တိုင်းရင်းသားအကြောင်း

ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်ရေးဆိုင်ရာ မူဝါဒကြေညာစာတမ်း ရှမ်းပြည်ညီညွတ်ရေး ကော်မတီ(CSSU)ထုတ်ပြန်

ပုံစာ – ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) အဖွဲ့ဝင် ခေါင်းဆောင်များအား တွေ့ရစဉ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြုလုပ်သော CSSU အတွင်းရေးမှူးအဖွဲ့ စုံညီအစည်းအဝေးမှ အတွင်းရေးမှူးများအားလုံး၏ သဘောတူဆုံး ဖြတ်ချက်အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်သော အတွင်း ရေးမှူးအစည်းအဝေးမှ အတွင်းရေးမှူး အများစု၏ သဘောတူညီချက်ဖြင့် “ရှမ်းပြည် ညီညွတ်ရေး ကော်မတီ၏ မူဝါဒကြေညာစာတမ်း – ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး (CSSU Manifesto – Peaceful Coexistence)” ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ တွင် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU)က ထုတ်ပြန်ထားသည်။
 
ယင်းမူဝါဒကြေညာစာတမ်းတွင် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ(CSSU)က ယုံကြည်လက်ခံထားသည့် သမိုင်းအမြင်၊ ကိုင်စွဲထားသည့် မူဝါဒ နှင့် အနာဂတ် ဖက်ဒရယ် ရှမ်းပြည်အဖြစ် ပြန်လည် အသက်သွင်း နိုင်ရေးဆိုင်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။
 
ရှမ်းပြည်ညီညွတ်ရေး ကော်မတီ(CSSU)က ကိုင်စွဲထားသော မူဝါဒဖြစ်သည့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်ရေးဆိုင်ရာ မူဝါဒနှင့် စပ်လျဉ်း၍ CSSU အတွင်းရေးမှူးချုပ် စိုင်းလိတ်က ဖက်ဒရယ်ဂျာနယ်ကို အခုလို ပြောသည်။
 
“ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ရေးဆိုတာ ကျွန်တော်တို့ ရှမ်းပြည်သား အားလုံးကို ဆိုလိုတယ်။ နောက်ရှမ်းပြည်သားအားလုံးရဲ့ စုပေါင်းနေထိုင်ခြင်း ငြိမ်းချမ်းစွာနေထိုင်ခြင်းကနေ ပြည်ထောင်စု တစ်ခုလုံး မှာရှိတဲ့ တိုင်းရင်းသားအကုန်လုံးကလည်း ဒီလိုနည်းနာတွေ ဆက်လက်ကျင့် သုံးကြမယ်ဆိုလို့ရှိရင် ဒါပြည်ထောင်စုရဲ့ တည်တံ့ခိုင်မြဲရေးကို အထောက်အကူပြုနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ကယူဆတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ဗမာပြည်မှာရှိတဲ့ ပြည်ထောင်စုကြီးမှာရှိတဲ့ တိုင်းရင်းသား အားလုံးကို ရည်ညွှန်းပါတယ်” ဟု ပြောသည်။
 
အနာဂတ်ရှမ်းပြည်နယ်ကို အကောင်အထည်ဖော်ရာတွင် ဖက်ဒရယ်ရှမ်းပြည်အဖြစ် ပြန်လည် အသက်သွင်းရန် လိုအပ်ကြောင်းနှင့် အနာဂတ် ဖက်ဒရယ် ရှမ်းပြည် နယ်နမိတ်အဖြစ် ပြန်လည် အသက်သွင်းသောအခါ ပင်လုံစာချုပ် လက်မှတ် ရေးထိုးစဉ်က ဖက်ဒရယ်ရှမ်းပြည် နယ်နမိတ်ထက် မလျော့ဘဲ ပြန်လည်ရေးဆွဲနိုင်ရန် လိုအပ်ကြောင်း CSSU အတွင်းရေးမှူးချုပ် စိုင်းလိတ်က ဖက်ဒရယ်ဂျာနယ်ကို ဆက်ပြောသည်။
 
“ကျွန်တော်တို့ ဒီပြည်ထောင်စုကို စတင်တည်ထောင်လာတာက ပင်လုံစာချုပ်အပေါ်မှာ မူတည် ပြီးတော့မှ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပင်လုံစာချုပ်အရ ကျွန်တော်တို့ ကတိကဝတ်ပြု ထားတဲ့ အချက်အလက်တွေကို အကောင် အထည်မဖော်နိုင်ဘဲနဲ့ တခြားသောအချက်တွေကို သွားစဉ်းစားတာ မျိူးက တော့ စိတ်ဆန္ဒ စောရာကျတယ်၊ သဘာဝမကျဘူးလို့လည်းမြင်တယ်။ အဲဒါကြောင့်မို့လို့ ၁၉၄၇ ပင်လုံစာချုပ်မှာ ပြောဆိုခဲ့တဲ့အတိုင်းပဲ အရင်လုပ်ကြရအောင်။ အဲဒါမှမပြည့်စုံဘူးဆိုရင် ထပ်မံဖြည့်စွက်တာမျိူး ထပ်မံ စဉ်းစားတာ မျိူးကနောက်မှ ဆက်လုပ်မယ်ဆိုတဲ့သဘောပါခင်ဗျ” ဟုပြောသည်။
 
ဒေသန္တရအစိုးရဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လူမျိုးကိုအခြေမခံဘဲ လူဦးရေကိုအခြေခံပြီး ဒေသရဲ့လိုအပ်ချက်အရ လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အခွင့်အရေးကို ဖော်ဆောင်နိုင်ရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသန္တရအစိုးရများ (Autonomous Local Government) အနေဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း CSSU အတွင်းရေးမှူးချုပ် စိုင်းလိတ်က ဖက်ဒရယ်ဂျာနယ်ကို ပြောသည်။
 
“ဒေသန္တအစိုးရမှာ လူမျိုးကိုအခြေမခံဘူး၊ လူဦးရေကိုအခြေခံပြီးတော့မှ ဒေသရဲ့လိုအပ်ချက်အရ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ရည်ညွှန်းတာပါ။ ဒေသတစ်ခုတည်းမှာ လူမျိူးပေါင်းစုံ နေထိုင်ပါလိမ့်မယ်၊ အနည်းအများကတော့ ကွဲကောင်းကွဲလိမ့်မယ်။ ဒါပေမယ့် ပိုမိုပြီးများပြားတဲ့ လူဦးရေရဲ့ စိတ်ဆန္ဒကို မူတည်ပြီးတော့မှ အဲဒီဒေသရဲ့ လုပ်ပိုင်ခွင့်ကို စီစဉ်ဆောင်ရွက်ဖို့ သဘောမျိူးကို ရည်ညွှန်းတာပါ” ဟု ပြောသည်။
 
ရှမ်းပြည်ညီညွတ်ရေး ကော်မတီ(CSSU)က ထုတ်ပြန်ထားသည့် ကြေညာ စာတမ်းအပေါ် လက်ခံနိုင်ခြင်း မရှိသေးသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့်လည်း နည်းလမ်းရှာ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သန္နိဌာန်ပြုထားကြောင်းကိုလည်း CSSU အတွင်းရေးမှူးချုပ် စိုင်းလိတ်က ဖက်ဒရယ်ဂျာနယ်ကို အခုလို ဆက်ပြောသည်။
 
“ကျွန်တော်တို့ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ အဖွဲ့အစည်းတွေအကုန်လုံး၊ လူမျိူးစုတွေအကုန်လုံးနဲ့ တွေ့ပြီးပြီ မဆိုလိုပါဘူး။ CSSU ရှမ်းပြည်ညီညွတ်ရေး ကော်မတီမှာပါဝင်တဲ့ အဖွဲ့ဝင်၊ အဖွဲ့အစည်းတွေရဲ့ သဘောဆန္ဒပဲ ရှိပါသေးတယ်။ ဒီသဘောဆန္ဒကို အခြားသက်ဆိုင်တဲ့ စောစောက ရည်ညွှန်းတဲ့ အစုအဖွဲ့တွေထံ သွားရောက် တင်ပြဖို့က အခုမှစတင်ပြီးလုပ်ဆောင်နေတာပါ။
 
အခုမှခြေလှမ်းအစပဲရှိပါသေးတယ်။ သူတို့က သဘောမတူဘူး ဆိုရင် ကျွန်တော်တို့က ညှိနှိုင်းလို့ရတဲ့အပိုင်းတွေ အစွမ်းကုန် ရှမ်းပြည်ရဲ့အရေးကို ဦးထိပ်ထား ပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားဖို့ပါပဲ။ ကြေငြာစာတမ်းရဲ့ နောက်ဆုံးစာပိုဒ်မှာပါတဲ့အတိုင်းပဲ ကျွန်တော်တို့ရဲ့ မူဝါဒကြေငြာစာတမ်းဟာ ကျွန်တော်တို့ရဲ့ ဆွေးနွေးချက်သပ်သပ်ဖြစ်တယ်။
 
အဲဒီအပေါ်မှာ သဘောမတူတာ လည်းရှိကောင်း ရှိလိမ့်မယ်။ သဘောမတူတာတွေ မဖြစ်သင့်ဘူးထင်တာတွေကို ဆက်လက်ညှိနှိုင်းသွားဖို့ ကျွန်တော်တို့ဘက်က တံခါးဖွင့်ထားပါတယ်” ဟု ပြောသည်။
 
ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌကြီး ယွပ်စစ်မှ ကမကထပြု ဆောင်ရွက်ခဲ့ကာ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ စိန်ကျော့ပြည်သူ့စစ်တို့ပါဝင်သည့် လက်နက်ကိုင်သုံးဖွဲ့အပြင် နိုင်ငံရေးပါတီများ ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP), ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (ESSDDP) ပါပြီး CSOs အဖွဲ့အစည်းများအနေဖြင့် Tai Youth Network (TYN), Tai Youth Organization (TYO), ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ထိုင်းနိုင်ငံ လူငယ်အဖွဲ့အပါဝင် CSOs အဖွဲ့စုစုပေါင်း (၈)ဖွဲ့ပါဝင်ကာ (၂၀၁၃) ခုနှစ်တွင် ဖွဲ့စည်းခဲ့ထားခြင်းဖြစ်သည်။ SNDP နှင့် ဖြတ်သိမ်းလိုက်တဲ့ ပါတီဖြစ်တဲ့ ESSDDP တို့သည် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)မှ နုတ်ထွက်ထားသည်။
  
ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၇၊ ၂၀၂၂

Related Articles

Back to top button