Photo – Narinjara
ရခိုင်က ကျူးကျော်တွေအရေး ဘယ်လိုဖြေရှင်းသင့်သလဲ
မတ်လအစောပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အတော်လေးရှော့ခ်ဖြစ်စေတဲ့သတင်းတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီသတင်းကတော့ ကျူးကျော်အိမ်တွေကိုဖြိုပေးဖို့ဖိအားပေးခံရတဲ့အတွက် ကလေး ၂ ယောက်မိခင် ကျူးကျော်အမျိုးသမီးတစ်ယောက် အဆိပ်သောက်သေဆုံးသွားတယ်ဆိုတဲ့သတင်းပါပဲ။
အဲဒီအမျိုးသမီးဟာ သူ့အမျိုးသားရယ်၊ သားလေး ၂ ယောက်ရယ်နဲ့ စစ်တွေမြို့ စစ်တွေတက္ကသိုလ်ရှေ့နားက ရထားလမ်းဧရိယာမှာ တဲအိမ်ငယ်လေးတစ်လုံးဆောက်ပြီး ဝင်ရောက်နေတာ တစ်နှစ်ကျော်ရှိနေပါပြီ။ အဲဒီနားမှာ သူတို့အိမ်အပါအဝင် သူတို့လိုမျိုး နောက်ထပ် နေအိမ်အလုံး ၁ဝဝ လောက်လည်း အဲဒီနားက ရထားလမ်းဘေးဧရိယာမှာ ဝင်ရောက်နေတာတွေရှိပါတယ်။
သူတို့တွေဟာ ရထားလမ်းဘေးဧရိယာမှာ ကျူးကျော်ဝင်ရောက်နေထိုင်တဲ့အတွက် အခုနေရာကနေ မတ်လ ၁ ရက်နေ့နောက်ဆုံးထားဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်မှာ အာဏာပိုင်တွေက သူတို့ကိုအသိပေးစာ ပေးပို့ခဲ့ပါတယ်။ အဲဒီစာရပြီးတဲ့နောက် ခုနက အမျိုးသမီးဟာ သူတို့တွေဟာ ဒီနေရာသွားရင် တခြားဘယ်နေရာမှ သွားစရာနေရာမရှိတော့တဲ့အတွက် ကြံရာမရတော့တဲ့အဆုံး မတ်လ ၃ ရက်နေ့ညမှာ အဆိပ်သောက် ပစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့ညတွင်းချင်း စစ်တွေဆေးရုံကိုတင်ပြီး ဆေးကုသမှုခံယူခဲ့ပေမဲ့ မတ်လ ၅ ရက်မှာတော့ အသက်သေဆုံးသွားခဲ့ပါတယ်။ အစိုးရရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ဖြေရှင်းနည်းကြောင့် မိခင် တစ်ယောက် မသေသင့်ဘဲ သေဆုံးသွားခဲ့ရတာပါ။
အဲဒီအမျိုးသမီးသေဆုံးပြီးတဲ့နောက် မတ်လ ၉ ရက်မှာတော့ စစ်တပ်၊ ရဲနဲ့ ထွေအုပ်ဝန်ထမ်းတွေက သူတို့ရဲ့နေအိမ် ၁ဝဝ လောက်ကို အင်အားသုံးဖယ်ရှားခဲ့ပါတယ်။ လူဦးရေ ၃ဝဝ ကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရပါတယ်။ နောက်တစ်နေ့ မတ်လ ၁ဝ ရက်မှာလည်း စစ်တွေသုသာန်မြေမှာ ဝင်ရောက်နေထိုင်ကြတဲ့ နေအိမ် ၂ဝဝ လောက်ကို စစ်တပ်၊ ရဲနဲ့ ထွေအုပ်ဝန်ထမ်းတွေက ထပ်ပြီး ဖယ်ရှားခဲ့ပြန်ပါတယ်။ ဒီတစ်ခါလည်း လူဦးရေ ၅ဝဝ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြန်ပါတယ်။ နေရာနှစ်ခုပေါင်းဆိုရင် လူဦးရေ ၈ဝဝ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။
သူတို့တွေဟာ ရခိုင်ပြည်နယ်ထဲက ရသေ့တောင်၊ ပေါက်တော၊ မြောက်ဦးနဲ့ မင်းပြားနယ်တွေက မရှိဆင်းရဲသားတွေဖြစ်ပါတယ်။ ရွာမှာ အလုပ်အကိုင်ရှားပါးတာကြောင့် စစ်တွေကိုတက်ပြီး ကြုံရာကျပန်းဝင်လုပ်နေကြသူတွေပါ။ စစ်တွေလိုမြို့မှာ ကျောတခင်းစာနေရာဖို့အတွက်မလွယ်သလို အိမ်ငှားခတွေလည်း စျေးကြီးတဲ့အတွက် အခုလို ဝင်ရောက်နေထိုင်နေကြရတာဖြစ်ပါတယ်။ သူတို့တွေထဲမှာ အမှိုက်ပုံတွေထဲ ပုလင်းခွံ၊ ဘူးခွံရှာဖွေပြီးစားသောက်ရသူတွေတောင် ပါကြပါတယ်။ အခုတော့ သူတို့တွေဟာ ဖြိုဖျက်ခံလိုက်ရတဲ့နေရာနဲ့ မလှမ်းမကမ်းနေရာတွေမှာ ဖြစ်သလိုနေနေကြရပါတယ်။ စားဝတ်နေရေးတွေလည်း အခက်ကြုံနေရတဲ့အတွက် လူမှုအဖွဲ့အစည်းတွေက ကူညီထောက်ပံ့နေကြတာတွေ့ရပါတယ်။
အာဏာပိုင်တွေရဲ့အင်အားသုံးဖယ်ရှားခဲ့ပြီးတဲ့နောက် ဒီကျူးပြဿနာက ဒီမှာတင်ပြီးသွားရောလား။ မပြီးသေးပါဘူး။ ကျူးကျော်တွေဟာ လူသားတွေဖြစ်တဲ့အတွက် ဒါကိုဖြေရှင်းတဲ့အခါမှာ အင်မတန် လူသားဆန်ဖို့လို်ပါတယ်။ ဆိုတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ ဘယ်လိုကော ဖြေရှင်းသင့်သလဲ။ ဘယ်သူတွေက ဖြေရှင်းရမှာလဲ။ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ ဒီအကြောင်း ဆက်ဆွေးနွေးကြည့်ရအောင်ပါ။
ဒီပြဿနာရဲ့အရင်းအမြစ်က ရခိုင်ဒေသမှာ အလုပ်အကိုင်ရှားပါးရာကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ကျေးလက်တောရွာတွေမှာ လျှပ်စစ်မီးမရှိဘူး။ မြို့နဲ့အနီးတဝိုက်မှာလည်း စက်ရုံအလုပ်ရုံတွေမရှိတဲ့အတွက် အလုပ်အကိုင်မရှိကြဘူး။ ဒါကြောင့် မြို့ပေါ်လောကကို ရေကြည်ရာ မြက်နုရာထွက်လာကြရတယ်။ မြို့ပေါ်ရောက်ပြန်ရင်လည်း ကျောတခင်းစာနေရာက မရှိပြန်ဘူး။ နဂိုကတည်းကမှ ကုန်းကောက်စရာမရှိလို့ မြို့ပေါ်တက် အလုပ်လုပ်ဖို့လာတဲ့အချိန်မှာ နေစရာတစ်ခုရဖို့ဆိုတာက မရှိဆင်းရဲသားတွေအတွက် မလွယ်ပါဘူး။ မြို့အတိုင်းအတာနဲ့ အိမ်ငှားခတွေကလည်း တအားစျေးကြီး။ ကုန်စျေးနှုန်းတွေကလည်း ထိုးတက်။ တိုင်းရေးပြည်ရေးကလည်း မကောင်းတဲ့အခါကျတော့ လူမနေတဲ့ မြေကွက်လပ်တွေမှာ တဲထိုးနေကြရတော့တာပါပဲ။
အမှန်တကယ်လည်း သူတို့ဝင်ရောက်နေထိုင်တဲ့မြေကွက်လပ်တွေဟာ အစိုးရပိုင်မြေနေရာတွေဖြစ်ပါတယ်။ ရထားလမ်းဘေးဧရိယာတွေမှာ ဘယ်သူမှ ဝင်ရောက်နေထိုင်ခွင့်မရှိပါဘူး။ နောက်ပြီးတော့ သုသာန်မြေလိုနေရာမျိုးတွေဟာ မြို့က ပိုင်တဲ့နေရာလို့ဆိုရမှာဖြစ်ပါတယ်။ သုသာန်မြေမှာ ဘယ်သူမှ ကျူးကျော်ခြင်းမပြုရဆိုပြီး အစိုးရက ခြံတောင်ခပ်ထားတာကို သူတို့က အရဲစွန့် ဝင်ရောက်နေနေကြတာပါ။ ဒီလိုနဲ့ တစ်အိမ်စ၊ နှစ်အိမ်စကနေ တိုးပွားလာတာ နောက်ပိုင်း အိမ်ခြေတွေ ရာနဲ့ချီဖြစ်သွားခဲ့ရတာပါပဲ။
ဒါကို အစိုးရအနေနဲ့ ကျူးကျော်တွေ စပြီး ဝင်ရောက်နေချိန်ကနေ ထိထိရောက်ရောက်တားမြစ်ခဲ့မယ်ဆိုရင် အခုပြဿနာက ဒီလောက်ထိ ကြီးမားသွားမှာမဟုတ်ပါဘူး။ အခုတော့ အိမ်ခြေရာနဲ့ချီဖြစ်သွားမှ ထပြီးဖြေရှင်း တော့ အခြေအနေက ဆိုးဝါးသွားခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ အစိုးရက သတိထားကိုင်တွယ် ခဲ့ရမဲ့ အချက်တစ်ချက်လည်း ရှိနေပါတယ်။ ဒါကတော့ ဒီကျူးကျော်တွေကို ဒီနေရာတွေမှာ ခြံလေးတစ်ကွက်ကို ပိုက်ဆံ လေး၊ ငါးသိန်းလောက်နဲ့ ကိုယ်ပိုင်ခြံမြေလို လိမ်ပြီးရောင်းစားနေကြတဲ့ နောက်ကွယ်က လက်မဲကြီး တွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဖို့လိုအပ်ပါတယ်။ ကျူးကျော်တွေဟာ နယ်က တက်လာကြတဲ့ မရှိဆင်းရဲသားတွေဆိုတော့ ပိုက်ဆံ လေး၊ ငါးသိန်းလောက်ကို ဖြစ်သလိုရှာပြီးတော့ လူလိမ်တွေဆီကနေ ဝယ်လိုက်ကြတာပါပဲ။ ဒါဟာ အစိုးရပိုင်မြေလား၊ စီမံကိန်းမြေလား၊ ရထားလမ်းမြေလားဆိုတာကို သူတို့တွေ သဲသဲကွဲကွဲမသိကြပါဘူး။ ဒီလို အများပိုင်မြေ၊ အစိုးရပိုင်မြေတွေကို တရားမဝင်ရောင်းစားနေတဲ့ လူလိမ်တွေ အတော်များများရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်၊ ဧပြီလအတွင်းကလည်း အဲဒီရထားလမ်းတစ်လျှောက် ဝင်ရောက်နေထိုင်သူတွေကို အာဏာပို်င်တွေက ဖယ်ရှားရှင်းလင်းခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း အခုလို လိမ်ရောင်းတဲ့ လက်မဲကြီးတချို့ကို အာဏာပိုင်တွေက အမှုဖွင့်အရေးယူတာရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုဖြစ်စဉ်မှာတော့ အဲလိုမျိုး လက်မဲကြီးတွေကို စုံစမ်းဖော်ထုတ်အရေးယူတာမျိုး မရှိခဲ့ပါဘူး။
ပြောချင်တာကတော့ အစိုးရအနေနဲ့ ကျူးကျော်တွေစတင်ဝင်ရောက်လာချိန်ကနေ သူတို့တွေကို အသိပညာ ပေးတာတို့၊ လက်မဲကြီးတွေကနေတဆင့် မြေကွက်တွေကို တရားမဝင် မဝယ်ကြဖို့၊ ဒီနေရာတွေဟာ အစိုးရပိုင် မြေနေရာတွေ၊ ဘယ်သူမှ ဝင်ရောက်နေထိုင်ခွင့်မရှိဘူးစတာတွေကို ရှင်းလင်းပြောပြပြီး အနုနည်းနဲ့ ဖယ်ရှားခဲ့သင့်ပါတယ်။
ကျူးကျော်တွေကလည်း ဒါတွေကို အနည်းနဲ့အများတော့ သိထားသင့်ဖို့လိုပါတယ်။ အခုခေတ်အခြေအနေအရ မြေကွက်တစ်ကွက်ကို လေး၊ ငါး၊ ဆယ်ကိုးသိန်းလောက်နဲ့ရတယ်ဆိုတာ ဖြစ်သင့်/မဖြစ်သင့်ကို စဉ်းစားသုံးသပ်ကြရမှာဖြစ်ပါတယ်။ အမှန်တကယ် ဒီမြေဟာ အရှုပ်အရှင်းကင်းသလား။ အစိုးရမြေလား။ စီမံကိန်းမြေလား။ အဲလို ဥပဒေနဲ့မလွတ်ကင်းဘူးဆိုရင် တခြားနည်းနဲ့ပဲ ဝင်ငွေရှာသင့်ပါတယ်။ ဥပမာ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာပဲဖြစ်ဖြစ် ယာယီကပ်ခိုပြီး ပိုက်ဆံရှာဖွေစုဆောင်းသင့်ပါတယ်။ နို့မဟုတ်ရင် တတ်သိနားလည်တဲ့သူတွေနဲ့တိုင်ပင်ပြီးမှ ဝယ်သင့်၊ မဝယ်သင့်၊ ဝင်နေသင့်၊ မနေသင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်။
ကျူးကျော်တွေကလည်း မြေကွက်လပ်ဆိုရင် ဖြစ်သလို ဝင်ပြီးနေထိုင်၊ အစိုးရကလည်း အစပိုင်းတော့ ဘာမှမပြောဘူး။ နောက်တော့မှ အင်အားသုံးဖယ်ရှားနဲ့ အတော်ကို အရုပ်ဆိုးစေပါတယ်။ ဒီလို ဖြေရှင်းပုံဖြေရှင်းနည်းမတတ်လို့၊ တစ်နည်းအားဖြင့် ကျူးကျော်တွေကို မကိုင်တွယ်တတ်လို့ စစ်တွေမြို့မှာ ၂ဝ၁၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဆူပူအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မူဆလင်အများစုနေထိုင်ခဲ့တဲ့ စက်ရုံစု(ခေါ်) နာဇီရွာ ရပ်ကွက်က မီးလောင်မြေမှာ ကျူးကျော်အိမ်ထောင်စုတွေဟာ ၂ဝ၁၃ လောက်ကနေ ဝင်ရောက်နေကြတာ အခု ၂ဝ၂၂ ခုနှစ်မှာဆိုရင် အိမ်ထောင်စု ထောင်နဲ့ချီရှိနေပါပြီ။ ဒီ စက်ရုံစု(ခေါ်) နာဇီရွာရပ်ကွက်က ကျူးကျော်တွေကို ဦးသိန်းစိုးအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တို့က အာဏာပိုင်တွေက ဖယ်ရှားဖို့ကြိုးစား ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဖြစ်မြောက်အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းကဆိုရင် အဲဒီကျူးကျော်တွေကိုဖြေရှင်းဖို့ကြိုးစားတာနဲ့ အဲဒီစက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ ဓားထိုးအသတ်ခံခဲ့ရပါ သေးတယ်။ နောက်ပိုင်းတော့ ဖယ်ရှားမဲ့အစီအစဉ်လည်း ပျက်ပြယ်သွားခဲ့ရပါတော့တယ်။
နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင် အစိုးရအနေနဲ့ ဒီလိုမျိုး ကျူးကျော်တွေမရှိစေချင်ဘူးဆိုရင် တန်ဖိုးနည်း မြေကွက်တွေနဲ့ တန််ဖိုးနည်းအိမ်ယာတိုက်ခန်းတွေကို ဆောက်လုပ်ပေးသင့်ပါတယ်။ မရှိဆင်းရဲသားတွေ ဝယ်ပြီး နေနိုင်လာအောင် အရစ်ကျပဲဖြစ်ဖြစ် ဖော်ဆောင်ပေးသင့်ပါတယ်။ အစိုးရမှာ ဘာမှမလုပ်ဘဲ ဒီအတိုင်း ပစ်ထားတဲ့မြေကွက်လပ်တွေ တစ်ပုံကြီးပါ။ အစိုးရပိုင်မြေ မကျူးကျော်ရ၊ တပ်ပိုင်မြေ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တွေပဲ ကပ်ထားပြီး ဘာစီမံကိန်း၊ ဘာအဆောက်အအုံမှ မဆောက်ဘဲ ပစ်ထားကြတဲ့ မြေကွက်လပ်တွေ မြို့ပေါ်ရပ်ကွက်တွေမှာရော၊ မြို့နဲ့အနီးတဝိုက်နေရာတွေမှာရော လက်ညိုးထိုးမလွဲရှိနေပါတယ်။ အဲဒီနေရာ တွေကိုသာ တကယ့်ကို တိုက်ခန်းတွေဆောက်ပြီး မရှိဆင်းရဲသားတွေအပြင် သာမန်လူတန်းစားတွေနေနိုင်အောင် အစိုးရက ဖန်တီပေးမယ်ဆိုရင်တော့ ဒီလိုမျိုး ကျူးပြဿနာလည်း ရှိလာမှာမဟုတ်ပါဘူး။ မြို့လည်း သန့်ရှင်း သာယာလှပပြီး နေချင်စဖွယ်တောင် ဖြစ်သွားဦးမှာပါ။
လှထွန်းဖြူ ရေးတယ်
ဖက်ဒရယ်ဂျာနယ်
မတ် ၂၁၊ ၂၀၂၂