဖြစ်သည်။ NUG ကလည်း ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်ခြင်းဆိုသော ခက်ခဲသောတာဝန်များကို မစတင်ခင်မှာဘဲ ရာထူးကြီးအရာရှိ အများအပြားအတွက် “ချဥ်းကပ်လမ်းများ” ဖန်တီးရန် အာရုံစိုက်သင့်သည်။

ရာထူးအဆင့်အလိုက် စစ်သားများနှင့် ရဲများ ဘက်ပြောင်းရန် ရှေ့ပြေးလမ်းကြောင်းကို NUG ကလည်း ဖော်ဆောင်နေပါသည်။ စစ်တပ်မှ ထွက်ပြေးလာသူများကို အားပေးကူညီရန် အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် “ပြည်သူ့ဘက်တော်သား” မျိုး တည်ထောင်ကာ ဘက်ပြောင်းလာသူများကို အားပေးကူညီရန် ဆိုရှယ်မီဒီယာ လှုပ်ရှားမှုများကို အရှိန်မြှင့်ခဲ့သည်။ ဘက်ပြောင်းလာသူများကို ဆုကြေးများ တိုးမြှင့်ပေးပြီး နောက်ထပ် ဘက်ပြောင်းလာသူများကိုအားပေးရန် ၎င်းတို့ကို ပိုမိုထိရောက်စွာအသုံးပြုနေသည်။

မြန်မာစစ်တပ်ကို ပြန်လည်ခုခံနေကြသော ဒေသဆိုင်ရာ ပျံ့နှံ့မှုများကို ပြသနိုင်ရန် ဆိုရှယ်မီဒီယာကို NUG က ပိုမို ကောင်းမွန်စွာ အသုံးပြုလာနိုင်သည်။ ၎င်းတို့က စစ်မျက်နှာများစွာတွင် တပြိုင်တည်းအနိုင်ယူ၍ မရနိုင်ကြောင်း စစ်မှုထမ်းများအား သရုပ်ပြနိုင်ရန်ကြိုးစားနေသည်။ တုံ့ပြန်မှုကို ကြည့်မည်ဆိုလျှင် အကြီးတန်းခေါင်းဆောင်ပိုင်းများတွင် သိသိသာသာကြီးကိုပင် နှစ်ဆကျဆင်းလာသည်။ အမှန်ကတော့ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိုးစစ်အချို့ကို တိုက်ရိုက်ထိန်းချုပ်နိုင်စေရန် သဘောထား တင်းမာသော ဗိုလ်ချုပ်များကို အပြောင်းအလဲ ပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်။ NUG ရည်မှန်းချက်ကတော့ အရာရှိအရေအတွက် လုံလောက်ရေးဖြစ်ပြီး မြန်မာစစ်သားများ ပိုမိုသေစေနိုင်လောက်သော အကူအညီများ NUG ကလိုချင်နေသည်။ NUG စစ်ကြေညာချက်က ကျင့်ဝတ်ပိုင်းအရ ခုခံကာကွယ်ခြင်းနှင့် တရားဥပဒေ စိုးမိုးရေးဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်များအပေါ်မှာလည်း မိမိတို့ခုခံကာကွယ်ခွင့်အရ ရှင်းရှင်းလင်းလင်း တိုက်ပွဲဝင်နေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အတွက် ထိုက်တန်သော်လည်း အာဖဂန်နစ္စတန်နောက်ဆက်တွဲအဖြစ် ချက်ချင်းဆိုသလို ဝေမည့်ဖဲများက အမေရိကန်မှ ဖဲကတ်များ မဟုတ်ပါ။

အမေရိကန် မူဝါဒအတွက် အဆင့် ၈ ဆင့်

မြန်မာနိုင်ငံအရပ်သား အုပ်ချုပ်မှုစနစ်အောက်တွင် ဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့် ကံတရားကိုပြောင်းလဲပေးနိုင်သော တရုတ်နိုင်ငံလှည့်ဖျားမှုအောက်တွင် အထီးကျန် စစ်အုပ်ချုပ်ရေးစနစ်ကို တားဆီးရန် အမေရိကန်က စိတ်ဝင်စားလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ၎င်းတို့အကျိုးစီးပွားကို မြှင့်တင်ဖို့ ဘိုင်ဒန်အစိုးရက လုပ်ဆောင်သင့်သော အဆင့် ၈ ဆင့်ရှိသည်။

ပထမဦးစွာ အမေရိကန်ပြည်ထောင်စုက အမျိုးသားညီညွတ်ရေး အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု သင့်သည်။ နိုင်ငံခြားရေးဌာနအတိုင်ပင်ခံပုဂ္ဂိုလ် ဒါးရက်ချိုလက်က “မြန်မာစစ်တပ်၏ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုများကို ရင်ဆိုင်နေရချိန်တွင် NUG ဦးဆောင်မှုနှင့် မြန်မာပြည်သူများအပေါ် စေတနာထားမှုအပေါ် ကျေးဇူးတင်ကြောင်း” ဖော်ပြခဲ့သည်။ သို့သော်လည်း အမေရိကန်ပြည်ထောင်စုက စစ်အုပ်ချုပ်ရေးကိုဆက်ပြီး အသိအမှတ်ပြုနေပြန်သည်။ NUG နှင့် ဆူလီဗန် တွေ့ဆုံမှုကအရေးကြီးသော်လည်း အသိအမှတ်ပြုမှု နည်းပါးခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်တို့နှစ်ဦးစလုံး တပ်မတော် အစိုးရ ကိုယ်စားလှယ်များနှင့် အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခဲ့ကြသည်။ အာဆီယံနှင့် ဆက်ဆံရေး တိုးချဲ့ခြင်းက အရေးကြီးသော်လည်း အမေရိကန်အနေဖြင့် စစ်အစိုးရကိုယ်စားလှယ်များကို သီးခြားခွဲထုတ်ခြင်းဖြင့် အာဆီယံအတွင်း ကြီးထွားလာနေသော မကျေနပ်မှုများကို အသုံးပြုခဲ့သင့်သည်။ ထို့သို့ တွေ့ဆုံခဲ့ခြင်းက စစ်အာဏာရှင်များ တောင့်တလိုလားသော တရားဝင်မှုပင်ဖြစ်သည်။ ဘိုင်ဒန်အစိုးရအနေဖြင့် ယင်းကိုတော့ငြင်းပယ်ခဲ့သင့်သည်။ တစ်ချိန်တည်းမှာပင် ယခင် နယူးမက္ကဆီကို အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်ကဲ့သို့ အရာရှိများ စေလွှတ်ခြင်းဖြင့် လိုက်လျောမှုများ မရရှိခဲ့သော်လည်း ယင်းအစား ဝါဒဖြန့်ချီမှုနှင့် တရားဝင်မှုအတွက် မြန်မာစစ်တပ်က အသုံးပြုမည်သာဖြစ်သည်။

တစ်ချိန်တည်းမှာပင် NUG နှင့် သံတမန်ဆက်ဆံရေး ထူထောင်ဖို့ကလည်း အန္တရာယ်ရှိနေပြန်သည်။ အရေးအကြီး ဆုံးကတော့ နိုင်ငံတော် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စကစနှင့် ဆက်ဆံရေးလမ်းကြောင်းကို ထိန်းသိမ်းထားစေလို ခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် အမေရိကန် သံတမန်ရေးရာဩဇာက စစ်အုပ်ချုပ်ရေးအပေါ်သက်ရောက်မှုရှိကြောင်း သက်သေပြဖို့ အထောက်အထား အနည်းငယ်သာ ရှိသည်။

ပြင်သစ်အထက်လွှတ်တော်နှင့် ဥရောပပါလီမန် နှစ်ရပ်စလုံးက အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ ယင်းတို့က အသိအမှတ်ပြုမဲများ ဖြစ်သော်လည်း ကောင်းကျိုးဖြစ်ခဲ့သည်။ သဘောတူညီ ချက် ၅ ချက်ကို မြန်မာစစ်တပ်ကလိုက်နာခြင်းမရှိပါက အမျိုးသားညီညွတ်ရေးအစိုးရကိုသာအသိအမှတ်ပြုမည်ဟု ခြိမ်းခြောက်ခဲ့သည့် ဒေသတွင်း ပထမဆုံးနိုင်ငံက မလေးရှားနိုင်ငံဖြစ်သည်။ ယခုအချိန်တွင် အာဆီယံလွှတ်တော်အမတ်များက NUG ကို အသိအမှတ်ပြုရန် ၎င်းတို့အစိုးရများကို တောင်းဆိုထားသော်ငြား အာဆီယံကိုယ်တိုင်က NUG ကိုတရားဝင်တွေ့ဆုံပြီး အသိအမှတ်ပြုဖို့ကိုတော့ ငြင်းဆန်နေဆဲရှိသည်။

အမေရိကန်အနေဖြင့် မြန်မာစစ်တပ်နှင့် ဆက်ဆံရေး အဆင့်နှိမ့်ချရန်အတွက် နိုင်ငံခြားရေးဌာနက ၎င်း၏ သံအမတ် ကို ပြန်လည်ရုတ်သိမ်းနိုင်သည်။ NUG ကိုယ်စားလှယ်များ၊ ခေါင်းဆောင်ပိုင်းများနှင့် တွေ့ဆုံညှိနှိုင်းမှုများကို တိုး မြှင့်ဆောင်ရွက်နိုင်သည်။ အာဆီယံ သို့မဟုတ် အခြားသော နိုင်ငံတကာဖိုရမ်များတွင် အမေရိကန်သံတမန်ဩဇာကို အသုံးပြုပြီး လေ့လာသူအဖြစ်နေရာပေးနိုင်သည်။ အနည်းဆုံးအားဖြင့် ကြီးမားသော ထိုးစစ်များဆင်နွှဲပြီး ကိုယ့်ပြည်သူအပေါ်မှာ စစ်ရာဇဝတ်မှုတွေကို မြန်မာစစ်တပ်ကကျူးလွန်နေသရွေ့ NUG ကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း ဘိုင်ဒန်အစိုးရက ခြိမ်းခြောက်မှု ပြုသင့်သည်။ မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများအမှန်တကယ် ဖြစ်ပွားလျက်ရှိကြောင်း နိုင်ငံခြားရေးဌာနကလည်း အသိအမှတ်ပြုထားပြီးဖြစ်သည်။

ဒုတိယအချက်မှာ အကယ်၍ အမေရိကန်က အမျိုးသားညီညွတ်ရေး အစိုးရကို အသိအမှတ်ပြုခဲ့လျှင် ထိန်းသိမ်းထားသော စစ်တပ်ပိုင်ဆိုင်မှုများကို ၎င်းတို့ထံ လွှဲပြောင်းပေးခြင်း သို့မဟုတ် ပိုင်ဆိုင်မှုများမှ အကြွေးစာရင်းဖွင့်ပေးခြင်း ဆောင်ရွက်နိုင်သည်။ NUG အနေဖြင့် လက်နက်များ ဝယ်ယူရန်အတွက် ရန်ပုံငွေများကိုသုံးစွဲလိုသော်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့်ကယ်ဆယ်ရေးပစ္စည်းများ သို့မဟုတ် လူသေစေနိုင်လောက်ခြင်း မရှိသောပစ္စည်းများကို ဝယ်ယူဖို့ ခွင့်ပြုနိုင်သည်။

တတိယအချက်မှာ အမေရိကန်အနေဖြင့် စစ်အုပ်စုကို ရှောင်ရှားပြီး အမျိုးသားညီညွတ်ရေး အစိုးရထံသို့ လူသားချင်း စာနာထောက်ထားမှုအကူအညီများ တိုးမြှင့်ပေးသင့်သည်။ Covid-19 ကာလအတွင်း NUG ထံသို့ ကာကွယ်ဆေးနှင့် အကူအညီ ဒေါ်လာသန်း၅၀ အမေရိကန်က ပေးအပ်ခဲ့သည်။ ဝါရှင်တန်အနေဖြင့် ယင်းပမာဏကို တိုးမြှင့်ဖို့ လိုအပ်သည်။ စစ်တပ်အနေဖြင့် မြန်မာပြည်သူများလိုအပ်လျက်ရှိသော အခြေခံလူမှုဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန် ပျက်ကွက်လျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရကတော့ အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှတစ်ဆင့် နေရာရယူထားသည်။ မြန်မာ့ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းကတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM အတွက် အဓိက ကျောရိုးကြီးဖြစ်သည်။

မြန်မာပြည်သူများအတွက် NUG ကတရားဝင်အစိုးရ ဖြစ်သော်လည်း လက်တွေ့မြေပြင် အုပ်ချုပ်ရေးပိုင်းမှာတော့ ကန့်သတ်ချက်များ ရှိနေသည်ကထင်ရှားသည်။ ထို့ကြောင့်လည်း အမေရိကန်အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများကို အရင်းအမြစ်များ ပိုမိုထောက်ပံ့ပေးခြင်းဖြင့် စစ်အုပ်ချုပ်ရေးတရားဝင်မှုကို လျှော့ချနိုင်သည်။ မြန်မာစစ်တပ်က အရပ်ဘက်အဖွဲ့အစည်းများ ရန်ပုံငွေ ပြတ်တောက်သွားရန်ရည်ရွယ်ပြီး အွန်လိုင်းမှ ဘဏ်လုပ်ငန်းများကို ထိန်းချုပ်ရန်ကြိုးပမ်းနေသောကြောင့် ၎င်းနည်းလမ်းများကိုရှောင်နိုင်မည့်နည်းလမ်းများ ဖန်တီးပေးသင့်သည်။

၂၀၁၄ ခုနှစ် အာဏာသိမ်းမှုမှ မွေးဖွားပေးလိုက်သော ထိုင်းအစိုးရနှင့် ချိုလက်တို့ နယ်စပ်တစ်လျှောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနိုင်ရန် အရေးကြီးသောဆွေးနွေးမှုများ စတင်ခဲ့သည်။ ထိုင်းနိုင်ငံကလည်း မြန်မာစစ်တပ်နှင့်အနီးကပ် ဆက်ဆံသူဖြစ်သောကြောင့် အကူအညီပေးဖို့ တုံ့ဆိုင်းနေမည်ကတော့ အမှန်ပင်။ သံတမန်မပါဘဲပြီးမြောက်ဖို့ ခက်ခဲသောအရာအတွက် ဘန်ကောက်အပေါ် သံတမန်ရေးရာဖိအားများ ပိုမိုလိုအပ်သည်။ သို့သော် ချိုလက်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက်မှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အမျိုးသားညီ ညွတ်ရေးအစိုးရနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များအား နယ်စပ်တလျှောက် ရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အိုးအိမ်မဲ့ဒုက္ခသည်များကို ကိုဗစ်ကာကွယ်ဆေး အကူအညီများ တိုးမြှင့်ပေးနိုင်ရန် ခေါ်ယူဆွေးနွေးခဲ့သည်။

မြေပြင်အခြေအနေများ ကသောင်းကနင်း ဖြစ်နေချိန်မှာပဲ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကတော့ အကူအညီပေးရေးပရောဂျက်များနှင့် ပတ်သက်ပြီး စောင့်ကြည့်လေ့လာလျက်ရှိသည့်သမိုင်းကြောင်းရှည်ရှိသည်။ NUG နှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ အကူအညီများကိုထည့်သွင်းစဥ်းစားသင့်သလို တတ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိဖို့လည်း လိုသည်။

စတုတ္ထအချက်ကတော့ အမေရိကန်အနေဖြင့် စစ်အုပ်စုအဖွဲ့ဝင်များ၊ ၎င်းတို့မိသားစုဝင်များ၊ တပ်မှူးများ၊ စစ်တပ်ပိုင် ကော်ပိုရေးရှင်းများနှင့် စစ်အာဏာရှင် ခရိုနီများကို ပိတ်ဆို့အရေးယူမှုများ ဆက်လက်ဆောင်ရွက်သင့်သည်။ ၎င်းအချက်က မရှိမဖြစ်လိုအပ်ချက်ဖြစ်သော်လည်း လုံလောက်မှုရှိမည်တော့ မဟုတ်သေးပေ။ စကစနှင့် စစ်တပ်၏ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်သူများအပေါ် လုံလောက်သော ဖိအားပေးနိုင်ရန်အတွက် အမေရိကန်က အခြားမိတ်ဘက်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သင့်သည်။

ချိုလက်ကလည်း မြန်မာနိုင်ငံတွင်အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ စင်ကာပူက မြန်မာစစ်တပ်အပေါ် ဖိအားပေးမှုများ သိသိသာသာ လုပ်ဆောင်ရန် ဖိအားပေးခဲ့သည်။ “စင်ကာပူနိုင်ငံက မြန်မာစစ်တပ်အပေါ် ငွေကြေးအရ လွှမ်းမိုးမှုရှိနေခြင်းက သိသာထင်ရှားသည်။ ထို့ကြောင့်လည်း အဆိုပါအချက်ကိုကိုင်စွဲပြီး မည်ကဲ့သို့ ထိထိရောက်ရောက်ပူး ပေါင်းဆောင်ရွက်နိုင်မလဲ?” ဆိုတာ ဆွေးနွေးခဲ့ကြောင်း ပြောသည်။ လက်ရှိအချိန်ထိကတော့ စင်ကာပူနိုင်ငံကလည်း စကစအပေါ် မည်သည့်နည်းလမ်းဖြင့်မဆို အရေးယူပိတ်ဆို့ရန် သို့မဟုတ် ၎င်းတို့ဘဏ် သုံးဘဏ် သို့မဟုတ် အခြားလုပ်ငန်းစုကြီးများတွင် မြန်မာစစ်တပ် ပါဝင်နေခြင်းမှတားဆီးရန် တွန့်ဆုတ်နေပါသည်။ သို့သော် ချိုလက် လည်ပတ်မှုအပြီးမှာတော့ သိသာထင်ရှားသော ပြောင်းလဲမှုများရှိခဲ့သည်။ မြန်မာနိုင်ငံတွင်ကြီးမားသော အစုရှယ်ယာများ ပိုင်ဆိုင်သည့် ပြည်တွင်းအိမ်ခြံမြေလုပ်ငန်းတစ်ခုအား စင်ကာပူစတော့အိတ်ချိန်းက စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည်။ ဤသည်မှာ သေးငယ်သော်လည်း သိသာထင်ရှားသော ပြောင်းလဲမှုဖြစ်သည်။ စင်ကာပူ ရင်းနှီးမြှုပ်နှံသူတချို့ကလည်း စစ်တပ်ပိုင် ကုမ္ပဏီများနှင့် ၎င်းတို့၏ ဆက်ဆံရေးကို ဖြတ်တောက်လာကြသည်။

အမေရိကန် ပြည်ထောင်စုကလည်း နိုင်ငံ၏ မြို့တော်များတွင် ရုံးစိုက်ထားသော မြန်မာစစ်တပ်၏ ရှေ့ဆောင်ကုမ္ပဏီ များအပေါ် အထူးဖိအားပေးသင့်သည်။ စစ်ဘက်ဆိုင်ရာကော်ပိုရေးရှင်းနှစ်ခုဖြစ်သော LTR နှင့် Asian Aviation Resources တို့က စင်ကာပူနိုင်ငံတွင် ရုံးများရှိနေသည်။ နောက်ထပ် Excellence Metal Casting နှင့် STE Global Trading တို့ကလည်း စင်ကာပူအစိုးရအတွက်ယခင်က အရေးပါခဲ့ပြီး မြောက်ကိုရီးယားနှင့် ကုန်သွယ်ခဲ့မှုကြောင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင်ပါဝင်ခဲ့သည်။ ယင်းကုမ္ပဏီပိုင်ရှင်မှာ စင်ကာပူတွင် အခြေစိုက်သည်ဟု သိရသည်။

ဒေသတွင်းကို ကျော်လွန်ပြီး ဝါရှင်တန်က ဩဇာလွှမ်းမိုးမှုအချို့ ရှိနေသော ယူကရိန်းကဲ့သို့ နိုင်ငံများတွင် စစ်အာဏာရှင်များ၏ စစ်ရေးထောက်ပံ့သူများကို ပစ်မှတ်ထားရမည်လည်းဖြစ်သည်။ ဝမ်းနည်းစရာမှာ အမေရိကန်ပြည်ထောင်စုသည် မြန်မာစစ်တပ်နှင့်လည်း အဆက်အသွယ် ရှိနေသော ရုရှား၊ ဘီလာရုစ် သို့မဟုတ် ပါကစ္စတန်တို့အပေါ် ဖိအားပေးနိုင်စွမ်း မရှိသော်လည်း တတ်နိုင်သလောက်တော့ ဖိအားပေးဖို့ လိုအပ်သည်။

သို့သော် ပိတ်ဆို့အရေးယူမှုများက စစ်အုပ်ချုပ်ရေးအပေါ် ကြီးကြီးမားမားအကျိုးသက်ရောက်နိုင်စွမ်းက ပိုမိုခက်ခဲလာမည်သာဖြစ်သည်။ မြန်မာစစ်တပ်၏ လုပ်ငန်းစုကြီးနှစ်ခုဖြစ်သော မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း နှင့် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက်တို့ ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်ထားသည့် ကုမ္ပဏီ ၁၀၀ကျော်ကို ပစ်မှတ်ထားပြီးဖြစ်သည်။ သို့သော် အထူးသဖြင့်ကတော့ ဘဏ်လုပ်ငန်းကဏ္ဍတွင် ပိုမိုကျယ်ပြန့်သော အရေးယူပိတ်ဆို့မှုများကို အမေရိကန်က စဥ်းစားသင့်သည်။

မြန်မာစစ်တပ်ပိုင် မြဝတီနှင့် အင်းဝဘဏ်တို့ကို ပိတ်ဆို့အရေးယူမှုများပြုလုပ်ထားပြီးဖြစ်သည်။ ပိတ်ဆို့အရေးယူမှုများက မြန်မာနိုင်ငံရှိ သာမန်လူတန်းစားများအပေါ် သက်ရောက်မှုမည်မျှအထိရှိနိုင်ကြောင်းကိုလည်း အမေရိကန်အစိုးရက ချိန်ဆသင့်သည်။ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် သို့မဟုတ် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်ကဲ့သို့သော နိုင်ငံပိုင်အဖွဲ့အစည်းအချို့ကိုလည်း ပစ်မှတ်ထားနိုင်သည်။ သို့သော် ယင်းတို့ကိုပစ်မှတ်ထား တိုက်ခိုက်ခြင်းက စီးပွားရေး ထိခိုက်စေမည်ဖြစ်ပြီး ပြုပြင်၍မရသော ထိခိုက်မှုများ ဖြစ် စေနိုင်သည်။ ထို့ကြောင့် ခရိုနီများ သို့မဟုတ် ခရိုနီမိသားစုဝင်များ ပိုင်ဆိုင်ထားကြသည့် ပုဂ္ဂလိကဘဏ်များကို ပစ် မှတ်ထားသည့် အရေးယူပိတ်ဆို့မှုအသစ်များက ပို၍အဓိပ္ပာယ်ရှိပေသည်။ ၎င်းတို့တွင် ကမ္ဘောဇဘဏ်၊ Asia Green Development Bank နှင့် United Amara Bank တို့ ပါဝင်သည်။

အချို့ကလည်း စစ်တပ်ပိုင် သို့မဟုတ် စစ်တပ်နှင့် ဆက်နွယ်နေသော နိုင်ငံရပ်ခြား စီမံအုပ်ချုပ်မှုများအပေါ် ဒုတိယ အဆင့် ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန် တောင်းဆိုနေကြသော်လည်း အမေရိကန်အစိုးရအနေဖြင့် အထောက်အပံ့အနည်းငယ်သာ ရလိမ့်မည်။

ပဉ္စမအချက်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဆက်ဆံခြင်း မပြုရေးဆိုသော ကာလရှည်ကြာဖြစ်ခဲ့ပြီဖြစ်သည့် အမေရိကန်မူဝါဒကို ပြန်လည်ဆန်းစစ်သင့်သည်။ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း သို့မဟုတ် ရောင်းဝယ်ဖောက်ကားခြင်းတွင် ပါဝင်နေပြီး အချို့ကတော့ တရုတ်နိုင်ငံနှင့် ဆက်ဆံရေး နီးကပ်လွန်းသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် အမေရိကန်မူဝါဒအတွက် အကြောင်းပြချက်ကောင်းဖြစ်နေသည်။ သို့သော် လက်ရှိမြန်မာနိုင်ငံ ပဋိပက္ခတွင် ဗမာအများစုအပေါ် မယုံကြည်မှုများရှိနေသော်လည်း မည်သည့်အဖြေအတွက်ကိုမဆိုရရှိဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ပိုမိုပူး ပေါင်းပါဝင်ရန် လိုအပ်ပေမည်။

အမျိုးသားညီညွတ်ရေး အစိုးရ၏ တပ်ဖွဲ့များအပေါ် ပံ့ပိုးကူညီမှု အများအပြား ပြုလုပ်ထားကြသလို တချို့ကလည်း မြန်မာစစ်တပ်နှင့် ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်လာကြသည်။ အနာဂတ်အတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာရာတွင် KIO, KNU, AA နှင့်အခြားအဖွဲ့များ စားပွဲဝိုင်းများတွင်နေရာရလာကြမည် ဖြစ်သောကြောင့် အမေရိကန်က ၎င်းတို့ အပေါ်အကောင်းဆုံးနည်းလမ်းဖြင့် မည်ကဲ့သို့ဆက်ဆံသွားရမည်ကို စဥ်းစားသင့်သည်။ ထို့ကြောင့်လည်း အဆိုပါ အဖွဲ့အစည်းများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ရှိဖို့လိုအပ်သည်။

အနည်းဆုံးအားဖြင့် အမေရိကန်ပြည်ထောင်စုက ၎င်းအဖွဲ့အစည်းများအပေါ် ဆေးဝါးထောက်ပံ့မှု၊ ကိုဗစ်ကာကွယ်ဆေးနှင့် အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ဖြန့်ဖြူးပေးခြင်းနှင့် စပ်လျဥ်းပြီး နိုင်ငံရေးအရ ချိတ်ဆက်ဆောင်ရွက်နိုင်သည်။ ထိုင်းနိုင်ငံအတွက် ခက်ခဲသော ကိစ္စများအတွက် အမေရိကန်ပြည်ထောင်စုက ပါဝင်ပတ်သက်နေပါသည်။

ပိုပြီးအန္တရာယ်များသောလုပ်ဆောင်ချက်တစ်ခုမှာ အသွင်ကူးပြောင်းရေးကာလ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံထားရသော အဓိက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ဆက်ဆံရေး ထူထောင်နိုင်ရန်အတွက် ထောက်လှမ်းရေးအဖွဲ့အစည်းအားအခွင့်အာဏာ ပေးအပ်ရန်ဖြစ်သည်။ ထောက်လှမ်းရေးအဖွဲ့အစည်းကိုလုပ်ပိုင်ခွင့် မပေးလိုပါက အန္တရာယ်နည်းသော ချဥ်းကပ်နည်းမှာ အမျိုးသား ညီညွတ်ရေးအစိုးရ တစ်ခုတည်းနှင့်သာ ဆက်ဆံရေးထူထောင်ရန်နှင့် မတူညီသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဆက်ဆံရေး လွှမ်းမိုးရန်ဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်က မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုဆိုင်ရာ အချက်အလက်များကို ပေးစွမ်းနိုင်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ မတတ်နိုင်သော ထိပ်တန်းအချက်အလက်များကို အမေရိကန်က အချိန်နှင့်တပြေးညီ ပေးနိုင်စွမ်းရှိသည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မြန်မာပြည်သူများအတွက် ကာကွယ်ပေးနေကြသော ကာကွယ်ရေးတပ်ဖွဲ့ဝင် ထက်ဝက်ခန့်မှာ NUG ကွပ်ကဲမှာအောက်တွင် ရှိနေသည်။ ဒါကလည်း ရေရှည်မှာတော့ ကောင်းနိုင်ဖွယ် မရှိပါ။ အမျိုးသား ညီညွတ်ရေးအစိုးရက အမျိုးမျိုးအပြားပြားသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကိုထောက်ပံ့ရန် လက်နက် သို့မဟုတ် ပစ္စည်းထောက်ပံ့ရန် ရန်ပုံငွေ များစွာမရှိပါ။ အမေရိကန်၏ တရားဝင်အသိအမှတ်ပြုမှုရရှိသော အမျိုးသားညီညွတ်ရေး အစိုးရကသာ အချို့သောကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ထိန်းချုပ်ကန့်သတ်ခြင်းနှင့် အမိန့်ပေးခြင်းများ ကူညီပေးနိုင်ပေမည်။

ဆဠမအချက်မှာ မြန်မာစစ်တပ်ကိုကျောခိုင်းလာသော အကြီးတန်း အဖွဲ့ဝင်များ၏ မိသားစုတွေကို အမေရိကန်က ကူညီထောက်ပံ့ပေးနိုင်သည်။ NUG ၏ အောင်မြင်သော သော့ချက်တစ်ခုမှာ စစ်တပ်ကို ကျောခိုင်းလာသော အကြီးတန်းအရာရှိ အရေအတွက် များလာနေခြင်းဖြစ်သည်။ ယခုလို များလာရန် သော့ချက်က အဆိုပါ အရာရှိများ၏ မိသားစုဝင်တွေရဲ့ လုံခြုံရေးကို အာမခံဖို့ပင်ဖြစ်သည်။ ၎င်းတို့ထဲမှအများစုကို စစ်အခြေစိုက်စခန်းများတွင် နေရာချထားသည်။ နောက်ထပ်တစ်ဖန် အမေရိကန်က ဒေသတွင်း မိတ်ဘက်များနှင့် လက်တွဲဆောင်ရွက်ရမည်ဖြစ်သည်။

ဒါက လုပ်တာထက်ပင် ပိုမိုလွယ်ကူသေးသည်။ မြန်မာစစ်တပ်မှ တာဝန်ရှိသူများသည် တပ်နယ်များ၊ စစ်တပ်ပိုင် စတိုးဆိုင်ကြီးများတွင် နေထိုင်ကြပြီး ၎င်းတို့ ဝင်ငွေများကို စစ်တပ်ပိုင် ဘဏ်များတွင် ငွေစာရင်းဖွင့်ကာ စစ်တပ်ပိုင် မိုဘိုင်းလ်ကွန်ယက်များကို အသုံးပြုကြသည်။ ၎င်းတို့၏ မိသားစုဝင်များကိုလည်း စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများတွင် မကြာခဏဆိုသလို အလုပ်ပေးလေ့ရှိသည်။ ထို့ကြောင့်လည်း စီးပွားရေးအရ အကာအကွယ်များ ရရှိခဲ့ကြသည်။ ထို့ကြောင့်လည်း အတိတ်တစ်ချိန်က စစ်တပ်၏ ဂိုဏ်းဂဏစွဲကိုတားဆီးနိုင်ခဲ့သည်။ သို့သော် ယနေ့ခေတ်လို စီးပွားရေးလှုပ်ခတ်မှုများကြီးမားလာသော အချိန်မှာတော့ ယင်းအချက်က အမြဲတမ်း မမှန်နိုင်တော့ပါ။ တိုင်းပြည်သယံဇာတများကို လုယူထားခြင်းမှရရှိသော အကျိုးအမြတ်များကို ထိပ်ပိုင်းခေါင်းဆောင်များကသိမ်းဆည်းထားချိန်တွင် ကျပ်ငွေတန်ဖိုး ကျဆင်းမှုနှင့်အတူငွေကြေးဖောင်းပွမှုများကြောင့် တပ်မိသားစုများပင် ခံနိုင်စွမ်းမရှိကြတော့ပါ။ အဆိုပါ တုန်လှုပ်ခြောက်ခြားမှုများမှ ကာကွယ်ပေးရန် အချို့မိသားစုများက စစ်တပ်အပေါ် အလွန်အမင်း မှီခိုလာကြသော်လည်း အားလုံးကတော့စိတ်ပျက်နေပြီဖြစ်သည်။

သတ္တမအချက်အနေဖြင့် အမေရိကန်ပြည်ထောင်စုက ထိုင်းအစိုးရနှင့်သာမက အိမ်နီးချင်းနိုင်ငံများတွင် မူးယစ် ဆေးဝါး နှိမ်နင်းရေးတွေမှာ ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် တရားဥပဒေ စိုးမိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးမြှင့်သင့်သည်။ ဒေသန္တရအဆင့်တွင် စစ်တပ်ကို ငွေကြေးထောက်ပံ့သော အဓိကနည်းလမ်းမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးခြင်းများကို အခွန်ကောက်ခံခြင်းမှတစ်ဆင့်ဖြစ်သည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုအဖွဲ့အစည်းများကလည်း ကမ္ဘာပေါ်တွင် စိတ်ကြွဆေးထုတ်လုပ်မှု ဗဟိုချက်ဖြစ်သော ရှမ်းပြည်နယ်သို့ ကူးပြောင်းလာကြသည်။ အကြီးမားဆုံးမှာ “ဝ” ဖြစ်သည်။ ၎င်းက NUG ကို ထောက်ခံခြင်း မရှိသလို စစ်အုပ်ချုပ်ရေးကိုလည်းသစ္စာစောင့်သိခြင်း မရှိပါ။ “ဝ” သည် အပစ်အခတ်ရပ်စဲရေးမှတစ်ဆင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အချို့ကို ဝယ်ယူခဲ့ပြီး အခြားမျက်နှာစာများတွင်လည်း စစ်တပ်၏ စည်းရုံးလှုံဆော်မှုများမှ  သိသိသာသာ အကျိုးဖြစ်ထွန်းခဲ့သည်။

မြန်မာစစ်အာဏာရှင်ကို ထိုင်းအစိုးရက ကျောထောက်နောက်ပြုနေသည်ဟု စံနမူနာပြအဖြစ် ရှုမြင်နေကြသော်လည်း ထိုင်းနိုင်ငံအတွင်းသို့ စီးဝင်လာသောမူးယစ်ဆေးဝါး စီးဆင်းမှုအပေါ် အလွန်စိုးရိမ်လျက်ရှိနေသည်။ ပြီးခဲ့သောစက်တင်ဘာလတွင် မြန်မာနိုင်ငံမှစိတ်ကြွဆေးပြား သန်း၆၀ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ အောက်တိုဘာလ ပထမအပတ်မှာလည်း စိတ်ကြွဆေးပြား ၁၆ဒဿမ ၂ သန်း၊ Crystal Meth ၁ ဒဿမ ၄ တန် နှင့် ကတ်တမင်း ၃၆၅ကီလိုဂရမ်သိမ်းဆည်းရမိခဲ့သည်။ ဤသည်မှာ ထိုင်းနှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်သည့် နယ်မြေတစ်ခု၌သာဖြစ်သည်။

တကယ်တော့ ထိုင်းနိုင်ငံတစ်ခုတည်းသာ မဟုတ်ပေ။ မူးယစ်ဆေးဝါးများသည် အရှေ့တောင်အာရှသို့ စံချိန်တင် ပမာဏများဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေပါသည်။ မကြာသေးမီကပင် လာအို ရဲတပ်ဖွဲ့က အရှေ့တောင်အာရှ စံချိန်တင်အဖြစ် မူးယစ်ဆေး အများအပြား သိမ်းဆည်းရမိခဲ့ပြီး စိတ်ကြွဆေး ၅၅သန်းနှင့် Crystal Meth ၁ ဒဿမ ၅ တန် ဖမ်းဆီးရမိခဲ့သည်။ ယင်းဖမ်းဆီးမှုက ရက်သတ္တပတ် တစ်ပတ်အတွင်း တတိယအကြိမ် ဖမ်းဆီးမှုလည်းဖြစ် သည်။ နိုင်ငံတိုင်းက မူးယစ်ဆေးကိစ္စကို လေးလေးနက်နက် စိုးရိမ်ရမည့်အချိန်လည်းဖြစ်သည်။ ပြီးခဲ့သောအောက်တိုဘာ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်မှ မူးယစ်ဆေးများကို အင်ဒိုနီးရှာ၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် နယူးဇီလန် နိုင်ငံများတွင် ဖမ်းဆီးရမိခဲ့သည်။

အဠမအချက်အနေဖြင့် အစိုးရသည် မီဒီယာပိုင်းကဏ္ဍ အထူးသဖြင့် မြန်မာပိုင်းကဏ္ဍ ဝန်ဆောင်မှုများအတွက် ရန်ပုံငွေများ တိုးမြှင့်သင့်သည်။ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်က သတင်းလွတ်လပ်ခွင့်ကို နင်းချေခဲ့သည်။ အာဏာသိမ်းပြီးကတည်းက သတင်းထောက် ၁၀၀ကျော်ကို ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၁ ရက်အထိ အနည်းဆုံး ၅၂ယောက်ကျော် ဖမ်းဆီးထားသည်ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ကပြောသည်။ အင်တာနက်နှင့် မီဒီယာ ပြတ်တောက်နေချိန်တွင် ယုံကြည်စိတ်ချရပြီး အမှီအခိုကင်းသော မီဒီယာအသံများ လိုအပ်နေပါသည်။

ဗျူဟာတစ်ခုစီစဥ်ခြင်း

မြန်မာနိုင်ငံတွင် လေးနက်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ မရှိလျှင် တဖြည်းဖြည်းနှင့် အခြေအနေ ပိုဆိုးလာနိုင်သည်။ စစ်တပ်သည်ခြောက်သွ့ရာသီ ထိုးစစ်များကို စတင်ခဲ့ပြီး သိသာထင်ရှားသော စစ်ရာဇဝတ်မှုများကို ကျုးလွန်ထားသည်။ ၎င်းစစ်ရာဇဝတ်မှုက ကြောက်ရွံ့မှုများတွင်ကောင်းစွာအခြေခံထားသည်။ စစ်ခေါင်းဆောင်ပိုင်းကလည်း ၎င်းတို့အုပ်ချုပ်ရေးကို ဆန့်ကျင်နေသောနယ်ပယ်များအပေါ် စိတ်မရှည်တော့သည်ကလည်း ထင်ရှားသည်။ သံတမန်ရေးအရ အထီးကျန်မှုနှင့် စီးပွားရေး အဆင်မပြေမှုများနှင့်ရင်ဆိုင်နေရပြီး ၎င်းတို့အုပ်ချုပ်ရေးကိုစုစည်းရန် အခွင့်အလမ်းအတွက် ပြတင်းပေါက် ပိတ်သွားပြီဖြစ်ကြောင်း ၎င်းတို့သိခဲ့ရပြီလည်းဖြစ်သည်။ အနိုင်ရလဒ်ကို အာဏာသိမ်းနှစ်ပတ်လည် မတိုင်ခင်မှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များက လိုချင်ခဲ့ကြသည်။ စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို လက်ခံခြင်း မရှိခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ်ကျင်းပပေးမည်ဟု ပြောဆိုထားသောရွေးကောက်ပွဲအပေါ် ယုံကြည်စရာအကြောင်း မရှိတော့ပေ။ အစွမ်းကုန်ကြိုးစားနေကြသော်လည်း NUG၊ ဆက်စပ်အဖွဲ့အစည်းများနှင့် လူထုအပေါ် စစ်တပ်က ရှုံးနိမ့်လိမ့်မည်တော့မဟုတ်ပေ။ NUG နှင့် ၎င်း၏ တွဲဖက် ကာကွယ်ရေးအဖွဲ့အစည်းများ ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွက် သက်သာခွင့်ရှိမည်မဟုတ်သော်လည်း စစ်ရေးအရှိန် တိုးမြှင့်ရပေမည်။ ရှေ့လည်းမတိုးသာ၊ နောက်လည်းမဆုတ်သာ ဖြစ်နေသော အကြမ်းဖက်မှုများက နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် စီးပွားရေး အရှုပ်အထွေးကိုသာ ရောထွေးစေပေလိမ့်မည်။

အမျိုးသားညီညွတ်ရေး အစိုးရသည် မြေပြင်ကန့်သတ်ချက်များနှင့် အမှန်တကယ် ရင်ဆိုင်နေရသည်။ ၎င်းတို့အများစုကလည်း ပြည်နှင်ဒဏ် ခံနေရသူများဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များအပေါ် တင်းကြပ်သော ကွပ်ကဲမှုနှင့်ထိန်းချုပ်မှုရှိသည်။ NUG သည် လူကြိုက်များသလို တရားဝင်မှုလည်းရှိသောကြောင့် မြန်မာနိုင်ငံအမှန်တကယ် တည်ငြိမ်ရေးအတွက် တစ်ခု တည်းသော မျှော်လင့်ချက်လည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအကျဥ်းကျနေသော သက်ကြီးရွယ်အို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်အချို့ကတော့ ရခိုင်ရှိ မွတ်ဆလင်များလူမျိုးတုံး သတ်ဖြတ်မှုကြောင့် နိုင်ငံတကာတွင်အသရေပျက်ခံနေရသည်။ သူမအခြေအနေများနှင့် ပတ်သက်ပြီး စိုးရိမ်စရာ ကောင်းနေသော်လည်း နိုင်ငံတကာမှ ကူညီနိုင်စရာ နည်းလမ်းကလည်း အနည်းငယ်သာရှိသည်။ တကယ်တော့ မြန်မာနိုင်ငံ အုပ်ချုပ်ရေးစနစ်က အလွန်ကွဲပြားခြားနားသောနည်းလမ်းဖြင့် ရှေ့ဆက်လှမ်းရန်လိုအပ်နေသေးသောကြောင့် ဒါကပဲ NUG နှင့် ၎င်းတို့၏ အနာဂတ်ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံရန် အမေရိကန်တွင် အဘယ့်ကြောင့် တာဝန်ရှိသနည်းဆိုတာပင်ဖြစ်သည်။

ဘိုင်ဒန်အစိုးရက အပြန်အလှန်ထိန်းကျောင်းရေးဗျူဟာကို ပေါင်းစည်းသင့်သည်။ ၎င်းက စစ်တပ်ကို စွန့်ခွာမည့် အရာရှိအရေအတွက်လုံလောက်သော အခြေအနေကို ဖန်တီးပေးမည့် ပထမဆုံးသော အပြန်အလှန်ဆက်ဆံရေးဗျူဟာဖြစ်သည်။ ဒုတိယဗျူဟာတွင် မြန်မာနိုင်ငံရှိ သာမန်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင်မှုကို မြှင့်တင်ပေးရန်ဖြစ်သည်။ တတိယမှာ စစ်တပ်၏ ကြီးမားသော နိုင်ငံရေးအာဏာများကိုဖယ်ထုတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံ စနစ်အောက်တွင် အရပ်သားအုပ်ချုပ်မှုကို ထူထောင်မည့်နိုင်ငံရေး ဆွေးနွေးပွဲတစ်ရပ် စတင်နိုင်ရန် ကူညီပေးရမည်။

မြန်မာ့အရေးကို အမေရိကန်က တိုက်ရိုက်ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ဤသည်မှာ ပြည်တွင်းပဋိပက္ခဖြစ်သောကြောင့် ယင်းကဲ့သို့သာ ဆက်ဆံသင့်သည်။ သို့သော် ပြောင်းလဲလာသော နိုင်ငံတကာအခင်းအကျင်းကို အမေရိကန်ကအခွင့်ကောင်းယူသင့်သည်။ အာဆီယံ နှင့် တရုတ်က မြန်မာစစ်တပ်အပေါ် သဘောထား ပြောင်းလဲမှုများ ပြသခဲ့သည်။ အမေရိကန်ကတော့ ခေါင်းဆောင်မှုပမာဏ ကန့်သတ်ချက်ဖြင့် ခရီးဝေးရောက်အောင် သွားနိုင်သည်။

NUG ကို နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံ တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုဖို့ မဖြစ်နိုင်သော်လည်း ၎င်းတို့နှင့် တွေ့ဆုံမှုများ တိုးမြှင့်နိုင်ပြီး အနည်းဆုံးအားဖြင့် လေ့လာသူအဆင့်အတန်းဖြင့် ဒေသဆိုင်ရာအစည်းအဝေးများတွင် ပိုပြီးကိုယ်စားပြုလာနိုင်ရန် စည်းရုံးနိုင်သည်။ ပြီးခဲ့သော အောက်တိုဘာလက ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ ဘိုင်ဒန်တက်ရောက်စဥ် NUG ကိုအသိအမှတ်ပြုဖို့ တောင်းဆိုရန်အခွင့်အရေးနှင့် လွဲချော်ခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနက စစ်တပ်ကိုသိသာသော ဖိအားများ ပိုမိုပေးနိုင်သည့် အနေအထားရှိနေသည်ကထင်ရှားသည်။ ဆင့်ပွားပိတ်ဆို့မှုများချမှတ်ခြင်းက အလွန်ပြင်းထန်ဖွယ်ရှိသော်လည်း ငွေသားကိုင်ဆောင်ထားသော စစ်တပ်ကို ပစ်မှတ်ထားသောပိတ်ဆို့အရေးယူမှုများ ရှေ့ဆက်လုပ်ဆောင်သင့်သည်။ မြန်မာနိုင်ငံတွင်အခြေအနေများ ပိုမိုရှုပ်ထွေးလာသည်နှင့်အမျှ ဝါရှင်တန်အနေဖြင့် ထိုင်း၊ စင်ကာပူအပါအဝင် ဒေသတွင်းမိတ်ဘက်နိုင်ငံများမှတစ်ဆင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့မျှော်လင့်ချက်ထားသင့်သည်။

ဘဏ္ဍာရေးဌာန၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန် အေဂျင်စီ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကမ္ဘာလုံးဆိုင်ရာ အမေရိကန်မီဒီယာ အေဂျင်စီတို့က မြန်မာနိုင်ငံ နှင့်စပ်လျဥ်း၍ ပိုမိုကောင်းမွန်သောလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်သည်။ ၎င်းတို့အနေဖြင့် ပိုမိုလုပ်ဆောင်ရန်နှင့် ပိုမိုကောင်းမွန်သောနိုင်ငံရေး အဆုံးသတ်ဖြစ်ဖို့ လုပ်ဆောင်နိုင်ရန် လိုအပ်နေပြီလည်းဖြစ်သည်။ အုပ်ချုပ်မှုပိုင်းမှ အဆင့်မြင့်သူတစ်ယောက်မှ မပါရှိသောကြောင့် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒက ယခုအချိန်ထိ သဘောကွဲလွဲမှုများ ရှိနေသည်။

ကွန်ဂရက်လွှတ်တော်က ယခင်မြန်မာ့ဒီမိုကရေစီအသွင် ကူးပြောင်းရေးကိုထောက်ခံခဲ့သည်။ ၎င်းက အဆိုပြုချက်များကို ထောက်ခံနိုင်ပြီး ငွေကြေးထောက်ပံ့နိုင်ကာ အုပ်ချူပ်ရေးပိုင်းမှလည်း လိုအပ်သော အကူအညီများ ပေးနိုင်သည်။ မကြာသေးမီကပဲ အောက်လွှတ်တော်က ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေကိုအတည်ပြုခဲ့ပြီးဖြစ်သော်လည်း ဖြစ်ပေါ်တိုးတက်မှုများကို အစီရင်ခံရန်နှင့် စစ်တပ်ကို တာဝန်ခံခိုင်းနိုင်မည့်နည်းလမ်းများရှာဖွေရန် နိုင်ငံခြားရေးဌာနသို့ တောင်းဆိုထားသည်။ ပထမအဆင့်ဖြစ်သော်လည်း ပုံဖော်ဖို့ လိုသည်။ အာဏာသိမ်းမှုတစ်နှစ်ပြည့်နှစ်ပတ်လည်ပြီးဆုံးနောက် လွှတ်တော်နှစ်ရပ်စလုံး၏ ကြားနာပွဲများ ကျင်းပ ရန် အချိန်ရောက်လာပြီလည်းဖြစ်သည်။ ပြီးခဲ့သော မေလအစောပိုင်းတွင် ပြုလုပ်ခဲ့သော ကြားနားမှုများပြီးကတည်းက မြေပြင်မှာအများကြီးပြောင်းလဲသွားခဲ့သည်။ အမေရိကန်နှင့် မြန်မာနိုင်ငံရှိ အတိုက်အခံများသည် တိုင်းပြည်တွင် စစ်အုပ်ချုပ်ရေးအဆုံးသတ်ရေး ဘုံအကျိုးစီးပွားကိုမျှဝေခံစားရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဖြစ်လာအောင် ဆောင်ရွက်ပေးသည်။ ၎င်းတွင် အမေရိကန် တန်ဖိုး များနှင့် ပထဝီနိုင်ငံရေး ရည်မှန်းချက်များနှင့် ပေါင်းစပ်ထားသည်။ ကျရှုံးနိုင်ငံဆိုသည်က စီးပွားရေး၊ နိုင်ငံရေး နှင့် အရေးပါသော ဗျူဟာမြောက်လုပ်ငန်းများ မလုပ်ဆောင်နိုင်တော့သည့် စစ်ပွဲဖြစ်ပွားရာဒေသကိုဆိုလိုသည်။ ဤအကျပ်အတည်းအတွက် အလားအလာနှင့် လက်တွေ့ကျသောအဖြေ မည်ကဲ့သို့ရှိမည်ကို အမေရိကန်က စဥ်းစားသင့်သည်။ မြန်မာပြည်သူများ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် အခြားသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့် ဒီမိုကရေစီ လမ်းစဥ်သစ်ရေးဆွဲနိုင်ရေးဖန်တီးရာမှာ ကူညီနိုင်ဖို့ ကန့်သတ်ထားသော မူဝါဒများချမှတ်ရန် အချိန်တန်နေပြီလည်းဖြစ်သည်။ လူ့အခွင့်အရေးက အမေရိကန်နိုင်ငံခြားရေးမူဝါဒ၏ ဗဟိုချက်ဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့ပြီး မြန်မာစစ်အာဏာရှင်များကို ဆန့်ကျင်နေကြသူများအတွက် အဆိုပါစကားလုံးက မည်မျှအဓိပ္ပာယ်ရှိ ကြောင်း သက်သေပြပါလိမ့်မည်။

Warontherocks.com တွင် ဖော်ပြထားသော ဆောင်းပါးရှင် “Zachary Abuza” ၏ “U.S Policy Toward Myanmar’s Military Junta” ကြည်ဖြူစံက ဆီလျော်အောင် ရေးသားသည်။

Related Articles

Back to top button