တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

မရာလူမျိုးစု လက်နက်ကိုင်နှစ်ဖွဲ့ ပစ်ခတ်မှုဖြစ်

စစ်ရေးလေ့ကျင့်နေသည့် မရာကာကွယ်ရေးတပ်ဖွဲ့ (ဓာတ်ပုံ – MDF)
ဖက်ဒရယ်ဂျာနယ်
မတ် ၂၆၊ ၂၀၂၂
ချင်းပြည်နယ်အတွင်း အခြေစိုက်သည့် မရာလူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့နှစ်ခုကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ချင်းဒေသကာ ကွယ်ရေးတပ်ဖွဲ့(CDF-Mara)တပ်ဖွဲ့ဝင်တဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း CDF-Mara ဘက်ကသတင်းထုတ်ပြန်သည်။

ပစ်ခတ်မှုသည် CDF-Mara ထိန်းချုပ်ရာ ထန်တလန်မြို့နယ်၊ ငဖိုင်သဲကျေးရွာတွင် ယမန်နေ့ မတ်လ ၂၅ ရက်နေ့ညနေပိုင်းက CDF-Mara တပ်ဖွဲ့နှင့် မရာပြည်သူ့အုပ်ချုပ်ရေးကောင်စီ/မရာကာကွယ်ရေးတပ်ဖွဲ့(MATC/MDF)တို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

CDF-Mara ၏ထုတ်ပြန်ချက်အရ MDF အဖွဲ့ဝင်များအနေဖြင့် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်လာကာ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခြင်း၊ ရွာရှိလူငယ်များအား ကျောင်းတွင်စုဝေးစေကာ ခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့ရာတွင် တားဆီးဟန့်တားသည့် တပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။

MDF ဘက်က ထုတ်ပြန်ချက်တွင်မူ အမျိုးသမီးတပ်ဖွဲ့ဝင် နှစ်ဦး၊ ဦးစီးချုပ်နှင့် ကျန်းမာရေးတာဝန်ခံတို့ပါဝင်သည့် အဖွဲ့မှ စည်းရုံးရေးဆင်းရန် သွားရောက်ခဲ့ရာတွင် ငဖိုင်သဲရွာအရောက်၌ CDF-Mara တပ်ဖွဲ့ဝင်မှ လက်နက်ကိုင်ဆောင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန် လာရောက်တားမြစ်ခဲ့သည့်အပြင် စာသင်ကျောင်း၌လူထုစည်းဝေးပွဲပြုလုပ်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်ထံက သေနတ်အားလုယူရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။

ယခုကဲ့သို့ လူမျိုးစုအချင်းချင်းကြား နားလည်မှုလွဲမှားကာ သွေးထွက်သံယိုဖြစ်ပွားခဲ့ခြင်းနှင့် CDF-Mara ဘက်ကကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင် Paw Mahnei နှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် ဖြစ်စဉ်အသေးစိတ်အား စုံစမ်းလျှက်ရှိကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်ရန် ပြင်ဆင်လျှက်ရှိကြောင်းလည်း MDF ဘက်က ထုတ်ပြန်ထားသည်။

MDF တပ်ဖွဲ့အား ဇန်နဝါရီ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် မြန်မာ-အန္ဒိယနယ်စပ် တနေရာ၌ ကျင်းပခဲ့သည့် မရာလူမျိုးစုများ ပထမအကြိမ်ညီလာခံတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကြားကာလ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်ရေးနယ်မြေအတွင်း MDF မှလွဲ၍ အခြားလက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းခွင့်မပြုကြောင်းလည်း ၎င်းတို့ကကြေညာထားသည်။

၎င်းတို့အနေဖြင့် ထန်တလန်၊ မတူပီနှင့် ပလက်ဝမြို့နယ်များအတွင်းရှိ မရာမျိုးနွယ်စုနယ်မြေများအား အုပ်ချုပ်ရေးကောင်စီ လက် အောက်တွင် တစုတစည်းထဲ ထားရှိပြီး ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်လည်း ကာကွယ်ရေး၊ အုပ်ချုပ်ရေးဌာနတို့အပါအဝင် ဌာနကြီး ၁၁ ခုလည်း အတည်ပြုဖွဲ့စည်းနိုင်ခဲ့ကြောင်း ညီလာခံတွင်ကြေညာခဲ့သည်။

Related Articles

Back to top button