ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂
ကရင်နီပြည်နယ် ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ ကျင့်သုံးနိုင်ရေးအတွက် ဦးဆောင်ရေးဆွဲရေး ကော်မတီအသီးသီး ဖွဲ့စည်းထားပြီး ပုံမှန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလည်း ရေးဆွဲအတည်ပြု ကျင့်သုံးနိုင်ရေးအတွက် စတုတ္ထမြောက်မူကြမ်း အဆင့်အထိ ပြီးစီးနေပြီ ဖြစ်ကြောင်း KSCC ရဲ့ ပြောခွင့်ရ အယ်ဗလင်းက ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။
အယ်ဗလင်းက “လက်ရှိ အခြေအနေမှာ ပြည်နယ်အစိုးရကို မဖွဲ့စည်းနိုင်သေးပေမယ့် ပြည်သူလူထု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကော်မတီအသီးသီးကို ဖွဲ့စည်းအကောင်အထည် ဖေါ်မှုတွေ ရှိနေတယ်။ မြေပြင်မှာ အဓိက လိုအပ်နေတဲ့ ၁) လုံခြုံရေးနဲ့ ကာကွယ်ရေးကော်တီ၊ ၂) ပြည်သူ့အုပ်ချုပ်ရေးယန္တရား ကောင်ထည် ဖေါ်ဆောင်ရွက်ရေး ကော်မတီ၊ ၃) CDM ရေးရာ ကော်မတီ၊ ၄) ကျန်းမာရေး ကော်မတီ၊ ၅) ပညာရေး ကော်မတီ၊ ၆) လူသားချင်းစာနာမှုဆိုင်ရာ ကူညီပံ့ပိုးရေး ကော်မတီ၊ ၇) နိုင်ငံတကာနှင့် မဟာမိတ်ရေးရာ ကော်မတီ၊ ၈) ကရင်နီပြည် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီ တို့ကိုဖွဲ့စည်း ပြီးဖြစ်တယ်။
တိုင်းရင်းသားခုခံတော်လှန်ရေးအင်အားစုတွေမှာ အဖွဲ့အစည်းအလိုက် အခြေခံမူဝါဒတွေ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားရေး မဏ္ဍိုင်တွေရှိပြီးသားဖြစ်တယ်။ အဖွဲ့အစည်းတွေရဲ့ မူဝါဒတွေကို အခြေခံပြီး မကြာခင် ကြားကာလ ဖွဲ့စည်းအုပ်ချုုပ်ပုံအခြေခံဥပဒေမူကြမ်းတွေထွက်ရှိလာနိုင်ပါတယ်။ ထွက်ရှိလာမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမူကြမ်းကို KSCC မှာ ပါဝင်နေကြတဲ့ နိုင်ငံအင်အားစုအားလုံးရဲ့ ဘုံသဘောထားနဲ့ အတည်ပြုနိုင်ရင်တော့ ကရင်နီပြည်အစိုးရကို အနှေးနဲ့အမြန်ဖွဲ့စည်းနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။
ကရင်နီပြည်နယ် ပုံမှန် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြု ကျင့်သုံးနိုင်ရေးနှင့် စပ်လျဉ်းပြီး အခုလို ဆက်ပြောပါတယ်။
အယ်ဗလင်း က “ဆယ်စုနှစ်ချီ ပြင်ဆင်လာတဲ့ ကရင်နီပြည်နယ် ပုံမှန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ကတော့ စတုတ္ထ မြောက်မူကြမ်းအထိ ပြီးသွားပြီ။ ကရင်နီပြည်နယ်အတွင်းရှိ တိုင်းရင်းသားခုခံ တော်လှန်ရေး အဖွဲ့များ ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်၊ လူမှုအသင်းအဖွဲ့ကိုယ်စားလှယ်၊ လူငယ်အမျိုးသမီး ကိုယ်စား တွေနဲ့ စုဖွဲ့ထားတဲ့ ကော်မတီက စဉ်ဆက်မပြတ် ပြင်ဆင်မှုတွေလုပ်နေပါတယ်။ အချိန်ယူရပါလိမ့်မယ်။ တော်လှန်ရေးအပြီး လူထုဆန္ဒခံယူပြီးမှ အတည်ပြုကျင့်သုံးနိုင်မှာဖြစ်ပါတယ်” ဟု ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်တွင်း ပြည်နယ်အခြေခံ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ပြည်ထောင်စုနှင့်ပြည်နယ်အတွင်း အာဏာရှင်စနစ်အား အပြီးတိုင်ချုပ်ငြိမ်းစေပြီး ပြည်နယ်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာများကို အပြန်အလှန်ထိန်းညှိ ပေးနိုင်သည့် နိုင်ငံရေးစနစ် တစ်ရပ်ပေါ် ထွန်းလာစေရေး၊ ပြည်နယ်ရဲ့အချုပ်အခြာအာဏာနှင့်ကိုယ်ပိုင်ပြဌန်းခွင့်ကို အပြည့်အဝရှိပြီး စုပေါင်း ခေါင်းဆောင်မှု တစ်ရပ်ဖြစ်ပေါ်ပေါက်လာစေရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် အခိုင်အမာ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
KSCC ၏ ဦးဆောင်မှုတွင် ပြည်နယ်လုံခြုံရေး နှင့် ကာကွယ်ရေးအတွက် ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့ကို စုစည်းထားသည့် ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF)သည် အားကောင်းစွာ ဖွဲ့စည်းထားသည်။ ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) နှင့် စစ်ကောင်စီတပ် တို့ကြား ယနေ့ချိန်ထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။