ဆောင်းပါး

ပျူစောထီးဘာလဲ ဘယ်လဲ

ပျူစောထီးဘာလဲ ဘယ်လဲ

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်မှာ ပြည်တွင်းစစ်မီးထတောက်ခဲ့ပါတယ်။ ပြည်တွင်းစစ်ကို နှိမ်နင်းဖို့ ဖဆပလအစိုးရက လက်ရုံးတပ်ဖွဲ့တစ်ခုကို ထူထောင်ခဲ့ပါတယ်။ အဲ့ဒီတပ်ဖွဲ့ကတော့ ဒီနေ့ခေတ်လူပြောများနေတဲ့ ပျူစော ထီးဆိုတာပါပဲ။

ပျူစောထီးဆိုတာ ပုဂံရာဇဝင်ထဲက သူရဲကောင်းတစ်ဦးရဲ့ နာမည်ပါ။ ဒါပေမယ့်သူဟာ ငထွေးရူးတို့ ငလုံးလက်ဖယ်တို့လို သူရဲကောင်းမျိုးမဟုတ်ပါဘူး။ သိန်းငှက်၊ စွန်ရဲ၊ တောဝက်စတဲ့ သားရဲတိရစ္ဆာန်တွေကို အောင်နိုင်တဲ့သူရဲကောင်းလို့ ဆိုကြပါတယ်။ အဲ့ဒီသူရဲကောင်းမုဆိုးကြီးရဲ့ နာမည်ကိုယူပြီး မှည့်ခေါ်ထားတာဖြစ်ပါတယ်။

၁၉၅၅ ခုနှစ်မှာ အစိုးရရဲ့အဓိကတော်လှန်ရေးဆင်နွှဲနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက ၅၅ လမ်းစဉ်ကို တရားဝင်ဖော်ထုတ် လိုက်ပါတယ်။ ၅၅ လမ်းစဉ်ဆိုတာ စစ်ရေးကိုလျှော့ပြီး နိုင်ငံရေးဘက်အလေးသာစေတဲ့ ဒီမိုကရေစီငြိမ်းချမ်းရေးညွှန့်ပေါင်းအစိုးရ လမ်းစဉ်ဖြစ်ပါတယ်။ ဖဆပလကတော့ ၅၅ လမ်းစဉ်ကိုလက်မခံဘဲ တော်လှန်ရေးအင်အားစုတွေကို စစ်တပ်နဲ့အပြုတ်တိုက်ရေး မူကိုသာ စွဲကိုင်ခဲ့ပါတယ်။ တော်လှန်ရေးအင်အားစုတွေကို အပြုတ်တိုက်ရေးအတွက် ၁၉၅၅ ခုနှစ်ထဲမှာပဲ ဖဆပလအစိုးရက ပျူစောထီးစီမံကိန်းကို အကောင်အထည်ဖော်လိုက်ပါတယ်။ သောင်းကျန်းသူနှိမ်နင်းရေးနဲ့ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် စစ်တပ်ကိုအပြင်ကနေ အထောက်အကူပြုဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။

ပျူစောထီးကို ၁၉၅၅ ခုနှစ်အောက်တိုဘာလမှာ ဝန်ကြီးချုပ်ဦးနု ဥက္ကဠအဖြစ်ဆောင်ရွက်တဲ့ အမျိုးသားကာကွယ်ရေးကောင် စီဆုံးဖြတ်ချက်အရ ဖွဲ့စည်းစေတာလို့ဆိုပေမယ့် စက်တင်ဘာလ (၁၄) ရက်နေ့မှာ ကျင်းပတဲ့ တပ်မတော်ညီလာခံမှာကတည်းက စစ်တပ်က ပျူစောထီးစီမံကိန်းကို ဖတ်ကြားတင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။

၁၉၅၅ ခုနှစ်နိုဝင်ဘာလမှာ သောင်းကျန်းမှုကာကွယ်ရေးအတွက်ဆိုပြီး စစ်တပ်၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်တွေစုပေါင်းပြီး ပျူစောထီးစစ်ဆင်ရေးစီမံကိန်းကြီးကို အကောင်အထည်ဖော်လိုက်ပါတယ်။ ၁၉၅၁-၅၂ ရွေးကောက်ပွဲတုန်းက သောင်းကျန်းရမ်းကား ခဲ့ကြတဲ့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ပြောက်ကျားဝန်ထမ်းကာကွယ်ရေးဆိုတဲ့ ခါးပိုက်ဆောင်တပ်တွေကို ပျူစောထီးလို့ အမည်ပြောင်းဖွဲ့စည်းလိုက်တာသာဖြစ်တယ်လို့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ၊ ပါတီအဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြကြ ပါတယ်။ ပျူစောထီးဖွဲ့စည်းဖို့စတင်ကတည်းက ဝေဖန်ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဖဆပလအစိုးရက ပျူစောထီးကို ဖွဲ့ဖြစ်အောင်ဖွဲ့ခဲ့ပါတယ်။ ဖွဲ့စည်းပြီးချိန်ကစပြီးတော့လည်း ပျူစောထီးတွေဟာ ဒေသအသီးသီးမှာ တရားဝင်လက်နက်ကိုင်ရမ်းကား မှုတွေ ကျူးလွန်တော့တာဖြစ်ပြီး တရားဝင်လိုင်စင်ရတွေဖြစ်လာခဲ့ပါတယ်။

၁၉၅၅ ခုနှစ်ထဲမှာဘဲ ဖဆပလအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ကြေညာပါတယ်။ ပျူစောထီးက သောင်းကျန်းသူ တွေကို နှိမ်နင်းဖို့ဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်က သောင်းကျန်းသူများအလင်းဝင်လာဖို့ဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်ဧပြီလမှာ ကျင်းပရ တော့မှာဖြစ်တဲ့ ဒုတိယအကြိမ်ပါလီမန်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် မဲဆွယ်တဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာချက်ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

၁၉၅၅ ခုနှစ်ထဲမှာဘဲ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစုဆိုတဲ့ ပမညတအဖွဲ့ကြီးပေါ်ထွန်းလာခဲ့ပါ တယ်။ ပမညတအဖွဲ့ကြီးဟာမြေပေါ်အတိုက်အခံနိုင်ငံရေးအင်အားစုများကို တပ်ပေါင်းစုကြီးဖြစ်လာပြီး ၁၉၅၆ ရွေးကောက်ပွဲမှာ ဖဆပလနဲ့အဓိကယှဉ်ပြိုင်မယ့်အဖွဲ့ကြီးလည်းဖြစ်ပါတယ်။ ပမညတတပ်ပေါင်းစုကြီးပေါ်လာတာဟာ ဖဆပလအစိုးရရဲ့မူဝါဒ၊ ပေါ်လစီတွေကို ဝေဖန်ရှုံချ ဖွင့်ချနိုင်ခဲ့ပြီး ပြည်သူလူထုရဲ့ကြုံတွေရင်ဆိုင်နေရတဲ့ လူမှုဘဝအထွေထွေကို မီးမောင်းထိုးပြနိုင်ခဲ့ပါ တယ်။ ဖဆပလအစိုးရကတော့ ပမညတကို မြေပေါ်ကွန်မြူနစ်တွေလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

၁၉၅၆ ခုနှစ်ရွေးကောက်ပွဲဟာ ဖဆပလနဲ့ ပမညတတို့အားပြိုင်မှု ကြီးမားခဲ့ပါတယ်။ မဲလိမ်မှု၊ မဲခိုးမှု၊ မတော်မတရားလုပ်မှု တွေလည်း အနည်းနဲ့အများရှိခဲ့ပါတယ်။ ရပ်ရွာတချို့မှာ ပမညတကို မဲပေးဖို့လာကြတယ်ဆိုတာ အပိုင်သိတဲ့အခါ လမ်းတဝက်ကနေ ဖဆပလခါးပိုက်ဆောင်တပ်ဖွဲ့တွေက ဖြတ်တားပြီးအိမ်ပြန်ခိုင်းတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ ဖဆပလဖက်က ပျူစောထီးတပ်၊ ခါးပိုက်ဆောင်လက်နက်ကိုင်တပ်တွေအကူအညီနဲ့ မတရားညစ်ပတ်ခဲ့ကြတာ၊ ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေရှိခဲ့တယ်လို့ ပမညတ ကစွပ်စွဲခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ဖဆပလက အမတ်နေရာ (၁၄၄)နေရာရရှိခဲ့ပြီးပမညတအဖွဲ့ကြီးက အမတ်နေရာ (၄၆) နေရာသာ ရရှိခဲ့ပါတယ်။

၁၉၅၇ မတ်လ (၁၂) ရက်နေ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပမညတအတိုက်အခံအမတ်များက အစိုးရကိုအယုံ အကြည်မရှိကြောင်းအဆိုကို တင်သွင်းပါတယ်။ အယုံအကြည်မရှိကြောင်းအဆိုမှာ အစိုးရဟာ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်း စိမ်ကို ကာကွယ်ပေးနိုင်ခြင်းမရှိကြောင်း၊ ပျူစောထီးအပါအဝင် လက်နက်ကိုင်တပ်များရဲ့အနိုင်ကျင့်ဗိုလ်ကျမှုတွေကို ဖြေရှင်းမပေး နိုင်ခြင်း၊ ပြည်တွင်းသောင်းကျန်းမှုတွေကို မဖြေရှင်းနိုင်ခြင်းတို့ပါဝင်ပါတယ်။  အဆိုကိုထောက်ခံဆွေးနွေးကြတဲ့အမတ်တွေကလည်း စစ်တပ်ကဖွဲ့ထားတဲ့ အရံလက်နက်ကိုင်တပ်တွေဖြစ်တဲ့ လဲမီး၊ ပျူစောထီးများက ရာဇဝတ်မှုအဖုံဖုံကျူးလွန်ကြောင်း အဲ့ဒီအတွက် စစ်တပ်မှာတာဝန်ရှိကြောင်း ဖော်ထုတ်တင်ပြခဲ့ကြပါတယ်။

၁၉၅၇ စက်တင်ဘာလ (၁) ရက်နေ့မှာတော့ တပြည်လုံးရှိပျူစောထီးတွေကို ဖျက်သိမ်းပြီး ရဲအဖွဲ့အောက်မှာ အရံရဲအဖြစ် ပြောင်းလဲဖို့ ကာကွယ်ရေးဝန်ကြီးဗိုလ်မှူးအောင်၊ ပြည်ထဲရေးဝန်ကြီးဗိုလ်မင်းခေါင်နဲ့ တပ်မတော်အရာရှိကြီးများ၊ ခရိုင်ရဲဝန်ထမ်းများ ကသဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

ပါလီမန်ဒီမိုကရေစီခေတ်က ပျူစောထီးသမိုင်းကို ခြုံငုံရေးသားခြင်းဖြစ်ပါတယ်။ ခေတ်သစ်ပျူစောထီးဘာလဲ၊ ဘယ်လဲဆို တာကို သမိုင်းနဲ့ချိန်ထိုးနှိုင်းယှဉ်နိုင်အောင်ဖြစ်ပါတယ်။

မောဂ္ဂလိ ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၂

Related Articles

Back to top button