ဆောင်းပါး

AA က ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းရဲ့နောက်ကွယ်

AA က ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းရဲ့နောက်ကွယ်

စစ်ကောင်စီကပေးမယ်လို့ပြောထားတဲ့ကိုဗစ်ကာကွယ်ဆေးတွေကို ရက္ခိုင့်တပ်တော်(AA)က အခု ဇန်နဝါရီလထဲမှာ လက်ခံရရှိနေပြီဖြစ်ပါတယ်။ လက်ခံရရှိထားတဲ့အဲဒီကိုဗစ်ကာကွယ်ဆေးတွေက တော့ အိန္ဒိနိုင်ငံထုတ် Covishield အမျိုးအစားနဲ့ တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစားတွေဖြစ်ပါတယ်။ အဲဒီဆေးတွေကို AA က သူတို့တပ်ဖွဲ့ဝင်တွေအပါအဝင် ရခိုင်ပြည်သူတွေကို ထိုးပေးနေတာပါ။

ဇန်နဝါရီလ ၁၉ ရက်ကနေ စတင်ထိုးပေးနေတာလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်နဲ့ မြောက်ဦးစတဲ့ မြို့နယ် ၅ မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ထမ်းတွေက စုရပ်တွေလုပ်ပြီး ထိုးပေးနေကြတာပါ။ အဲလိုထိုးပေးတဲ့နေရာမှာ စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့ဝင်တချို့က လုံခြုံရေးရယူထားသလို AA ဘက်ကလည်း လက်နက်တွေအပြည့်နဲ့ လုံခြံုရေးယူထားတယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောကြပါတယ်။ ဇန်နဝါရီလ ၂၅ ရက်အထိ AA တပ်ဖွဲ့ဝင်အနည်းအကျဉ်းနဲ့ မောင်တောဒေသကမူဆလင်တွေအပါအဝင် ရခိုင်ပြည်သူ စုစုပေါင်း ၅ ထောင်လောက်ကို ထိုးပြီးသွားပြီလို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက မီဒီယာတွေကိုပြောထားပါတယ်။ ဆေးလုံးရေ ဘယ်လောက်ရတယ်၊ လူဘယ်လောက်ကိုထိုးပေးသွားမယ်ဆိုတာကိုတော့ ဦးခိုင်သုခက အသေးစိတ်မပြောပါဘူး။

တကယ်တော့ ဒီကိုဗစ်ကာကွယ်ဆေးတွေကို ရက္ခိုင့်တပ်တော်(AA)ကိုပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ပြောခွင့်ရသူ ဦးလှသိန်းက စက်တင်ဘာလ ၂ဝ ရက်နေ့မှာ မီဒီယာတွေကို ပြောဆိုခဲ့တာပါ။ အဲဒီအချိန်တုန်းက စစ်ကောင်စီဟာ အစိုးရကျန်းမာရေးဝန်ထမ်း၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းနဲ့ ပရဟိတဝန်ထမ်းတွေ၊ ဘိုးဘွားရိပ်သာ၊ သာသနာ့ဝန်ထမ်း၊ ပုဂ္ဂလိကဘဏ်နဲ့ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံတွေ၊ ဟိုတယ်၊ တည်းခိုးခန်းနဲ့အစားအသောက်ဝန်ေဆာင်မှုလုပ်ငန်းတွေ၊ အကျဉ်းသားနဲ့အချုပ်သားတွေ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ စူပါမားကတ်တွေ၊ မသန်စွမ်းသူတွေ၊ EAOs၊ ရွှေ့ပြောင်းလူအုပ်စုများနဲ့ယာယီစခန်းတွေ၊ နာတာရှည်ရောဂါခံစားနေရသူတွေ စတာ အုပ်စု ၁၆ အုပ်စုကို ကိုဗစ်ကာကွယ်ဆေးဦးစားပေးဖို့ထိုးဖို့စီစဉ်ခဲ့ပါတယ်။ အဲဒီ အုပ်စု ၁၆ ခုထဲမှာ EAOs (Ethnic Armed Organizations)လို့ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ေတွကိုလည်း ထည့်သွင်းခဲ့ပြီး အဲဒီ EAOs တွေထဲမှာတော့ ရခိုင်ပြည်ထဲက ရက္ခိုင့်တပ်တော်(AA)အဖွဲ့လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

AA ဘက်ကလည်း သူတို့ကို ကာကွယ်ဆေးထိုးပေးဖို့ စစ်ကောင်စီဘက်က ကြားခံအဖွဲ့အစည်းကနေ ကမ်းလှမ်းလာတာရှိတယ်လို့ စက်တင်ဘာ ၂၁ ရက်မှာ အသိပေးစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ကိုဗစ်ကာကွယ်ဆေးအပါအဝင် ကိုဗစ်ရောဂါနဲ့ပတ်သက်သက်လို့ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ၊ ကာကွယ်ဆေးတွေကို ဘယ်နားမှာ ဘယ်လောက်လိုအပ်လဲစသဖြင့် စစ်ကောင်စီဘက်က မေးဖူးတဲ့အကြောင်း၊ AA ဘက်ကလည်း သင့်တင်လျောက်ပတ်သလို ပေးနိုင်သလောက် ပေးနိုင်တဲ့အကြောင်း အကြောင်းပြန်ထားတယ်လို့ ဆိုခဲ့ပါတယ်။

အခုတော့ အဲဒီကာကွယ်ဆေးတွေကို AA က ရခိုင်မြို့နယ် ၅ ခုက ပြည်သူ ၅ ထောင်လောက်ကို ထိုးပြီးသွားပြီဖြစ်ပြီး ကျန်တဲ့ကာကွယ်ဆေးတွေကိုလည်း ဆက်ထိုးပေးသွားမယ်လို့ ဦးခိုင်သုခက ဆိုထားပါတယ်။ တစ်ဘက်မှာလည်း စစ်ကောင်စီကပေးတဲ့ ဒီဆေးတွေကို AA က လက်ခံရယူပြီးထိုးပေးနေတာကို ဝေဖန်နေသူတွေလည်းရှိပါတယ်။ AA နဲ့ စစ်ကောင်စီပူးပေါင်းပြီးတော့ ပြည်သူတွေကို ထိုးပေးနေတယ်ဆိုပြီးတော့ ဝေဖန်နေကြတာပါ။

စစ်တပ်နဲ့ AA ဆိုတာက မကြာသေးခင်ကမှ အပစ်ရပ်ထားတဲ့ကြအဖွဲ့တွေဖြစ်ပါတယ်။ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလကနေ ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလအထိ ရခိုင်မြေမှာ ၂ နှစ်ကြာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ကြတဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်။ သူသေ ကိုယ်သေ အပြိုင်ကြဲခဲ့ကြတဲ့အဖွဲ့တွေလည်းြဖစ်ပါတယ်။ နှစ်ဘက်အထိအခိုက် အကျအဆုံးတွေလည်း အများအပြားရှိခဲ့ကြပါတယ်။ ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲလုပ်မဲ့ နိုဝင်ဘာ ၈ ရက်မတိုင်ခင်တော့ ရခိုင်မြေမှာ တိုက်ပွဲသံတွေ သိသိသာသာလျော့သွားခဲ့ပါတယ်။ အချင်းချင်း ဘယ်လိုနားလည်မှုယူထားခဲ့လဲတော့ မပြောတတ်ပါဘူး။ ဆိုတော့ တစ်ဘက်နဲ့တစ်ဘက်က အရေခွံနွှာချင်လောက်အထိ တိုက်နေခဲ့ကြတဲ့အဖွဲ့တွေက ဘာကြောင့် ပူးပေါင်းထိုးပေးနေတာလဲ။

ဒါနဲ့ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကတော့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးလှုပ်ရှားမှုအတွက်ကြောင့်အခုလို ပူးပေါင်းထိုးပေးရတာဖြစ်တယ်လို့ မီဒီယာတွေကိုပြောထားပါတယ်။ နောက်တစ်ချက်က ရခိုင်မှာ ကိုဗစ်တတိယလှိုင်းပြင်းထန်နေဆဲကာလဖြစ်တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းြမတ်နိုင်က ရခိုင်ပြည်သူတိုင်း ကိုဗစ်ကာကွယ်ဆေးထိုးထားသင့်တယ်လို့ မိန့်ခွန်းပြောခဲ့ပါတယ်။ ဒီအချက်ကြောင့်လည်း ပြည်သူတွေကို ထိုးပေးနေတာလို့ သုံးသပ်ရပါတယ်။

ကိုဗစ်ဆိုတာကလည်း တစ်ကမ္ဘာလုံးမှာဖြစ်ပွားနေတာဖြစ်ပါတယ်။ အခုဆိုရင် မျိုးရိုးဗီဇပြောင်းတဲ့ အိုမီခရွန်မျိုးစိတ်တွေလည်း မြန်မာနိုင်ငံမှာ စတွေ့နေပြီဖြစ်ပါတယ်။ ဇန်နဝါရီလ တတိယပတ်အထိ ပြည်ပကပြန်လာတဲ့လူပေါင်း ၂ဝဝ လောက်မှာ အိုမီခရွန်ပိုးတွေ့ထားပြီဖြစ်ပါတယ်။ ဒီကိုဗစ်ကပ်ဘေးက ဘယ်တော့လောက်ပျောက်သွားမယ်ဆိုတာကိုလည်း ကမ္ဘာ့ဆေးသုတေသီတွေတောင် အဖြေရှာမရဖြစ်နေပါသေးတယ်။ ကာကွယ်ဆေးတွေကလည်း အမျိုးမျိုးထွက်နေပြီး ရာနှုန်းပြည့်ကာကွယ်နိုင်တာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိထုတ်လုပ်ဖြန့်ဖြူးနေတဲ့ကာကွယ်ဆေးတွေကလည်း အတိုင်းအတာတစ်ခုလောက်အထိတော့ ကာကွယ်ပေးနိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးကာကွယ်ထားနိုင်အောင်အတွက် AA က အခုလို ထိုးပေးနေတဲ့သဘောပါ။

ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာ ရခိုင်မှာ ကိုဗစ်ဒဏ်ကို အတော့်ကို ခံစားခဲ့ရပါတယ်။ ကူးစက်ခံရသူတွေနဲ့ သေဆုံးမှုတွေလည်း အတော့်ကိုများခဲ့ပါတယ်။ တတိယလှိုင်းစခဲ့တဲ့ ပြီးခဲ့တဲ့ ဇွန်လလောက်ကနေ အခု ဇန်နဝါရီလ ၂ဝ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၅ ထောင်ကျော်နဲ့ သေဆုံးသူ ၅ဝဝ ကျော်အထိရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၂၆ ကဆိုရင်လည်း ကျောက်ဖြူမြို့မှာ ၄ လအရွယ် ကလေးလေးတစ်ယောက်ဆီမှာ ကိုဗစ်ပိုးတွေ့ခဲ့ပါတယ်။ ဆိုလိုချင်တာကတော့ ကိုဗစ်က အခုချိန်ထိ ရခိုင်မှာတွေ့နေရတုန်းပါ။

ဒါကြောင့် ရခိုင်သားတိုင်း ကိုဗစ်ကာကွယ်ဆေးကို ထိုးထားသင့်ပါတယ်။ စစ်ကောင်စီက ပေးတာမို့လို့ မထိုးဘူး၊ AA က ပေးတာမို့လို့ မထိုးဘူးလို့လည်း ငြင်းဆိုမနေသင့်ပါဘူး။ ဝေဖန်နေစရာလည်း မလိုပါဘူး။ ဒါက ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ရပ်ကွက်အတွက်၊ ကိုယ့်မြို့အတွက်၊ ကိုယ့်ပြည်အတွက် မထိုးမဖြစ် ထိုးထားသင့်တဲ့ဆေးပါ။ ဘယ်သူတွေကပဲ ထိုးထိုး လက်ခံသင့်တဲ့ဆေးပါ။ မကြိုက်ရင်တော့ မထိုးဘဲ နေလို့ရပါတယ်။ အတင်းအဓမ္မတော့ ဘယ်သူမှ ထိုးခိုင်းမှာမဟုတ်ပါဘူး။ ဒါက ကိုယ့်ခံယူချက်နဲ့ကိုယ်ပါ။

လှထွန်းဖြူ ရေးတယ်

ဖက်ဒရယ်ဂျာနယ်

ဇန်နဝါရီ ၂၉၊ ၂၀၂၂ 

Related Articles

Back to top button