ဆောင်းပါး

ရခိုင့်နိုင်ငံရေးဇာတ်ခုံပေါ် အခြေမလှတော့သည့် ALP

ရခိုင့်နိုင်ငံရေးဇာတ်ခုံပေါ် ခြေမလှတော့သည့် ALP

လက်ရှိ ရခိုင်တွင် လက်နက်ကိုင်ဆောင်ထားသည့် ရခိုင့်လက်နက်ကိုင်အဖွဲ့နှစ်ခုရှိနေသည်။ တစ်ဖွဲ့က အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(Arakan Liberation Party – ALP)ဖြစ်သည်။ နောက်တစ်ဖွဲ့က အစိုးရနှင့် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် ရက္ခိုင့်တပ်တော်(Arakan Army – AA)ဖြစ်သည်။ ALP ကိုဖွဲ့စည်းထားသည်မှာ နှစ်ပေါင်း ၅ဝ ကျော်ပြီဖြစ်ပြီး AA ကတော့ ၁၃ နှစ်သားအရွယ်သာ ရှိသေးသည်။ သို့ရာတွင် ထိုအဖွဲ့နှစ်ခုအနက် AA က ရခိုင်လူထု၏ အားပေးထောက်ခံမှုကို အကြီးအကျယ်ရနေပြီး ALP ကမူ ရခိုင်လူထုအနည်းအကျဉ်း၏ အားပေးထောက်ခံမှုကို မစို့မပို့ရရှိနေသည်ကို တွေ့ရသည်။ တစ်ဖွဲ့ချင်းစီ ၏ နိုင်ငံရေးရပ်တည်ချက်၊ ခံယူချက်နှင့် လက်နက်ကိုင်လမ်းစဉ်များ ကွဲပြားခြားနား မှုကြောင့်ဖြစ်ဟန်တူသည်။

ယခုဆောင်းပါးတွင် အဓိက ပြောလိုသည်မှာ ALP အကြောင်းပင်။ ALP ကို ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်တွင် အိန္ဒိယနယ်စပ်၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ် အတွင်းတွင် စစ်ရေးလှုပ်ရှားမှုများရှိခဲ့သည်။ ALP ၏ လက်အောက်ခံဌာနချုပ်ခွဲကို အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မလေးရှားစသည့်နိုင်ငံများတွင် ထားရှိသည်။ စတင်ဖွဲ့စည်းစဉ်ကပင် ၂ဝ၁၂ ခုနှစ်အထိ ALP တွင် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များနှင့် ပါတီဝင်အင်အား အများအပြားရှိခဲ့သည်။

သို့ရာတွင် ALP သည် သမ္မတဦးသိန်းစိန်လက်ထက် ၂ဝ၁၂ ခုနှစ်၊ ဧပြီလတွင် ရခိုင်ပြည်နယ်အစိုးရနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ယင်းသဘောတူ စာချုပ်တွင် ALP အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာသွားလာနေထိုင်ခွင့်ရှိမည်ဖြစ်သော်လည်း ALP ၏ စစ်ဝတ်စုံများဝတ်ဆင်ကာ လက်နက်များကိုင်ဆောင်၍ သွားလာခြင်းမပြုရန်ဆိုသည့်အချက်လည်း ပါဝင်ခဲ့သည်။ အလားတူ ကျောက်တော်မြို့တွင် ALP ၏ ဆက်ဆံရေးရုံးတစ်ခုဖွင့်လှစ်ရန်လည်း ပါရှိခဲ့သည်။ ထိုရုံးကိုလည်း လက်ရှိအချိန်ထိ ကျောက်တော်မြို့တွင် ဖွင့်လှစ်ထားဆဲဖြစ်သည်။

ALP သည် ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA)ကို လက်မှတ်ရေးထိုးခဲ့ပြန်သည်။ ယင်းသို့ ရခိုင်ပြည်နယ်အစိုးရနှင့် အပစ်ရပ်လက်မှတ်နှင့် NCA လက်မှတ်ရေးထိုးပြီးနောက် ALP ၏ သြဇာအရှိန်အဝါသည် ရခိုင့်နိုင်ငံရေးလောကတွင် မှေးမှိန်သွားတော့သည်။ စတင်ဖွဲ့စည်းစဉ်က ရခိုင်ပြည်နှင့် ရခိုင်လူမျိုး လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်မည်ဟု သန္နိဋ္ဌာန်ချခဲ့သော်လည်း လက်တွေ့တွင် လက်နက်ချကာ အလင်းဝင်သလိုဖြစ်သွားခဲ့သည်။ ဤအချက်ကို ရခိုင်ပြည်သူတို့က မလိုလား။ သဘောမကျ။ ယင်းအထဲတွင် ALP ပါတီဝင်များလည်း ပါဝင်ခဲ့သည်။ တောထဲတောင်ထဲတွင် မျှစ်စားရင်း ဒုက္ခပေါင်းစုံကို ခါးစည်း၍ အသက်လုတိုက်ပွဲဝင်ခဲ့သမျှ NCA စာချုပ်ကြောင့် သဲထဲရေသွန်ဖြစ်ရပြီဟုဆိုကာ ပါတီဝင် အများအပြား နုတ်ထွက်ခဲ့မှုများပင်ရှိခဲ့သည်။ ပါတီထိပ်ပိုင်းခေါင်းဆောင်များအတွင်းတွင်လည်း သဘောထား ကွဲလွဲမှုများဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင် ALP ပါတီအတွင်း စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်နှင့် ပါတီအဖွဲ့ဝင် ၂ ထောင်ခန့်သာရှိတော့သည်ဟု သိရသည်။

ALP သည် ၂ဝ၁၅ နောက်ပိုင်းတွင် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော EAO အဖွဲ့(၁ဝ)ဖွဲ့တွင်ပါဝင်လာခဲ့ပြီး အစိုးရနှင့်အတူ မြန်မာ့နိုင်ငံရေးငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်လုပ်ဆောင်နေခဲ့သည်။ သမ္မတဦးသိန်းစိန်လက်ထက်နှင့် NLD အစိုးရလက်ထက်တို့တွင် ၁ဝ နှစ်ခန့် ရခိုင်လက်နက်ကိုင်တော်လှန်ရေးလောကမှ ပျောက်နေခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုတက်လိုက်၊ အစိုးရ၏ ရံဖန်ရံခါပေးသော ထောက်ပံ့ငွေများနှင့် စားနပ်ရိက္ခာများကိုယူလိုက်ဖြင့် အချိန်ကုန်နေခဲ့သည်။ ပြည်သူ လူထုဘေးဒုက္ခကျရောက်ခဲ့ချိန်အတွင်း လူထုနှင့် သိပ် နီးနီးကပ်ကပ်မရှိခဲ့။ ပြည်သူလူထုကြားထဲတွင်လည်း ALP ဟူသည့် ရခိုင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ရှိသေး၏လောဆိုပြီး မေးငေါ့နေရသည်အထိ ဖြစ်နေရသည်။ လူထု၏အားပေးထောက်ခံမှုများလည်း တရိပ်ရိပ်ကျဆင်းလာလေတော့သည်။ အလားတူ ပါတီတွင်း အားပြိုင်မှုများနှင့် သဘောထားကွဲလွဲမှုများသည်လည်း တစ်နေ့ထက်တစ်နေ့ ကြီးထွားလာတော့သည်။ ပါတီတွင်း သဘောထားကွဲလွဲမှုများမှသည် ညှိနှိုင်းမရလောက်အောင်အထိ အကွဲကွဲအပြားပြားဖြစ်ခဲ့ရသည်က ယခု ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် ALP က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တစ်စောင်မှအစပြုသည်ဟုပင် ဆိုရပေမည်။

ယင်းနေ့က ထုတ်ပြန်ချက်တွင် “ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)အနေဖြင့် ရခိုင့်ကံကြမ္မာ ရခိုင်တို့ ဖန်တီးနိုင်ရေးအတွက် ကြိုးပမ်းလှုပ်ရှားနေကြသော ရခိုင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများအပါအဝင် ရခိုင်ပြည်သူတစ်ရပ်လုံးနှင့် ခိုင်မြဲစွာအစဉ်လက်တွဲ ပြီးလက်နက်ကိုင်လမ်းစဉ်ကို လက်ကိုင်ထားလျက် နည်းလမ်းပေါင်းစုံဖြင့် အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားရန် သစ်လွင်သော နိုင်ငံရေး ဦးဆောင်အဖွဲ့ကို အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းကြောင်း” ဆိုထားသည်။ သစ်လွင်သော နိုင်ငံရေး ဦးဆောင်အဖွဲ့ကို ဥက္ကဋ္ဌအဖြစ် ခိုင်ရဲခိုင်နှင့် ဒုဥက္ကဋ္ဌအဖြစ် စောမြရာဇာလင်းတို့က ဦးဆောင် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ထုတ်ပြန်ပြီး ၆ ရက်အကြာ ဇန်နဝါရီလ ၁၂ ရက်တွင် နိုင်ငံရေးဦးဆောင်ကော်မတီသစ်တစ်ခုကို ဖွဲ့စည်းကြောင်း ALP က ထပ်မံထုတ်ပြန်လာခဲ့သည်။ ယင်းနိုင်ငံရေးဦးဆောင်ကော်မတီသစ်ကို ဥက္ကဋ္ဌအဖြစ် ခိုင်စိုးနိုင်အောင်နှင့် အထွေထွေအတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်တို့က ဦးဆောင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ခဲ့သည့်ပထမထုတ်ပြန်ချက်သည် ALP ခေါင်းဆောင်အချို့က ပါတီဖွဲ့စည်းပုံနှင့်မညီဘဲ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။

တဖန် ဇန်နဝါရီ ၂၅ ရက်တွင် စောမြရာဇာလင်းဦးဆောင်သည့် ALP အဖွဲ့က ထုတ်ပြန်ချက်တစ်စောင် ထပ်မံထုတ်ပြန်လာခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ALP ၌ ဥက္ကဋ္ဌကြီး ခိုင်ရဲခိုင်ရှိပါလျက် ပါတီအမည် (အမှတ်တံဆိပ်၊ အောင်လံတော်နှင့် ဆက်စပ်သင်္ကေတများကို) အလွဲသုံးစားပြုလုပ်ပြီး ဒုဥက္ကဋ္ဌဟောင်း ခိုင်စိုးနိုင်အောင်သည် မိမိကိုယ်ကိုယ် ဥက္ကဋ္ဌဟုခံယူကာ အပေါင်းပါတချို့နှင့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပါတီသစ်တစ်ခုကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီအမည်ဖြင့်ဖွဲ့စည်းကာ ထုတ်ပြန်ခဲ့သည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ခိုင်စိုးနိုင်အောင်နှင့် အပေါင်းအပါ ခိုင်ကျော်လှိုင်၊ ခိုင်လင်းခိုင်တို့သည် ပါတီမှပေးအပ်ခဲ့သည့်တာဝန်ကို တင်းတိမ်ရောင့်ရဲခြင်းမရှိဘဲ ပါတီ၏ဖွဲ့စည်းပုံဥပဒေကို ချိုးဖောက်နေသည့် အတွက် ALP မျက်နှာစုံညီ ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ၎င်းတို့ကို ALP မှ အပြီးအပိုင် ထုတ်ပယ် လိုက်ကြောင်း ဖော်ပြထားသည်။

ဆိုရလျှင် အခက်အခဲအမျိုးမျိုးကြားမှ နှစ်ရှည်လများတည်ဆောက်လာခဲ့ရသည့် ရခိုင့်လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သော ALP တွင် ပါတီထိပ်ပိုင်းခေါင်းဆောင်များအချင်းချင်း သွေးကွဲသွားခဲ့ပြီဖြစ်သည်။ နှစ်ပေါင်း ၅ဝ ကျော်ကြာတည်ဆောက်ခဲ့သည့် ပါတီ၏ဂုဏ်သိက္ခာသည် ထိပ်ပိုင်းခေါင်းဆောင်များ၏ အတ္တ၊ မာန၊ အာဃာတ တို့အောက်တွင် စုန်းစုန်းမြုပ်သွားခဲ့ရချေပြီ။ ဘာကြောင့် ယခုကဲ့သို့ ညှိနှိုင်းမရအောင်အထိ ပြိုကွဲသွားခဲ့သည်မှာ စဉ်းစားစရာဖြစ်နေသည်။  

အဖြေကတော့ တစ်ခုတည်းသာရှိသည်။ အဓိက စောမြရာဇာလင်းဦးဆောင်သော သစ်လွင်သော နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖွဲ့စည်းလိုက်ခြင်းက အစပြုခဲ့ခြင်းဖြစ်သည်။ သည်အဖွဲ့က ရခိုင့်ကံကြမ္မာ ရခိုင်တို့ ဖန်တီးနိုင်ရေးအတွက် ကြိုးပမ်းလှုပ်ရှားနေကြသော ရခိုင့်လက်နက်ကို်င်တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများအပါအဝင် ရခိုင်ပြည်သူတစ်ရပ်လုံးနှင့် ခိုင်မြဲစွာအစဉ်လက်တွဲ ပြီးလက်နက်ကိုင်လမ်းစဉ်ကို လက်ကိုင်ထားလျက် နည်းလမ်းပေါင်းစုံဖြင့် အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားမည်ဟုဆိုသည်။ ခိုင်စိုးနိုင် အောင်ဦးဆောင်သော နိုင်ငံရေးဦးဆောင်ကော်မတီသစ်ကမူ လက်နက်မစွန့်ဘဲ NCA ကိုအခြေခံပြီး လွတ်မြောက် ရေးအတွက် NCA အောက်မှ ဆက်သွားမည်ဟုဆိုသည်။ ALP သည် NCA လက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်ရာ NCA အောက်မှ လိုချင်သည့်ပန်းတိုင်သို့ဆက်သွားမည်ဆိုသည်က သဘာဝကျသေးသည်။ စောမြ ရာဇာလင်း ဦးဆောင်သောအဖွဲ့က ရခိုင့်ကံကြမ္မာ ရခိုင်တို့ဖန်တီးရေးအတွက် နိုင်ငံရေးပါတီများ၊ ရခိုင့်လက်နက်ကိုင် အဖွဲ့အစည်းနှင့်ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမည်ဟုဆိုခြင်းမှာ စဉ်းစားစရာဖြစ်နေသည်။

နိုင်ငံရေးပါတီများကိုထားဦး။ ULA/AA ကဲ့သို့ ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် ALP လက်နက်ကိုင်အဖွဲ့ ပူးပေါင်းရန်ဆိုသည်မှာ လတ်တလောတွင် ဖြစ်နိုင်ခြေနည်းသည်။ နိုင်ငံရေးရည်မှန်းချက်မတူညီသလို ခံယူချက်နှင့် လုပ်ဆောင်ချက်များလည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့မတူညီပေ။ တစ်ဖွဲ့က NCA အောက်တွင်ရှိပြီး တစ်ဖွဲ့က NCA ပြင်ပတွင်ရှိနေသည်။ အကယ်၍ ပူးပေါင်းမည်ဆိုပါက ALP အနေဖြင့် သူ၏ပါတီဖွဲ့စည်းပုံကို ULA/AA က လက်ခံလာနိုင်လောက်အောင်အထိ အသစ်ပြန်လည်ရေးဆွဲရမည်ဖြစ်သည်။ ပါတီဖွဲ့စည်းပုံကို အသစ်ပြန်လည် ရေးဆွဲမည်ဆိုသည်ကလည်း ALP တွင် ထိပ်ပိုင်းခေါင်းဆောင်များအကွဲအပြဲဖြစ်ပေါ်လျက်ရှိရာ လွယ်တော့ လွယ်မည်မထင်ပေ။ ALP အတွက် ကြီးမားသော စိန်ခေါ်မှုဟုပင် ဆိုရလောက်ပေသည်။

တစ်လက်စတည်းပြောလိုသည်က ALP နှင့် AA သည် ယခင်ကလည်း ထိုင်းနိုင်ငံတစ်နေရာတွင် ခေါင်းဆောင်ပိုင်း အချို့တွေ့ဆုံကာ ပူးပေါင်းရန် ကြိုးစားခဲ့သေးသည်။ အွန်လိုင်းပေါ်တွင်ပျံ့နှံ့နေသော ယင်းသို့ကြိုးစား ဆွေးနွေးခဲ့ကြသည့် ရုပ်သံဖိုင်တွင် AA ဘက်က စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် ခေါင်းဆောင် အချို့ကို တွေ့ရသည်။ ALP ဘက်ဆိုလျင် ခိုင်သု(ယခု AA ၏ ပြောရေးဆိုခွင့်ရှိသူ) နှင့် ခေါင်းဆောင် အချို့ပါဝင်သည်။ သည်နှစ်ဖွဲ့ပူးပေါင်းနိုင်ရန်အတွက် ယခု ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ  ဦးသာထွန်းလှနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)မှ ဦးလှမြင့်နှင့် ဦးမြင့်ကျော်တို့ကလည်း ယင်းရုပ်သံဖိုင်တွင် တိုက်တွန်းခဲ့ ကြသည် ကိုတွေ့ရသည်။ သို့သော် ယနေ့အချိန်အထိ ပူးပေါင်းနိုင်ခြင်းမရှိသေးပေ။

နောက်တစ်ခုက ALP နှင့် AA သည် အောက်ခြေတွင် ကတောက်ကဆများ မကြာခဏဖြစ်ပေါ်လေ့ရှိသည်။ ရခိုင်ပြည်နယ်အတွင်း နယ်စပ်တို့တွင် ALP နှင့် AA တို့ ထိတွေ့ပစ်ခတ်မှုများလည်း မကြာခဏဖြစ်လေ့ရှိသည်။ ကျူးကျော်ဝင်ရောက်လာသည်ဟုဆိုကာ ALP တပ်ဖွဲ့  ဝင်အချို့ကို AA က ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး ပြန်လွှတ်ပေး ခဲ့ရသည်များလည်းရှိသည်။ ၂ဝ၂ဝ ပြည့်နှစ်အထိ ယင်းဖြစ်ရပ်များ မြေပြင်တွင် ဖြစ်ပွားခဲ့သေးသည်။ ဤအချက်ကိုလည်း နှစ်ဘက်ခေါင်းဆောင်များက စဉ်းစားရမည်ဖြစ်သည်။ ယင်းကြောင့် ALP နှင့် AA ပူးပေါင်းရန်မှာ အချိန်ယူကာ အကြိတ်အနယ်ဆွေးနွေးရပေဦးမည်။

ALP အနေဖြင့် ယခုကဲ့သို့ ရခိုင့်ကံကြမ္မာ ရခိုင်တို့ဖန်တီးရေးတို့အတွက် တိုက်ပွဲဝင်နေကြသည့် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းတိုက်ပွဲဝင်မည်ဟုဟစ်အော်လိုက်သည့်အချက်မှာလည်း မေးခွန်းထုတ်စရာ ကောင်းလှပေသည်။ NCA အောက်သို့ဝင်သွားပြီးနောက် ရခိုင့်နိုင်ငံရေးဇာတ်ခုံပေါ် နာမည်ကောင်း မရတော့သည်ကို ကုစားလို၍လား၊ မရေရာမသေချာမှုများဖြင့် ၁ဝ နှစ်ခန့်အကြာ လျှောက်လှမ်းခဲ့သည့် NCA လမ်းကို စိတ်ပျက်လာ၍လား၊ ရခိုင်ပြည်သူတို့၏ အားပေးထောက်ခံမှုကို ပြန်လည်ရရှိလို၍လား၊ ပါတီတွင်း ဖွဲ့စည်းပုံတို့ကို အသစ်ပြန်လည်ရေးဆွဲကာ ကျစ်လစ်ခိုင်မာသည့် လက်နက်ကိုင်အဖွဲ့အဖြစ် ပြန်လည် ဖွဲ့စည်း လို၍လားစသဖြင့်။

အချုပ်ပြောရလျှင် အကွဲကွဲအပြဲပြဲဖြစ်နေသည့် ALP ၏ လက်ရှိအခြေအနေကို ရခိုင်ပြည်သူလူထုအကြားတွင် ဝေဖန်မှုများလည်း မြင့်တက်နေဆဲဖြစ်သည်။ ALP ကိုအကောင်းပြော မှတ်ချက်ပြုသူက ရခိုင်ပြည်တွင် ခပ်ရှားရှားပင်။ လက်နက်ကိုင်တော်လှန်ရေးကို ရခိုင်ပြည်သူနှင့်တစ်သားတည်း ဆက်လက်မရပ်တည်ခဲ့ဘဲ NCA အောက်သို့ဝင်ရောက်သွားခဲ့သည့်အတွက်လည်း ရခိုင်ပြည်သူတို့၏ငြိုငြင်မှုကို လက်ရှိအချိန်အထိ ခံနေရဆဲ ဖြစ်သည်။ ယင်းသို့ခံနေရချိန် ALP ခေါင်းဆောင်အချင်းချင်း အာဏာ၊ ပါဝါနှင့်ခေါင်းဆောင်နေရာများ လုနေကြမှုမှာလည်း အတော်အရှက်ရစရာကောင်းလှသည်။ သည်အချက်များကြောင့် ALP သည် ရခိုင့်နိုင်ငံရေး ဇာတ်ခုံပေါ်တွင် အခြေမလှဖြစ်နေသည်မှာ ယခုထက်တိုင်ဖြစ်သည်။ ရခိုင်လူထု၏အသံကို တလေးတစား နားထောင်ကာ ပြုပြင်သင့်သည်များကို ပြုပြင်ပါမှ ALP သည် ရခိုင့်နိုင်ငံရေးဇာတ်ခုံပေါ်တွင် ပြန်လည် နာလန် ထူလာနိုင်မည်ဖြစ်ပေသည်။

လှထွန်းဖြူ ရေးတယ်

ဖက်ဒရယ်ဂျာနယ်

မတ် ၁၊ ၂၀၂၂

Related Articles

Back to top button