တိုင်းရင်းသားများသတင်း

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ကရင်နီပြည် အတိုင်းအတာတခုထိ တိုးတက်မှု ရှိနေပြီဖြစ်ကြောင်း KNDF ပြောခွင့်ရ ဗိုလ်မျက်မှန်ပြော

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၃၊ ၂၀၂၂

လူထုများအများက တခဲနက် ကန့်ကွက်နေကြသည့် စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှု တနှစ်ပြည့်ခဲ့သည့်နေ့တွင် ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးတပ် (KNDF) အနေဖြင့် ကရင်နီဒေသတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တယားလုံး၀ လည်ပတ်နိုင်ခြင်း မရှိတော့ကြောင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) က ရာခိုင်နှုန်းအားဖြင့် (၉၀) ရာခိုင်နှုန်းခန့် အဓိက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်လာပါတယ်။

ယင်းထုတ်ပြန်ချက်နှင့်စပ်လျဉ်း၍ ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးတပ် (KNDF)၏ ပြောခွင့်ရ တဦးဖြစ်သူ ဗိုလ်မျက်မှန်က ဖက်ဒရယ်ဂျာနယ်ကို အခုလိုအကျယ်တဝင့် ပြောပါတယ်။

“ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အကျယ်တဝင့်ပြောရမယ်ဆိုရင်တော့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို (၉၀) ရာခိုင်နှုန်းလောက်ထိန်ချုပ်ထားနိုင်တယ်ဆိုတာက မြေပြင်အနေ အထားနဲ့ပတ် သက်ပြီးဖြစ်ပျက်နေတဲ့ဟာတွေကို စစ်တမ်းကောက်ယူထားတာဖြစ်ပါတယ်။ ဘာကြောင့်အဲ့လို ပြောလဲဆိုတော့ လက်ရှိ အခြေအနေ အရစစ်ကောင်စီဟာ လူထုတွေကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နေတဲ့ အနေအထားမရှိဘူး။ အုပ်ချုပ်ခံမယ့် လူလည်းမရှိဘူး။ ဥပမာတစ်ခု ပြောရရင် ဘော်လခဲ၊ လွိုင်ကော်မြို့ပေါ်က လွဲပြီးတော့ ကျန်တဲ့နေရာတွေက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တယားလုံးဝကိုမရောက် နိုင်တဲ့အနေအထား ဖြစ်ပြီးတော့ ဒါကိုကျွန်တော်တို့က ပြောပြရခြင်းဖြစ်တယ်” ဟုပြောပါတယ်။  

နောက်ထပ် ထုတ်ပြန်ချက်တွင် ပါရှိသည့် လူထုတွေကိုယ်တိုင် ကိုယ်ထူကိုယ်ထ နည်းလမ်းဖြင့် ကျေးရွာပေါင်း (၄၀၀)ခန့်မှ စာသင်ကျောင်းများ၊ ဆေးပေးခန်းများကို စီမံအုပ်ချုပ်နေသည့် အနေအထား ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း ဗိုလ်မျက်မှန်က ဆက်ပြောပါတယ်။

“မြေပြင်အခြေအနေမှာ လူထုတွေကိုယ်တိုင် ရပ်ရွာတည်ငြိမ်ရေးကိစ္စတွေလုပ်နေတဲ့ ကိစ္စတွေအခုဖြစ်နေပြီ။ စာသင် ကျောင်းနဲ့ပတ်သက်ပြီးလူထုတွေကိုယ်တိုင်လုပ်နေတဲ့ကိစ္စတွေက ခရီးတော်တော်များများပေါက်ပြီ။ ကျွန်တော်တို့ ထုတ်ပြန်ချက်မှာ ပါတဲ့အတိုင်းပဲ ကယားပြည်နယ်ထဲမှာရှိတဲ့ ရွာပေါင်း (၇၀၀) ကစစ်ဘေး မရှောင်တဲ့ရွာတွေမှာ ကျောင်းတွေစနစ်တကျပြန်ဖွင့်လိုက်နိုင် တာက ဘယ်သူ့ဖိအားမှလည်းမပါဘူး။ လူထုတွေ ကိုယ်တိုင် နောက်ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေကိုယ်တိုင် KSCC ရဲ့ပညာရေးအခန်း ကဏ္ဍမှာလည်း တော်တော် လေးအလုပ်ဖြစ်နေတဲ့အတွက် ဒါကိုကျွန်တော်ထည့်သွင်းပြောကြားရခြင်းဖြစ်တယ်” ဟု ပြောပါတယ်။

ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) အနေဖြင့် ကရင်နီဒေသ၏ အဝင်အထွက် လမ်းကြောင်းများကို ထိန်းချုပ်ထားနိုင်သည့်အခြေအနေ ရောက်ရှိနေပြီဖြစ်သာကြောင့် စစ်ကောင်စီတပ်ဖွဲ့မှာ လက်နက်နှင့် ရိက္ခာတို့ကို ထောက်ပို့လေယာဉ်လမ်းကြောင်းဖြင့်သာ အသုံးပြုနေရကြောင်းလည်း ဗိုလ်မျက်မှန်က အခုလို ဆက်ပြောပါတယ်။

“KNDF ထိန်းချုပ်နိုင်ခြင်း မထိန်းချုပ်နိုင်ခြင်းက မြေပြင်အခြေအနေနဲ့တိုင်းတာလို့ရတယ်၊ ဥပမာ ကရင်နီပြည်ရဲ့ အဓိကလမ်းမကြီးတွေ ကို KNDF နဲ့ပူးပေါင်းတပ်တွေ PDF တွေ ထိန်းချုပ်နိုင်တဲ့အနေအထားကိုကြည့်ရင် စစ်ရေးအခြေအနေတွေက တိုးလာမယ်။ ဆွဲဆန့်လို့ ရမယ်ဆိုတာပြောလို့ရမယ်။ စစ်ကောင်စီက ၁၀ ရာခိုင်နှုန်းလောက်ပဲ ထိန်းချုပ်လို့ရတယ်။ စစ်ကောင်စီကတပ်ထဲမှာပဲ၊ တပ်ပြင်ကို မထွက်ရဲတဲ့ အခြေအနေတွေ ဖြစ်လာတယ်။ စစ်ကောင်စီက တပ်ပြင်ကိုထွက်တာနဲ့ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတာ အားလုံးအသိပဲ ပြီးတော့ လက်နက်နှင့် ရိက္ခာတို့ကို ထောက်ပို့လေယာဉ်လမ်းကြောင်းဖြင့်သာ အသုံးပြုနေရသာတွေ့ရတယ်” ဟု ပြော ပါတယ်။

လက်ရှိ ကရင်နီ ဒေသက စစ်ရေးနှင့် ပတ်သက်ပြီး သူဆက်ပြောသာက ….

“တစ်နှစ်ပြည့်ပြီးတဲ့နောက်မှာ စစ်ရေးကတော့ အရမ်းကိုပြင်းထန်လာပြီးတော့ နိုင်ငံရေးပုံစံကတော့ နည်းနည်းလေး ရှေ့မရောက်တဲ့အနေအထားမျိုးတွေဖြစ်တယ်ပေါ့နော်။ ဒါမယ့်ကရင်နီပြည်မှာ ကျွန်တော်တို့ သိထား  သလောက်ကတော့ ပြည်နယ်ရဲ့ လမ်းပြမြေပုံကတော့ ရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့် ဒီလောက်ထိ စိုးရိမ်စိတ်တွေရှိမနေဘူး။ စစ်ရေးကတော့ စစ်ကောင်စီကတော့ အဆုံးစွန်ထိ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးလုပ်လာတာများတယ်။ နောက်ပြီးတော့ကျွန်တော်တို့ပြည်နယ် မှာစစ်ကောင်စီရဲ့ယုတ်ညံ့မှုတွေပိုပိုပြီးတော့ သိလာတယ်။ မြေပြင်မှာစစ်ကောင်စီက ကျွန်တော်တို့နဲ့ရင်ဆိုင်တိုက်တဲ့အခါ အားနည်းနေတဲ့အတွက် ဝေဟင်ပါ သုံးလာတယ်။ စစ်ရေးကတော့ဒီလောက်ပဲကျွန်တော်ပြောနိုင်တယ်” ဟု ပြောပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ လမ်းညွှန်မှုနဲ့ စစ်ရေးကိစ္စတွေကို ကျွန်တော်တို့ လုပ်ဆောင်နေရခြင်းဖြစ်တယ်။ ပြီးတော့ KSCC ရဲ့ဉီးဆောင်မှုနဲ့ ကျန်းမာရေး ကိစ္စတွေ၊ ပညာရေး ကိစ္စတွေကလည်း ထပ်တိုးချဲ့ဖို့ရှိကြောင်းနှင့် KSCC အောက်ကနေ ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP) လိုဟာမျိုးက ဒီကြားကာလမှာ ဖွဲ့လိုက်နိုင်တာမျိုးက တော်တော်လေးကို ကောင်းသွားတဲ့ဟာမျိုးတွေဖြစ်ကြောင်း ကရင်နီပြည် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(KNDF)၏ ပြောခွင့်ရတဦးဖြစ်သူ ဗိုလ်မျက်မှန်က အခုလို သုံးသပ်ပြောဆို ထားပါတယ်။

Related Articles

Back to top button