တိုင်းရင်းသားများသတင်း

ALP ပါတီမှ ဦးခိုင်စိုးနိုင်အောင် အပါအဝင် ခေါင်း ဆောင်ပိုင်းတချို့ကို ထုတ်ပယ်ကြောင်း ကြေညာ

ဖက်ဒရယ်ဂျာနယ်

ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၂

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) မှ ထိပ်ပိုင်း ခေါင်းဆောင်ဖြစ်သော ဦးခိုင်စိုးနိုင်အောင် အပါအဝင် ခိုင်ကျော်လှိုင်၊ ခိုင်လင်းခိုင် တို့ကို ထုတ်ပယ်လိုက်ကြောင်း ဇန်နဝါရီလ၂၅ ရက်စွဲဖြင့် ALP က ကြေ ညာချက် ထုတ်ပြန်လိုက်သည်။

အဆိုပါ ပုဂ္ဂိုလ်များသည် ပါတီမှ ခေါင်းဆောင်ပိုင်းနေရာများကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းကာ တာဝန်ပေးအပ်ချက်အပေါ် ကျေနပ်မှု မရှိဘဲ စည်းကမ်း ဖောက်ဖျက်သည့် လုပ်ရပ်များကြောင့် ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထိုသို့ ထုတ်ပယ်လိုက်ခြင်းဖြစ် ကြောင်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုသို့ ပါတီမှ ထုတ်ပယ်လိုက်သည့်အတွက် ဦးခိုင်စိုးနိုင်အောင်နှင့် အဖွဲ့တို့ ပါတီ အမည်၊ တံဆိပ်များကို အသုံး ပြုခွင့် မရှိသလို တရားဝင်မှုလည်း မရှိတော့ကြောင်း၊ ပါတီဌာနချုပ် တည်နေရာအဖြစ်လည်း ဥက္ကဌကြီး ခိုင်ရဲခိုင် ရုံးစိုက်ရာ ရခိုင်- အိန္ဒိယနယ်စပ်တွင် သတ်မှတ်ထားကြောင်း ယင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ALP ပါတီ ခေါင်းဆောင်များသည် ပြီးခဲ့သော ဒီဇင် ဘာလ ၁၀ ရက်မှနေ ၁၄ ရက်အထိ စစ်တွေမြို့တွင် အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး အစည်းအဝေး၌ ခေါင်းဆောင်ပိုင်း သဘောထား ကွဲလွဲမှုဖြစ်ပေါ်ခဲ့သည့်အတွက် အစည်းအဝေးကို ရပ်နားခဲ့ရကြောင်း သိရသည်။

ထိုအစည်းအဝေးအပြီး နောက်ပိုင်းတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည့် ခိုင်ရဲခိုင် ဦးဆောင်သောအဖွဲ့နှင့် ခိုင်စိုးနိုင်အောင် ဦးဆောင်သော အဖွဲ့တို့ နှစ်ခြမ်းကွဲကာ ဇန်နဝါရီလ ၆ ရက်နှင့် ဇန်နဝါရီလ ၁၂ ရက်တို့တွင် တခုတည်းသော ပါတီတံဆိပ်ကို အသုံးပြုကာ အပြိုင်အဆိုင် ကြေညာချက်များလည်း အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

ပုံစာ- ALP ပါတီမှ ထုတ်ပယ်ခံရသည့် ဦးခိုင်စိုးနိုင်အောင်

Related Articles

Back to top button