ဓါတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ်
ဧပြီ ၅၊ ၂၀၂၂ (ဒီးမော့ဆို)
ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ ကရင်နီ ကာကွယ်ရေးတပ်တွေ ပြည်သူ့အသံနဲ့ အကူအညီတွေလိုအပ်ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်- ဒီးမော့ဆို၊ ဗဟိုပြန်ကြားရေး ကော်မတီတဦးက ဖက်ဒရယ်ဂျာနယ်သို့ အခုလိုပြောသည်။
၎င်းက “ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ပြည်သူတွေထဲကနေပေါက်ဖွားလာတာဖြစ်သည့်အတွက် ပြည်သူတွေရဲ့ အသံကို အမြဲတမ်းနားထောင်နေသလို ဒီနေ့အထိ ကျွန်တော်တို့ အသက်ရှင်နေရတာက ပြည်သူတွေရဲ့ကျေးဇူးကြောင့်ပါဘဲ တိုက်ပွဲတွေမှာ ဘယ်နည်းလမ်းနဲ့မဆို ပြည်သူတွေကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင် ကူညီပေးကြပါလို့ သတင်းမီဒီယာတွေကနေ တဆင့် ပြောကြားတောင်းဆိုပါတယ်” ဟု ပြောသည်။
ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုနှင့် စစ်ကောင်စီတို့ကြား ၃ လတာ ကာလအတွင်း တိုက်ပွဲပေါင်း (၆၇)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယဉ်၊ အဆင့်မြင့်လက်နက်ကြီး၊ တာဝေးပစ် လက်နက်ကြီး စသည့် ထိုးစစ်ဆင်မှုနှင့်အတူ လေကြောင်း၊ မြေပြင်တို့မှ အကြိမ်ပေါင်း(၈၀)ထက်မနည်း ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြောင်း DMO-Local PDF အဖွဲ့ ယမာန်နေ့ ထုတ်ပြန်သည့် ၃ လတာ စစ်ရေးဆိုင်ရာ အစီရင်ခံစာတွင် ပြောဆို ထားသည်။
ပြင်းထန်သည့် တိုက်ပွဲ ၃ လတာ ကာလဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမှ တော်လှန်ရေး ရဲဘော် (၁၄) ကျဆုံးမှုရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၅၀)ထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း ကရင်နီ ကာကွယ်ရေး တပ်ဖွဲ့ဝင် အချို့သည်လည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်းလည်းဆိုသည်။
၎င်းက “အကုန်လုံးပါပဲ။ လက်နက်ကြီးကြောင့်ကျဆုံးတာရှိသလို၊ တင့်ကားနဲ့ပစ်လို့ကျဆုံးတာရှိတယ်။ လေယာဉ်နဲ့ပစ်လို့ကျသွား တဲ့ ရဲဘော်တွေရှိပါတယ်။ တိုက်ပွဲအတွင်းမှာ အဖမ်းခံရပြီး အလောင်းတောင်ပြန်မရတဲ့ရဲဘော်တွေလည်းရှိပါတယ်။ ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ကလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၅၀)ထက်မနည်း သေဆုံးခဲ့ တယ်ဆိုတာကလည်း ဒါတွေက တိုက်ပွဲအတွင်းသွားရတဲ့ ရဲဘော်တွေရဲ့ မျက်မြင်ကိုယ်တွေ့ သတင်းရယ်၊ မှတ်တမ်းဓာတ်ပုံအချက် အချက်အလက်အရတွေကို ကြည့်ပြီးတော့မှ အနီးစပ်ဆုံး ခန့်မှန်းပြီး တော့ ရေးထားတာပါ” ဟုပြောသည်။
ဒီးမော့ဆိုဒေသတွင်း ပြင်းထန်တဲ့ တိုက်ပွဲများကြောင့် အရပ်သားပြည်သူများ နေအိမ် (၄၉၅)လုံးထက်မနည်း ပျက်ဆီးခံခဲ့ရသည်။ ယင်းတိုက်ပွဲတွင်း စစ်ကောင်စီတပ်ဖွဲ့၏ တာဝေးပစ် လက်နက်ကြီးထိမှန်၍ နေအိမ်(၉၄)လုံးထက်မနည်းလည်း ထိခိုက်ပျက်ဆီးသွားပြီး တိုက်ပွဲအတွင်း အရပ်သား ပြည်သူ(၈)ဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း ထုတ်ပြန်ထားသည်။