ဖက်ဒရယ်လစ်ဇင်အကြောင်း

နိုင်ငံတခု – ပြည်နယ်ပညာရေးစနစ်များ ၁၆ ခု

နိုင်ငံတခု – ပြည်နယ်ပညာရေးစနစ်များ ၁၆ ခု

မတူကွဲပြားသည့် ပြည်နယ်များအတွက် ဗဟိုချုပ်ကိုင်မှုကို လျှော့ချထားပြီး ကိုယ်ပိုင် (သီးသန့်) ပညာရေးစနစ်များ ၁၆ ခု ကို ကျင့်သုံးသည့်အတွက် မြန်မာနိုင်ငံ တိုင်းရင်းသားပြည်နယ်များအခြေပြု ပညာရေးစနစ်အတွက် အတုယူစရာများ ရှိနေသည်။ ယခုအပတ်အတွက် ဂျာမဏီနိုင်ငံ၏ ဖက်ဒရယ်ပညာရေးစနစ်ကို မိတ်ဆက်ပါမည်။

ဂျာမဏီဖက်ဒရယ်သမ္မတနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အပြည့်အဝကျင့်သုံးသည့် လူမှုဖူလုံရေး ဖက်ဒရယ်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ဖက်ဒရယ် ဂျာမဏီ ပြည်ထောင်စု၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ဂျာမဏီနိုင်ငံတစ်ခုလုံး သာမကဘဲ အဖွဲ့ဝင် ပြည်နယ် Lander ၁၆ ပြည်နယ်မှာလည်း သီးခြားပြည်ထောင်များ ပုံစံဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေး၊ အစိုးရနှင့် ဖွဲ့စည်းပုံတို့ ထားရှိသည်။ ပြည်နယ် ၁၆ ပြည်နယ်၏ ပညာရေးစနစ်များ ၁၆ ခု ရှိခြင်းကလည်း ဖက်ဒရယ်နိုင်ငံ၏ ပညာရေးစနစ်ကို ဖော်ကျူးလျက်ရှိပြီး ပညာထိပ်တန်းနိုင်ငံအဖြစ် အားဖြည့်ပေးထားသည်။

ဂျာမဏီနိုင်ငံသည် ဥရောပတွင် အကြီးဆုံးသော စီးပွားရေးနှင့် ကမ္ဘာပေါ်တွင် ပဉ္စမြောက် စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်သည်။ အရည်အချင်း ပြည့်ဝသော လူသားအရင်းအမြစ် အပြည့်ရှိသည့်အပြင် အထူး ကျွမ်းကျင်သူများကိုလည်း ပျိုးထောင်မွေးထုတ်ပေးသည့် ဖက်ဒရယ်ပညာရေးစနစ်ကို ပိုင်ဆိုင်သည်။ အင်္ဂလိပ်ဘာသာ စကားအပြင် ဂျာမဏီစကားကိုလည်း ကျယ်ပြန့်စွာအသုံးပြုသည်။ နိုင်ငံတကာကျောင်းသားများအတွက် ပညာတော်သင်ဆုများကိုလည်း ချီးမြှင့်ပေးသည်။ တက္ကသိုလ်များက ကမ္ဘာ့အဆင့်မြင့်ဆုံးသော၊ အကောင်းဆုံးဖြစ်သော သင်ကြားမှုနည်းလမ်းများ၊ သုတေသနများ၊ လက်တွေ့ ကွင်းဆင်းလေ့လာမှုများ၊ ဆက်သွယ်ဆောင်ရွက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဖန်တီးထားသည်။ လူမှုဖူလုံရေးပံ့ပိုးမှုများကို အများပြည်သူခံစားခွင့် ရှိသည်။ ကျန်းမာရေးအာမခံ၊ သူနာပြု စောင့်ရှောက်မှုအာမခံ၊ ပင်စင်နှင့် အလုပ်လက်မဲ့ အာမခံများအတွက် အချိန်ပြည့် အလုပ်လုပ်သူများက အခွန်အခ ပေးကြရသည်။  

၁၉၉၀ ခုနှစ်တွင် အရှေ့ဂျာမဏီနှင့် အနောက်ဂျာမဏီတို့ ပြန်လည်ပေါင်းစည်းခြင်း Einigungsvertrag ဖြစ်စဉ်တွင် ပြည်နယ် Landar အသစ် ၅ ခုတို့ ထပ်မံ ဖွဲ့စည်းနိုင်ခဲ့ပြီး တနှစ်အတွင်း ပြည်နယ်ကိုယ်ပိုင် ပညာရေးစနစ်ကို တည်ဆောက် နိုင်ခဲ့ကြသည်။ ပြည်နယ်ဖွဲ့စည်းတည်ထောင်ခွင့်ဥပဒေ Landereinfuhrungsgesetz အရ ဤပြည်နယ်အသစ် ၅ ခုတို့က ကိုယ်ပိုင် ပြည်နယ် ပညာရေးဝန်ကြီးဌာန ၅ ခုကို ဖွဲ့စည်းခွင့် ရရှိကြသည်။ ဖက်ဒရယ်ပညာရေး ဝန်ကြီးများ အမြဲတမ်း အဖွဲ့အစည်း KMK တွင် ပါဝင်ခွင့်ရရှိပြီး ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်များအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံစံနှုန်းများနှင့် ယှဉ်တွဲတည်ဆောက်နိုင်သည့် ပညာရေးစနစ်ကို မိတ်ဆက်လမ်းညွှန်ထားရှိသည်။

ဂျာမဏီပြည် ၂ ပြည် ပူးပေါင်းလိုက်ပြီးကတည်းက ပညာရေးမူဝါဒဆိုင်ရာ အဓိကလုပ်ငန်းစဉ်မှာ  ဖက်ဒရယ်ပညာရေး ဝန်ကြီးဌာန KMK ၏ သဘောတူညီများအရ ကျောင်းစနစ်ကို ပြန်လည် ဖွဲ့စည်းခြင်းဖြစ်သည်။ ပြည်နယ်အသစ်များ၏ အဆင့်မြင့်ပညာရေးစနစ်ကိုလည်း ပြန်လည် ပြင်ဆင်ရေးဆွဲကြသည်။ ပြည်နယ်အသစ်များ၏ ပါလီမန်တို့တွင် ကျောင်းဥပဒေကို ရေးဆွဲပြဌာန်းပြီးနောက်  ၁၉၉၂-၉၃ ပညာသင်နှစ်တွင် အနောက်ဂျာမဏီ၏ ပြည်ထာင်စုအဖွဲ့ဝင် ပြည်နယ်အလိုက် ကိုယ်ပိုင်သီးသန့် ပညာရေးစနစ်ကို စတင်ခဲ့ကြတော့သည်။

ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်က ဆုံးဖြတ်ထားသည့် မူများအတိုင်း ပညာရေးစနစ်အတွင် တာဝန်ခံမှုကို ဆုံးဖြတ် ပေးထားသည်။ အခြေခံဥပဒေ (Basic Law) – Grundgesetz အရ အစိုးရအာဏာနှင့် အစိုးရ တာဝန်ဝတ္တရားများကို အောင်အောင်မြင်မြင် ထမ်းဆောင်ခြင်းတို့ကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခုချင်းစီအလိုက် ထပ်ဆင့် ပြဌာန်းခြင်းဖြစ်သည်။ အခြေခံဥပဒေတွင်မူ များများစားစား မပါရှိပါ။ ပညာရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံနည်းပညာဆိုင်ရာ အခြေခံပြဌာန်းချက် အချက်အလက် အချို့သာပါရှိသည်။ ဥပမာ – အနုပညာနှင့် ပညာရေးလွတ်လပ်ခွင့်၊ သုတေသနနှင့် သင်ကြားရေး၊ လွတ်လပ်စွာ သက်ဝင် ယုံကြည်ကိုးကွယ်ခွင့်၊ အလုပ်အကိုင်နှင့် သင်တန်း ရွေးချယ်ခွင့်၊ ဥပဒေရှေ့တွင် တန်းတူညီမျှမှုရှိရေးနှင့် မိဘများ၏ အခွင့်အရေးများ… စသည်တို့ဖြစ်သည်။ “ကျောင်းပညာရေးစနစ်” တစ်ခုလုံးကိုမူ ပြည်နယ်များ Lander ၏ စီမံအုပ်ချုပ်မှုအောက်တွင် လုံးလုံးလျားလျား ထားရှိသည်။

ဖက်ဒရယ်အစိုးရ၏ ပညာရေးဝန်ကြီးဌာန တာဝန်ဝတ္တရားများတွင် ပညာရေးနှင့် သိပ္ပံနယ်ပယ်ဆိုင်ရာ ဤအချက်အလက် များကို ထည့်သွင်းထားရှိသည်။  သက်မွေးလုပ်ငန်းခွင် အကြိုနှင့် စဥ်ဆက်မပြတ် သင်တန်းများ၊ တပည့်များနှင့် ကျောင်းသားများအတွက် ပညာရေး ရန်ပုံငွေ အကူအညီများ၊ သိပ္ပံနှင့် အကယ်ဒမစ်သုတေသန မြှင့်တင်ရေး၊ အဆင့်မြင့်ပညာရေးဆိုင်ရာ မူဘောင်နှင့် ဥပဒေများ၊ တက္ကသိုလ်ပြင်ပ သုတေသနနှင့် နည်းပညာမြှင့်တင်ရေး၊ လူငယ် သာယာဖွံ့ဖြိုးရေး ဥပဒေများ၊ ဆေးဘက်ဆိုင်ရာနှင့် ဆေးဘက်အကူ အလုပ်အကိုင်များအတွက် ပညာရေးလိုအပ်ချက်နှင့် သင်တန်းဝင်ခွင့် ဥပဒေများ၊ ရာထူးတိုးမြှင့်ရေး ဥပဒေများ၊ လုပ်ငန်းခွင်နှင့် လုပ်သားစျေးကွက် သုတေသန… စသည်တို့ဖြစ်ကြသည်။

၂၀၀၁ ခုနှစ်တွင် ပညာရေးဖိုရမ်ကြီး (the Forum Bildung) က ဂျာမဏီနိုင်ငံ၏ ပညာရေးအရည်အသွေးနှင့် ပညာရေး အနာဂတ်အတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အကြံပြုချက်များကို လမ်းညွှန်ပေးခဲ့သည်။ ဤလမ်းညွှန်အကြံပြုချက်များက ဖက်ဒရယ်အစိုးရ federal government နှင့် ပြည်နယ်များ Lander အပေါ် သက်ရောက်မှုများစွာ ရှိ၏။

ပညာရေးကို ဗဟိုပြုထားသည့် လူအဖွဲ့အစည်းတည်ဆောက်လာသည်။ ပိုမိုရှုပ်ထွေးလာသည့် ကမ္ဘာတွင် ရှင်သန်နိုင်ရေးအတွက် ပညာရေးက လမ်းကြောင်းတင်ပေးခြင်း၊ လမ်းညွှန်ပေးခြင်းတို့အတွက်ဟူ၍ ရှုမြင်ထားသည်။ လူမှုဘဝတွင် ပါဝင်ဆောင်ရွက်ခွင့်နှင့် တည်ဆောက်ခွင့်ရရှိသည်မှာ ပညာရေးဟု ခံယူထားသည်။ အလုပ်အကိုင် အတွက်ဖြစ်စေ၊ စီးပွားရေး ဖွံ့ဖြိုးမှုအတွက်ဖြစ်စေ ပညာရေးမှာ အခရာဟူ၍ သဘောထားသည်။ ပညာရေး ပြုပြင် ပြောင်းလဲမှုများအတွက် အခြေခံအဆင့်များမှ စတင်ကာ ဘက်စုံပြုပြင် ပြောင်းလဲရမည်အမြင်နှင့်အတူ ဥပဒေအရ၊ တည်ဆောက် ဖွဲ့စည်းပုံအရ၊ ဘဏ္ဍာရေးပံ့ပိုးမှုအရ ဖန်တီးပေးသည်။ ဖက်ဒရယ်စနစ်ပြုပြင်ပြောင်းလဲမှုများအရ ပြည်နယ်များနှင့် ဖက်ဒရယ် (ဗဟို)အကြား ဆက်သွယ်မှုများအတွက် ဥပဒေအသစ်များ ရေးဆွဲကြသည်။ ပညာရေးစနစ်တွင် (ဗဟို) ဖက်ဒရယ်အစိုးရ၏ ပါဝင်မှုကို များစွာ လျော့ချလိုက်ကြသည်။ ပညာရေး၊ သိပ္ပံနှင့် သုတေသနကဏ္ဍများတွင် ဥပဒေပြုခွင့်ဆိုင်ရာ ဖက်ဒရယ် (ဗဟို) အစိုးရ၏ အာဏာများကို ပြည်နယ် (Lander) ဆီသို့ လွှဲပြောင်းပေးခဲ့သည်။ ဗဟိုချုပ်ကိုင်မှုစနစ်မှသည် ကျောင်းအဆင့် ကိုယ်ပိုင်လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရှိသည့် နည်းဥပဒေများကို ပြဌာန်းသည်။

အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖေါ်ရာတွင် အရည်အသွေး အာမခံနိုင်မှု၊ အရည်အသွေး ပြည့်မီသည့် ပညာရေးစနစ်ဖြစ်စေရန် အထူးဂရုပြုကြသည်။ ကျောင်းပညာရေးပိုင်းတွင်  တင်းကျပ်သည့် ဗဟိုချုပ်ကိုင်မှုနှင့် ဗဟိုက ဖြည့်ဆည်းပေးသည့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေး နည်းဥပဒေများကို ပြင်ဆင်ပြီး ကျောင်းအလိုက် အောင်မြင်မှု ရလဒ်ကောင်းများကို အခြေခံသည့်စနစ်တို့ဖြင့် တည်ဆောက်လာခဲ့သည်။ ရလဒ်အခြေပြုသည့် ပညာရေးစနစ်တွင် ပြည်နယ်များအားလုံးအတွက် “ပညာရေးစံနှုန်းများ” ကို တပြေးညီသတ်မှတ်ထားရှိပြီး ပညာရေး အစီရင်ခံစာများဖြင့် ဘက်စုံ ကြီးကြပ်ကွပ်ကဲမှုစနစ်တို့ကို ကျင့်သုံးလာခဲ့သည်။

ဖက်ဒရယ်ပညာရေးစနစ်ကို စီမံခန့်ခွဲခြင်း

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပညာရေးကဏ္ဍ၏  တာဝန်ဝတ္တရားနှင့် အခွင့်အာဏာအချို့ကို ဖက်ဒရယ်အစိုးရထံသို့ အပ်နှင်းထားရှိသည်။ ဖက်ဒရယ်အစိုးရအဖွဲ့တွင် ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် နည်းပညာဝန်ကြီးဌာန (BMBF) က ဖက်ဒရယ်ပညာရေး ကိစ္စရပ်များအတွက် တာဝန်ရှိသည်။ ၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းနှင့်အတူ ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းခဲ့စဉ်က ဗဟို အစိုးရကို ပညာရေးတာဝန်ပိုမို ပေးအပ်ခဲ့ပုံရသည်။ ယခုအခါ ဗဟိုချုပ်ကိုင်မှုကို များစွာ လျော့ချလိုက်ပြီဖြစ်သည်။ လိုအပ်သည့်အခါများတွင် ဖက်ဒရယ်နှင့် ပြည်နယ်များအကြား ညှိနှိုင်းတိုင်ပင်မှုများကို Bundersrat  ဟုခေါ်သည့် “ပညာရေးစီမံကိန်းရေးဆွဲရေးနှင့် သုတေသနမြှင့်တင်ရေးအတွက် ဖက်ဒရယ်နှင့် ပြည်နယ်များ ပူးတွဲကော်မရှင်”၊ BLK ဟူ၍ အတိုကောက်ခေါ်ဝေါ်သည့် “သိပ္ပံကောင်စီ” နှင့် “အဆင့်မြင့်ပညာရေးတက္ကသိုလ်များ ထူထောင်မှု ကော်မီတီ” အဖွဲ့အစည်းများက ကမကထပြု ဖြေရှင်းပေးကြသည်။

ပညာရေးဥပဒေများ ပြဌာန်းရေးနှင့် ပညာရေးစနစ်ကို စီမံအုပ်ချုပ်ရေးတို့အတွက် ပြည်နယ်များ Landers တွင် အဓိကအားဖြင့် တာဝန်ရှိသည်။ ပြည်နယ်များ၏ ပညာရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံဝန်ကြီးဌာနများက ပညာရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံတို့တွင် အမြင့်ဆုံး အာဏာပိုင်ဖြစ်သည်။ တာဝန်ယူထားသည့်ကဏ္ဍများတွင် စာသင်ကျောင်းများ၊ အဆင့်မြင့် ပညာရေး၊ စာကြည့်တိုက်၊ သက်ကြီးပညာရေး၊ အနုပညာနှင့် ယဉ်ကျေးမှုတို့ပါဝင်ကြသည်။ ပြည်နယ်အစိုးရများက တာဝန်ယူသည့် အခြားကဏ္ဍများတွင် ဘာသာရေး/ အယူဝါဒအုပ်စုများနှင့် ဆက်သွယ်ဆောင်ရွက်မှု၊ ဒေသန္တရသမိုင်းနှင့် အထိမ်းအမှတ်နေရာများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အားကစားနှင့် လူငယ်ဖွံ့ဖြိုးရေးတို့ ပါဝင်သည်။

ပြည်နယ်များ၏ ပညာရေးဝန်ကြီးဌာနတို့က ပညာရေးဆိုင်ရာ မူဝါဒများနှင့် လမ်းညွှန်များကို ချမှတ်ရေးဆွဲသည်။ ဥပဒေအရ မူများ ပြဌာန်းသည်။ ပညာရေးကို စီမံအုပ်ချုပ်သည်။ ဖက်ဒရယ်နှင့် ဒေသန္တရပညာရေးဆိုင်ရာကိစ္စများတွင် ဆက်စပ်ဆောင်ရွက်သည်။ ပြည်နယ်ပညာရေးဝန်ကြီးဌာနကို ပံ့ပိုးကူညီရန်အတွက် ကျောင်းပညာရေး၊ ရှေ့ဆက်ပညာရေးနှင့် အဆင့်မြင့်ပညာရေး  သုတေသနအဖွဲ့များ ထားရှိသည်။ ပြည်နယ်ဝန်ကြီးဌာနကို ဝန်ကြီးဖြစ်စေ၊ လွှတ်တော်အမတ်ကဖြစ်စေ ဦိးစီးဆောင်ရွက်သည်။ ပါလီမန်လွှတ်တော်တွင် မေးခွန်းများကို ဖြေဆိုရသည်။ ဝန်ကြီးမှာ တာဝန်ပေးအပ်လျှင် အတွင်းဝန်ဖြစ်စေ၊ ညွှန်ကြားရေးမှူးချုပ်ကဖြစ်စေ ကိုယ်စားပြုဆောင်ရွက်ခွင့်ရှိသည်။

ကိုယ်ပိုင်ပညာရေးမူဝါဒများ ရေးဆွဲကြသည့်အတွက် ပြည်နယ်အလိုက် ပညာရေးစနစ် မတူညီမှုလည်း ရှိသည်။ သို့ရာတွင် ကလေးအများစုကြီးက Grundschule မူလတန်းကျောင်းများတွင် (အသက် ၆ နှစ်မှ ၉ နှစ်အထိ) ၄ နှစ် တက်ရောက်ကြသည်။ ဂျာမဏီအထက်တန်းအဆင့်ကို ၂ ပိုင်းခွဲခြားထားသည့် အထက်တန်းအောက်ဆင့်နှင့် အထက်တန်းအထက်ဆင့်တို့ဖြစ်သည်။ အထက်ဆင့်တွင် သက်မွေးပညာသင်တန်းများစွာ ထည့်သွင်းထားသည်။ အထက်တန်းကျောင်း အမျိုးအစား ၅ မျိုးရှိသည်။ ကျောင်းများတွင် မိဘကောင်စီ ဖွဲ့စည်းပြီး ကျောင်းအုပ်ချုပ်ရေးတွင် အမြင်သဘောထားတင်ပြခွင့် ရှိသည်။ ကျောင်းရှိရာ ရပ်ရွာ/ မြို့များက ကျောင်းအဆောက်အဦများအတွက် တာဝန်ယူကြပြီး သင်ကြာရေး (ဆရာ) မဟုတ်သော အခြားဝန်ထမ်းများကို ခန့်အပ်ကြသည်။

စာသင်ကျောင်းများ (အခြေခံပညာရေးနှင့် သက်မွေးသင်တန်းများ) ကို ကြီးကြပ်ရန်အတွက် ပြည်နယ်ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ဆုံး အာဏာပိုင်ဖြစ်သည်။ ကျောင်းများကို စီမံခန့်ခွဲသည်။ ကျောင်းများကို စီမံခန့်ခွဲခြင်း၊ သင်ရိုးညွှန်းတမ်းများ ပြဌာန်းခြင်းနှင် သင်ကြားရေးမူဝါဒများ ချမှတ်ခြင်းတို့အပြင် ကျောင်းဆရာ အလုပ်အကိုင်ကိုလည်း ပြည်နယ်ကပင် ကြီးကြပ်ပေးရသည်။ ကျောင်းဥပဒေများတွင် ပါရှိသည့် ပညာရေး ရည်မှန်းချက်များအရ ပြည်နယ်အစိုးရကပင် သင်ရိုးညွှန်းတမ်းများ ရေးဆွဲပြီး အကောင်အထည်ဖော် သင်ကြားသည်။ ကျောင်းအသီးသီးတွင် ပြည်နယ်အစိုးရက ပြဌာန်းရေးဆွဲသည့် သင်ရိုးညွှန်းတမ်းကို သင်ကြားရန် ဖတ်စာအုပ်များကို ပညာရှင်များနှင့် ပြင်ပ ကုမ္ပဏီများက ပြုစုထုတ်ဝေကြသည်။ သို့ရာတွင် ပြည်နယ်အစိုးရ ပညာရေးဝန်ကြီးဌာနက ခွင့်ပြုချက်နှင့် အတည်ပြုချက်တို့ ရရှိမှသာလျှင် စာသင်ကျောင်းတွင် သင်ကြားခွင့် ရှိသည်။

ကျောင်းစီမံအုပ်ချုပ်မှုကို အဆင့် ၃ ဆင့်ဖြင့် ဖွဲ့စည်းသည်။ ပြည်နယ်ပညာရေးဝန်ကြီးဌာန ဦးစီးဦးဆောင် စီမံမှု၊ ဒေသန္တရအာဏာပိုင် Bezirksregierungen များက အလယ်အလတ်ဆင့် စီမံခန့်ခွဲမှုနှင့် နယ်အလိုက် ကျောင်းအုပ်ချုပ်မှုရုံးများက အောက်ခြေအဆင့် စီမံမှုတို့ဖြစ်သည်။ အချို့ပြည်နယ်များနှင့် မြို့ကြီးများတွင် အဆင့် ၂ ဆင့်ဖြင့် စီမံခန့်ခွဲသည်။ အခြေခံပညာကျောင်းများ Gymnasien, ဘက်စုံကျောင်းများ comprehensive schools, သက်မွေးကျောင်းများ vocational schools, အထက်တန်းကျောင်းများ Realschulen က ဝန်ကြီးဌာန (သို့မဟုတ်) ခရိုင်ပညာရေးအာဏာပိုင်များနှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ကြခြင်းဖြစ်သည်။

ဂျာမန်အစိုးရကျောင်းများကို ပြည်နယ်အစိုးရနှင့် ဒေသန္တရအာဏာပိုင်တို့က ပူးတွဲတည်ထောင်ကြခြင်းဖြစ်သည်။ ကျောင်းဆရာလစာကို ပြည်နယ်အစိုးရ ပေးပြီး အခြားဝန်ထမ်းများနှင့် ပစ္စည်းကိရိယာများအတွက်ကို ဒေသန္တရအစိုးရက အကုန်အကျခံရသည်။ ဒေသန္တအစိုးရ Kommunen က ကျောင်းတည်ထောင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက် ဘဏ္ဍာငွေကြေး ကူညီပေးသည့် Schultrager ဒေသခံအဖွဲ့များ ထားရှိသည်။ အထူးပြုကျောင်းများဖြစ်သည့် အနုပညာ၊ ကာယပညာနှင့် သက်မွေးပညာ Fachschulen ကျောင်းများအတွက် ပြည်နယ်အစိုးရက တာဝန်ယူသည်။

သက်မွေးပညာရေးကို ပြည်နယ်အစိုးရ တာဝန်ယူပြီး လုပ်ငန်းခွင် သက်မွေးသင်တန်းကိုမူ ဖက်ဒရယ်အစိုးရက တာဝန်ယူသည်။ ဖက်ဒရယ် သက်မွေးသိပ္ပံက လုပ်ငန်းရှင်များ၊ အလုပ်သမားသမဂ္ဂများနှင့် ပြည်နယ်နှင့် ဖက်ဒရယ်အစိုးရ၏ ဖက်ဒရယ်ပညာရေးဝန်ကြီးဌာနတို့ကို စုစည်းပြီး ဆောင်ရွက်သည်။ သက်မွေးသိပ္ပံက သက်မွေးပညာရေးအတွက် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်တို့ကို အကြံဉာဏ်ပေးသည်။ ဒေသန္တရအဆင့်များတွင် စီးပွားရေးလုပ်ငန်းများ၊ လက်မှုပညာလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားသက်မွေးပညာလုပ်ငန်းများအတွက် အကြံဉာဏ်ပေးခြင်း၊ ဆက်စပ်ဆောင်ရွက်ခြင်းနှင့် သင်တန်းများကို အသိအမှတ်ပြုလိုင်စင်ထုတ်ပေးခြင်း၊ ကျောင်းသားများအတွက် သက်မွေးပညာ သင်ကြားခွင့်များ ရရှိအောင်ဆောင်ရွက်ခြင်းတို့ကို အထူးလုပ်ဆောင်သည်။

အဆင့်မြင့်ပညာရေးနှင့် တက္ကသိုလ်များမှာ ပညာရေးလွတ်လပ်ခွင့် အပြည့်အဝရရှိပြီး ဥပဒေနှင့်အညီ ကိုယ်တိုင် စီမံခန့်ခွဲကြသည်။ ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရများက အထူးတာဝန်ယူရသည့် သီးသန့်တက္ကသိုလ်များလည်း ရှိသေးသည်။ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရများက အဆင့်မြင့်ပညာရေးအတွက် သုတေသနရံပုံငွေများ ထည့်ဝင်ကူညီကြသည်။

ဖက်ဒရယ်ဖွဲ့စည်းပုံနှင့်အညီ ဗဟိုချုပ်ကိုင်မှု များစွာ လျော့ချထားပြီး ပြည်နယ် ၁၆ ခုအတွက် ကိုယ်ပိုင် (သီးသန့်) ပညာရေးစနစ်များ ၁၆ ခုရှိသည့် ဖက်ရယ်ဒီမိုကရေစီပညာရေးစနစ်ဖြင့် ဂျာမဏီနိုင်ငံမှာ ပညာထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ အထူးသဖြင့် မတူကွဲပြားသည့် လူမျိုးစုကြီးများဖြင့် မြန်မာ့ နိုင်ငံရေးပဋိပက္ခများအကြားတွင် ဖက်ဒရယ်ပညာရေးဆိုင်ရာ အတုယူသင့်သော ပညာရေးစနစ်များဟု ဆိုနိုင်သည်။

သိန်းနိုင် (မောက္ခပညာရေး)

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၂၃၊ ၂၀၂၂

Related Articles

Back to top button