ဆောင်းပါး

အနောက်တံခါးက တိုက်ပွဲ ပိုမိုကြီးထွားလာနိုင်သလား

“အနောက်တံခါးက တိုက်ပွဲ ပိုမိုကြီးထွားလာနိုင်သလား”

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်တပ်တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကို အနောက်တံခါးဖြစ်တဲ့ မောင်တောဘက်ကနေ အခုရက်ပိုင်းတွေမှာ ပြန်လည်ကြားလာရပါပြီ။ ရခိုင်မှာ ၁ နှစ်ကျော်ကြာ တိုက်ပွဲတွေ ရပ်စဲနေခဲ့ပြီးမှ အခုတဖန် ပြန်လည်ဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။ အခုပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်မှာ နောက်ထပ်တစ်ခါ စစ်မီးတွေ ထပ်လောင်လာနိုင်ဦးမလား။ အခုဖြစ်နေတဲ့ တိုက်ပွဲက ဒီထက် ပိုကြီးထွားလာနိုင်ပါ့မလား။ ဒီအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြည့်ကြရအောင်ပါ။

အစဆုံးပြောချင်တာကတော့ အခုဖြစ်နေတဲ့တိုက်ပွဲတွေအကြောင်းဖြစ်ပါတယ်။ ဒီတိုက်ပွဲက ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာရဲ့ အရှေ့မြောက်ဘက် လက်ပံတောင်ကြားမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လယ်ပိုင်းက စတင်ဖြစ်ပွားခဲ့တာပါ။ မြန်မာစစ်တပ်ရဲ့ ခမရ ၃၅၂ က စစ်ကြောင်း(၁)ဟာ AA ထိန်းချုပ်နယ်မြေကိုဝင်လာပြီး AA ကင်းသမားကို လက်ဦးမှုရယူပစ်ခတ်ခဲ့တဲ့အတွက် နှစ်ဘက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဦးခိုင်သုခက ဖေဖော်ဝါရီ ၅ ရက်မှာ မီဒီယာတွေကို အတည်ပြုပြောပါတယ်။ ၁ နာရီနီးပါးကြာမြင့်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ AA ဘက်က ကင်းသမားတစ်ယောက်ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဘက်ကလည်း အကျအဆုံးရှိပေမဲ့ အသေးစိတ်တော့ မသိရသေးဘူးလို့ ဦးခိုင်သုခက ပြောပါတယ်။

နောက်တစ်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လယ်ကလည်း မောင်တောမြို့နယ်မှာ တိုက်ပွဲတွေထပ်ဖြစ်ခဲ့ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်ကဖြစ်ခဲ့တဲ့ မီးတိုက်ကျေးရွာရဲ့ အရှေ့မြောက်ဘက် လက်ပံတောင်ကြောမှာပဲ ၃ နာရီလောက်အကြာ ထပ်မံဖြစ်ပွားခဲ့တာပါ။ အထိအခိုက်အကျအဆုံးတော့ မရှိခဲ့ပါဘူး။

ဒီတိုက်ပွဲတွေကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ မောင်တောမြောက်ပိုင်းမှာ ဖေဖော်ဝါရီ ၇ ရက် ည ၁၁ နာရီခွဲလောက်မှာလည်း AA နဲ့ စစ်တပ်တို့ တိုက်ပွဲထပ်ဖြစ်ပါတယ်။ မောင်တောမြောက်ပိုင်းဖြစ်တဲ့ ဖားဝပ်ချောင်းရွာနဲ့ ငန်းချောင်းမူဆလင်ရွာကြားမှာ နာရီဝက်နီးပါးဖြစ်ခဲ့ကြတာပါ။ ဒီတိုက်ပွဲအတွင်း သစ်၊ ဝါးသယ်တဲ့ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရလို့ ကားပိုင်ရှင်အမျိုးသမီးတစ်ယောက်နဲ့ ကားသမားတို့ သေဆုံးသွား ခဲ့တယ်လို့လည်း ဖားဝပ်ချောင်းရွာအုပ်ချုပ်ရေးမှူးက မီဒီယာတွေကိုအတည်ပြုပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက်၊ ၆ ရက်နဲ့ ၇ ရက်စတဲ့ ၃ ရက်အတွင်းဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲတွေအတွင်းမှာ AA ဘက်က ကင်းသမားတစ်ယောက်ပဲကျဆုံးတာကို ဦးခိုင်သုခရဲ့ပြောဆိုချက်အရ အတည်ပြုလို့ရပါတယ်။ စစ်တပ်ဘက်က အကျအဆုံးကိုတော့ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းအထိ စစ်တပ်က တစ်စုံတစ်ရာထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး။

လက်ရှိမှာတော့ ဒီတိုက်ပွဲတွေရဲ့အရှိန်ကြောင့် အနီးအနားက ကျေးရွာသားတွေကို စစ်ကောင်စီဘက်က ရွာပြင်ကိုသွားလာခွင့်ပိတ်ထားသလို ကြိမ်ချောင်းကျေးရွာကနေ အထက်ပိုင်းကျေးရွာတွေကို ပြေးဆွဲနေတဲ့ ကားလိုင်းတွေကိုလည်း အခုရက်ပိုင်းအတွင်း ပြေးဆွဲခြင်းမပြုကြဖို့ တားမြစ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရေးတင်းမာမှုတွေရှိနေတဲ့အတွက် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ စစ်တပ်ကအင်အား တိုးချဲ့တာတွေလည်း ရှိနေပြန်ပါတယ်။

တကယ်တော့ မောင်တောဘက်မှာ AA နဲ့ စစ်တပ်တို့ဟာ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် မနက်ပိုင်းကလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ မောင်တောမြို့နယ် တမန်းသားကျေးရွာနဲ့ မင်္ဂလာညွန့်ကျေးရွာနားမှာ မိနစ်နည်းနည်းကြာ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာပါ။ နှစ်ဘက်အထိ အခိုက်အကျအဆုံးတော့မရှိခဲ့ပါဘူး။

ဒီနောက်ပိုင်းလည်း မောင်တောဘက်မှာ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ မကြာခဏဆိုသလို ကြားကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်နဲ့ AA ဖြစ်တာလား၊ စစ်တပ်နဲ့ အာဆာအဖွဲ့ဖြစ်တာလားဆိုတာတော့ ဘယ်သူမှ မပြောနိုင်ပါဘူး။ မောင်တောဘက်မှာ အာဆာအဖွဲ့တွေကလည်း အခုနောက်ပိုင်း ခြေပြန်ရှုပ်လာတာတွေရှိနေတော့ သူတို့နဲ့လည်း တိုက်ပွဲမဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ ပြောနိုင်တာဆိုလို့ မောင်တောဘက်မှာ လက်နက်သံတွေနဲ့ တိုက်ပွဲတွေခေါ်နေတာတော့ မကြာခဏဆိုသလိုပါပဲ။

အားလုံးသိတဲ့အတိုင်း ရခိုင်မှာ ၂ဝ၁၈ နိုဝင်ဘာလကနေ ၂ဝ၂ဝ နိုဝင်ဘာအထိ ၂ နှစ်ကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။ ၂ဝ၂ဝ နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင်မှာတော့ သူသေကိုယ်သေ တိုက်နေကြတဲ့ AA နဲ့ စစ်တပ်တို့ဟာ ရုတ်တရက်ဆိုသလို အပစ်အခတ်ရပ်စဲလိုက်ကြပါတယ်။ နှစ်ဘက်နားလည်မှုယူပြီးတော့ တိုက်ပွဲတွေရပ်စဲထားခဲ့ကြတာပါ။ ဘယ်အချိန်ထိ ရပ်စဲထားပြီး ဘယ်လို နားလည်မှုယူထားကြတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ နှစ်ဘက်စလုံးကလည်း ထုတ်ဖော်မပြောကြပါဘူး။ သေချာတာကတော့ နှစ်ဘက်စလုံးက သူ့အကျိုး ကိုယ့်အကျိုးကြည့်ပြီး နားလည်မှုယူထားကြပုံပါပဲ။

အဲဒီလို နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲထားတာ တစ်နှစ်ပြည့်မြောက်တဲ့ ပြီးခဲ့တဲ့နှစ် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်မှာတော့ မောင်တောမြို့နယ် တမန်းသားကျေးရွာနဲ့ မင်္ဂလာညွန့်ကျေးရွာနားမှာ AA နဲ့ စစ်တပ်ရဲ့ တိုက်ပွဲခေါ်သံတွေကို စကြားခဲ့ရတာပါပဲ။ ဒါပေမဲ့ ကြီးကြီးမားမားမဖြစ်ခဲ့ဘဲ ပြေလည်သွားခဲ့တာတွေ့ခဲ့ရပါတယ်။

အခုတစ်ခါတော့ သေကြေထိခိုက်မှုတွေနဲ့ တိုက်ပွဲတွေ ပြန်ခေါင်းထောင်လာနေတာတွေ့ရပါတယ်။ ဒါပေမဲ့ အဘက်ဘက်ကနေ လေ့လာသုံးသပ်ကြည့်ရမယ်ဆိုရင်တော့ ဒီတိုက်ပွဲတွေကနေ ဒီထက်ပိုပြီး ကြီးကြီးမားမား ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာ ပြောရမှာက နှစ်ပိုင်းရှိပါတယ်။ ပထမဆုံးကတော့ ပြောချင်တာက စစ်တပ်ပါ။

စစ်တပ်ဟာ AA နဲ့ ၂ဝ၂ဝ နိုဝင်ဘာပထမပတ်မှာ နားလည်မှုနဲ့ စပြီး အပစ်ရပ်လိုက်တယ်။ ၃ လအကြာ ၂ဝ၂၁ ဖေဖော်ဝါရီမှာ သူတို့ အာဏာသိမ်းတယ်။ အာဏာသိမ်းလိုက်တော့ တစ်တိုင်းပြည်လုံးက သူတို့ကိုဆန့်ကျင်ဆန္ဒပြတယ်။ ဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွင်းတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ နိုင်ငံတစ်ဝန်းဖြစ်နေတယ်။ သေကြေထိခိုက်မှုတွေလည်း နေ့စဉ်ပါပဲ။ အဲလိုအချိန်မှာ AA နဲ့အပစ်ရပ်ထားတဲ့အတွက် ရခိုင်တစ်ခုတည်းကွက်ပြီး အေးချမ်းနေတယ်။ ရခိုင်ဘက်ကို သူတို့လှည့်ကြည့်စရာမလိုဘူး။ ဒါက စစ်တပ်ရဲ့ အကွက်ရွှေ့ ကစားတတ်မှုကိုပြနေတာပါပဲ။ စစ်တပ်ဟာ အာဏာသိမ်းဖို့အတွက် အချိန်ယူအကွက်ချကြံစည်နေချိန်မှာ AA ကို နားလည်မှုယူပြီး အပစ်ရပ်လိုက်တဲ့သဘော။

အဲလို ရခိုင်တစ်ခုတည်းကွက်ပြီးအေးချမ်းနေတော့ အရင်အစိုးရလက်ထက်တွေက မပြီးပြတ်သေးတဲ့ နိုင်ငံတကာစီမံကိန်းကြီးတွေကို သူတို့ စိတ်ကြိုက် လွတ်လွတ်လပ်လပ် ဆက်ပြီးလုပ်ကိုင်ခွင့်ရနေတယ်။ ဥပမာ တရုတ်နိုင်ငံအကျိုးကိုဖော်ဆောင်မဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်လို၊ ပုဏ္ဏားကျွန်းစက်မှုဇုန်လို စီမံကိန်းကြီးတွေ၊ ကိုရီးယားအကျိုးကိုဖော်ဆောင်မဲ့စစ်တွေမြို့သစ်တိုးချဲ့စီမံကိန်း၊ အိန္ဒိယအကျိုးကိုဖော်ဆောင်မဲ့ စစ်တွေ-အိန္ဒိယဆိပ်ကမ်းစီမံကိန်းစတဲ့ စီမံကိန်းတွေကို သူတို့ ပြန်လည်အကောင်အထည်ဖော်ဖို့ စိုင်းပြင်နေတာတွေကို တွေ့နေရပါတယ်။ တစ်ခါ ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားကြတဲ့ မူဆလင်တွေကို ပြန်လည်လက်ခံရေးကိစ္စကလည်း အဓိက ပါဝင်ပါသေးတယ်။ သူတို့တွေကို ပြန်လည်လက်ခံရေးကိစ္စ NLD အစိုးရလက်ထက်ကစီစဉ်ခဲ့ပေမဲ့ အထမြောက်အောင်မြင်မှုမရခဲ့ပါဘူး။ ခုတော့ ပြန်လည်လက်ခံရေးကိစ္စကို ဆောလျင်စွာဆောင်ရွက်မယ်လို့ စစ်ကောင်စီဘက်က အသံတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာနေပါပြီ။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီလက်ခံအောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနဲ့ တာဝန်ရှိသူတို့ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၃ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီပိုင် သတင်းစာတွေမှာဖော်ပြခဲ့ပါတယ်။

ပြန်လည်လက်ခံရေးကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နဲ့ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အပါအဝင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းတို့အဖွဲ့ဟာ မောင်တော မြို့နယ်မှာရှိတဲ့ တောင်ပြိုလက်ဝဲ၊ လှဖိုးခေါင်၊ ငါးခူရစတဲ့ မူဆလင်ပြန်လည်လက်ခံရေးစခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ကြပါသေးတယ်။ တစ်ဘက်နိုင်ငံကနေ မူဆလင်တွေကိုပြန်လည်လက်ခံရေး စတင်ဖို့အတွက် စစ်ကောင်စီအနေနဲ့ ကြိုတင်ပြင်ဆင်ထားပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ စတင်မယ်ဆို တာတော့ ရှင်းရှင်းလင်းလင်းမပြောသေးပါဘူး။

ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က မောင်တောဒေသမှာရှိတဲ့ ရဲကင်းစခန်းတွေကို ARSA အဖွဲ့က တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးခဲ့ကြရပါတယ်။ ဒါကို စစ်တပ်က လက်တုန့်ပြန်ရာမှာ အဲဒီဒေသက မူဆလင် ၇ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားရတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက ပြောထားပါတယ်။ နောက်ပြီး စစ်တပ်ဟာ အဲလိုလက်တုန့်ပြန်ရာမှာ လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နယ်သာလန်နိုင်ငံ သဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ်ပြီး တရားစွဲခံထားရသလို အာဂျင်တီးနားနိုင်ငံက ဖက်ဒရယ်တရားရုံးမှာလည်း တရားစွဲခံနေရပါတယ်။

ICJ အကြောင်းနဲ့ပတ်သက်ပြီး တစ်လက်စတည်းပြောရမယ်ဆိုရင် ICJ တရားရုံးက မကြာသေးခင်က ထုတ်ပြန်ထားတဲ့အစီအစဉ်အရ ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုအတွက် ဖေဖော်ဝါရီ ၂၁ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ မြန်မာဘက်က ခုခံချေပဖို့ ရှိနေပါတယ်။

ပထမအကြိမ်ခုခံချေပခဲ့တုန်းကတော့ မြန်မာနိုင်ငံကိုယ်စား ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့က နယ်သာလန်နိုင်ငံ သဟိဂ်မြို့ကို ကိုယ်တိုင်သွားရောက်ခဲ့ကြပါတယ်။ စစ်တပ်ဘက်က စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိကောင်းရှိနိုင်ပေမဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာမရှိဘူးလို့ ခုခံချေပခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ခေါင်းဆောင်တဲ့အဖွဲ့က ICJ အမှုကို ခုခံချေပသွားဖို့ ပြီးခဲ့တဲ့ ၂ဝ၂၁ မေလတကည်းက ပြင်ဆင်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူခုခံချေပခဲ့တဲ့ နိုင်ငံတကာရှေ့နေကလည်း နှုတ်ထွက်သွားခဲ့ပြီဖြစ်တဲ့အတွက် အခုတစ်ခါမှာတော့ ဘယ်ရှေ့နေက တာဝန်ယူမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်။

ပြန်ဆက်ရရင် အာဏာသိမ်းမှုကိုဆန့်ကျင်ကန့်ကွက်နေတဲ့ပြည်သူတွေအပေါ် အင်အားသုံးဖြိုခွင်းလို့ စစ်တပ်က နိုင်ငံတကာစာမျက်နှာပေါ်မှာ မျက်နှာမပြရဲလောက်အောင် သိက္ခာမဲ့နေပါပြီ။ နောက်ပြီး ICJ မှာ တရားစွဲခံထား ရတာကလည်း နိုင်ငံတကာရဲ့ ပြစ်တင်ရှုံ့ချမှုတွေအောက်မှာ စစ်ကောင်စီအနေနဲ့ နာလန်မထူနိုင်အောင် ဖြစ်နေရတာပါ။ ဒီဟာတွေကိုကုစားဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးသွားကြတဲ့မူဆလင်တွေကို ပြန်လည်လက်ခံရေးလုပ်ရင်း နိုင်ငံတကာက အသိအမှတ်ပြုလာအောင် မျက်နှာချိုသွေးမဲ့ သဘော သက်ရောက်နေပါတယ်။

ဒုတိယအနေနဲ့ AA အကြောင်းဆက်ပြောပါ့မယ်။ AA ကလည်း သူ့အကျိုးကိုကြည့်ပြီး စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့သဘောပါ။ ၂ နှစ်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီးနောက် AA ဟာ ရခိုင်လူထုထဲမှာ အတော်ကို အရှိန်အဟုန်နဲ့ နာမည်ရသွားခဲ့ပါတယ်။ အပစ်ရပ်ထားချိန်မှာတော့ ရခိုင်လူထုကြားထဲ AA ရဲ့သြဇာကြီးမားမှုကို တော်တော်လေးလုပ်ပြနိုင်ခဲ့ပါတယ်။ AA ရဲ့အုပ်ချုပ်မှုယန္တရားကိုလည်း ရခိုင်လူထုကြားထဲ မှာ ခိုင်ခိုင်မာမာတည်ဆောက်နေနိုင်ပါတယ်။ အချိန်တိုအတွင်းမှာ လူထုရဲ့အားပေး ထောက်ခံမှုကိုလည်း ပြည့်ပြည့်ဝဝ ရလာပါတယ်။

အခုဆိုရင် AA ဟာ ရခိုင်ပြည်မှာ အစိုးရတစ်ရပ်အနေနဲ့ အုပ်ချုပ်နေတာကိုလည်း တွေ့မြင်လာနေရပါပြီ။ အထူးသဖြင့် တရားစီရင်ရေးကိစ္စတွေကို လူမျိုး၊ ဘာသာမရွေး စနစ်တကျကိုင်တွယ်ဖြေရှင်းပေးနေတာတွေ တွေ့ရပါတယ်။ ဒါတွေဟာ စစ်တပ်နဲ့ နားလည်မှုယူပြီး အပစ်ရပ်ထားချိန်မှာ လုပ်ကိုင်လာနိုင်တာတွေပါ။ တကယ်လို့သာ ရခိုင်မှာ စစ်တပ်နဲ့ AA တိုက်ပွဲတွေထပ်ဖြစ်နေမယ်ဆိုရင် ရခိုင်လူထုအတွက်လည်း ထိခိုက်နစ်နာသလို AA ရဲ့ အုပ်ချုပ်ရေးယန္တရားကိုလည်း တည်ဆောက်ဖို့ကြန့်ကြာနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အပစ်ရပ်သည်ဖြစ်စေ၊ မရပ်သည်ဖြစ်စေ AA အတွက်တော့ သိပ်ပြီး ထူးမခြားနားပါပဲ။ အပစ်ရပ်ထားရင် လည်းဖြစ်တယ်။ မရပ်ရင်လည်း ဆက်ချမယ်ဆိုတဲ့ဘဘော။ ရခိုင်ပြည်သူတွေအတွက် ငဲ့နေလို့သာ အခုလို နားလည်မှုနဲ့ အပစ်ရပ်ထားတာလို့ မြင်ပါတယ်။

ပြန်ချုပ်ရရင် စစ်တပ်ဘက်တော့ ရခိုင်မြေမှာ နိုင်ငံတကာစီမံကိန်းတွေ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေနဲ့ မူဆလင်အရေး၊ ICJ အရေးတွေကြောင့် AA နဲ့ မဖြစ်မနေ အပစ်ရပ်ထားရပါလိမ့်မယ်။ တစ်ဘက်နဲ့တစ်ဘက် အောက်ခြေမှာ နည်းနည်းပါးပါး နားလည်မှုလွဲရင်း ထိတွေ့မှုတွေဖြစ်ခဲ့ရင်တောင် အပေါ်ကလူကြီးပိုင်းတွေ အချင်းချင်း အတတ်နိုင်ဆုံးညှိနှိုင်းပြီး အပစ်ရပ်ထားကြမယ်လို့မြင်ပါတယ်။ ဒါမှ စစ်ကောင်စီဘက်က သူတို့အကျိုးကို ပြည့်ပြည့်ဝဝဆောင်ကြဉ်းလို့ရမှာပါ။ ဒါကြောင့် စစ်တပ်အနေနဲ့ ရခိုင်မှာ အချိန်အတိုင်းအတာ တစ်ခုအထိ နားလည်မှုယူပြီး တိုက်ပွဲတွေရပ်စဲထားလိမ့်မယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ ရခိုင်ပြည်သူတွေ ခြွင်းချက်အနေနဲ့ သတိပြုစရာတစ်ခုရှိတာက တရားဝင်မဟုတ်ဘဲ နားလည်မှုယူပြီး အပစ်ရပ်ထားတာဆိုတော့ ဘယ်အချိန်မဆို ထပေါက်ကွဲနိုင်တယ်ဆိုတာပါပဲ။

လှထွန်းဖြူ ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၉၊ ၂၀၂၂

Related Articles

Back to top button