ပြည်သူနှင့်အနီးဆုံး သင့်လျော်သည့်အစိုးရအဖွဲ့ထံ လုပ်ပိုင်ခွင့်အာဏာအပ်ခြင်း (Subsidiarity)
ပိုပို၊ နော်နော်နဲ့ ရှန်တို့တစ်တွေ ဒီတစ်ခါတော့ ဆလိုင်းတို့ မိသားစုနဲ့ ကမ်းခြေမှာ အပန်းဖြေနေကြတယ်။ ဆလိုင်းဖေဖေနဲ့မေမေတို့ကတော့ ကလေးတွေကို မှာစရာရှိတာမှာပြီး လွတ်လွတ်လပ်လပ် ကစားခွင့်ပေးထားတယ်။ ကိုယ့်လုပ်နိုင်စွမ်းကို ချိန်ဆပြီး ရေကူးတဲ့အခါ နက်တဲ့နေရာအထိကူးသင့်၊ မကူးသင့် ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ဖို့တော့ သေချာမှာခဲ့တယ်။
အဲ့ဒါနဲ့ ရေမကူးတတ်တဲ့ ပိုပိုက ကမ်းစပ်မှာပဲ ထိုင်ပြီး သဲနဲ့ဆော့တယ်။ ရေသိပ်မကူးတတ်ပေမဲ့ ရေထဲဆင်းရမှာ မကြောက်တဲ့ ရှန်က ရင်ညွန့်လောက်ထိသွားပြီး ရေဆော့တယ်။ ရေကူးသင်တန်းတက်ထားတဲ့ ဆလိုင်းနဲ့ နော်နော်ကတော့ နည်းနည်းဝေးဝေးထိ သွားပြီးရေကူးကြတာပေါ့။ ကိုယ်ကူးနိုင်တဲ့ အတိုင်းအတာကို ချိန်ဆပြီး ရေဆော့ အပန်းဖြေနေကြတဲ့ ဉာဏ်ကျယ်လေးဖော်တို့ကို မြင်ရတာ ပျော်စရာပါ။
အခုလို ဆလိုင်းရဲ့မိဘတွေက ကလေးတွေကို ကိုယ့်ရဲ့စွမ်းဆောင်နိုင်မှုနဲ့ တာဝန်ယူနိုင်မှုကို အခြေခံပြီး ဆုံးဖြတ်ချက်ချခွင့်ပေးတာဟာ ဖက်ဒရယ်စနစ်မှာဆို ပြည်သူနဲ့ အနီးဆုံး သင့်တော်တဲ့ အစိုးရအဖွဲ့ကို လုပ်ပိုင်ခွင့်အာဏာအပ်တာနဲ့ သဘောတရားဆင်တူပါတယ်။ ဒါကို ပိုပိုကတော့ ကမ်းခြေမှာ အပန်းဖြေရင်း ဆရာလုပ်ရှင်းပြနေပြန်ပါတယ်။
နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ်ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။
ဖက်ဒရယ်ဂျာနယ်
မတ် ၁၈၊ ၂၀၂၂