ဆောင်းပါး

AA နှင့်ဆက်စပ်သံသယအောက် စတေးခံနေရသူများ

AA နှင့်ဆက်စပ်သံသယအောက် စတေးခံနေရသူများ

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်ကကျရောက်ခဲ့သည့် ၇၅ နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းသား ၈ဝဝ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ယင်းအထဲတွင် ထူးထူးခြားခြား AA နှင့်ဆက်စပ်သံသယဖြင့်ဖမ်းဆီးချုပ်နှောင်တရားစွဲခံရသူ ၄၆ ဦးလည်း ပါဝင်ခဲ့သည်ကိုတွေ့ရသည်။ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ဟုဆိုကာ AA နှင့်ပတ်သက်ပြီး တရားရင်ဆိုင် နေရဆဲအမှုများကိုပိတ်သိမ်းပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

 

AA နှင့်ဆက်စပ်သံသယဖြင့် ယင်းနေ့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သူ ၄၆ ဦးတွင် စစ်တွေ၊ ဘူးသီးတောင်၊ သံတွဲ၊ ကျောက်ဖြူအကျဉ်းထောင်များနှင့် မြောက်ဦးထောင်အချုပ်တို့မှပါဝင်ခဲ့သည်။ ယင်းအထဲတွင် ၄၃ ဦးသာ လွတ်မြောက်လာခဲ့ပြီး ကျန် ၃ ဦးမှာ အခြားပြစ်မှုများနှင့် အကျဉ်းထောင်များတွင် အမှုဆက်လက် ရင်ဆိုင် နေရဆဲ ဖြစ်သည်။

 

လွတ်မြောက်လာသူများသည် ၂ဝ၁၆ ခုနှစ်မှစ၍ ၂ဝ၂ဝ ပြည့်နှစ်အတွင်း AA သံသယဖြင့် ဖမ်းဆီး ချုပ်နှောင်ခံခဲ့ ရသူများဖြစ်သည်။ ယင်းအထဲတွင် ၂ဝ၁၉ ခုနှစ်၊ ဧပြီလအတွင်း မြောက်ဦးမြို့ရှိ တပ်ရင်းတစ်ခု တိုက်ခိုက်ခဲ့မှုကြောင့် AA သံသယဖြင့်ဖမ်းဆီးခံခဲ့ရသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ၂၃ ဦးလည်း ပါဝင်ခဲ့သည်။ အလားတူ ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျေးရွာအနီး ပစ်ခတ်တိုက်ခိုက်မှု များဖြစ်ပြီးနောက် AA သံသယဖြင့်ဖမ်းဆီးခံခဲ့ရသည့် မင်းပြားမြို့နယ် စိတ္တရကျေးရွာမှ ၇ ဦးလည်း ပါဝင်ခဲ့သည်။ ယင်းအပြင် အမ်းမြို့နယ်အတွင်း ဟောပြောပွဲတစ်ခုသို့သွားရောက်စဉ် လမ်းခုလတ်တွင် သံသယဖြင့်ဖမ်းဆီးခံခဲ့ ရသည့် ကျန်းမာရေးဝန်ထမ်း ၁ ဦးလည်း ပါဝင်ခဲ့သည်ကိုတွေ့ရသည်။ သူတို့အမှုများသည် လူသိထင်ရှားခဲ့သည့် အမှုများဖြစ်သည်။ ၃ နှစ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီးမှ မိသားစု၏နွေးထွေးမှုအရသာကို ယင်းနေ့တွင် ခံစားခဲ့ရခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လွတ်မြောက်ခဲ့သူ ၄၃ ဦးနှင့် သူတို့၏ မိသားစုဝင်များတို့သည် ယင်းနေ့တွင် အပျော်ကြီးပျော်နေခဲ့ကြသည်။

 

သို့သော် ယင်းနေ့က စစ်တွေထောင်ဗူးဝတွင် မျက်ရည်စက်လက်ဖြင့် မပျော်ဖြစ်ခဲ့သည့်မိသားစုဝင်များလည်း ရှိခဲ့သည်။ သူတို့သည်ကား လွတ်လာမည်ဟု အမျှော်လင့်ကြီး မျှော်လင့်ပြီးမှ လွတ်မြောက်လာခြင်းမရှိခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာသားများ၏ မိသားစုဝင်များပင်ဖြစ်သည်။ လွတ်မြောက်လာသူများနှင့် မိသားစုဝင်များ ပျော်နေခဲ့ချိန် သူတွေမှာတော့ မျက်ရည်စက်လက်ဖြင့်။

 

ကျောက်ဆိပ်ရွာသားများ၏အမှုသည် AA သံသယဖြင့်ဖမ်းဆီးတရားစွဲခံရသူများတွင် နာမည်ကြီးလူသိထင်ရှား သည့်အမှုတစ်ခုပင်။ သူတို့သည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်တွင် AA နှင့်ဆက်စပ် သံသယဖြင့်ဖမ်းဆီးခံခဲ့ရသူ ၃၈ ဦးတွင် ပါဝင်ခဲ့သူများဖြစ်သည်။ နောက်တစ်နေ့တွင် သူတို့ထဲမှ ၃၃ ဦးကိုလွှတ်ပေးခဲ့သော်လည်း ကျန် ၅ ဦးကို အကြမ်းဖက်ပုဒ်မများဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မေလအတွင်းတွင် သူတို့ကို ပုဏ္ဏားကျွန်းမှတဆင့် စစ်တွေသို့ စစ်တပ်ပိုင် ဇက်ရေယာဉ်ဖြင့်ပို့ဆောင်စဉ် ရေယာဉ်ပေါ်တွင် သူတို့ကို မျက်နှာများစည်းပြီး စစ်သားများက အတင်းထိုးကြိတ်ကန်ကြောက် နှိပ်စက် နေသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။ ယင်းရုပ်သံဖိုင်တက်လာပြီးနောက် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်သံ များလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် စစ်တပ်ကို ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့ကြသည်။ နောက်ပိုင်း မခံနိုင်တော့သည့်အဆုံးတွင် ထိုးကြိတ်ကန်ကျောက်ခဲ့သည့်စစ်သားများကို စစ်တပ်က အပြစ်ပေးအရေးယူခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ရသည်။ မည်သို့မည်ပုံအရေးယူခဲ့သည်ကိုကား စစ်တပ်က ထုတ်ဖော်ပြောဆိုမှုမရှိခဲ့ပါ။

 

သူတို့ ၅ ဦး စစ်တွေသို့ရောက်ပြီးနောက် စစ်တွေအကျဉ်းထောင်တွင်ချုပ်နှောင်ကာ စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက်မှုပုဒ်မများဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် သူတို့အမှုတွင် လိုပြသက်သေ ၁၃ ဦးရှိသည့်အနက် ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၆ ဦးကို စစ်ဆေးခဲ့ပြီဖြစ်သည်။ လာမည့် မတ်လ ၃ ရက်တွင် နောက်ထပ် လိုပြသက်သေ ၂ ဦးကို ဆက်လက်စစ်ဆေးမည်ဟုဆိုသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့အမှု သည်လည်း နှစ်တာရှည်ကြာမြင့်လာပြီဖြစ်သည့်အမှုဖြစ်သည်။ မိသားစုတွင်လည်း အတော်အခက်အခဲ ဖြစ်နေ ရသည်။ ရုံးချိန်းတစ်ခေါက်ခေါ်တိုင်း သားသမီးများ၊ သားလင်များနှင့်တွေ့ရန်လာရောက်ရသည်က မိသားစု ဝင်များအဖို့ ငွေရေးကြေးရေးလည်း အကျပ်အတည်းဖြစ်ရသည်။ သားလင်၏လုပ်စာကို မှီခိုနေရသည့် ဇနီးမယားများ၊ သား၏လုပ်စာကို မှီခိုနေရသည့်မိခင်များအနေဖြင့် ရုံးချိန်းတစ်ခေါက်လာရောက်ဖို့ကို အခက်အခဲ များကြားမှ အားတင်းပြီးလာနေရခြင်းဖြစ်သည်။ သူတို့သည် အပြစ်မရှိသည့်အတွက် အမြန်ဆုံး လွှတ်ပေးစေလို သည်ဟုလည်း မိသားစုဝင်များက အကြိမ်ကြိမ် တောင်းဆိုနေကြသည်။ သို့သော် ထို ၅ ဦးကား ယခုထိ လွတ်လာခြင်းမရှိသေး။

 

ရခိုင်တွင် စစ်တပ်နှင့် AA တို့ ၂ နှစ်ကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲကာလအတွင်း လက္ကာရွာသားတို့လို၊ ကျောက်ဆိပ် ရွာသားတို့လို AA သံသယဖြင့်ဖမ်းဆီးချုပ်နှောင်တရားစွဲဆိုခံခဲ့ရသူ ၂ဝဝ ခန့်အထိရှိခဲ့သည်။ ၂ဝ၂ဝ နိုဝင်ဘာလမှစတင်၍ နားလည်မှုဖြင့် နှစ်ဘက်အပစ်ရပ်လိုက်ကြသည်။ ယင်းနောက် မတ်လတွင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားမှုကို စစ်တပ်က ပယ်ဖျက်ခဲ့သည်။ AA ကလည်း ဖမ်းဆီးထားသည့် စစ်သုံ့ပန်းအချို့ကို လွှတ်ပေးခဲ့သည်။ တဖန် AA သံသယဖြင့်ဖမ်းဆီးထားသည့် ၁၈ နှစ်အောက် ကလေး ၂၆ ဦးကို စစ်တပ်က မေလအတွင်း ထပ်မံလွှတ်ပေးခဲ့သည်။ ယင်းနောက် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် AA သံသယဖြင့်ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသည့် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်နှင့် ညီမဖြစ်သူ မယမင်းမြတ် (ခေါ်) မိုးနှင်းဖြူအပါအဝင် ၁ဝ ဦးကို ဇွန်လအတွင်း လွှတ်ပေးခဲ့သည်။ AA ကလည်း ဇွန်လအတွင်းတွင် သူတို့ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂ဝ ကျော်ကို ထပ်မံလွှတ်ပေးခဲ့ပြန်သည်။

 

အောက်တိုဘာလ ၁၅ ရက်တွင်ကျရောက်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ရှေးရှု၍ဟုဆိုကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ဆက်စပ်သူ ၁၁၄ ဦး၏အမှုအား စစ်ကောင်စီက ပိတ်သိမ်းပေးခဲ့သည်။ ယင်းအထဲတွင် AA နှင့် ဆက်စပ်ပြီး အကြမ်းဖက်မှုပုဒ်မများဖြင့်တရားစွဲခံထားရသူ ၆၁ ဦးလည်း ပါဝင်ခဲ့သည်။ ယင်းနောက် ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၁၅ ဦးကို AA က နိုဝင်ဘာလအတွင်း လွှတ်ပေးခဲ့ပြန်သည်။ မကြာသေးမီရက်ပိုင်း ဖေဖော်ဝါရီလ ၁၂ ရက်ကကျရောက်ခဲ့သည့် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်လည်း စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ အကျဉ်းသား ၈၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ယင်းအထဲတွင် AA နှင့်ဆက်စပ်သံသယဖြင့်ဖမ်းဆီးတရားစွဲခံထားရသူ ၄၆ ဦးလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

 

တချိန်တည်းမှာပင် ရက္ခိုင့်တပ်တော်(AA)၏ အရပ်ဘက်အဖွဲ့အစည်းဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ (ULA)က ဦးဦးလှစောဦးဆောင်သော ကိုယ်စားလှယ်အချို့သည်လည်း နေပြည်တော်တွင် စစ်ကောင်စီကျင်းပသော ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။ တက်သင့်သည့် ပွဲဖြစ်သလို တလေးတစားဖိတ်ကြားလာသည့်အတွက် တက်ရောက်ရခြင်းဖြစ်သည်ဟု ဦးဦးလှစောက ဆိုသည်။

 

အလားတူ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော် (ULA/ AA )၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း “ကျနော်တို့ ULA/AA အနေနှင့်ကတော့ ကျနော်တို့ပြည်သူတွေရဲ့အရေးကို အမြဲတမ်းအလေးထား၊ ဦးထိပ်ထား ပါတယ်။ ဒါကြောင့် ကျနော်တို့ပြည်သူတွေရဲ့အကျိုး၊ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ထည့်တွက် စဉ်းစားပြီးတော့မှ လက်တွေ့ကျတဲ့ညှိနှိုင်းမှုတွေနှင့်လုပ်ဆောင်နေတာဖြစ်ပါတယ်”ဟု သူ၏လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။

 

ဆိုလိုသည်မှာ AA ဘက်က စစ်သုံ့ပန်းများကိုလွှတ်ပေးလိုက်၊ စစ်တပ်ကလည်း AA သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုထားသူများကို လွှတ်ပေးလိုက်နှင့် အချင်းချင်းနားလည်မှုယူကာ ယုံကြည်မှု တည်ဆောက်နေ ကြသည်ကိုတွေ့ရသည်။ အချင်းချင်းအကြား ပေးထားကြသည့်ကတိကဝတ်များကို တည်နေကြခြင်းလည်း ဖြစ်ဟန်တူသည်။ သူတို့အချင်းချင်း လက်တွေ့လုပ်ဆောင်နေကြသည့် လုပ်ရပ်များက သက်သေပြနေသည် မဟုတ်လား။ နှစ်ဘက်ဆက်ဆံရေးက အပြုသဘောဆောင်နေသည်ကိုတွေ့ရသည်။ အတွင်းတွင် မည်သို့ပင် တင်းမာနေသည်ဖြစ်စေ၊ အပြင်တွင်တော့ နှစ်ဘက်ဆက်ဆံရေးက ပြေပြစ်ချောမွေ့နေသည်။

 

ပြန်ကောက်ရလျှင် လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အပါအဝင် ရန်ကုန်နှင့် မန္တလေးတို့တွင် AA နှင့်ဆက်စပ် သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရသူ ၆ဝ ကျော်ကျန်ရှိနေသေးသည်ဟု စာရင်းကောက်ယူ ထားများ၏ စာရင်းအရ သိရသည်။ ယင်းအထဲတွင် စောစောက ပြောခဲ့သည့် လူသိထင်ရှားသည့် ကျောက်ဆိပ် ရွာသားများလည်း ပါဝင်ပေသည်။ အမှန်က သူတို့အားလုံးကို ပြန်လွှတ်ပေးသင့်ပြီဖြစ်သည်။ သူတို့ကို စွဲဆိုထားသည်က အကြမ်းဖက်မှုပုဒ်မများဖြင့်ဖြစ်သည်။ AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ထားသည်မှာ တစ်နှစ်ခန့်ကြာမြင့်လာပြီဖြစ်ရာ သူတို့ကိုစွဲဆိုထားသည့် အကြမ်းဖက်မှုပုဒ်မသည်လည်း အလိုအလျောက် ပယ်ပျက်ပြီးသားဖြစ်သွားပြီဟု ရှေ့နေများက ပြောကြသည်။ အချိန်ကြာမြင့်စွာ ချုပ်နှောင်ခံထားရသည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်ဟုလည်း လူ့အခွင့်အရေးလှုပ်ရှားသူများက ဆိုကြသည်။ ယင်းကြောင့် စစ်ကောင်စီအနေဖြင့် သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးသင့်ပြီဟုလည်း အားလုံးက တောင်းဆိုနေကြသည်။

 

တစ်ခုရှိသည်က စစ်တပ်နှင့် AA တို့သည် ပြဿနာတစ်စုံတစ်ရာမဖြစ်ပွားဘဲ ယခုအတိုင်းသာ ဆက်သွားနေ မည်ဆိုပါက AA သံသယဖြင့် ဖမ်းဆီးတရားစွဲခံနေရသူအားလုံးသည်လည်း ရှေ့ဆင့်နောက်ဆင့် လွတ်လာနိုင်မည် ဖြစ်သည်။ အထူးသဖြင့် လာမည့် ဧပြီလအတွင်း နှစ်ဆန်း ၁ ရက်တွင် ပုံမှန်လွှတ်ပေးနေကျ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်တွင် အနည်းနှင့်အများဆိုသလို ပါဝင်လာနိုင်ပေသည်။ ယင်းအထဲတွင် ကျောက်ဆိပ်ရွာသားများ  မပါနိုင်ဟု မပြောနိုင်ပေ။ မိသားစုဝင်များအနေဖြင့် ဧပြီလတွင် သူတို့၏သားလင်များ ပြန်လွတ်လာမည်ကို မျှော်လင့်နိုင်သေးသည်။

 

သည်ကြားထဲ AA နှင့် စစ်တပ်တို့၏ဆက်ဆံက ယခုထက်ပိုမိုကောင်းမွန်လာပါက စစ်တပ်က ဧပြီမတိုင်ခင် အတွင်း ရုတ်တရက် လွှတ်ပေးချင်လည်း လွှတ်ပေးနိုင်ပေသေးသည်။ လွှတ်ပေး၊ မလွှတ်ပေးဆိုသည်က AA နှင့်လည်း ဆိုင်သလို စစ်တပ်နှင့်လည်း ဆိုင်ပေသည်။ အားလုံးကတော့ သူတို့ ၆ဝ ကျော်ပြန်လွှတ်မည့်နေ့ကို လက်ချိုးရေတွက်ရင်း စောင့်စားကြရပေဦးမည်။

 

လှထွန်းဖြူ ရေးတယ်

ဖက်ဒရယ်ဂျာနယ်

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၂

Related Articles

Back to top button