ဆောင်းပါး

ကွက်ကြားမိုးဥပဒေ

ကွက်ကြားမိုးဥပဒေ

လာမည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်ကောင်စီ၏အာဏာသိမ်းမှု (၁) နှစ်ပြည့်တော့မည်ဖြစ်သည်။ စစ်ကောင်စီ အစိုးရသည် အိမ်စောင့်အစိုးရဖွဲ့ကာ ဝန်ကြီးချုပ်တာဝန်ယူထားသော်လည်း ၎င်း၏အာဏာစက်အတွက် ရုန်းကန်နေရဆဲ ဖြစ်သည်။

အာဏာသိမ်းရခြင်းအကြောင်းအရင်းဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့ကြောင်းကို ပြည်သူများ ယုံကြည်စေရန် ယခုအချိန်ထိ ကြိုးစားပမ်းစားဆောင်ရွက်နေခြင်းကပင် စစ်ကောင်စီ၏မတည်ငြိမ်မှုကို တွေ့နိုင်သည်။

နိုင်ငံတကာနှင့်ပြည်တွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့များက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့ကကျင်းပခဲ့သည့်ရွေး ကောက်ပွသည် အမှားအယွင်းအနည်းငယ်ရှိနိုင်သော်လည်း ရွေးကောက်ပွဲရလာဒ်ကို ထိခိုက်စေနိုင်သည့်အကြောင်းရင်းမရှိကြောင်း  ထုတ်ပြန်ကြေညာထားသော်လည်း စစ်ကောင်စီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုပေါင်း ၁၁ သန်းကျော်ရှိခဲ့သည်ဟု စစ်ဆေး တွေ့ရှိရကြောင်း သတင်းစာရှင်းလင်းပွဲများတွင် အကြိမ်ကြိမ်ပြောဆိုသည်။

ရွေးကောက်ပွဲတွင် မဲမသမာမှုရှိခဲ့ကြောင်းကို ပြည်သူလူထု ယုံကြည်လက်ခံလာစေရန် သတင်းစာရှင်းလင်းပွဲများပြုလုပ် ခြင်း၊ စာအုပ်များထုတ်ကာ ဖြန့်ချီခြင်း၊ ရွေးကောက်ပွဲကျင်းပပေးသူများအား ဖမ်းဆီးတရားစွဲဆိုခြင်းများ ပြုလုပ်လာသည်။ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်တို့အား ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးခဲ့မှုဖြင့် တရားစွဲဆိုထားသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်ရွေးကောက်ပွဲအဖွဲ့ခွဲများ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကိုလည်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲ (၂)ကြိမ်၊ (၃) ကြိမ်ပေးခြင်း။ မဲဆန္ဒရှင်စာရင်းတွင် အသက် (၁၀၀) နှစ်အထက်ပုဂ္ဂိုလ်များပါရှိနေခြင်း၊ မဲလက်မှတ် လျော့ခြင်း၊ ပိုခြင်းများ တွေ့ရှိသ ဖြင့် ကော်မရှင်၏အဖွဲ့ဝင်များအား ကြီးကြပ်မှုအားနည်းခြင်း၊ တာဝန်ပျက်ကွက်ခြင်းများဖြင့် သက်ဆိုင်ရာတရားရုံးများတွင် ရာဇသတ်ကြီး ပုဒ်မ-၁၃၀ (က) ဖြင့်တရားစွဲဆိုထားသည်။

ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် အများယုံကြည်လေးစားခြင်းခံရသည့် ပုဂ္ဂိုလ် ဥက္ကဠနှင့် အဖွဲ့ဝင် (၅) ဦီး၊ ဌာနဆိုင်ရာဝန် ထမ်းအကြီးအကဲ ၉ ဦးပါဝင်ဖွဲ့စည်းထားသော်လည်း အများယုံကြည်လေးစားခြင်းခံရသူများကိုသာ တရားစွဲဆိုခြင်းမှာ တရားဥပဒေ ကွက်ကြားမိုးရွာခြင်းလောဟု မေးခွန်းထုတ်စရာဖြစ်နေသည်။ ထို့အပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏အတွင်းရေးမှူး (ရွေးကောက်ပွဲအရှိ) ဖြစ်သူမှာ တရားခံအဖြစ်မပါဝင်ဘဲ တရားလိုဖြစ်နေခြင်းမှာလည်း တရားဥပဒေဘက်လိုက်မှု ဖြစ်နေပြန်သည်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၁၆) ပုဒ်မ-၈၆ တွင် ကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ရွေးကောက်ပွဲခုံအဖွဲ့တို့၏ ကျန်ဥပဒေပါပြဠာန်းချက်များအရ ဆောင်ရွက်ချက် သို့မဟုတ် ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ မည်သည့် တရားရုံးတွင်မှ စစ်ဆေးပိုင်ခွင့်မရှိစေရ ဟူ၍လည်းကောင်း၊ ပုဒ်မ-၈၇ တွင် တရားဝင်အပ်နှင်းထားသော  ဥပဒေနှင့်အညီ မိမိတာဝန်ကို သဘောရိုးဖြင့်စွမ်းဆောင်နိုင်သမျှ ထမ်းဆောင်သောကော်မရှင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲအဆင့် ဆင့်နှင့် ယင်းတို့၏အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲခုံအဖွဲ့နှင့် ရွေးကောက်ပွဲခုံအဖွဲ့ဝင်များ၊ မဲရုံမှူးများအပါအဝင် မဲရုံအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအတွက် တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင့်အရဖြစ်စေ တရားစွဲဆိုခြင်းမခံထိုက်စေရဟု ပြဠာန်းထားပြီး ဖြစ်သော်လည်း ၂၀၀၈ ခုနှစ်အခြေခံဥပဒေနှင့်အညီ ရေးဆွဲပြဠာန်းထားသော ရွေးကောက်ပွဲဥပဒေကို မျက်ကွယ်ပြုကာ ရာဇသတ် ကြီးဥပဒေတွင်ပါရှိသည့် ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲများအတွက် ပြဠာန်းထားသည့် ဥပဒေပုဒ်မ-၁၃၀ (က) ဖြင့်တရားစွဲဆိုခြင်း မှာလည်း အဓိပ္ပာယ်မဲ့ရာရောက်နေသည်။

ထို့ထက်ပိုဆိုးသည်မှာ စစ်ကောင်စီသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ပြု ကျင့်မှုများအပေါ် စုံစမ်းတွေ့ရှိချက်ဟုအမည်ပေးထားသည့် စာအုပ်များအား ၎င်းတို့လက်အောက်ခံ သာသနာရေးဝန်ကြီးဌာနမှတစ် ဆင့် သံယာတော်များထံ ဖြန့်ဝေနေခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) ပုဒ်မ-၃၆၄ တွင် “နိုင်ငံရေးကိစ္စအလို့ငှါ ဘာသာသာသနာကို အလွဲသုံးစား မပြုလုပ် ရ” ဟု ပြဠာန်းထားသည့်အပြင် ရွေးကောက်ပွဲဥပဒေပုဒ်မ-၇ တွင်လည်း သာသနာ့ဝန်ထမ်းများ ဆန္ဒမဲပေးပိုင်ခွင့်မရှိဟု ပြဠာန်းထား သောကြောင့် ရဟန်းသံဃာတော်များနှင့် ရွေးကောက်ပွဲမဲမသမာမှုကိစ္စများသည် မည်သို့မျှ သက်ဆိုင်မှုမရှိသော ကိစ္စရပ်များ ဖြစ်နေ ပေသည်။

စစ်ကောင်စီသည် မဲမသမာမှုရှိသောကြောင့် အာဏာသိမ်းရသည်ဆိုသောအကြောင်းပြချက်အားခိုင်မာစေရန် ယခုအချိန်အ ထိ အားထုတ်နေရဆဲဖြစ်သော်လည်း ပြည်သူလူထု၏ယုံကြည်မှုကိုကား ရရှိနိုင်ခြင်း မရှိသေးပေ။ ၎င်းတို့၏လက်ထက်တွင် ရာဇသတ်ကြီးဥပဒေကအစ ပြင်ဆင်ခြင်းနှင့် ဥပဒေအသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေပြီး ပြင်ဆင်ရေးဆွဲသည့်ဥပဒေအားလုံးမှာ စစ်ကောင်စီအား အကာအကွယ်ပေးရေး ဥပဒေများသာဖြစ်သည်။

စစ်ကောင်စီ၏အာဏာသိမ်းမှုကြောင့်တိုင်းပြည်အဖက်ဖက်မှ နိမ့်ကျလာကာ အလုံးစုံပျက်သုဉ်းရေးသို့ဦးတည်နေသည့်အပြင် တရား ဥပဒေစိုးမိုးမှုမရှိသဖြင့် ကွက်ကြားမိုးဥပဒေများကိုလည်း ရင်ဆိုင်နေရသည်။ ထိုသို့သောအကျပ်အတည်းမှ လွတ်မြောက်ရန်မှာ နွေဉီးတော်လှန်ရေးအောင်မြင်ရန် ကြိုးပမ်းကြဖို့သာရှိတော့သည်။

မောဂ္ဂလိ ရေးတယ်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၂၈၊ ၂၀၂၂

Related Articles

Back to top button